ငါမကြောက်ဆုံးအရာက ဒဏ်ကြေးငွေပဲ
Vol. 27 Ch. 400
"တီ တီ တီ တီ!"
ကျန်းမုန့်လောင်က သူ့ရုံးခန်းအတွင်း ထိုင်နေရင်း ယခုနှစ်အတွက် အစီရင်ခံစာများကို သုံးသပ်နေသည်။
တစ်ကမ္ဘာလုံးရှိ စက်ရုံပေါင်းနှစ်ရာကျော်က Silicon Moonlightနှင့် စာချုပ်ချုပ်ဆိုထားပြီး စာချုပ်ကြေးစုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာတစ်ထရီလီယံကျော်အထိ ရထားသည်။ ဤပမာဏမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းနယ်ပယ်တစ်ခုလုံးတွင် မကြုံဖူးသောဖြစ်ရပ်တစ်ခုပင်။
အကြောင်းမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းနယ်ပယ်တွင် နည်းပညာဆိုင်ရာ လက်ဝါးကြီးအုပ်မှုကို ဤမျှအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်သော ကုမ္ပဏီဟူ၍ ယခင်က လုံးဝမပေါ်လာခဲ့ဖူးချေ။ ယခင်က ကုမ္ပဏီအများအပြားက လုပ်ငန်းကို အပြိုင်အဆိုင်လည်ပတ်ခဲ့ကြပြီး ကမ္ဘာ့စျေးကွက်ကိုလည်း အပိုင်းပိုင်းခွဲဝေယူထားကြသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ကျန်းမုန့်လောင်၏ Silicon Moonlightကုမ္ပဏီတစ်ခုတည်းကသာ ထုတ်လုပ်နိုင်စွမ်း ရှိသဖြင့် သူတို့တွင် အခြားရွေးချယ်စရာ မရှိပေ။ ဤသို့ဆိုလျှင် ကျန်းမုန့်လောင်သာ အမြတ်မထွက်ပါက မည်သူကများ အမြတ်ထွက်ဦးမည်နည်း။
တစ်ချိန်က ကြယ်လေးပွင့်အုပ်စုကဲ့သို့သော ကုမ္ပဏီများမှာ ဟွာရှားနိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းကို ကြိုးကိုင်ခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ သူတို့သည် Silicon Moonlight၏ အကြီးဆုံးဖောက်သည်များ ဖြစ်သွားကြလေသည်။
ပြောရမည်ဆိုလျှင် ချင်းချိုးနိုင်ငံသားများမှာ စိတ်အခြေအနေပြောင်းလွယ်ပြင်လွယ်ရှိ၏။ သူတို့သည် Silicon Moonlightမှ ချစ်ပ်ပြားများကို ဒေါ်လာဘီလီယံရာဂဏန်းကျော်လောက် မှာယူခဲ့သည်။ သို့မှသာ ကြားခံကုန်သည်အဖြစ် ပစ္စည်းအရောင်းအဝယ်လုပ်ရာတွင် ပေးလိုက်ရသောဈေးထက် အမြတ်အစွန်းခပ်များများကျန်မည်ဖြစ်၏။ ဤနည်းဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းနယ်ပယ်ထဲရှိ သူတို့၏အဆင့်အတန်းကို ယာယီထိန်းသိမ်းထားနိုင်သည်။
ထိုမျှသာမက Silicon Moonlightကုမ္ပဏီက စက်ရုံခွဲများ ဖွင့်လှစ်ရန်အတွက် နိုင်ငံတော်တော်များများနှင့် သဘောတူစာချုပ်ရေးထိုးခဲ့သေးသည်။ မည်သို့ပင်ဖြစ်စေ ထုတ်လုပ်ရေးအတွက် ကုမ္ပဏီတစ်ခုတည်းကို မှီခိုနေလျှင် ချစ်ပ်ပြားထောက်ပံ့ရေးက အလွန်နှေးကွေးနိုင်ပြီး ပို့ဆောင်မှုအပိုင်းကလည်း အလွန်ကြန့်ကြာနိုင်သည်။
