ဆယ်နှစ်စာဒဏ်ကြေးဆောင်ထားလိုက်
Vol. 27 Ch. 401
"စုံစမ်းစစ်ဆေးရေးနဲ့ သက်သေအထောက်အထားတွေ စုဆောင်းပြီးနောက်မှာတော့ Silicon Moonlightကုမ္ပဏီက နိုင်ငံတကာဈေးကွက်ထိန်းချုပ်မှုဥပဒေကို ချိုးဖောက်ခဲ့ကြောင်း သံသယရှိတာကြောင့် နိုင်ငံတကာတရားမျှတမှုကာကွယ်ရေးအဖွဲ့မှ Silicon Moonlightကုမ္ပဏီကို အမေရိကန်ဒေါ်လာ၃ဘီလီယံ ဒဏ်ကြေးပေးဆောင်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် ခြောက်လအတွင်း သူတို့ရဲ့ဈေးကွက်ထိန်းချုပ်ရေးလုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့လည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီဒဏ်ကြေးဟာ ဒီနေ့အထိ ဈေးကွက်ထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ချမှတ်ခံခဲ့ရတဲ့ သမိုင်းတစ်လျှောက် အမြင့်ဆုံးပမာဏဖြစ်ပါတယ်"
သတင်းခေါင်းစီးတစ်ပုဒ်က ချက်ချင်းဆိုသလို "အပြည်ပြည်ဆိုင်ရာအပတ်စဉ်"သတင်းစာ၏ ရှေ့ဆုံးစာမျက်နှာတွင် ပေါ်လာခဲ့သည်။
၂နာနိုမီတာချစ်ပ်ပြားများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်ခဲ့ပြီးနောက် Silicon Moonlightကုမ္ပဏီ၏ နာမည်မှာ ကမ္ဘာတစ်ဝှမ်းတွင် ပြိုင်ဘက်ကင်းလောက်အောင် နာမည်ကြီးလာခဲ့ပြီး ကမ္ဘာအနှံ့ရှိ ပင်မမီဒီယာကြီးများ၏ အာရုံကိုလည်း ဆွဲဆောင်ထားနိုင်ခဲ့သည်။
သို့သော် ရက်အနည်းငယ်အတွင်းမှာပင် ဤကဲ့သို့ အပျက်သဘောဆောင်သည့် သတင်းတစ်ခု ပေါ်ပေါက်လာပြီး အခြေအနေကလည်း နောက်တစ်ကြိမ်လှုပ်ခတ်သွားရပြန်သည်။
"သောက်ကျိုးနည်း... ဘာလဲဟ။ သူတို့နိုင်ငံရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးအဆင့်က ညံ့ဖျင်းနေတာနဲ့ပဲ ငါတို့ကို ဈေးကွက်ထိန်းချုပ်တယ်ဆိုပြီး လာစွပ်စွဲတယ်ပေါ့။ ဒါက တော်တော်ရယ်ဖို့ကောင်းတဲ့ကိစ္စပဲ"
"ငါမြင်ပြီးပြီ။ ဒီတိုင်ကြားချက်ကို Qualcomm Electronicsရယ် Galaxy Technologyနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီဟောင်းတွေက ပူးပေါင်းပြီး တင်သွင်းထားတာ"
"သေစမ်း.. သူတို့ အဲဒီယုံကြည်မှုမျိုးကို ဘယ်ကရတာပါလိမ့်။ သူတို့တွေ ငါတို့ဟွာရှားနိုင်ငံကို ချစ်ပ်ပြားပိတ်ဆို့မှု လုပ်ခဲ့တုန်းကတော့ ဒီတရားမျှတရေးအဖွဲ့အစည်းကြီးက သူတို့ကို ဒဏ်ကြေးချမှတ်တာ မမြင်မိပါဘူး"
"ငါ့ကောင်.. မင်းက တအားရိုးသားတာပဲ။ ဒီတရားမျှတရေးအဖွဲ့အစည်းဆိုတာ အစကတည်းက အနောက်နိုင်ငံတွေ တည်ထောင်ထားတဲ့အဖွဲ့အစည်းကြီးပဲကွ။ ကုလသမဂ္ဂက သူတို့ရဲ့ အာဏာကိုင်စွဲခွင့်ကို အသိအမှတ်ပြုထားပေမဲ့ တကယ်တမ်းကျတော့ ဒါက အရင်းရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့အဖွဲ့အစည်းတစ်ခုပါပဲ"
