ဒူးထောက်ချင်တဲ့ပစ္စည်းတစ်ခုကို ကိုယ့်ဘာသာရွေးလိုက်
Vol. 27 Ch. 404
ဤအမိန့်ကို မော့ပိုင်တစ်ယောက်တည်း လက်ခံရရှိခြင်းမဟုတ်ပေ။ နိုင်ငံအသီးသီးမှ ထိပ်တန်းတစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများလည်း သေစေနိုင်လောက်သည့် ဤအမိန့်ကို လက်ခံရရှိခဲ့ကြသည်။
ပထမအသုတ် လက်မှတ်ရေးထိုးပြီးစီးသူများမှာ ၂နာနိုမီတာချစ်ပ်ပြားနမူနာများကို ရရှိထားပြီး သုတေသနလုပ်ငန်းများပင် စတင်နေပြီဖြစ်၏။ ဤအရှိန်အတိုင်းသာဆိုလျှင် ဟွာရှားတစ်နိုင်ငံတည်းကသာ သူတို့ကို ကျော်တက်သွားမည်မဟုတ်ပေ။
မော့ပိုင်ခမျာ ရက်ပေါင်းများစွာ ဒွိဟဖြစ်နေခဲ့ရသည်။ Silicon Moonlightကုမ္ပဏီရှေ့တွင် ဒူးထောက်ကာ ဟွာရှားနိုင်ငံသားတစ်ယောက်ကို တောင်းပန်ခယရမည့်အဖြစ်မှာ အသတ်ခံရတာထက်ပင် ပိုရှက်ဖို့ကောင်းသည်။
သို့သော် သူသာ ထိုသို့မလုပ်ပါက သူ့ကံကြမ္မာလည်း အမှန်စင်စစ် ဆိုးဝါးသွားပေလိမ့်မည်။
သို့သော် မော့ပိုင်က စောင့်နိုင်သော်လည်း သူ့အထက်လူကြီးများကတော့ မစောင့်နိုင်ကြတော့ပေ။ သူ့အနားတွင် ဝရုန်းသုန်းကားအဖြစ်အပျက်များ ဖြစ်ပွားလာသည်။ သူ့ဇနီးနှင့်သမီးဖြစ်သူ ပြန်ပေးဆွဲခံရသည်။ သူ့အိမ်က ထူးဆန်းစွာမီးလောင်သည်။ သူ့ကားပေါ်တွင်လည်း ဘာသာစကားမျိုးစုံဖြင့် ခြိမ်းခြောက်ထားသည့်စာသားများ ဖုံးလွှမ်းသွားခဲ့သည်။
အဆုံးမှာတော့ သူ့အထက်လူကြီးများက သူ့ဘက်က မလှုပ်ရှားသည့်အတွက် သတိပေးခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူ့သဘောထားကို မပြောင်းလဲပါက သူ့အနားရှိလူများ ထိခိုက်နိုင်ခြေအလွန်များသည်။
တစ်ပတ်ကြာ ဒုက္ခခံရပြီးနောက် အဆုံးမှာတော့ သူလည်း စိတ်ပိုင်းဆိုင်ရာပြိုလဲရလေတော့သည်။
...
