မင်းတို့ဘာသာ နည်းလမ်းရှာပြီး သူ့ကိုတောင်းပန်လိုက်ကြ
Vol. 27 Ch. 403
"တကယ်ပဲ သူ့ကိုအရေးယူဖို့ တခြားနည်းလမ်းမရှိတော့ဘူးလား"
မော့ပိုင်က ဖန်ခွက်ကို စားပွဲပေါ် တင်လိုက်သည်။ သူ့ဘဝတစ်လျှောက် အောင်မြင်ခဲ့သော်ငြား ကျန်းမုန့်လောင် သူ့ဘဝထဲသို့ဝင်လာကတည်းက ညဘက် ကောင်းကောင်းအိပ်မပျော်ပေ။
"လောလောဆယ်တော့ တခြားနည်းလမ်းမရှိသေးဘူး"
ရောဘတ်က ခေါင်းခါယမ်းလျက် ပြောလိုက်၏။
"ဒါက လက်ဝါးကြီးအုပ်မှုဥပဒေအောက်က အပြင်းထန်ဆုံးပြစ်ဒဏ်ပဲ။ သူပြောသလို ဒဏ်ငွေတိုးဖို့ဆိုရင် ဥပဒေကို ပြင်ဆင်မှဖြစ်မှာ"
"သေစမ်း!"
မော့ပိုင်လည်း ဒေါသထွက်ပြီး ဖန်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။
...
Silicon Moonlightကို အပြည်ပြည်ဆိုင်ရာလက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးအဖွဲ့အစည်းမှ အရေးယူခဲ့သည့်သတင်းမှာ ပြည်တွင်းနှင့် ဆက်စပ်ကုမ္ပဏီများသာမက နိုင်ငံတကာ၏စိတ်ဝင်စားမှုကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။
အကြောင်းမှာ Silicon Moonlightနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားသူများမှာ ကုမ္ပဏီများအပြင် နိုင်ငံနှင့်ဒေသတော်တော်များများကပါ ရာနှင့်ချီပြီးရှိနေပေသည်။ တချို့ဆိုလျှင် စရန်ငွေအမြောက်အများ အပ်နှံထားပြီးလေပြီ။
အကယ်၍ Silicon Moonlightကုမ္ပဏီသာ ယခုအချိန်တွင် အရေးယူခံရပါက ထုတ်လုပ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပြဿနာများ ကြုံတွေ့ရနိုင်ပြီး သူတို့၏အော်ဒါများကိုလည်း မလွဲမသွေထိခိုက်လာနိုင်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နိုင်ငံအမြောက်အများက သူတို့နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော 2nmချစ်ပ်ပြားများကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ခြင်းနှင့်ပတ်သက်ပြီး အစီအစဉ်အသစ်များ ချမှတ်ထားပြီးဖြစ်၏။ ယခုတစ်သုတ်မှာယူထားသော ချစ်ပ်ပြားများကိုသာ မရရှိပါက ကြိုတင်ပြင်ဆင်ထားသမျှလည်း အဓိပ္ပာယ်ကင်းမဲ့သွားနိုင်ပြီး ကြီးမားလှသော ဆုံးရှုံးမှုများကိုပါ ကြုံတွေ့ရနိုင်သည်။
ထို့ကြောင့် Silicon Moonlight၏ ရှင်သန်ရပ်တည်ရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးက သူတို့နှင့် တိုက်ရိုက်ပတ်သက်နေပေသည်။
Silicon Moonlightကုမ္ပဏီရှိ ဖုန်းများမှာ ထိုကုမ္ပဏီနှင့် နိုင်ငံများ၏ ခေါင်းဆောင်များထံမှ နှစ်ရက်တိတိ ဖုန်းခေါ်ဆိုမှုများကြောင့် ပေါက်ကွဲလုနီးပါးဖြစ်ခဲ့ရသည်။ သူတို့သည် ချစ်ပ်ပြားများ အချိန်မီပေးပို့နိုင်ခြင်းရှိမရှိနှင့် စီစဉ်ထားသည့်အတိုင်း သူတို့နိုင်ငံများတွင် စက်ရုံများတည်ဆောက်နိုင်ခြင်းရှိမရှိတို့ကို ထပ်ခါတလဲလဲအတည်ပြုမေးမြန်းခဲ့ကြသည်။