"တကယ်ကြီးလား။ အခုမှသိတယ်။ ဒါဆို မျက်နှာနှစ်ဖက်နဲ့ လုပ်စားနေတာလား။ အရာရှိတွေကတော့ မီးရှို့ခွင့်ရှိပြီး သာမန်ပြည်သူကတော့ မီးအိမ်တောင်ထွန်းခွင့်မရှိဘူးဆိုတဲ့ သဘောမျိုးလား"
"ဒေါ်လာ၃ဘီလီယံပဲ မဟုတ်လား။ ငါတို့ တစ်ယောက်ကို ဒေါ်လာနည်းနည်းစီထည့်ရင်း ရန်ပုံငွေစုပြီး ဒေါ်လာ၃ဘီလီယံမရှာနိုင်ဘူးလား။ ဒီကိစ္စမှာတော့ ငါ ဥက္ကဋ္ဌကျန်းကို ထောက်ခံတယ်"
အနောက်နိုင်ငံများက တိတ်တိတ်လေးဝမ်းသာနေကြချိန်မှာ ပြည်တွင်းရှိ ပြည်သူများကတော့ ကျိန်ဆဲသံများ ညံစီနေလေသည်။
ဤကာလအတွင်း Silicon Moonlightကုမ္ပဏီသည် နိုင်ငံ့ဂုဏ်ဆောင် ထုတ်ကုန်တစ်ခုအဖြစ် မားမားမတ်မတ်ရပ်တည်နိုင်ခဲ့ပြီး သိပ္ပံသုတေသနနယ်ပယ်နှင့် စက်မှုလုပ်ငန်းနယ်ပယ်နှစ်ခုလုံးကလည်း အသိအမှတ်ပြုထားသည်။ ယခုတော့ ဤမျှ ဂုဏ်သိက္ခာမဲ့သော နည်းလမ်းမျိုးဖြင့် ပိတ်ဆို့ဒဏ်ခတ်ခံရမတဲ့လား။ ဤသည်မှာ လုံးဝသည်းမခံနိုင်စရာပင်။
...
"မုန့်လောင်... ဒီကိစ္စမှာ နိုင်ငံတော်ရဲ့ ဩဇာအာဏာကို အသုံးချဖို့လိုလား"
ဤသတင်းကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် မစ္စတာကျိုးက ကျန်းမုန့်လောင်ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
"သူတို့ရဲ့ပြစ်ဒဏ်က မမျှတဘူး။ Silicon Moonlightကို ဖိနှိပ်ဖို့သက်သက်လုပ်နေတယ်ဆိုတာ အသိသာချည်းပဲ။ ငါတို့ ကုလသမဂ္ဂကို ကန့်ကွက်ဆန္ဒပြလို့ရတယ်"
"မလိုပါဘူး"
ကျန်းမုန့်လောင်ကတော့ ရယ်မောလျက် ပြန်ပြောလိုက်သည်။
ဒေါ်လာ၃ဘီလီယံ ဒဏ်ကြေးတဲ့လား။ ၎င်းမှာ ကျန်းမုန့်လောင်ကို ရယ်ရအောင် လာလုပ်နေခြင်းသာဖြစ်၏။
သုံးလရှိသွားလေပြီ။ အမှန်ပင်။ ခွန်အားအမှတ်လဲလှယ်ရေးစနစ် စတင်အသက်ဝင်နေခဲ့သည်မှာ သုံးလရှိသွားလေပြီ။ သူ့မှာ ငွေဘယ်လိုသုံးရမလဲဆိုသည်ကို နေ့တိုင်းစဉ်းစားနေခဲ့ရသည်။ ဤသုံးလအတွင်း သူ မည်သို့ဖြတ်သန်းခဲ့ရသလဲ။
နောက်ဆုံးတော့ သူ့ထံသို့ ငွေထပ်သုံးနိုင်မည့် အခွင့်အရေးတစ်ခု ရောက်လာလေပြီ။ ထို့ကြောင့် သူတို့ကို ကျေးဇူးတောင်တင်ချင်သေးသည်။ ဒဏ်ကြေးငွေကိုလည်း သုညတစ်လုံး ထပ်ဖြည့်ပေးရန် ဆုတောင်းနေမိသည်။
သူပေးမည့်ဒဏ်ကြေးငွေကို ဤတရားမျှတရေးအဖွဲ့အစည်းက အမြတ်ထုတ်မည့်အဖြစ်မျိုးကိုလည်း အဖြစ်မခံနိုင်ပေ။
ဟာသပဲ...ကျန်းမုန့်လောင်က ဘယ်သူမို့လို့လဲ?
