← Chapters

ဒါတွေက လှည့်ကွက်တွေပဲ

Vol. 27 Ch. 405

ဒါတွေက လှည့်ကွက်တွေပဲ

Vol. 27 Ch. 405

"ဟိုဘက်ကို ကြည့်လိုက်စမ်း။ လူတွေအများကြီး ဘာလို့ ဒူးထောက်နေကြတာလဲ"

"ဟမ်... ဒါတွေက မနေ့က ငါတို့စားလို့ကျန်ခဲ့တဲ့ ဒူးရင်းသီးခွံတွေ မဟုတ်လား? ကြည့်ရတာနဲ့တင် ဒူးတွေနာလာပြီ"

"ဟားဟားဟား... ပြီးတော့ လူတစ်ယောက်က ဘာလို့ အဝတ်ဖွပ်သစ်သားခုံပေါ်မှာ ဒူးထောက်နေရတာလဲ"

"တစ်ယောက်ကဆိုရင် ခေါက်ဆွဲခြောက်ပေါ်မှာတောင် ဒူးထောက်နေတာနော်။ ဒီလူတွေက သူတို့မိန်းမတွေကို စိတ်ဆိုးအောင်လုပ်ထားလို့ ဒူးထောက်ပြီးအပြစ်ခံယူနေရတာလား။ ဒါက နားရွက်ဆွဲပြီး ထိုင်ထလုပ်ရတဲ့အရွယ်လား"

ဤသည်မှာ ကုမ္ပဏီထဲတွင် အလုပ်အများဆုံးအချိန်ပင်။ ဝန်ထမ်းများက ရုံးအဆောက်အအုံနှင့် စက်ရုံအကြား ကူးသန်းနေကြရသည်။ သူတို့က အမြင်သာဆုံးနေရာ၌ ဒူးထောက်နေကြပြီး လူအများရှေ့၌ ရှက်စရာကောင်းသောမြင်ကွင်းတစ်ခုကို ဖန်တီးနေကြသည်။

"ဒီလူ့ကိုကြည့်ရတာ တော်တော်ရင်းနှီးနေသလိုပဲ။ သူ့ကို ဘယ်မှာတွေ့ဖူးတာပါလိမ့်"

"အမယ်လေး... ဒါ Qualcomm Electronicsရဲ့ဥက္ကဋ္ဌမဟုတ်လား။ မနှစ်တုန်းက သူ ငါတို့နဲ့ ပူးပေါင်းမှုကိုရုပ်သိမ်းပြီး ချစ်ပ်ပြားတင်သွင်းမှု ပိတ်ဆို့ဖို့အတွက် ရောက်လာတုန်းက တွေ့ဖူးတယ်။ အဲဒီတုန်းကတော့ သူက တော်တော်မောက်မာနေခဲ့တာ"

"ဒီတစ်ယောက်ကို ငါသိတယ်.. Galaxy Technologyရဲ့ ဥက္ကဋ္ဌလေ။ ဒီလူတွေက တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းစုတွေရဲ့ သူဌေးတွေထင်တယ်"

"ဟားဟားဟား... ငါ ဒီလိုကြားထားတယ်။ ငါတို့ဘော့စ်ကျန်းက ရူးလောက်တဲ့အကွက်တစ်ကွက်ရွှေ့ထားတယ်တဲ့။ အရင်တုန်းက ဒီလူတွေက ငါတို့နိုင်ငံကို ချစ်ပ်ပြားတင်သွင်းမှု ပိတ်ဆို့ခဲ့တာလေ။ အခု ငါတို့ကုမ္ပဏီက 2nmချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်ပြီဆိုတော့ သူတို့ကိုရောင်းမဲ့ချစ်ပ်ပြားတွေကို တခြားနိုင်ငံတွေထက် အဆပေါင်းများစွာ ဈေးပိုမြှင့်ပစ်လိုက်တယ်တဲ့"

"ကံကြမ္မာက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားတာပဲ။ လပိုင်းလောက်ပဲ ရှိသေးတယ်။ သူတို့တွေကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုးကို ရောက်လာလိမ့်မယ်လို့ ထင်ထားမှာမဟုတ်ဘူး"