ထိုအချိန်တွင် ကျန်းမုန့်လောင်က သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပို့စ်တစ်ခုတင်လိုက်သည်။
ထိုပို့စ်မှာ ဒဏ်ကြေးငွေအမေရိကန်ဒေါ်လာ၁၀၀ဘီလီယံကို ပေးပို့ထားသည့် ငွေလွှဲပြောင်းမှုမှတ်တမ်းတစ်ခုဖြစ်ပြီး စာတစ်ကြောင်းလည်း ပါသေးသည်။
"ကျွန်တော်တို့ရဲ့စီးပွားရေးပါတနာအားလုံးပဲ... စိတ်ချလက်ချနေပါ။ အပြည်ပြည်ဆိုင်ရာလက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးအဖွဲ့အစည်းရဲ့ ဒဏ်ကြေးငွေအကောင့်ထဲကို အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံ လွှဲပေးပြီးပါပြီ။ နောက်ထပ်ဆယ်နှစ် ဒါမှမဟုတ် ရှစ်နှစ်စာလောက် ဒဏ်ကြေးငွေဖူလုံအောင်လို့ပါ။ ဒီအရေးယူမှုက Silicon Moonlightကို ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး"
ဤပို့စ်မှာ တိုက်လေယာဉ်တစ်စင်းကဲ့သို့ မိနစ်ပိုင်းအတွင်း လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။
"သူတို့က ဒဏ်ငွေဒေါ်လာ၃ဘီလီယံပဲ ကောက်တာကို မင်းက ၁၀၀ဘီလီယံတောင်လွှဲလိုက်တယ်ပေါ့? အဲဒါကို ဘဏ်များ ထင်နေတာလား"
"ဥက္ကဋ္ဌကျန်းက Trendအစပြုသူတစ်ယောက်ဆိုတာတော့ သိပေမဲ့ သူ့လုပ်ရပ်တွေက ဒီလောက်ဟိတ်ဟန်များရသလား။ ငါတော့ နားမလည်နိုင်တော့ဘူး"
"ဥက္ကဋ္ဌကျန်း ကျွန်တော် မေးရိုးလွဲသွားပြီဗျ။ အခု ဆေးရုံသွားနေရပြီ။ ကျွန်တော့်အတွက် ဆေးကုသစရိတ်လေး စီစဉ်ပေးပါလား"
"ဥက္ကဋ္ဌကျန်း... ခင်ဗျား အပြည်ပြည်ဆိုင်ရာလက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးအဖွဲ့အစည်းကို အခုလိုမျိုးစိန်ခေါ်နေတာ ခင်ဗျားအမေသိရဲ့လား"
"ငါ အခုပဲ လက်ဝါးကြီးအုပ်မှုဥပဒေရဲ့ စည်းမျဉ်းတွေကို သွားကြည့်လာတာ။ လက်ဝါးကြီးအုပ်တဲ့အပြုအမူအတွက် အပြင်းထန်ဆုံးအရေးယူမှုက ကုမ္ပဏီကိုခွဲထုတ်ခိုင်းတာပဲ။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုလုံးက ဟွာရှားနိုင်ငံပိုင်ဆိုတော့ ခွဲထုတ်လိုက်ရင်လည်း ဟွာရှားနိုင်ငံပဲပိုင်နေဦးမှာ။ ဒီတော့ ဥက္ကဋ္ဌကျန်းကပဲ အဓိကစတော့ရှယ်ယာရှင်ဖြစ်နေဦးမှာ။ ဈေးကွက်ကို ဘယ်လိုပဲထိန်းချုပ်နေပါစေ ထိန်းချုပ်လို့ရတယ်။ ဒဏ်ကြေးငွေကလည်း အများဆုံးမှ ၃ဘီလီယံပဲရှိတာ"
"၃ဘီလီယံပဲတဲ့လား? မင်းတို့ဝါရင့်ပရိသတ်တွေက ၃ဘီလီယံကိုတောင် ဂရုမစိုက်တော့တဲ့အထိ သတ္တိရှိနေကြပြီလား"
"အခုအချိန်လောက်ဆိုရင် နိုင်ငံခြားသားတွေ ကြောင်အနေလောက်ကြပြီထင်တယ်"
"ငါ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးဥက္ကဋ္ဌကို အင်တာဗျူးချင်လိုက်တာ။ အခုလက်ရှိ သူ ဘယ်လိုခံစားနေရလဲမသိဘူး"
"ငါက ဥက္ကဋ္ဌပဲ။ အခု ငါ့အဖေ့ကိုခေါ်ထားပြီ..."