"မစ္စတာကျန်း... မစ္စတာမော့ပိုင်က ဖုန်းဆက်တယ်ဗျ။ သူ... သူက အခု ခင်ဗျား 'အိမ်သာတက်နေတာလား'လို့မေးနေတယ်။ စကားပြောဖို့အဆင်ပြေရဲ့လားတဲ့"
ရှုဟွမ်ခမျာ နေရခက်ဟန်ဖြင့် ပြောလိုက်လေသည်။
"ဘာ? ဟားဟားဟား"
ကျန်းမုန့်လောင်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။
"သူ့မှာလည်း ဒီလိုဒူးထောက်ရတဲ့နေ့မျိုး ရှိသေးတယ်တဲ့လား? နောက်ဆုံးတစ်ခေါက် ဖုန်းချသွားတုန်းကတော့ ဟိတ်တစ်လုံးဟန်တစ်လုံးထုတ်ပြသွားတာမဟုတ်ဘူးလား"
"မစ္စတာကျန်း..ဒါကိုတော့ ကျွန်မဖြေပေးနိုင်ပါတယ်"
ဟုန်းရီက သူ့ဘေးမှ တခစ်ခစ်ရယ်လျက် ပြောလာလေသည်။
"မစ္စတာမော့ပိုင်က ဒီတစ်ပတ်အတွင်း တော်တော်ဒုက္ခရောက်ခဲ့တာ။ သူ့မှာ အချိန်တစ်ပတ်ပဲကျန်တော့တယ်လေ။ ဒီအတောအတွင်း ကျွန်မတို့Silicon Moonlightနဲ့ စာချုပ်မချုပ်နိုင်ရင် သူ့မိသားစုတွေ ဒုက္ခရောက်ရတော့မှာ"
"အဲဒီလောက်တောင်ဆိုးတာလား"
ကျန်းမုန့်လောင်လည်း ရုတ်တရက်ပင် မော့ပိုင်အပေါ် သနားစိတ်ဝင်မိသော်လည်း ဤစိတ်ခံစားချက်ကို ရုတ်တရက်ပြန်ရုပ်သိမ်းပစ်လိုက်သည်။
အရင်က ဟိတ်တစ်လုံးဟန်တစ်လုံးထုတ်နေခဲ့တုန်းကရော ဒီလိုနေ့မျိုး ရောက်လာမဲ့အကြောင်း မစဉ်းစားခဲ့ဖူးဘူးလား။
အမှန်တကယ်တွင် ကျန်းမုန့်လောင်လည်း မော့ပိုင်က အဓိကလက်သည်တရားခံမဟုတ်ကြောင်း သိသော်ငြား သူ့အထက်လူကြီးများကို တန်ပြန်တိုက်ခိုက်ရန် အကြောင်းပြချက်ကောင်းကောင်း သို့မဟုတ် နည်းလမ်းကောင်းကို ရှာမတွေ့သေးပေ။ သို့သော် သင်ခန်းစာပေးရန် တစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်ရမည်ဖြစ်၏။
"ငါ့ကို ဖုန်းပေး"
ကျန်းမုန့်လောင်က ရှုဟွမ်ထံမှ ဖုန်းကို လှမ်းယူလိုက်သည်။
"ဂွတ်မောနင်း မစ္စတာမော့ပိုင်.. ခင်ဗျား မနက်စာစားပြီးပြီလား"
"မစ္စတာကျန်း..စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်စားပြီးပါပြီ"
မော့ပိုင်က အတင်းလုပ်ယူပြီး ရယ်မောလိုက်သည်။
"မစ္စတာကျန်း... အခုရက်ပိုင်း အားလပ်ရဲ့လားလို့ မေးချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဟွာရှားကိုလာပြီး ခင်ဗျားနဲ့ စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ"
"သြော် ချစ်ပ်ပြားကိစ္စမလား? ကျုပ် ခင်ဗျားကို စျေးနှုန်းနဲ့ စာချုပ်ပို့ထားပြီးသားမဟုတ်လား? ဝယ်ချင်တယ်ဆိုရင် အော်ဒါတင်ချင်တဲ့ပမာဏကိုထည့်ပြီး လက်မှတ်ထိုးလိုက်ရုံပဲလေ"
မော့ပိုင် စိတ်ထဲမှ ခပ်ကျိတ်ကျိတ်ဆဲရေးလိုက်မိသည်။
ဒါက လူတွေသတ်မှတ်တဲ့ စျေးနှုန်းတဲ့လား? ငရဲပြည်က တစ္ဆေတွေတောင် ဒီနှုန်းထားကို မတတ်နိုင်ဘူးကွ!
