ကျုပ်ကို လာမနှောင့်ယှက်နဲ့
Vol. 27 Ch. 402
အမေရိကန်ပြည်ထောင်စုရှိ မြို့တစ်မြို့တွင် ခမ်းနားထည်ဝါလှသော ဟိုတယ်ကြီးတစ်ခု၌ ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲတစ်ခု ကျင်းပနေပေသည်။ ကမ္ဘာတစ်ဝှမ်းမှ အကြီးဆုံးတစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများ၏ ခေါင်းဆောင်များသာမက အထူးဧည့်သည်တော်တစ်ဦးဖြစ်သော အပြည်ပြည်ဆိုင်ရာလက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးအဖွဲ့၏ ဥက္ကဋ္ဌရောဘတ်လည်း ထိုဧည့်ခံပွဲကို တက်ရောက်လာသည်။
"မစ္စတာရောဘတ်... ဒီတစ်ကြိမ်တော့ ခင်ဗျားရဲ့အကူအညီကို ကျေးဇူးတင်ရမှာပဲ"
မော့ပိုင်က ဖန်ခွက်ကို မြှောက်ပြလိုက်သည်။
"ခင်ဗျားဘက်ကသာ ရက်ရက်ရောရောမကူညီရင် အဲဒီဟွာရှားလူမျိုးလည်း ဘယ်အချိန်အထိ စောင်းကြွနေမလဲဆိုတာ ဘယ်သူသိမှာလဲ"
"ဟားဟားဟား.. ဟွာရှားလူမျိုးတစ်ယောက်လောက်က ဖြေရှင်းဖို့ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး"
ရောဘတ်ကလည်း ရယ်မောလိုက်သည်။
"ကုမ္ပဏီက ဘယ်လောက်ပဲကြီးကြီး ကုလသမဂ္ဂအဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ထားတဲ့နိုင်ငံဖြစ်နေသရွေ့ ကျုပ်တို့ရဲ့ လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဥပဒေက သက်ရောက်မှုရှိတယ်လေ"
"အဲဒီဟွာရှားလူမျိုးက ၂နာနိုမီတာချစ်ပ်ပြားကို ကိုယ်ပိုင်နည်းလမ်းနဲ့ တကယ်ထုတ်လုပ်နိုင်ခဲ့တာပဲ။ ကျွန်တော်တို့ အရင်တုန်းက ဒီလောက်အထိ မွန်းကျပ်ရတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး"
"ဟုတ်တယ်။ ကျုပ်တို့က အခုမှ ၅နာနိုမီတာနည်းပညာကို ထုတ်လုပ်နိုင်တုန်းပဲရှိသေးတာ။ အဲဒီအဆင့်ကို ရောက်ဖို့ဆိုရင် အချိန်အတော်ယူရဦးမယ်။ ဟွာရှားလူမျိုးတွေ ဘယ်လိုများလုပ်နိုင်ခဲ့တာလဲမသိဘူး"
"ဒါကို ကျုပ်တို့စိုးရိမ်စရာမလိုပါဘူး"
အခြားလူတစ်ယောက်က မဲ့ပြုံးပြုံးလျက် ဝင်ပြောလေသည်။
"ဟွာရှားနိုင်ငံ တိုးတက်လာတာကို ဘယ်သူမှမြင်ချင်ကြမှာမဟုတ်ဘူး။ ဒီစာရွက်စာတမ်းကိုလည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရအောင်ယူရမယ်"
"အိုး? ခင်ဗျားရဲ့... ဌာနတွေက စီစဉ်ပြီးသွားပြီလား"
"ဟားဟားဟား ကျုပ်တို့တွေတင်မကဘူး။ ခင်ဗျားတို့လည်း စိတ်လှုပ်ရှားနေကြပြီမဟုတ်လား"
"ထပ်တူပါပဲဗျာ"