သို့သော် ထိုနိုင်ငံများတွင် စက်ရုံဖွင့်လိုက်မည်ဆိုပါက ထိုကြာချိန်ကို လျှော့ချရန်အတွက် ဒေသခံလူအင်အားနှင့် ကုန်ကြမ်းပစ္စည်းအရင်းအမြစ်များကို အများဆုံးအသုံးပြုနိုင်သည်။
တစ်ကမ္ဘာလုံးနီးပါးကလည်း သူတို့နိုင်ငံတွင် စက်ရုံဖွင့်ရန်အတွက် ကျန်းမုန့်လောင်ကို ကြိုဆိုကြသည်။ ထို့ကြောင့် Silicon Moonlightအနေနှင့် ထိုစက်ရုံခွဲများထံသို့ စေလွှတ်ရမည့် စက်ရုံမန်နေဂျာပင် မလောက်မငှဖြစ်ရသည်။
"မုန့်လောင်.. မင်း သိပ်တော်တာပဲ"
နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက ကျန်းမုန့်လောင်နှင့် အဆက်အသွယ်မပြတ်သော လောင်ကျိုးက ပြောလာလေသည်။
"အခုဆိုရင် ငါတို့ဟွာရှားနိုင်ငံက ရင်ကော့ခေါင်းမော့ထားနိုင်ပြီကွ။ ဒါတွေအားလုံး မင်းကျေးဇူးတွေပါပဲ"
"ဟားဟားဟား လောင်ကျိုး.. ကျွန်တော့်ကိုမြှောက်နေပါပြီဗျာ။ ကျွန်တော်ကလည်း ငွေရှာဖို့အတွက် လုပ်ခဲ့ရုံသက်သက်ပါ။ ခင်ဗျားထင်သလောက်လည်း မမြင့်မြတ်ပါဘူး"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ခင်ဗျားက အခွန်၉၀ရာခိုင်နှုန်းလျော့အောင် ကူညီပေးထားတာပဲ။ ကျွန်တော်ကသာ ခင်ဗျားကို ကျေးဇူးတင်သင့်တာပါ"
"အဲဒါက ဘာဟုတ်သေးလို့လဲ။ မင်း နိုင်ငံတော်အတွက် လုပ်ပေးခဲ့တဲ့ကိစ္စက အခွန်ငွေ၉၀ရာခိုင်နှုန်းမပြောနဲ့… မင်းကို ငွေပမာဏအများကြီးပုံပေးမယ်ဆိုရင်တောင် မလွန်ပါဘူး"
လောင်ကျိုးက ရယ်ကာမောကာ ပြောလာလေသည်။
"ဒါပေမဲ့ မင်း အဲဒီအနောက်တိုင်းသားတွေနဲ့ ကိုင်ဘွန်လူမျိုးတွေကို ရှစ်ဆလောက် ဈေးတင်ခဲ့တယ်လို့ကြားတယ်။ မင်းကတော့ တကယ်ကြမ်းလိုက်တာကွာ"
မူလဈေးထက် နှစ်ဆလေးဆလောက် တိုးခြင်းကတင် အလွန်ကြောက်ဖို့ကောင်းနေပြီဟု လောင်ကျိုး ထင်ထားမိသည်။ သို့သော် ကျန်းမုန့်လောင်က အဆပေါင်းများစွာတင်ပစ်လိမ့်မည်ဟုတော့ သူ ထင်မထားပေ။
"ကျွန်တော်ကတော့ သူတို့ကို အရမ်းသဘောကောင်းပေးထားတယ်လို့ထင်တာပဲ"
ကျန်းမုန့်လောင်က ဆိုလိုက်လေသည်။
"သူတို့ကို ကျွန်တော်ရောင်းပေးချင်စိတ်ရှိတယ်ဆိုတာကတင် သူတို့ တော်တော်ကံကောင်းလှပြီ။ အခုလိုဈေးတင်ထားတာကတော့ သူတို့ဘာသာ ယူချင်ယူ မယူချင်နေ"
"ငါတို့ဘက်က သက်ဆိုင်ရာဥပဒေအထောက်အပံ့နဲ့ ပြည်တွင်းလက်ဝါးကြီးအုပ်မှုဥပဒေတွေ မင်းအပေါ် မသက်ရောက်အောင် ကာကွယ်ပေးထားတယ်ဆိုပေမဲ့လည်း မင်း ဂရုစိုက်ဖို့တော့လိုတယ်နော်။ နိုင်ငံတကာတရားမျှတမှုကော်မတီထဲမှာ အနောက်တိုင်းသားတွေလည်းပါတယ်။ သူတို့ မင်းကို ပြဿနာရှာလာနိုင်တယ်"
"ကိစ္စမရှိပါဘူး"
ကျန်းမုန့်လောင် တခစ်ခစ်ရယ်လိုက်သည်။
"ကျွန်တော်က သူတို့ ပြဿနာလာရှာဖို့တောင် မျှော်လင့်နေတာ"
"ဟမ်?"
