ဒါက ကျွန်မတို့ရဲ့ပေါ့ဆမှုပါ
Vol. 27 Ch. 399
ဤသတင်းထောက်များ၏အဖြစ်ကြောင့် လှည့်ကွက်များပါသောမေးခွန်းများကို ပြင်ဆင်လာသည့် သတင်းထောက်များခမျာ သတ္တိနည်းကုန်ကြသည်။
ကျန်းမုန့်လောင်က မည်မျှလျှာဆိပ်ပြင်းသလဲဆိုသည်ကို သူတို့မြင်တွေ့ထားပြီးဖြစ်၏။ သူတို့ ဘယ်လိုမေးမေး တစ်ဖက်လူက သူတို့အား ဆွံ့အသွားအောင် လုပ်နိုင်စွမ်းရှိသည်။ ကျန်းမုန့်လောင် မရှက်သရွေ့ သူတို့ကသာ ရှက်ရမည့်သူများ ဖြစ်ကုန်သည်။
"ကြည့်ရတာတော့ ခင်ဗျားတို့တွေ ထပ်မေးစရာမရှိတော့ဘူးထင်တယ်"
ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်လေသည်။
"ဒီတစ်ခေါက် ခင်ဗျားတို့ စိတ်အပူဆုံးပြဿနာက တင်သွင်းမဲ့ကိစ္စပဲဖြစ်ရမယ်။ ဟုတ်တယ်မလား"
ဤစကားကို ကြားလိုက်ရသောအခါ နိုင်ငံအသီးသီးမှ သတင်းထောက်များမှာ ချက်ချင်းဆိုသလို လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ ဤသည်မှာ သူတို့၏ အဓိကလာရင်းကိစ္စပင်။
ကျန်းမုန့်လောင်ကသာ သူတို့ထံသို့တင်သွင်းရန် ငြင်းဆန်လာပါက သူတို့အနေနှင့် "လက်ဝါးကြီးအုပ်သည်"ဟူသော ခေါင်းစဉ်အောက်တွင် သတင်းရေးရန်အတွက် သူတို့တွင် အကြောင်းအရာလုံလုံလောက်လောက်ရှိလာလိမ့်မည်သာ။ ထိုသို့ဆိုလျှင် သူ့ဂုဏ်သတင်းကိုလည်း သေချာပေါက်ညှိုးနွမ်းစေလိမ့်မည်။
လက်ဝါးကြီးအုပ်မှုဥပဒေနှင့် အခြားကန့်သတ်ချက်များကြောင့် ကျန်းမုန့်လောင်လည်း ချစ်ပ်ပြားတင်ပို့မှုကို မလွဲမသွေသဘောတူရလိမ့်မည်။ ပင်မနည်းပညာကို မရနိုင်သော်လည်း ဟွာရှားနိုင်ငံမှ အဆင့်မြင့်ချစ်ပ်ပြားများကို တင်သွင်းနိုင်ခဲ့လျှင် အနည်းဆုံးတော့ သူတို့၏နည်းပညာလစ်ဟာမှုလည်း အချိန်အတိုင်းအတာတစ်ခုအထိ သက်သာစေနိုင်သည်။ နောက်ကောက်ကျကျန်ရစ်မနေသရွေ့တော့ နောက်မှ အမီလိုက်နိုင်မည့် အခွင့်အရေးတစ်ခုတော့ အမြဲရှိနေလိမ့်မည်။
"တကယ်တော့ ဟွာရှားနိုင်ငံက အငြိုးကြီးတယ်လို့ လူတော်တော်များများက ထင်နေကြတာဗျ"
ကျန်းမုန့်လောင် ဆိုလိုက်လေသည်။
"ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်တို့ကို လျှော့တွက်ထားတာပဲ။ ဟွာရှားနိုင်ငံက သဘောထားကြီးတဲ့နိုင်ငံတစ်ခုပါ။ ပါတနာဟောင်းတွေပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်ချင်တဲ့လူတွေပဲဖြစ်ဖြစ် ကျုပ်တို့ကတော့ တန်းတူညီမျှပဲ ဆက်ဆံတယ်။ ကျုပ်တို့အနေနဲ့ ဘယ်နိုင်ငံကိုမှ တင်ပို့မှုပိတ်ဆို့မှာမဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ဆက်ပြောပြန်လေသည်။