"မစ္စတာကျန်း.. ကျုပ်က စိတ်ရင်းအမှန်နဲ့ ရောက်လာတာပါ။ ခင်ဗျားရဲ့စျေးနှုန်းက နည်းနည်းမြင့်လွန်းတယ်။ အရင်က ကျုပ်တို့ကြားမှာ နားလည်မှုလွဲခဲ့ကြတယ်ထင်တယ်။ ဒီတစ်ခါတော့ ကောင်းကောင်းဆွေးနွေးပြီး ကျုပ်တို့ကြားက နားလည်မှုလွဲနေတာတွေကို ဖြေရှင်းနိုင်ဖို့မျှော်လင့်မိပါတယ်"
"ရတာပေါ့"
ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။
"မနက်ဖြန်မနက်ကျရင် ကျုပ် Silicon Moonlightမှာ စောင့်နေမယ်။ ခင်ဗျား ဘယ်လောက်စိတ်ရင်းစစ်မှန်မလဲဆိုတာ ကြည့်ချင်သေးတယ်"
...
"မစ္စတာကျန်း... သူနဲ့ တကယ်တွေ့ဖို့ စီစဉ်ထားတာလား"
ကျန်းမုန့်လောင်အကြောင်း ရှုဟွမ်သိထားသလောက်ဆိုလျှင် သူသည် မော့ပိုင်နှင့်တွေ့ဖို့ လွယ်လွယ်လေးနှင့် သဘောတူမည်မဟုတ်ချေ။
"ဟားဟားဟား.. ငါက ပြောရဆိုရလွယ်တဲ့လူလို့ ထင်နေတာလား"
ကျန်းမုန့်လောင် ရယ်မောနေလေသည်။
"ငါပြောခဲ့သလိုပဲ။ သူတို့ဘက်က ငါတို့ချစ်ပ်ပြားတွေကို ဝယ်ချင်ရင် များလွန်းတဲ့ ဒီဈေးနှုန်းကိုလက်ခံရင်လက်ခံ ဒါမှမဟုတ် Silicon Moonlightကုမ္ပဏီရှေ့မှာ ငါ စိတ်ကျေနပ်တဲ့အထိ ဒူးထောက်တောင်းပန်လို့လည်းရတယ်"
"စကားမစပ် မစ္စတာကျန်း... ကိုင်ဘွန်နိုင်ငံက ရွှင်းကွမ်နည်းပညာနဲ့ ချင်းချိုးနိုင်ငံက Galaxy Technologyအပါအဝင် တခြားကုမ္ပဏီတွေရဲ့ ခေါင်းဆောင်တွေက ဖုန်းလှမ်းဆက်ပြီး ခင်ဗျားနဲ့ လေးလေးနက်နက်စကားပြောချင်တယ်လို့ပြောပါတယ်"
"ကောင်းပြီ။ သူတို့တွေအကုန်လုံးကို မနက်ဖြန်မနက်လာခိုင်းလိုက်"
ကျန်းမုန့်လောင် ထိုသို့အကြံပြုလိုက်သည်။
"ကောင်းပါပြီ။ ကျွန်တော်စီစဉ်လိုက်ပါ့မယ်"
"နေဦး!"
ကျန်းမုန့်လောင်က ရှုဟွမ်ကို တားလိုက်၏။
"ဧည့်သည်တွေလာမှာဆိုတော့ ဧည့်ခံဖို့ ပစ္စည်းတွေပြင်ဆင်ထားရမှာပေါ့"
"ခင်ဗျားပြောချင်တဲ့အဓိပ္ပာယ်က..."