"ပြောပြလို့မဖြစ်ဘူး။ ပြောပြလို့မဖြစ်ဘူး"
"ဟားဟားဟား"
"တခြားသူတွေဆိုရင် ဒီလုပ်ငန်းထဲမှာ အမှိုက်တစ်စတောင်ယူဖို့ အိပ်မက်မမက်ရဲဘူး။ ဟွာရှားလူမျိုးကများ ကျုပ်တို့ကို ဈေးနှစ်ဆပိုတောင်းတယ်တဲ့လား။ ဒီစျေးကွက်ကို သူလွှမ်းမိုးနိုင်တယ်လို့များ ထင်နေတာလား"
"ဟားဟားဟား သူက နှစ်ဆပိုတောင်းတာလား? ငါတို့က အဆပေါင်းများစွာ ပိုတောင်းပစ်မှာနော်"
"ပြောသွားတာကောင်းတယ်။ ကျုပ်တို့ အဲဒီအဆပေါင်းများစွာနဲ့ ခံခဲ့ရပြီးပြီ"
"လူကြီးမင်းတို့ စိတ်ချပါ"
ရောဘတ်က ပြောလိုက်သည်။
"ကျုပ်တို့ရဲ့စုံစမ်းစစ်ဆေးမှုရလဒ်တွေ ထွက်လာပါပြီ။ သူ့ကိုလည်း အမြင့်ဆုံးစံချိန်စံညွှန်းအတိုင်း ဒဏ်ကြေးဆောင်ခိုင်းလိုက်ပြီ! ဆက်ပြီးမပြင်ဆင်ရင် ခြောက်လတစ်ခါ ဒဏ်ကြေးဆောင်ရမယ်။ အများဆုံးရှိလှ လပိုင်းအတွင်း သူတို့ ပုံမှန်တင်ပို့မှုလုပ်ငန်းကို စတင်ရလိမ့်မယ်ထင်တယ်"
"တကယ်တော့ ခင်ဗျားတို့ ဟွာရှားလူမျိုးတွေထက် နည်းပညာပိုင်းဆိုင်ရာမှာ ဘယ်လိုသာအောင်လုပ်ရမလဲဆိုတာကို အရင်စဉ်းစားသင့်တာနော်။ ဒီလိုမှမဟုတ်ရင် ဒီအခြေအနေက ကြာကြာခံမှာမဟုတ်ဘူး"
"နေဦး"
မော့ပိုင် ရုတ်တရက်ကြီး တစ်စုံတစ်ခုကို တွေးမိသွားသည်။
"မစ္စတာရောဘတ် လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဥပဒေအရ လက်ဝါးကြီးအုပ်မှုကိုကျူးလွန်တဲ့ ကုမ္ပဏီတစ်ခုက ပေးဆောင်ရမဲ့ အမြင့်ဆုံးဒဏ်ကြေးငွေက ဘယ်လောက်လဲ"
"အမေရိကန်ဒေါ်လာ၃ဘီလီယံလေ"
ရောဘတ်က ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။
"လက်ရှိ သူ့အပြုအမူအရဆိုရင် အမေရိကန်ဒေါ်လာ၅သန်းလောက်နဲ့တင် သတိပေးချက်ထုတ်လို့ရတယ်။ ဒါပေမဲ့ ကျုပ်ရဲ့အာဏာကိုသုံးပြီး အမြင့်ဆုံးစံနှုန်းအထိ မြှင့်ပစ်လိုက်တာ"
"၃ဘီလီယံတည်းလား"
မော့ပိုင်ခမျာ ရုတ်တရက်လန့်ဖျပ်သွားပြီး တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။ ပြီးခဲ့သည့်အခေါက်တုန်းက ကျန်းမုန့်လောင် ဆန္ဒပြပွဲကို လှုံ့ဆော်ခဲ့စဉ် အလုပ်သမားရန်ပုံငွေအသင်းအဖွဲ့ တည်ထောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို အသာလေးထည့်ဝင်ခဲ့ကြောင်း သူမှတ်မိသည်။
ငွေကို ငွေလိုမသတ်မှတ်တတ်သော ကျန်းမုန့်လောင်လို လူတစ်ယောက်အတွက် အပိုဒဏ်ကြေး၃ဘီလီယံဆိုသည်မှာ ထိခိုက်နစ်နာမှု လုံးဝမရှိပေ။
"၃ဘီလီယံတည်း?"