လောင်ကျိုးခမျာ ကျန်းမုန့်လောင်ပြောချင်သည့် အဓိပ္ပာယ်ကို နားမလည်သောကြောင့် အံ့ဩမှင်တက်သွားလေသည်။
"ဟားဟား ဒါကတော့ လျှို့ဝှက်ချက်"
ကျန်းမုန့်လောင် တဟားဟားရယ်လိုက်လေတော့သည်။
"အာ ပြောရင်းဆိုရင်း ဖုန်းဝင်လာပြီ"
ကျန်းမုန့်လောင် ရုံးဖုန်းကို ကောက်ကိုင်လိုက်သည်။
"ဟယ်လို ကျန်းမုန့်လောင်ပါ။ ဘယ်သူလဲမသိဘူး"
"မော့ပိုင်ပါ"
ဖုန်းတစ်ဖက်မှလာသော အသံကမူ ဖော်ရွေလှိုက်လှဲမှု ကင်းမဲ့နေချေသည်။
"ဪ မစ္စတာမော့ပိုင်… မတွေ့ရတာကြာပြီနော်။ ခင်ဗျား ကျုပ်ကို သတိရနေတာလား"
ကျန်းမုန့်လောင် ရယ်လိုက်သည်။
"မစ္စတာကျန်း ဟန်ဆောင်နေတာတွေ တော်လိုက်ကြရအောင်"
မော့ပိုင်က အဆိုပြုလာလေသည်။
"ခင်ဗျားရဲ့ဈေးနှုန်းက တော်တော်အဓိပ္ပာယ်မရှိဘူး။ ကျုပ်ဘက်က သင့်တင့်မျှတတဲ့တင်သွင်းဈေးမျိုးကို လိုချင်တယ်ဗျ"
"ဒီဈေးနှုန်းက မတရားတာမျိုး မသင့်တင့်တာမျိုး ရှိလို့လား"
ကျန်းမုန့်လောင်ကလည်း ပြန်မေးခွန်းထုတ်လိုက်၏။
"အရင်တုန်းက ခင်ဗျားတို့ကုမ္ပဏီကမှ ကျုပ်တို့ကို ချစ်ပ်ပြားတင်သွင်းမှုပိတ်ဆို့ခဲ့သေးတယ်။ ခင်ဗျားတို့နဲ့ယှဉ်လိုက်ရင် ကျုပ်တို့က တော်တော်ကြီးမျှတပါတယ်"
"အာ ဟုတ်သားပဲ။ 'အချိန်ကျလာရင် ကျုပ်တို့ဘက်က ချစ်ပ်ပြားရောင်းပေးဖို့အတွက် ခင်ဗျား Silicon Moonlightရဲ့တံခါးဝမှာ ဒူးထောက်တောင်းပန်ရလိမ့်မယ်'လို့လည်း ပြောခဲ့သေးတယ်နော်။ ခင်ဗျားသာ တကယ်ပဲ အဲဒီလိုလုပ်ပြမယ်ဆိုရင် ကျုပ်လည်း ဈေးနှုန်းကို အဆပေါင်းများစွာတင်ထားရာက နည်းနည်းလျှော့ချင်လျှော့ပေးမှာပေါ့"
"ကျန်းမုန့်လောင်.. မင်း တော်တော်လွန်နေပြီနော်"
မော့ပိုင်ခမျာ သူ့ခံစားချက်များကို ထိန်းချုပ်ထားရလေသည်။ သူတို့သာ Silicon Moonlightကုမ္ပဏီရှေ့မှာ ဒူးထောက်တောင်းပန်ခဲ့ပါလျှင် နောက်တစ်ခါဦးပြန်မော့ဖို့ မဖြစ်နိုင်တော့ပေ။
"ကျုပ်ပြောတဲ့စကား မဆုံးသေးဘူး။ ခင်ဗျားက ပိုပြီးတီထွင်မှုရှိရှိနဲ့ ဒူးထောက်ပြခဲ့မယ်ဆိုရင် ကျုပ်ဘက်ကလည်း ဈေးကို နှစ်ဆအထိ လျှော့ပေးချင်လျှော့ပေးမှာ"
ကျန်းမုန့်လောင်က ဆက်ပြောလိုက်ပြန်လေသည်။
"တကယ်လို့ ခင်ဗျား ကျုပ်ကို "အဖေ"လို့ခေါ်မယ်ဆိုရင်တော့ ဘယ်သူသိနိုင်မှာလဲ.. ကျုပ် ခင်ဗျားကို မူရင်းဈေးအတိုင်း ရောင်းပေးချင်ရောင်းပေးမှာပေါ့"
"ဘန်း!"