အကျိုးအမြတ်နည်းနည်းလေးကို သူများတွေကသာ ငမ်းငမ်းတက်လိုချင်ကြလိမ့်မည်။ သူကတော့ လုံးဝစိတ်မယိုင်ပေ။
တရားမျှတရေးအဖွဲ့အစည်းကို သူ့အကြောင်း တိုင်ကြားခဲ့ကြသော ကုမ္ပဏီများမှာ ချစ်ပ်ပြားဖြန့်ချီရေးလုပ်ငန်းစုကြီးများဖြစ်ကြပြီး နှစ်စဉ်ဖြန့်ချီနေသည့် ချစ်ပ်ပြားအရေအတွက်မှာလည်း ဘီလီယံနှင့်ချီ၍ရှိ၏။ သူတို့အနေနှင့် စက်မှုလုပ်ငန်းထဲမှ လုံးဝစွန့်ခွာသွားခြင်းမျိုးသာ မရှိပါက ကျန်းမုန့်လောင်ထံမှ ချစ်ပ်ပြားများ ဝယ်ယူနေရဦးမည်သာ။
ချစ်ပ်ပြားတစ်ခုစီအတွက် အမေရိကန်ဒေါ်လာရာဂဏန်းခန့် ကုန်ကျပြီး အမြတ်အစွန်းကို ခပ်များများတင်ထားမည်ဆိုပါက ဒေါ်လာတစ်သောင်းနီးပါးပင်။ သူတို့အနေနှင့် ၂နာနိုမီတာချစ်ပ်ပြား ဆယ်သန်းကျော်ကို ဝယ်ဖို့အတွက် ဒေါ်လာဘီလီယံပေါင်းရာနှင့်ချီ၍ ပေးရမည်ဖြစ်၏။ သို့ဖြစ်လေရာ ဤဒေါ်လာ၃ဘီလီယံဆိုသည်မှာ ရေပုံးထဲက ရေတစ်စက်စာမျှသာ ရှိ၏။
ကျန်းမုန့်လောင်က ဘယ်လိုလုပ်ပြီး သူများရိုက်စားလုပ်တာကို ခံမှာတဲ့လဲ?
"ဒီကိစ္စကို ကျွန်တော့်ဘာသာဖြေရှင်းနိုင်ပါတယ်"
ကျန်းမုန့်လောင် ရယ်မောလျက် ပြောလိုက်၏။
"သူတို့က ပွဲကြည့်ချင်နေကြတာမဟုတ်လား။ ဒီတော့ ကျွန်တော်ကလည်း သူတို့ကို ပွဲခင်းပေးရမှာပေါ့"
"မစ္စတာကျိုး.. ကျွန်တော် နိုင်ငံတော်ကို လွှဲပြောင်းပေးထားတဲ့ နည်းပညာတွေက အကောင်အထည်ဖော်ဖို့အတွက် တော်တော်အကုန်အကျများနေတယ်မလား"
ကျန်းမုန့်လောင်က ရုတ်တရက်ကြီး ထိုမေးခွန်းကို မေးလိုက်သည်။
"ဟုတ်တယ်"
မစ္စတာကျိုးခမျာ သက်ပြင်းချလိုက်မိသည်။ ပစ္စည်းက ကောင်းသည်။ အချက်အလက်များနှင့် စာရွက်စာတမ်းများက အဆင်သင့်ရှိနေသော်ငြား ထိုအရာများကို အကောင်အထည်ဖော်ရန်အတွက် ကုန်ကျစရိတ်က အလွန်မြင့်မားလှသည်။
"နိုင်ငံတော်က လာမယ့်သုံးနှစ်အတွင်း ဒီစီမံကိန်းတွေထဲကို ဟွာရှားယွမ်ငွေ ၂ထရီလီယံလောက် ရင်းနှီးမြှုပ်နှံပေးဖို့ အစီအစဉ်ဆွဲထားတယ်။ ဒါတောင် ငွေကြေးကွာဟမှုက တော်တော်သိသာနေတုန်းပဲ"
"ငွေရေးကြေးရေးကိစ္စကို ကျွန်တော့်တာဝန်ထားလိုက်"
ကျန်းမုန့်လောင်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"မင်း ဘာကိုဆိုလိုချင်တာလဲ"
မစ္စတာကျိုးက အလျင်အမြန်ကန့်ကွက်လိုက်သည်။