...
Silicon Moonlightနှင့် အကျိုးတူပူးပေါင်းထားကြသည့် ကုမ္ပဏီနှင့်နိုင်ငံများမှာ ဤပို့စ်ကိုဖတ်ပြီးနောက် အကြီးအကျယ်စိတ်သက်သာရာရသွားကြသည်။
ဤလုပ်ငန်းပါတနာမှာ စင်စစ်အံ့သြဖွယ်ကောင်းလွန်းလှသည်။ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးအဖွဲ့အစည်းကဲ့သို့သော ကမ္ဘာ့အဖွဲ့အစည်းကြီးတစ်ခုနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သူကို ပထမဆုံးအကြိမ်တွေ့လိုက်ရခြင်းပင်။ အရေးအကြီးဆုံးအချက်မှာ သူတို့ဘက်က Silicon Moonlightကုမ္ပဏီကို ဘာမှမလုပ်နိုင်ချေ။
ဒဏ်ကြေးငွေကို ကြိုပေးထားပြီးဖြစ်သည့်အပြင် ဆယ်နှစ်စာအတွက် တစ်ခါတည်းပေးချေထားခြင်းသာ။ သူတို့ သူများကိစ္စတွင် ဝင်ရောက်စွက်ဖက်ခွင့်မရှိပေ။ သူတို့အနေနှင့် အရေးယူခွင့်ရှိသော်လည်း အင်အားသုံးခွင့်မရှိပေ။ ထိုကဲ့သို့သောအာဏာမျိုးမှာ သက်ဆိုင်ရာနိုင်ငံတွင်သာ ရှိပေသည်။
သူတို့ဘက်က မကျေနပ်သောကြောင့် ဥပဒေကို ပြင်ဆင်မည်ဆိုလျှင်ပင် ပြဋ္ဌာန်းနိုင်ခြေရှိမရှိဆိုသည်ကို အသာထားဦး။ အဆင်ပြေချောမွေ့စွာဖြင့် ပြဋ္ဌာန်းနိုင်မည်ဆိုလျှင်ပင် တစ်နှစ်ခွဲခန့်ကြာသွားနိုင်သည်။ ထိုအချိန်အတွင်းမှာ သူတို့လိုချင်သောချစ်ပ်ပြားများကိုပင် ရထားပြီးလောက်ပြီဖြစ်၏။
သူတို့ဘက်က ဥပဒေအသစ်ရေးဆွဲရန် ဆန္ဒရှိလျှင်ပင် ဤကိစ္စမှာ နိုင်ငံပေါင်းတစ်ရာကျော်၏ အကျိုးစီးပွားနှင့်သက်ဆိုင်နေပေသည်။ သူတို့ဘက်ကတော့ ဆယ်ဂဏန်းမျှသာရှိ၏။ ဤအရေအတွက်ကွာခြားမှုကြောင့်ပင် စိတ်ဓာတ်ကျသွားနိုင်သည်။
ထို့ပြင် ကျန်းမုန့်လောင်ဘက်က ထိုတစ်နှစ်ခွဲအတွင်း ဘာတွေထပ်တီထွင်နိုင်မည်ကို မည်သူမျှမသိနိုင်ပေ။ တစ်နှစ်ခွဲကြာသွားလျှင်ပင် သူတို့အနေနှင့် ဘာမှမလုပ်နိုင်ပေ။ မွန်းကျပ်ဖို့ကောင်းလှသည်။
"ဟွာရှားနိုင်ငံက 6Gနည်းပညာကို စမ်းသပ်အောင်မြင်သွားခဲ့ပြီ! လာမဲ့နှစ်အစောပိုင်းမှာပဲ 6Gနည်းပညာကို စတင်အသုံးပြုဖို့စီစဉ်ထားပါတယ်!"
"ဟွာရှားနိုင်ငံရဲ့ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်နည်းပညာကို ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့ပါတယ်။ 2nmချစ်ပ်ပြားများက AIနည်းပညာကို အရှိန်မြှင့်တင်ပေးနိုင်ခဲ့ပြီး ဟွာရှားနိုင်ငံဟာ ဆဋ္ဌမမျိုးဆက်တိုက်လေယာဉ်ကို အဆင့်မြှင့်တင်နိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်"
"ဟွာရှားနိုင်ငံက လူမဲ့စူးစမ်းရှာဖွေရေးလုပ်ငန်းမှာ စံချိန်သစ်တင်ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ အသင်္ချေပင်လယ်ပိုင်နက်စမ်းသပ်ယာဉ်ဟာ ကမ္ဘာ့အနက်ဆုံးချောက်ကမ်းပါးထဲကို ဆင်းသက်ပြီး စူးစမ်းလေ့လာပါတော့မယ်"
...