မော့ပိုင်လည်း စားပွဲကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။
"ကျန်းမုန့်လောင်… မင်း အခုလောက်ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းမှာ လက်ဝါးကြီးအုပ်မှုဥပဒေရှိတယ်ဆိုတာကို နားလည်ဖို့လိုနေပြီ။ မင်း အခုလုပ်နေတာက လက်ဝါးကြီးအုပ်မှုဥပဒေကို ချိုးဖောက်နေတာပဲ။ ငါတို့ဘက်ကသာ တရားစွဲလိုက်ရင် မင်းလည်း လက်ဝါးကြီးအုပ်မှုဥပဒေနဲ့ အပြစ်ပေးခံရမှာ"
သူတို့ဘက်က ဟွာရှားနိုင်ငံကို စိတ်ထင်တိုင်း ပိတ်ဆို့မှုလုပ်ခဲ့သည်မှာ သူတို့တွင် ဝယ်ယူသူအမြောက်အများရှိနေသည့်အတွက် လက်ဝါးကြီးအုပ်သည်ဟူသော စွပ်စွဲချက်မှ လွတ်မြောက်နိုင်သောကြောင့်ပင်။
သို့သော် ယခုမူ ကျန်းမုန့်လောင်တစ်ယောက်တည်းဖြစ်နေလေရာ လက်ဝါးကြီးအုပ်ထားသည်ဟု ဆိုရန်မှာ သိသာထင်ရှားလှပေသည်။
"ဪ!"
ကျန်းမုန့်လောင်ကတော့ အမှုမထားဟန်ဖြင့် တုံ့ပြန်လိုက်သည်။
"ဪတဲ့လား"
မော့ပိုင်ခမျာ ဝါဂွမ်းကို လက်သီးနှင့်ထိုးနေရသလို ခံစားလိုက်ရ၏။
ကျန်းမုန့်လောင်က နိုင်ငံတကာတရားမျှတမှုဥပဒေ၏ အပြစ်ပေးမှုကိုတောင် မကြောက်ဘူးလား? သူ့ပုံစံက ဘာလို့များ လုံးဝမကြောက်တဲ့ပုံပေါက်နေရတာလဲ?
"ကောင်းပြီလေ။ တခြားပြောစရာမရှိဘူးဆိုရင် ကျုပ် အိမ်သာသွားတက်တော့မယ်"
ကျန်းမုန့်လောင် ဖုန်းချလိုက်၏။
"သူတို့ကိုယ်သူတို့ အဟုတ်ကြီးထင်နေတဲ့လူတစ်စုက သက်သက်ရှိတယ်"
"မင်း!"
မော့ပိုင် ပေါက်ကွဲတော့မည်အချိန်မှာပင် တစ်ဖက်လူက ဖုန်းချပစ်လိုက်လေသည်။
….
လဝက်နီးပါး ကြာပြီးနောက် ကျန်းမုန့်လောင်ကိုယ်တိုင်ပင် ဤကိစ္စကို မေ့သွားချိန်ဝယ် ရှုဟွမ်က သူ့ထံသို့ သတင်းဆိုးတစ်ခုကို သယ်လာခဲ့သည်။
"ဘော့စ်ကျန်း… ပြဿနာတက်ပါပြီ။ ဒီမနက်တုန်းက နိုင်ငံတကာတရားမျှတရေးကော်မတီက ကျွန်တော်တို့ကို သတိပေးစာထုတ်လိုက်တယ်။ Silicon Moonlightကုမ္ပဏီကို Qualcomm Electronicsနဲ့ တခြားနိုင်ငံတွေက လုပ်ငန်းစု၁၂ခုက လက်ဝါးကြီးအုပ်မှုနဲ့ တိုင်တန်းထားတယ်တဲ့။ အခု သူတို့တွေ ကျွန်တော်တို့ကို စုံစမ်းစစ်ဆေးကြတော့မယ်"
"ဪ"
ကျန်းမုန့်လောင်ကတော့ ဂရုမစိုက်ဟန်ဖြင့်သာ။
"ဘော့စ်ကျန်း.. ဒီစွဲချက်ကိုသာ အတည်ပြုပြီးသွားရင် ကျွန်တော်တို့ ဒဏ်ငွေအများကြီးဆောင်ရနိုင်တယ်"
"ဒဏ်ငွေလား?"