ထိုနေရာရှိ လုပ်ငန်းရှင်များမှာ မော့ပိုင်ကို စိုက်ကြည့်နေကြသည်။ အမေရိကန်ဒေါ်လာ၃ဘီလီယံမှာ နည်းပါးသောပမာဏမဟုတ်ပေ။ သူတို့ကုမ္ပဏီများပင် တစ်နှစ်ကို အမြတ်ငွေ ဤမျှအထိ မရှာနိုင်ချေ။
ဤဒဏ်ကြေးမျိုးသာ သူတို့ကုမ္ပဏီများထဲမှ တစ်ခုခုက ပေးဆောင်ရမည်ဆိုလျှင် ချွတ်ခြုံကျသွားပေလိမ့်မည်။
Qualcomm Electronicsက ကြီးမားသော်လည်း မော့ပိုင်၏လေသံကတော့ ဤမျှအထိ မတင်စီးသင့်ဘူးမဟုတ်လား။ ဟွာရှားလူမျိုးများကဲ့သို့ နှိမ့်ချစွာကြွားဝါခြင်းအတတ်ကို သူ ဘယ်တုန်းကသင်ယူခဲ့လေသလဲ။
"ဒါက အမြင့်ဆုံးဒဏ်ကြေးလား"
မော့ပိုင် ဆက်လက်အတည်ပြုလိုဟန်ဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်တယ်။ ဒီဥပဒေက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံး အသိအမှတ်ပြုပြီး ၁၂ နှစ်ကြာမှ အတည်ပြုနိုင်ခဲ့တာ။ အစတုန်းက ပမာဏများလွန်းလို့ အကြိမ်ကြိမ်ပြင်ဆင်ပြီးမှ ၃ဘီလီယံဆိုတဲ့ပမာဏကို သတ်မှတ်နိုင်ခဲ့တယ်လေ"
"သွားပြီ"
မော့ပိုင်၏မျက်လုံးများ မှောင်ကျသွားချေသည်။
"မစ္စတာမော့ပိုင် ဘာဖြစ်လို့လဲ"
"၃ဘီလီယံဆိုတာအသာထား။ အမေရိကန်ဒေါ်လာ၃၀ဘီလီယံဆိုရင်တောင် သူက မျက်တောင်တစ်ချက်ခတ်မှာမဟုတ်ဘူး။ ဒီလိုဒဏ်ကြေးမျိုးက သူ့အတွက်တော့ ဘာမှမဖြစ်ဘူး"
မော့ပိုင် ပြောလိုက်လေသည်။
"တလောတုန်းက ကျုပ်တို့နိုင်ငံမှာဖြစ်ခဲ့တဲ့ အင်အားကြီးဆန္ဒပြပွဲကြီးအကြောင်း ခင်ဗျားတို့သိကြလား"
"ကျုပ် အဲဒီအကြောင်းကြားဖူးတယ်။ အဲဒီဆန္ဒပြပွဲကို ကျန်းမုန့်လောင်က လှုံ့ဆော်ခဲ့တာတဲ့"
တစ်စုံတစ်ဦးက ခွန်းတုံ့ပြန်လိုက်သည်။
"ခင်ဗျားကတော့ သိချင်မှသိလိမ့်မယ်။ ကျန်းမုန့်လောင်က အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံသုံးပြီး ဒီဆန္ဒပြပွဲကိုထောက်ပံ့ဖို့ ရန်ပုံငွေတစ်ခုတည်ထောင်ခဲ့တယ်"