"ဒူးရင်းသီးထရပ်ကားတစ်စီးစာ သွားဝယ်ချေ။ အသီးတွေကို ညနေပိုင်းလက်ဖက်ရည်သောက်ချိန်မှာ ဝန်ထမ်းတွေအတွက် ဝေပေးလိုက်။ ဒါပေမဲ့ ဒူးရင်းသီးအခွံတွေကိုတော့ချန်ထား"
"မစ္စတာကျန်း.. ကျွန်တော် နားမလည်ဘူး။ ဒါက ဒူးရင်းသီးနဲ့ ဘာဆိုင်လို့လဲ"
ရှုဟွမ်ခမျာ နားမလည်နိုင်ဖြစ်နေပေသည်။
သူတို့ကို ကောင်းကောင်းဧည့်ခံရမှာမဟုတ်ဘူးလား။ အသီးရဲ့အတွင်းသားတွေကို မပေးရဘူးလား။ ပြီးတော့ လူတိုင်းက ဒီအသီးကို ကြိုက်ကြတာမဟုတ်ဘူးလေ။ ဒီနည်းနဲ့ သူတို့ရဲ့စိတ်ရင်းအမှန်ကို စမ်းသပ်မလို့လား? ဟုတ်ပုံတော့မရဘူး?
"ရှုဟွမ်.. မင်း ငါနဲ့နေလာတာပဲ ကြာလှနေပြီ။ အခြေခံလေးတောင် မသိသေးဘူးလား။ အဲဒီလူတွေက ငါတို့ဆီက အကူအညီတောင်းဖို့ အဝေးကြီးကနေ ရောက်လာကြမှာလေ။ သူတို့ကို ဘိလပ်မြေကြမ်းပြင်ပေါ်မှာ ဒူးထောက်ခိုင်းလို့ ဘယ်ဖြစ်မလဲ"
ရှုဟွမ် : "???"
ဘော့စ်ရေ.. ခင်ဗျားအမေက ခင်ဗျား ဘယ်လောက်ကြမ်းတယ်ဆိုတာရော သိရဲ့လား? ဒီလူတွေက ဒီလောက်အဝေးကြီးကနေ ခင်ဗျားကို အကူအညီတောင်းဖို့ ရောက်လာကြတာလေ။ သူတို့ကို ဘိလပ်မြေကြမ်းပြင်ပေါ်မှာ ဒူးထောက်ခိုင်းရမှာတော့ သိပ်မကောင်းဘူးဆိုပြီး ဒူးရင်းသီးပေါ်မှာ ဒူးထောက်ခိုင်းရင်တော့ အဆင်ပြေတယ်တဲ့လား?
...
နောက်တစ်နေ့မနက်စောစောတွင် မော့ပိုင်က သူ့ကိုယ်ပိုင်လေယာဉ်ဖြင့် ပေါင်ထောင်ပြည်နယ်သို့သွားပြီးနောက် Silicon Moonlightကုမ္ပဏီသို့ ဦးတည်သွားလိုက်၏။
Silicon Moonlightအတွက်တော့ သာမန်နေ့တစ်နေ့ဖြစ်သော်လည်း ကုမ္ပဏီဘက်က အရေးကြီးဧည့်သည်များစွာကို ကြိုဆိုခဲ့ကြရသည်။ သူတို့အားလုံးက တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းနယ်ပယ်တွင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များဖြစ်ကြပြီး ဤနယ်ပယ်ထဲတွင် ဩဇာလွှမ်းမိုးမှုရှိကြသည်။
ယနေ့ သူတစ်ယောက်တည်း ရောက်လာခြင်းမဟုတ်ကြောင်း မော့ပိုင် ရုတ်တရက်သတိထားမိလိုက်၏။ ရောဘတ်နှင့်အတူ ညစာစားခဲ့ကြသည့် အသိအကျွမ်းများစွာလည်း ရောက်လာပေသည်။
"မစ္စတာဆက်ကရိုနီ မစ္စတာလီရှန်းယွင် မစ္စတာကုရှုန်း ခင်ဗျားတို့တွေ..."
သူတို့၏မျက်လုံးထဲရှိ မျှော်လင့်ချက်ကင်းမဲ့မှုများကို မော့ပိုင်မြင်လိုက်ရသည်။
"ဧကန္တ ခင်ဗျားတို့လည်း..."