ချစ်ပ်ပြားများကို ထုတ်လုပ်ပြီးနောက် ကျန်းမုန့်လောင်သည် နမူနာချစ်ပ်ပြားအချို့ကို ခေါင်းဆောင်ကျိုးထံသို့ ပေးပို့ခဲ့သည်။ ထို့နောက် တစ်ပတ်အတွင်းမှာပင် ဤချစ်ပ်ပြားများကို နယ်ပယ်အသီးသီးတွင် အမြန်ဆုံးတပ်ဆင်အသုံးပြုခဲ့ကြသည်။
အကြံပေးပုဂ္ဂိုလ်ကျန်းမုန့်လောင်၏ လမ်းညွှန်မှုဖြင့် သူတို့သည် တစ်ပတ်အတွင်းမှာပင် နှစ်ပေါင်းများစွာအဟန့်အတားဖြစ်နေခဲ့သော နည်းပညာအခက်အခဲများစွာကို ကျော်လွှားနိုင်ခဲ့ပြီး ကမ္ဘာ့သိပ္ပံဂျာနယ်များတွင် ကြီးစိုးထားခဲ့သည်။
ထိုအချိန်တွင် တစ်ကမ္ဘာလုံး အလန့်တကြားဖြစ်ကုန်ကြလေတော့သည်။
ဟွာရှားနိုင်ငံ၏အခြေခံသိပ္ပံနယ်ပယ်မှာ နောက်ကောက်ကျနေသဖြင့် နည်းပညာအများအပြားကလည်း ဖွံ့ဖြိုးပြီးနိုင်ငံများထက် နောက်ကျနေခဲ့သည်။ သို့သော် ယခုမူ တစ်နိုင်ငံလုံးမှာ အားဆေးသောက်ထားသည့်အလား လျင်မြန်စွာတိုးတက်နေပေသည်။ ဤအဖြစ်ကို မည်သူကများ သည်းခံနိုင်မည်နည်း။
ကြောက်စရာအကောင်းဆုံးအချက်မှာ ကြာချိန်သည် တစ်ပတ်သာရှိ၏။ သူတို့ 2nmချစ်ပ်ပြားများကို ထုတ်လုပ်နိုင်သည်နှင့် ဟွာရှားနိုင်ငံ၏ ဆက်သွယ်ရေးနည်းပညာကလည်း ထာဝရပြိုင်ဘက်ကင်းသွားပေလိမ့်မည်။
သူတို့အနေနှင့် ထိုအချိန်အထိ ဘယ်လိုလုပ်စောင့်နေနိုင်မှာတဲ့လဲ?
"ငါတို့ ဟွာရှားနိုင်ငံကနေ 2nmချစ်ပ်ပြားတွေကို တင်သွင်းမှဖြစ်မယ်"
ထိုညမှာပင် ထိုနိုင်ငံများ၏ အဆင့်မြင့်အရာရှိများက အရေးပေါ်အစည်းအဝေးများ ခေါ်ယူခဲ့ကြသည်။ ဟွာရှားနိုင်ငံ၏တိုးတက်မှုမှာ အလွန်ထိတ်လန့်ဖွယ်ကောင်းလွန်းလှသည်။ သူတို့အတွက် အကြံအစည်ထုတ်ရန် အချိန်ရော စွမ်းအင်ပါ မရလိုက်ပေ။ လက်ရှိအချိန်တွင် အရေးအကြီးဆုံးတာဝန်မှာ ဟွာရှားနိုင်ငံမှ ချစ်ပ်ပြားများဝယ်ယူရန်ပင်။
တစ်ညလုံးအစည်းအဝေးလုပ်ပြီးနောက် သူတို့၏လိုအပ်ချက်ကို အကဲဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် 2nmချစ်ပ်ပြားများကို သန်း၃၀မှ သန်း၁၈၀အထိ လိုအပ်ကြောင်း သိလိုက်ရသည်။
လက်ရှိချစ်ပ်ပြားဈေးနှုန်းကို ကျန်းမုန့်လောင်က နှစ်ဆတိုးထားသောကြောင့် စုစုပေါင်းအားဖြင့် ဒေါ်လာဘီလီယံပေါင်းရာနှင့်ချီ၍ ကုန်ကျနိုင်သည်။