ဤအကြောင်းဆွေးနွေးရင်း မော့ပိုင်ခမျာ ကြီးလှစွာသော အရှက်ကွဲမှုကြီးကို နောက်ထပ်တစ်ခေါက် ခံစားလိုက်ရပြန်သည်။ အင်ဖယ်လိုက်ကို ဖယ်ရှားလိုက်သောကြောင့်သာ မဟုတ်ပါက ထိုအခြေအနေကလည်း နိုင်ငံ့စီးပွားရေးကိုပါ ဆိုးဆိုးဝါးဝါးသက်ရောက်စေနိုင်သည်။
မကြာသေးခင်ကပင် သူ အင်ဖယ်လိုက်နှင့် ဆက်သွယ်ခဲ့သေးသည်။ ထိုလူ့ခမျာ သူ့အသက်သူ့အရွယ်နှင့် အကြွေးဆပ်ဖို့အတွက် ကိုင်ဘွန်နိုင်ငံမှာ ရုပ်ရှင်ရိုက်နေချေသည်။ တစ်နေ့ကို ရုပ်ရှင်သုံးကားနှုန်းရိုက်ပြီး ဂိုဂျီဘယ်ရီနှင့် ဂျင်ဆင်းကိုစား၍ အသက်ဆက်နေပေသည်။ သို့သော် ထိုဘဝမျိုးကို နောက်ထပ်နှစ်အနည်းငယ်အထိ ဆက်ဖြတ်သန်းရဦးမည်သာ။
"ခွင့်ပြုပါဦး။ ဖုန်းပြောလိုက်ပါဦးမယ်"
ထိုအချိန်တွင် ရောဘတ်၏ဖုန်း ထမြည်လာသည်။
"အင်း ငါပဲ။ ဘာကိစ္စလဲ"
ရောဘတ် မေးလိုက်လေသည်။ ဖုန်းခေါ်ဆိုသူမှာ သူ့လက်ထောက်ပင်။
"ဥက္ကဋ္ဌ.. ကျွန်တော်တို့ရဲ့ ဒဏ်ကြေးကောက်ခံတဲ့အကောင့်ထဲကို ငွေတွေအများကြီးဝင်လာပါတယ်"
"ဒဏ်ကြေးအကောင့်လား? ဒီငွေက ဟွာရှားကလာတာမဟုတ်လား"
ရောဘတ်လည်း ပြန်ပြောလိုက်သည်။ အကယ်၍ ထိုဟွာရှားလူမျိုးက ငွေကိုစိတ်မဝင်စားပါက ဒဏ်ကြေးကိုလည်း လွှဲပြီးလောက်ချေပြီ။
"အမေရိကန်ဒေါ်လာ၃ဘီလီယံဖြစ်ရမှာနော်။ အထက်ကို အစီရင်ခံတင်ပြလိုက်"
"ဟုတ်ပါတယ်။ ဟွာရှားက ရန်ပုံငွေပါ။ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ"
"ဒါပေမဲ့ ပမာဏက အမေရိကန်ဒေါ်လာ၃ဘီလီယံမဟုတ်ပါဘူး။ ဒေါ်လာ၁၀၀ဘီလီယံပါ"
"ဘာ?"
ရောဘတ် ရုတ်တရက်ဆိုသလို မတည်ငြိမ်နိုင်တော့ချေ။
"ဟွာရှားနိုင်ငံက Silicon Moonlightလို့ခေါ်တဲ့ကုမ္ပဏီဆိုတာ သေချာလား"
"ဟုတ်ကဲ့။ သူတို့ပါပဲ။ သူတို့က မှတ်စုတစ်စောင်တောင် ချန်ထားခဲ့တယ်"
"ဘာမှတ်စုလဲ"
"ဒီငွေက နောက်လာမယ့် ၁၀နှစ်စာဒဏ်ကြေးကိုပါ ကြိုပေးထားတာတဲ့။ ကုန်သွားရင်လည်း ထပ်တောင်းဖို့ပြောထားတယ်။ ပြန်လည်ပြင်ဆင်ရေးတောင်းဆိုချက်တွေကိုတော့ လုံးဝလက်မခံဘူးတဲ့"
"ဘန်း!"