"မဖြစ်ဘူး။ နိုင်ငံတော်က မင်းဆီက ယူထားတာတွေ သိပ်များနေပြီ။ ငါတို့ ထပ်ယူလို့မဖြစ်ဘူး"
ကျန်းမုန့်လောင်၏ ချမ်းသာကြွယ်ဝမှုမျိုးဖြင့်သာဆိုပါက ဟွာရှားယွမ်ငွေထရီလီယံ၂ထရီလီယံကို ထုတ်ပေးရန်မှာ ဂိမ်းကစားနေသလောက်သာ ရှိကြောင်း မစ္စတာကျိုး ယုံကြည်သည်။ သို့သော် သူ့ထံမှ ထပ်မတောင်းဆိုနိုင်တော့ချေ။
"မဟုတ်ဘူး။ မဟုတ်ဘူး။ ပိုက်ဆံပေးမဲ့လူက ကျွန်တော်မဟုတ်ဘူး"
ကျန်းမုန့်လောင်၏ လေသံမှာ တဖြည်းဖြည်းမူမမှန်ဖြစ်လာသည်။
"အလှူအတန်းရက်ရောကြတဲ့ နိုင်ငံတကာမိတ်ဆွေတွေဆိုတာ ရှိစမြဲပဲမဟုတ်လား"
မစ္စတာကျိုး : ???
...
"ရှုဟွမ် ငါတို့ ဒီဒဏ်ငွေကို ဘယ်လိုပေးရမှာလဲ"
ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။
"နိုင်ငံတကာတရားမျှတရေးအဖွဲ့အစည်းမှာ ကိုယ်ပိုင်အကောင့်တစ်ခုရှိပါတယ်။ ကျွန်တော်တို့ အဲဒီအကောင့်ထဲကို ပိုက်ဆံလွှဲလိုက်ရုံပါပဲ"
"ကောင်းပြီ လွှဲလိုက်"
ကျန်းမုန့်လောင် အမိန့်ပေးလိုက်လေသည်။
"ဥက္ကဋ္ဌကျန်း.. ကျွန်တော်တို့ ဒီကိစ္စကို ဆန္ဒမပြတော့ဘူးလား"
ကျန်းမုန့်လောင်တွင် ငွေကြေးမချို့တဲ့မှန်း ရှုဟွမ်သိသည်။ နောက်ဆုံးတစ်ခေါက်ဒဏ်ကြေးဆောင်ရာတွင်လည်း သူကိုယ်တိုင်လိုလိုလားလားဖြင့် ဒဏ်ငွေထက် အဆပေါင်းများစွာ ပေးဆောင်ခဲ့သည်။ ထိုအချိန်တုန်းက ရှုဟွမ်၏လောကအမြင်မှာ ပြိုလဲခဲ့ရ၏။ ကျန်းမုန့်လောင်က ဤတစ်ခေါက်လည်း ခပ်မိုက်မိုက်အကွက်တစ်ခုရွှေ့ဖို့ စီစဉ်နေလေသလား။
"မလိုဘူး"
ကျန်းမုန့်လောင် ပြောလိုက်၏။
"အခု ၂နာနိုမီတာချစ်ပ်ပြားတွေကို ငါတို့ပဲ ထုတ်နိုင်သေးတာ။ လက်ဝါးကြီးအုပ်မှုဥပဒေအရ ဈေးကွက်ရှယ်ယာ၅၀ရာခိုင်နှုန်းကျော်ရင် လက်ဝါးကြီးအုပ်မှုလို့ ယူဆလို့ရတယ်"
"ကျွန်တော်တို့ Silicon Moonlightကုမ္ပဏီကို ကုမ္ပဏီခွဲနှစ်ခုသုံးခုခွဲလိုက်လို့ရတယ်လေ။ အဲဒီလိုဆိုရင် လက်ဝါးကြီးအုပ်မှုဥပဒေကို ရှောင်ရှားလို့ရပြီ"
ရှုဟွမ်က သူတွေးထားသည့်အထဲမှ အကောင်းဆုံးနည်းလမ်းကို ကျန်းမုန့်လောင်အား တင်ပြလိုက်၏။
"ငါက ဒီငွေလေးနည်းနည်းကို ဂရုစိုက်လိမ့်မယ်များ ထင်နေတာလား"
ကျန်းမုန့်လောင် သရော်ပြုံးပြုံးလိုက်၏။
"ငါက နိုင်ငံတကာတရားမျှတရေးအဖွဲ့အစည်းပဲလာလာ သိကြားမင်းကိုယ်တိုင် ဆင်းလာလာ ငါ့ကို ဦးညွှတ်အောင် မလုပ်နိုင်ဘူးဆိုတာ သူတို့ကိုသိစေချင်တာ"
"ဒါ..."