အမေရိကန်ကဲ့သို့ အင်အားကြီးနိုင်ငံတစ်နိုင်ငံအတွက်ပင် ဤငွေပမာဏမှာ တစ်ပြိုင်နက်ထုတ်ယူရန် ခက်ခဲလှသည်။ နောက်ပိုင်းတွင်လည်း သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံဖို့ ဘဏ္ဍာငွေအလုံအလောက်မရှိတော့ပါက ဘာမှအဓိပ္ပါယ်မရှိတော့ပေ။
ထို့ပြင် ချစ်ပ်ပြားပို့ဆောင်မှုကို အရှိန်မြှင့်တင်ရန်လိုအပ်နေပြီး သုတေသနကို ချက်ချင်းစတင်လုပ်ဆောင်ရန် နမူနာချစ်ပ်ပြားအချို့ကို လိုအပ်နေပေသည်။ ချစ်ပ်ပြားများရောက်လာပြီး နည်းပညာလည်း တိုးတက်သွားပါက ထုတ်လုပ်ရေးနှင့် ချဲ့ထွင်ရေးကို ချက်ချင်းစတင်နိုင်ပြီဖြစ်၏။
နောက်တစ်နေ့ညတွင် မော့ပိုင်နှင့် အခြားသူများခမျာ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ ကျန်းမုန့်လောင်ထံမှ မူလဈေးနှုန်းဖြင့် 2nmချစ်ပ်ပြားများကို ဝယ်ယူရမည်ဖြစ်ကြောင်း အမိန့်ပေးခံခဲ့ရသည်။ ၎င်းမှာ နိုင်ငံတော်၏အမိန့်ပင်။
"ဒါပေမဲ့ ကျုပ်တို့တွေက သူနဲ့ ဆက်ဆံရေးပျက်စီးသွားပြီလေ။ ကျန်းမုန့်လောင်က သူ့ချစ်ပ်ပြားတွေကို ကျုပ်တို့ဆီ မူလဈေးနှုန်းအတိုင်း အချိန်မီရောင်းပေးမှာမဟုတ်ဘူး"
မော့ပိုင်၏ ဖုန်းကိုင်ထားသောလက်က တုန်ရီနေသည်။ ဖုန်းတစ်ဖက်ရှိ ပုဂ္ဂိုလ်ကို သူ မဆန့်ကျင်ဝံ့ပေ။
ကနဦးအစီအစဉ်များမှာ တကယ်တော့ နိုင်ငံတော်၏ ဆုံးဖြတ်ချက်များဖြစ်ပြီး ယခုတော့ မော့ပိုင်အား နောက်ဆက်တွဲပြဿနာများ ဖြေရှင်းခိုင်းနေကြသည်။ သူတို့အထက်လူကြီးများက ဦးနှောက်ရောပါကြရဲ့လား?
ကျန်းမုန့်လောင်က Silicon Moonlightကုမ္ပဏီ၏ တံခါးဝတွင် ဒူးထောက်တောင်းပန်မှသာ ရောင်းပေးမည်ဟုဆိုထားသည်။ Qualcomm Electronic၏ဥက္ကဋ္ဌဖြစ်သော သူက ဤအဆင့်အထိ နှိမ့်ချရမည်တဲ့လား။
"အဲဒါတွေ ငါမသိချင်ဘူး"
ဖုန်းတစ်ဖက်ရှိ လူကလည်း ပြတ်သားလှသောလေသံဖြင့်ပြောလာသည်။
"မင်း သူ့ကို ဘယ်လိုပဲတောင်းပန်ပါစေ လဝက်အတွင်း ငါ စာချုပ်ကိုမြင်ချင်တယ်။ အဲဒီလိုမှမဟုတ်ရင် မင်း အင်ဖယ်လိုက်ထက် ပိုဆိုးတဲ့ဘဝကိုရောက်ရလိမ့်မယ်နော်"
"ကလစ်"
မော့ပိုင်ခမျာ ရုံးခန်းထဲရှိ သူ့ထိုင်ခုံပေါ်သို့ ပုံခနဲလဲကျသွားလေသည်။
"သွားပြီ..."
****************