ရောဘတ်လည်း စားပွဲကို ခပ်ကြမ်းကြမ်းရိုက်ချလိုက်သည်။
"သူက လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးအေဂျင်စီရဲ့ အခွင့်အာဏာကို စိန်ခေါ်နေတာပဲ"
"မစ္စတာရောဘတ်.. ခင်ဗျား ဘာလို့ ဒီလောက်တောင်ဒေါသထွက်နေတာလဲ"
လုပ်ငန်းရှင်များကလည်း ချက်ချင်းမေးမြန်းကြလေသည်။
"ဒီဟွာရှားလူမျိုးက... သူက အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို တစ်ခါတည်းပေးလာတယ်လေ... ဒါက ၁၀နှစ်စာဒဏ်ကြေးကို ကြိုပေးထားတာဆိုပဲ။ ကုန်သွားရင်လည်း ထပ်တောင်းလို့ရတယ်တဲ့"
"ဘာ? သူက ဒီလောက်တောင် မောက်မာတာလား"
"သူ အရေးယူခံရမှာမကြောက်ဘူးလား"
"သေစမ်း! ကျုပ်တို့ ခုနကပဲပြောခဲ့တယ်မလား? အမြင့်ဆုံးဒဏ်ကြေးငွေက ခြောက်လကို အမေရိကန်ဒေါ်လာ၃ဘီလီယံပဲ။ ဒဏ်ကြေးတိုးမြှင့်ချင်ရင်တောင် လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဥပဒေက ခွင့်မပြုဘူး"
"မစ္စတာရောဘတ် ဒီကိစ္စကိုဖြေရှင်းဖို့ အထူးနည်းလမ်းတစ်ခုခုများ မရှိဘူးလား"
"ဒါက... စည်းမျဉ်းစည်းကမ်းတွေကို ပြောင်းချင်ရင် ခြောက်လကြိုပြီး မူကြမ်းရေးဆွဲရမယ်။ အခေါက်ခေါက်အခါခါအကဲဖြတ်ပြီးတဲ့အဆုံး ချောချောမွေ့မွေ့ပြီးသွားတယ်ဆိုရင်တောင် အနည်းဆုံးတစ်နှစ်ခွဲတော့ကြာမှာပဲ"
"တစ်နှစ်ခွဲလား? သူတို့ချစ်ပ်ပြားနည်းပညာတိုးတက်လာတဲ့အချိန်မှာ ဟွာရှားရဲ့ဆက်သွယ်ရေးနည်းပညာက ဒီတစ်နှစ်ခွဲအတွင်း ထိပ်ဆုံးအထိခုန်တက်သွားမှာပေါ့"
"ဟွာရှားတင်မကဘူး။ သူတို့ချစ်ပ်ပြားတင်သွင်းပေးတဲ့ တခြားနိုင်ငံတွေလည်း အဲဒီအရှိန်ကို လိုက်မီသွားလိမ့်မယ်"
"သူ ဘယ်လိုလုပ်ပြီးဒီလောက်တောင်ချမ်းသာနေတာလဲ"
...
"မစ္စတာမော့ပိုင်.. ခင်ဗျား ဘာလို့မူမမှန်ဖြစ်နေတာလဲ။ နေမကောင်းဘူးလား"
ထိုအချိန်တွင် တစ်စုံတစ်ယောက်က မော့ပိုင်၏လက်များအနည်းငယ်တုန်ယင်နေပြီး မျက်နှာအမူအရာကလည်း အလွန်ပုံပျက်နေသည်ကို ရုတ်တရက်သတိထားလိုက်မိသည်။
"ဒီဟွာရှားလူမျိုးကတော့"
မော့ပိုင်က အံတင်းတင်းကြိတ်ထားရင်း ပြောလိုက်၏။
"သူ ကျုပ်ကို စျေးနှုန်း၃၂ဆတိုးထားတဲ့ စာချုပ်အသစ်တစ်ခုပို့ထားတယ်"
"သေလိုက်ပါတော့။ ကျုပ်တို့လည်းရတယ်။ ကျုပ်တို့ရဲ့စျေးက ရှစ်ဆကနေ ၁၆ဆအထိ တက်သွားတယ်"
"ကျုပ်တို့ရောပဲ..."
"အနည်းဆုံးအော်ဒါအရေအတွက်ကလည်း ချစ်ပ်ပြားဆယ်သန်းဖြစ်ရမယ်တဲ့။ ကျုပ်တို့ရဲ့ကုမ္ပဏီဆယ်ခုကျော်ပေါင်းပြီး ချစ်ပ်ပြားဆယ်သန်းမှာရင်တောင် အနည်းဆုံးတော့ ဒေါ်လာထရီလီယံနဲ့ချီပြီးပေးရမှာ"
"သူက ကျုပ်တို့ကို နေ့ခင်းကြောင်တောင်ကြီးဓားပြလာတိုက်နေတာပဲ"
"ကြည့်ကြဦး။ ကျန်းမုန့်လောင်ဆိုတဲ့ ဟွာရှားလူမျိုးက Twitterနဲ့ Facebookမှာ ပို့စ်တင်ထားတယ်"
"ဘာတဲ့လဲ"
"သူ...သူပြောထားတာက...သူ့ဘက်က ၁၀နှစ်စာဒဏ်ကြေးငွေကို ကြိုပေးထားပြီးပြီမို့ လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဥပဒေကို မပြင်ရသေးသရွေ့ သူ့ကိုလာမနှောင့်ယှက်ကြနဲ့တဲ့..."
**************