"ကျုပ်တို့ တစ်ကမ္ဘာလုံးကို ပစ္စည်းနှစ်ခု တင်သွင်းသွားမှာပါ။ တစ်ခုကတော့ 2nmခရစ္စတယ်ချစ်ပ်ပြားဖြစ်ပြီး နောက်တစ်ခုကတော့ အပြီးသတ်ထားတဲ့ 2nmချစ်ပ်ပြားထုတ်ကုန်တွေပါ။ တင်သွင်းဖို့ စိတ်ဝင်စားတဲ့နိုင်ငံတွေက သူတို့ရဲ့နည်းပညာအပေါ် အခြေခံပြီး ဘယ်လိုတင်သွင်းချင်လဲဆိုတာကို ရွေးချယ်လို့ရပါတယ်။ ဒီတင်သွင်းမှုနည်းလမ်းနှစ်ခုကြားမှာ ဈေးနှုန်းကွာခြားချက်နည်းနည်းတော့ ရှိတာပေါ့လေ"
ထိုနေရာရှိ စက်မှုကျွမ်းကျင်သူများအားလုံးက ခေါင်းညိတ်ပြလေသည်။ ခရစ္စတယ်ချစ်ပ်ပြားမှတစ်ဆင့် ချစ်ပ်ပြားဖြစ်လာအောင် ထုတ်လုပ်ရသည့် လုပ်ငန်းစဉ်တစ်ခုရှိသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီကြီးများက ဤထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို တာဝန်ယူကြရသည်။ သို့သော် နိုင်ငံတိုင်းတွင် ထိုသို့လုပ်နိုင်သော နည်းပညာမျိုးမရှိကြပေ။
"မနက်ဖြန်ကျရင် သက်ဆိုင်ရာစာချုပ်စာတမ်းအသေးစိတ်တွေကို Silicon Moonlightမှာ ပြင်ထားလိုက်ပါ့မယ်။ ပူးပေါင်းဖို့စိတ်ဝင်စားတဲ့နိုင်ငံတွေကို လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်ပါတယ်"
"ဥက္ကဋ္ဌကျန်းက အရမ်းရက်ရောတာပဲ"
"ဥက္ကဋ္ဌကျန်းက စွမ်းချက်ပဲဟေ့!"
"ဥက္ကဋ္ဌကျန်း ဟားဟားဟား!"
"ငါတို့ဟွာရှားရဲ့ဟိတ်ဟန်ကိုမြင်ပြီလား အရှုံးသမားတွေ"
ကျန်းမုန့်လောင်၏မိန့်ခွန်းကြောင့် တစ်နိုင်ငံလုံး စိတ်အားထက်သန်မှုများဖြင့် ပွက်ပွက်ဆူသွားလေတော့သည်။ ယခုဆိုလျှင် ဟွာရှားနိုင်ငံသည် နည်းပညာပိုင်းဆိုင်ရာ၌ ကမ္ဘာ့ထိပ်တန်းကို တက်လှမ်းခဲ့လေပြီ။ သူများမျက်နှာကြည့်နေရသည့် ခေတ်က ကုန်သွားခဲ့ပြီ။ ယခု အခြားသူများကသာ သူတို့မျက်နှာကို ကြည့်ရတော့မည်သာ။
ထိုမျှသာမက ယနေ့တွင် ဟွာရှားနိုင်ငံ၏ကြီးကျယ်ခမ်းနားမှုကို ပြသနိုင်ခဲ့သည်။
တစ်ခါတုန်းက မင်းတို့တွေ ငါတို့ဟွာရှားနိုင်ငံက ဆက်သွယ်ရေးနည်းပညာတိုးတက်လာပြီး မင်းတို့ကို ကျော်တက်သွားမှာကြောက်နေခဲ့တာလေ…
အခုတော့ ငါတို့ရဲ့ဆက်သွယ်ရေးနည်းပညာက ငါတို့ရဲ့ကိုယ်ပိုင်ကြိုးစားမှုနဲ့ ကမ္ဘာ့နံပါတ်တစ်နေရာကို ရောက်လာခဲ့ပြီ။ ဒါပေမဲ့ ငါတို့ကတော့ ဒီနည်းပညာကို ကမ္ဘာအနှံ့တင်သွင်းဖို့ ဆန္ဒရှိနေတုန်းပဲ။ ဘာလို့လဲဆိုတော့ ငါတို့က မင်းတို့တွေ ငါတို့ကိုကျော်တက်သွားမဲ့အရေးကို မကြောက်လို့ပဲ။ ငါတို့က စိန်ခေါ်မှုတွေကို မကြောက်ဘူး!