"အာ"
ထိုလုပ်ငန်းရှင်များအားလုံးလည်း သက်ပြင်းတချချလုပ်၍ အင်တင်တင်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူတို့ ယနေ့လာရောက်ရသည့် ရည်ရွယ်ချက်မှာ မော့ပိုင်နှင့် အတူတူပင်။ လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက မော့ပိုင်ကြုံတွေ့ခဲ့ရသလို သူတို့လည်း ကြုံတွေ့ခဲ့ရသဖြင့် အချင်းချင်း အနည်းနှင့်အများ စာနာမိကြသည်။
"အားလုံး ရောက်ကြပြီလား"
ထိုအချိန်တွင် ရှုဟွမ်က ကုမ္ပဏီထဲမှထွက်လာပြီး အဝင်ဝတွင် ကိုယ်တိုင်ကိုယ်ကျကြိုဆိုလေသည်။
"ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က ရှုဟွမ်ပါ။ မစ္စတာကျန်းမုန့်လောင်ရဲ့လက်ထောက်ပေါ့။ ကျွန်တော့်ကို ရှောင်ရှုလို့ ခေါ်လို့ရပါတယ်"
ဘာသာစကားအမြောက်အများကို ကျွမ်းကျင်သော ရှုဟွမ်က သူတို့နှင့်ဆက်သွယ်ပြောဆိုရန် အခက်အခဲမရှိပေ။
"မစ္စတာရှု.. မစ္စတာကျန်းက ဘယ်မှာလဲ။ ဘယ်အချိန်လောက်ကျမှ ကျုပ်တို့နဲ့တွေ့နိုင်မှာလဲ။ ကျုပ်တို့တွေ တော်တော်စိတ်ဖိစီးနေပြီ"
မော့ပိုင်က စိတ်မရှည်လက်မရှည်ဖြင့် ဆိုလာလေသည်။
"မစ္စတာကျန်းက အခုအိမ်သာတက်နေပါတယ်။ ခင်ဗျားတို့ကို ခဏစောင့်ပေးပါတဲ့။ ဒီကြားထဲမှာ ဒီနေ့အတွက် ခင်ဗျားတို့ရဲ့စိတ်ရင်းအမှန်ကို ကြည့်ချင်တယ်တဲ့"
"တစ်ခါလာလည်း အိမ်သာတက်တာနဲ့ စိတ်ရင်းအမှန်ကိုပြဖို့ချည်းပဲ"
မော့ပိုင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ ရုတ်ခြည်း ကြည့်ရဆိုးသွားပေသည်။ သူတို့၏နှလုံးသားထဲတွင်မူ မကောင်းသော အတိတ်နိမိတ်တစ်ခု ပေါ်လာသည်။
"ကျုပ်တို့အားလုံးက စိတ်ရင်းအမှန်နဲ့လာကြတာပါ။ မစ္စတာကျန်းအနေနဲ့ အဲဒါကိုမြင်စေချင်ပါတယ်"
ချွမ်းကျီနည်းပညာကုမ္ပဏီပိုင်ရှင် မစ္စတာဆက်ကရိုနီက ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့စိတ်ရင်းအမှန်ကို ကျွန်တော်တို့ ယုံကြည်ချင်ပါတယ်။ အဲဒါကြောင့် ဒီပစ္စည်းတွေကို ပြင်ဆင်ထားတာပါ"
ရှုဟွမ်က ကုမ္ပဏီ၏အဓိကဝင်ပေါက်နားရှိ ကြမ်းခင်းကွက်တစ်ခုကို ညွှန်ပြလေသည်။ ထိုနေရာတွင် ပစ္စည်းအမျိုးမျိုးကို ခင်းထားသည်။
ဒူးရင်းသီးခွံများ၊ ဖန်ကွဲစများ၊ အသင့်စားခေါက်ဆွဲခြောက်များ၊ ကီးဘုတ်၊ အဝတ်ဖွပ်သစ်သားခုံ..