"သူတို့က ဒဏ်ကြေးဒေါ်လာ၃၀ဘီလီယံနဲ့ ငါတို့ကို ပြင်ဆင်ချိန်ခြောက်လပေးထားတယ်မလား"
ကျန်းမုန့်လောင် အတည်ပြုလိုက်၏။
"မှန်ပါတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က နိုင်ငံတကာလက်ဝါးကြီးအုပ်မှုဥပဒေရဲ့ ပြဋ္ဌာန်းချက်အရ ခြောက်လအတွင်း လက်ဝါးကြီးအုပ်တဲ့လုပ်ရပ်ကို မပြင်ဆင်နိုင်ခဲ့ဘူးဆိုရင် နောက်ထပ်ပြစ်ဒဏ်ချမှတ်မှုတွေ ရှိလာမှာပါ။ ဒဏ်ကြေးကလည်း ပိုများလာနိုင်ခြေရှိပါတယ်"
"အဲဒီအကောင့်ထဲကို ဒေါ်လာ၁၀၀ဘီလီယံလွှဲပေးလိုက်"
ကျန်းမုန့်လောင် ရှုဟွမ်အား ညွှန်ကြားလိုက်သည်။
"ခင်ဗျား...ဘာပြောလိုက်တာလဲ။ ကျွန်တော် နားကြားမှားသွားတာပဲဖြစ်မယ်..."
ရှုဟွမ်၏ပါးစပ်မှာ ထိတ်လန့်မှုကြောင့် "O"ပုံစံ ဖြစ်သွားလေသည်။
အဖွဲ့အစည်းဘက်က ဒေါ်လာ၃ဘီလီယံသာ တောင်းနေပါသော်လည်း ကျန်းမုန့်လောင်ကတော့ ၁၀၀ဘီလီယံပေးဖို့ ညွှန်ကြားနေပေသည်။ ဤသည်မှာ မည်သို့သောအကွက်မျိုးလဲ။ သူ ဘယ်လိုဗျူဟာမျိုးကို ခင်းနေလေသလဲ။
"စဉ်းစားကြည့်လေ။ ငါတို့ ၂နာနိုမီတာချစ်ပ်ပြားကို ထုတ်လုပ်တာမှ မကြာသေးဘူး။ နောက်ထပ်လည်း ၁နာနိုမီတာ ၀.၅နာနိုမီတာတွေ ရှိလာဦးမှာ။ ငါ သူတို့ကို အထင်သေးတာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ကိုယ်တိုင် အဲဒါတွေကို မထုတ်နိုင်ဘူး။ ဒီတော့ ငါပဲ လက်ဝါးကြီးအုပ်ထားရဦးမှာမဟုတ်လား"
ကျန်းမုန့်လောင်က ကူကယ်ရာမဲ့နေလေဟန်အမူအရာကို ထုတ်ဖော်ပြသလာသည်။ ဤသည်မှာ သူ့အနေနှင့် ဈေးကွက်ကို လက်ဝါးကြီးအုပ်ချင်သောကြောင့် မဟုတ်ပေ။ အခြားကုမ္ပဏီများက လုပ်ဆောင်ရည်နိမ့်ကျနေခြင်းသာ ဖြစ်၏။ ဤသည်ကိုတော့ သူတို့လည်း ဘာမှမတတ်နိုင်ဘူးမဟုတ်လား။
တစ်ဖက်လူက အရည်အချင်းမရှိတာကို ဘယ်သူ့ကိုသွားအပြစ်တင်လို့ရမလဲ?
ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။
"ငါတို့ အနှေးနဲ့အမြန် လက်ဝါးကြီးအုပ်မိမှာပဲဆိုတော့ ခြောက်လကြာရင်လည်း ဒဏ်ငွေထပ်ဆောင်ရဦးမှာပဲ။ ဒီတော့ သူတို့အကောင့်ထဲကို ၁၀၀ဘီလီယံသာ လွှဲပေးထားလိုက်။ အချိန်ကျရင် သူတို့ အဲဒီပိုက်ဆံကို ထုတ်လို့ရတယ်။ အဲဒီလောက်ဆိုရင် ၁၀နှစ်စာတော့ လောက်မှာပါ။ ကုန်သွားရင်လည်း ငါ ထပ်ဖြည့်လိုက်မယ်"
"ကျွန်တော် ဒီနေရာမှာတင် လဲသေလိုက်ရမလား"
ရှုဟွမ်ခမျာ ထိုနေရာမှာတင် ကြက်သေသေလျက် ရပ်နေမိသည်။ ကျန်းမုန့်လောင်၏ လုပ်ဆောင်မှုအဆင့်က လက်သစ်အဆင့်မှ စစ်နတ်ဘုရားအဆင့်အထိ တိုးတက်သွားလေပြီ။
ထိုအကောင့်မှာ နိုင်ငံတကာတရားမျှတရေးအဖွဲ့အစည်း၏ ဒဏ်ငွေကောက်ခံရေးအကောင့်ဖြစ်သည်။ ပိုက်ဆံလိုလာတိုင်း လှမ်းဖြည့်ပေးရအောင် ဆံပင်ညှပ်ဆိုင်မန်ဘာကတ်မဟုတ်ပေ။
အဲဒါက တရားဝင်အဖွဲ့အစည်းတစ်ခုနော်။ ဆံပင်ညှပ်ဆိုင်မဟုတ်ဘူး။ နည်းနည်းလောက်လေးစားမှုလေး ရှိပေးပါဦးလား?
ခင်ဗျား ဒဏ်ငွေကို ၁၀နှစ်စာဆောင်မယ်ဆိုရင်တောင် အဲဒီအပိုပိုက်ဆံတွေကို ဘဏ်ထဲထည့်ထားပြီး အမြတ်ငွေကို စားနေလိုက်လို့မရဘူးလား။ အနည်းဆုံးတော့ တစ်နှစ်ကို ဘီလီယံနည်းနည်းလောက် ရဦးမယ်လေ။ အဲဒီပိုက်ဆံကို စိတ်မဝင်စားဘူးလား?
"မင်းက အဲဒီမှာ ဘာရပ်လုပ်နေတာလဲ? သွားတော့လေ.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အကောင့်ကိုပဲသုံးလိုက်"
"ဟင်.."
"ပြီးတော့ စာချုပ်အသစ်တချို့ ပြင်ရေးခဲ့"
ကျန်းမုန့်လောင်က ဆို၏။
"မူလစာချုပ်ကို ဖျက်သိမ်းပြီး သူတို့ကို စူပါထပ်တိုးအဆင့်မျိုးနဲ့ စာချုပ်မျိုးပေးလိုက်။ ဈေးနှုန်းကို ၃၂ဆတင်ပြီး အနည်းဆုံးအော်ဒါပမာဏက ချစ်ပ်ပြား၁၀သန်းဖြစ်ရမယ်လို့ သတ်မှတ်လိုက်"
"အဟွတ် အဟွတ် အဟွတ်!"
ဈေးနှုန်းကို ၃၂ဆတင်လိုက်လျှင် ချစ်ပ်ပြားတစ်ခုချင်းစီအတွက် အနည်းဆုံး ဒေါ်လာနှစ်သောင်းခွဲဖြစ်သွားပေလိမ့်မည်။ ချစ်ပ်ပြားပေါင်း၁၀သန်းကိုသာ ဝယ်ယူရပါလျှင် ဒေါ်လာ၂၀၀ဘီလီယံအထိ ရောက်သွားလိမ့်မည်။ သူက ငွေပိုငွေလျှံရှာချင်ရုံသက်သက် မဟုတ်ချေ။ ငွေဝင်ကြမ်းအောင် လမ်းခင်းနေခြင်းပင်။
****************