ဤသည်မှာ မည်သို့သောယုံကြည်မှုမျိုးလေလဲ? ဤသည်မှာ ဟွာရှားနိုင်ငံ၏ယုံကြည်မှုပင်။
…..
နောက်တစ်နေ့မနက်တွင် ကမ္ဘာတစ်ဝှမ်းရှိ ဆက်သွယ်ရေးနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများစွာမှ ကိုယ်စားလှယ်များက Silicon Moonlightကုမ္ပဏီ၏ ဧည့်ကြိုဌာနတွင် စုဝေးနေကြသည်။
ကျန်းမုန့်လောင်၏ ဈေးနှုန်းသတ်မှတ်ချက်က အလွန်ပွင့်လင်းမြင်သာမှုရှိသည်။ 2nmခရစ္စတယ်ချစ်ပ်ပြားတစ်ခု တင်ပို့သည့် ဈေးနှုန်းမှာ ဒေါ်လာ၅၈၀ဖြစ်ပြီး အချောသတ်ထုတ်ကုန်ကတော့ ဒေါ်လာ၈၂၀ပင်။ ဤသည်မှာ 5nmချစ်ပ်ပြားထက် ဆယ်ရာခိုင်နှုန်းသာ ပိုများသည်ဖြစ်ရာ ထုတ်လုပ်သူတော်တော်များများအတွက်တော့ လက်ခံနိုင်ဖွယ်ရာပင်။
Silicon Moonlightကုမ္ပဏီက အလွန်ကြီးမားလှသော်လည်း အသစ်စက်စက်သာဖြစ်နေသေးသည့်အတွက် ကိရိယာတော်တော်များများမှာ ထုတ်လုပ်ရန် စောင့်ဆိုင်းရဦးမည်ဖြစ်သောကြောင့် လက်ရှိအများဆုံးထုတ်လုပ်နိုင်စွမ်းကို ရောက်ရှိရန် နှစ်ဝက်ခန့် ကြာလိမ့်မည်။
နှစ်ဝက်အကြာတွင် Silicon Moonlightကုမ္ပဏီ၏ ခရစ္စတယ်ချစ်ပ်ပြားထုတ်လုပ်မှုတစ်ခုတည်းကပင် သန်းတစ်ရာကျော်သို့ ရောက်ရှိလာခဲ့ပြီး ချစ်ပ်ပြားထုတ်လုပ်မှုအရေအတွက်မှာ ၁.၂ဘီလီယံအထိ ရောက်ရှိလာခဲ့သည်။
ကျန်းမုန့်လောင်၏အစီအစဉ်ထဲမှာ တစ်နိုင်ငံလုံးနှင့် ကမ္ဘာအနှံ့တွင် ကုမ္ပဏီခွဲအကြီးအသေးမှန်သမျှ စတင်တည်ထောင်မည်ဖြစ်ပြီး အဆင့်မြင့်ချစ်ပ်ပြားများကို တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ဝေမည်သာ။
တစ်မနက်ခင်းတည်းနှင့် အမှာစာပေါင်းရာဂဏန်းလောက်က Silicon Moonlightသို့ ရောက်ချလာသည်။ ပမာဏအနည်းဆုံးအမှာစာကပင် အမေရိကန်ဒေါ်လာသန်းရာဂဏန်းအထိ ရှိ၏။ ရုရှားနိုင်ငံဆိုလျှင် အမေရိကန်ဒေါ်လာဘီလီယံနှင့်ချီသည့် အမှာစာတစ်ခုကို ပေးပို့ခဲ့သည်။ ကြိုတင်ငွေချေမှုတစ်ခုတည်းဖြင့်ပင် ကျန်းမုန့်လောင် ငွေအမြောက်အများရှာနိုင်ခဲ့သည်။
နည်းပညာလုပ်ငန်းစဉ်များကို အသေးစိတ်စစ်ဆေးလုပ်ဆောင်ပြီးနောက် ကျန်းမုန့်လောင်သည် ဈေးနှုန်းကို မှန်းဆ၍ပင်မရနိုင်လောက်အောင် လျှော့ချပစ်ခဲ့သည်။