"မစ္စတာကျန်းက အိမ်သာတက်ပြီးတာနဲ့ ခင်ဗျားတို့နဲ့ လာတွေ့ပါလိမ့်မယ်။ အဲဒီမတိုင်ခင်အထိ ခင်ဗျားတို့ ဒီနေရာမှာ ဒူးထောက်ရင်းစောင့်နေပေးစေချင်ပါတယ်။ ဘယ်ပေါ်ကို ဒူးထောက်ရမယ်ဆိုတာကိုတော့ ခင်ဗျားတို့ကိုယ်တိုင်ရွေးချယ်လို့ရတယ်"
"ကျန်းမုန့်လောင်.. မင်းလွန်နေပြီနော်"
လုပ်ငန်းရှင်များက ချက်ချင်းပင် ပေါက်ကွဲကြလေတော့သည်။
"ငါတို့ ဒီမှာသေရရင်တောင် မင်းရှေ့မှာ ဒူးမထောက်ဘူး"
"ရတာပေါ့။ မစ္စတာကျန်းကလည်း ခင်ဗျားတို့ကို ကျွန်တော်တို့နဲ့အတူ စီးပွားရေးလုပ်ဖို့ မတောင်းဆိုထားပါဘူး။ မစ္စတာကျန်းကိုမစောင့်ချင်ရင် ထွက်သွားနိုင်ပါတယ်။ ခင်ဗျားတို့ရဲ့လေယာဉ်လက်မှတ်တွေကိုလည်း ပြန်အမ်းပေးပါ့မယ်"
ရှုဟွမ်က ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ တာဝန်မပြီးမြောက်ရင် ဘာဆက်ဖြစ်မယ်ဆိုတာတော့ ကျွန်တော်တို့မသိဘူးနော်"
"မင်း..."
မကြာသေးခင်က ကြုံတွေ့ခဲ့ရသော အိပ်မက်ဆိုးကို သတိရမိသောအခါ သူတို့၏ဆုံးဖြတ်ချက်များလည်း ချက်ချင်းပြိုလဲသွားရသည်။
"မော့ပိုင်... ဘာလို့ ဒီလောက်မြန်မြန်ကြီးပြေးသွားတာလဲ"
"အရေးမပါတာ။ ဒူးထောက်ရမယ်ဆိုရင်လည်း သက်သောင့်သက်သာအဖြစ်ဆုံးကို ရှာရမယ်လေ"
"ခင်ဗျားပဲ ခုနတုန်းက ဒီမှာသေရရင်တောင် ဒူးမထောက်ဘူးလို့ ပြောခဲ့တာမဟုတ်ဘူးလား"
"ကျုပ်က အလကားလျှောက်ပြောနေတာ"
"ဆက်ကရိုနီ ခင်ဗျား.."
"ခင်ဗျားတို့က ဘာတွေငေးငိုင်နေတာလဲ။ ဖန်ကွဲစပေါ်မှာ တကယ်ကြီး ဒူးထောက်ချင်လို့လား? ဒီအဝတ်ဖွပ်သစ်သားခုံကတော့ သိပ်မဆိုးဘူး"
"သေစမ်း! ငါ့ဒူးရင်းသီးခွံကို ခိုးရဲတယ်ပေါ့လေ"
"ဒါက ဘာလဲ? ဒါ..."
"ဒါတွေက မစ္စတာကျန်း သီးသန့်လုပ်ထားတဲ့ဒူးစွပ်တွေလေ။ ညီနေပုံရပေမဲ့ တကယ်တော့ စိန်ရိုင်းတုံးတွေနဲ့စီခြယ်ထားတာ"
"မစ္စတာကုရှုန်း ဒီခေါက်ဆွဲခြောက်တွေ မကြေမွစေနဲ့နော်။ ကြေသွားရင် မစ္စတာကျန်းက ခင်ဗျားနဲ့တွေ့မှာမဟုတ်ဘူး"
*************