ကျန်းမုန့်လောင်၏လေသံကား ရုတ်ခြည်းစိတ်လှုပ်ရှားသွားဟန်တူသည်။
"ဖီမိုနိုင်ငံတကာအဖွဲ့အစည်းကို ကြားဖူးလား။ သူတို့က ကမ္ဘာပေါ်မှာရှိတဲ့ ထိပ်ဆုံးလုပ်ငန်းစုကြီးသုံးခုထဲကလေ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက သူတို့လည်း လက်ဝါးကြီးအုပ်မှုဥပဒေနဲ့ တိုင်ကြားခံခဲ့ရတာ။ ဒဏ်ငွေ အမေရိကန်ဒေါ်လာ၁.၁၂ဘီလီယံပေးလိုက်ရတယ်"
ကျန်းမုန့်လောင် စိတ်လှုပ်ရှားသွားသည်မှာ ဒဏ်ငွေဆောင်ရမှာကို ကြောက်သောကြောင့်ဟု ရှုဟွမ်က ထင်လိုက်မိသဖြင့် ထိုအခြေအနေ၏လေးနက်ပုံကို ချက်ချင်းရှင်းပြနေတော့သည်။
"ကျွန်တော်တို့ကုမ္ပဏီရဲ့လက်ရှိတင်ပို့နှုန်းကို အခြေခံကြည့်မယ်ဆိုရင် နိုင်ငံတကာတရားမျှတရေးကော်မတီကသာ ကျွန်တော်တို့လုပ်ရပ်ကို လက်ဝါးကြီးအုပ်မှုလို့ အတည်ပြုလိုက်မယ်ဆိုရင် ကျွန်တော်တို့တွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဒဏ်ငွေဆောင်ရမှာ"
ရှုဟွမ်၏လေသံကား အလွန်စိုးရိမ်သောကရောက်နေလေသည်။
"ဪ? အဲဒီလိုလား?"
ကျန်းမုန့်လောင်က ပြန်ပြောလိုက်၏။
"ရှုဟွမ်.. သေချာနားထောင်နော်။ သူတို့ရဲ့စုံစမ်းစစ်ဆေးရေးကို သေချာပူးပေါင်းပေးလိုက်။ သူတို့တောင်းသမျှစာရွက်စာတမ်းတိုင်းကိုလည်း ပေးလိုက်"
"ဟင်? ဘော့စ်…ဘော့စ်ကျန်း ကျွန်တော်တို့ဘက်ကရော အစီအမံတွေလုပ်မထားသင့်ဘူးလား? ဒါက.."
"သူတို့က ငါ့ကို ဒဏ်ကြေးဆောင်ခိုင်းချင်တယ်ဆိုရင်လည်း လုပ်ပါစေ။ ဘယ်လိုပဲဖြစ်ဖြစ် ငါမကြောက်ဆုံးအရာကလည်း ဒဏ်ငွေပဲ"
ကျန်းမုန့်လောင် တဟားဟားရယ်နေချေသည်။
"စာချုပ်အသစ်တွေ သွားပြင်ထားလိုက်။ ဒီတစ်ခေါက်တော့ နှစ်ဆမတိုးနဲ့တော့။ အဆပေါင်းများစွာတိုးပစ်မယ်။ မူရင်းတင်ပို့ဈေးရဲ့ ၁၆ဆအထိ တင်ပစ်လိုက်"
"ဆယ့်..ဆယ့်ခြောက်ဆလား?"
ရှုဟွမ်၏ပါးစပ်ကား တွန့်ရှုံ့သွားချေသည်။ ကျန်းမုန့်လောင်က စင်စစ်အညှာအတာကင်းမဲ့လှပေသည်။ တစ်ဖက်လူက နိုင်ငံတကာတရားမျှတရေးကော်မတီကို တိုင်ချက်သွားဖွင့်လိုက်သည့်အခါ သူကလည်း သူတို့အား အမှုန့်ကြိတ်ဖို့ အသင့်ဖြစ်နေပေသည်။
**************