5nmချစ်ပ်ပြားတစ်ခု၏ ကုန်ကျစရိတ်မှာ ၄၁၈ဒေါ်လာဖြစ်ပြီး ရောင်းဈေးမှာ ဒေါ်လာ၇၄၀ဝန်းကျင်ဖြစ်သော်ငြား ကျန်းမုန့်လောင်၏ တင်ပို့ဈေးကတော့ ၈၂၀ဒေါ်လာသာဖြစ်သဖြင့် ၁၀၀ဒေါ်လာတည်းသာ ပိုပေသည်။
ကျန်းမုန့်လောင်၏ဈေးနှုန်းက သူ့အတွက် အမြတ်မကျန်နိုင်ဘူးဟု အခြားသူများက ထင်ကြသော်ငြား တကယ်တမ်းမှာတော့ ငွေဝင်ကြမ်းနေပေသည်။ ဤသည်မှာ နည်းပညာ၏အစွမ်းပင်တည်း။
"ဘာ? ငါတို့ရဲ့တင်သွင်းကုန်ဈေးနှုန်းက ဘာလို့ တအားမြင့်နေတာလဲ"
Qualcomm Electronicsမှ ကိုယ်စားလှယ်များမှာ တင်ပို့ရေးစာချုပ်ကို လက်ခံရရှိချိန်ဝယ် နားမလည်နိုင်လောက်အောင် ဖြစ်သွားရသည်။ စာချုပ်ထဲတွင် ချစ်ပ်ပြားတစ်ချပ်ချင်းစီ၏ တန်ဖိုးမှာ ဒေါ်လာ၁၆၀၀ဖြစ်ပြီး အချောသတ်ချစ်ပ်ပြားထုတ်ကုန်တစ်ခုချင်းစီ၏ ဈေးနှုန်းမှာ ၁၆၀၀ဒေါ်လာကျော်ပေသည်။ ဤသည်မှာ အခြားနိုင်ငံများ၏ တင်သွင်းဈေးထက် လေးဆပိုများနေသည်။
သူတို့သာ ဤဈေးနှုန်းဖြင့် တင်သွင်းမည်ဆိုပါက ဒေဝါလီခံရပေလိမ့်မည်။ု
ထိုမျှသာမက အခြားနိုင်ငံများကို တင်ပို့ပေးမည့်အချိန်က နှစ်ဝက်မှ တစ်နှစ်အတွင်း ဖြစ်သော်ငြား သူတို့ကိုတော့ သုံးနှစ်ကြာမှ တင်ပို့ပေးမည်ဟု ရေးထားသည်။
သုံးနှစ်အကြာတွင် သူတို့လည်း 2nmချစ်ပ်ပြားများကို ကိုယ်တိုင်ထုတ်လုပ်နိုင်နေလောက်ပြီဖြစ်၏။ ထိုအချိန်ကျမှတော့ မည်သူကများ Silicon Moonlight၏အကူအညီကို လိုဦးမည်နည်း။
Qualcomm Electronicsမှ ကိုယ်စားလှယ်များမှာ ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်လေရာ သူတို့နှင့် တစ်ပုံစံတည်းတူသော စာချုပ်များကို ကိုင်ထားသူတချို့ ရှိသေးကြောင်း သိလိုက်ရသည်။ ဤလူများ၏ စာချုပ်ပါအချက်အလက်များကလည်း သူတို့နှင့် အတူတူပင်။ သူတို့သည် တစ်ချိန်တုန်းက ဟွာရှားနိုင်ငံကို ချစ်ပ်ပြားပိတ်ဆို့မှုလုပ်ခဲ့သူများပင်။
"မင်းတို့အကြီးအကဲကို ဒီကိုခေါ်လိုက်။ ငါတို့ ဆန္ဒပြချင်တယ်"
ထိုအုပ်စုမှာ ချက်ချင်းဆိုသလို Silicon Moonlight၏ စီးပွားရေးဌာနကို ဆန္ဒပြကြလေတော့သည်။
"အမျိုးသားများနဲ့အမျိုးသမီးများရှင့်... ကျွန်မက ကုန်သွယ်ရေးတာဝန်ခံပါ။ ရှင်တို့ ဘာပြဿနာများရှိလဲဆိုတာ မေးပါရစေ"
ပရော်ဖက်ရှင်နယ်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်က စာချုပ်ရေးထိုးရာနေရာသို့ ရောက်လာလေသည်။
"ခင်ဗျားတို့စာချုပ်က တစ်ခုခုမှားနေတာများလား? ကျုပ်တို့ရဲ့ဈေးနှုန်းက တခြားနိုင်ငံတွေထက် ဘာလို့ လေးဆတောင်ပိုများနေတာလဲ"
"ဪ ကျွန်မတောင်းပန်ပါတယ်။ အဲဒါက ကျွန်မတို့ရဲ့ပေါ့ဆမှုပါ"
ထိုအမျိုးသမီးက ဆိုလာလေသည်။
"ကျေးဇူးပြုပြီး စာချုပ်အသစ်တစ်ခုကို အခုချက်ချင်းပြင်ပေးပါ"
"ဒီလိုမှပေါ့"
Qualcomm Electronicနှင့် အခြားနိုင်ငံများမှ ကိုယ်စားလှယ်များက စိတ်ကျေနပ်သွားဟန် အမူအရာများ ထုတ်ဖော်လာကြသည်။
သို့သော် သူတို့လက်ထဲသို့ စာချုပ်အသစ်ရောက်လာချိန်မှာတော့ သူတို့၏အမူအရာများက မစင်စားလိုက်ရသည့်အလား ဖြစ်သွားလေသည်။ အကြောင်းမှာ ဈေးနှုန်းက လေးဆများနေရာမှ ရှစ်ဆအထိ မြင့်တက်သွားသောကြောင့်ပင်။
"တောင်းပန်ပါတယ်။ ကျွန်မတို့ရဲ့ဘော့စ်က ရှင်တို့အတွက် တင်သွင်းကုန်ဈေးနှုန်းကို နှစ်ဆမြှင့်ပေးဖို့ ပြောထားတာပါ။ ဘယ်ဝန်ထမ်းများကများ အမှတ်မှားပြီး အဆပေါင်းများစွာတင်လိုက်သလဲတော့ မသိပါဘူး။ အကုန်လုံးကို ကျွန်မ တကယ်တောင်းပန်ပါတယ်"
"ခင်ဗျား…"
ထိုကိုယ်စားလှယ်များမှာ အလွန်ဒေါသထွက်သွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။
"ပြီးတော့ ကျုပ်တို့က ဘာလို့ သုံးနှစ်ကြီးများတောင် စောင့်ရမှာလဲ"
"ဒါတော့ ကျွန်မတို့လည်း မတတ်နိုင်ပါဘူး"
ထိုအမျိုးသမီးက ကူကယ်ရာမဲ့စွာ ဆိုလာလေသည်။
"အခုလောလောဆယ်မှာ စီးပွားရေးအခြေအနေက သိပ်မကောင်းလို့ ကျွန်မတို့လည်း ဝယ်လိုအားကိုအမီလိုက်ပြီး မထုတ်လုပ်နိုင်ဘူးဖြစ်နေတာ။ ဒီတော့ ဦးရာလူစနစ်ကိုပဲ ကျင့်သုံးရတော့တာပေါ့။ ရှင်တို့တွေက အခုထိလက်မှတ်မထိုးရသေးဘူးဆိုတော့ ရှင်တို့ဆီကို ပို့မဲ့ပစ္စည်းတွေက နောက်ဆုံးဖြစ်သွားမှာတော့ ကျိန်းသေပဲလေ။ ကျွန်မတော့ တရားမျှတတယ်လို့ထင်တာပါပဲ"
ဤရှင်းပြချက်ကို ကြားပြီးနောက်မှာတော့ သူတို့ သဘောပေါက်သွားကြလေတော့သည်။ ကျန်းမုန့်လောင် အပေါ်ယံသကာလောင်းပြီး ရက်ရောပြနေခြင်းမှာ ပေါက်ကရများသာ။ သူသည် ဤကိစ္စကို လွယ်လွယ်နှင့်ကျော်မသွားပေးချေ။
ကျန်းမုန့်လောင်က သူတို့ကို နောက်တစ်ကြိမ်နှပ်ချရန် စီစဉ်နေခြင်းမှာ သိသာလှသည်။
ဒီဟွာရှားလူမျိုးက တော်တော်မရိုးဖြောင့်တဲ့လူပဲ!
***************