ဝန်ထမ်းများက ဤမြင်ကွင်းကိုမြင်သောအခါ ဖုန်းထုတ်၍ ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ထားကြသည်။

မနှစ်တုန်းက ကုမ္ပဏီကို အတင်းအကျပ်ပိတ်သိမ်းခိုင်းခဲ့တုန်းက သူတို့စိတ်ပျက်ခဲ့ရသည်။ ကုမ္ပဏီကို ကျန်းမုန့်လောင် လက်လွှဲမယူခင်တုန်းက ဝန်ထမ်းအများအပြား ထုတ်ပယ်ခံခဲ့ရပြီး လစာနှင့် အကျိုးခံစားခွင့်များလည်း လျှော့ချခံခဲ့ရသည်။ ဤအမှုဆောင်များကြောင့်ပင်။ ယခု သူတို့၏ကျရှုံးခန်းကို မြင်ရသည်မှာ အလွန်စိတ်ကျေနပ်ဖွယ်ကောင်းသည်။

ထိုအချိန်တွင် မော့ပိုင်နှင့် အခြားသူများမှာတော့ တွင်းတစ်တွင်းထဲသို့ ဝင်ပုန်းချင်စိတ်ပေါက်သွားသည်။ ဤသည်မှာ လူအများရှေ့တွင် အရှက်ခွဲခံရခြင်းပင်။ သူတို့အတွက်တော့ မကြုံစဖူးကြုံရသော အရှက်ကွဲမှုကြီးဖြစ်၏။

"ဆယ်မိနစ်တောင်ရှိပြီ။ ကျန်းမုန့်လောင်က ဘာလို့ ထွက်မလာသေးတာလဲ"

"သူက အိမ်သာတက်နေတာမဟုတ်ဘူးလား။ ဝမ်းချုပ်နေတာလားဟ"

"ပါးစပ်ပုတ်ကြီးနဲ့လျှောက်မပြောနဲ့။ သူဝမ်းချုပ်နေရင် ငါတို့က ဘယ်လောက်ကြာကြာ ဒူးထောက်နေရမှာလဲ"

စိန်ပွင့်များပေါ်တွင် ဒူးထောက်နေရသော ကံမကောင်းရှာသူမှာ မျက်နှာထက်တွင် နာကျင်နေသောအရိပ်အယောင်များ ထင်ဟပ်နေပေသည်။ သူ့ဒူးမှာ သွေးထွက်သံယိုမဖြစ်သော်လည်း စိန်ပွင့်သေးသေးလေးများက အရေပြားကို ထိုးဖောက်နေပြီဖြစ်ရာ ဒူးခေါင်းများက ရဲရဲနီနေချေသည်။

"ညီအစ်ကိုရေ... နေရာလဲလို့ရမလား။ စိန်တွေပေါ်မှာ ဒူးထောက်ရတာ ဒူးတွေပြုတ်ထွက်တော့မယ်"

"လစ်စမ်း။ ငါက အဝတ်ဖွပ်သစ်သားခုံပေါ်မှာ ဒူးထောက်ရတာ အရမ်းဇိမ်ကျနေတာကို။ မင်းနဲ့လဲပေးရအောင် ရူးနေလို့လား။ ဘယ်သူ့ကို ညီအစ်ကိုလို့ လာခေါ်နေတာလဲ"

"အရင်တုန်းကတော့ မင်းတို့တွေ ဘယ်လိုပြောကြတာလိမ့်။ ရန်သူရဲ့ရန်သူက မိတ်ဆွေတဲ့။ ငါတို့ရဲ့ဘုံရန်သူက ကျန်းမုန့်လောင်ဖြစ်တဲ့အတွက် ငါတို့ တစ်ယောက်ကိုတစ်ယောက် ကူညီဖို့လိုတယ်ဆို"

"ဒါက မတူဘူးလေ"

...

"ဟားဟားဟား... ရယ်သေတော့မှာပဲ။ လူက နှစ်ခြမ်းတောင် ကွဲတော့မယ်။ ဒီလူတွေ အရမ်းရယ်ရတာပဲ"

"ငါပြောရင် မင်းတို့ယုံမှာမဟုတ်ဘူး။ ဒီနေရာမှာ ဘီလီယံပေါင်းများစွာပိုင်တဲ့ ဘီလီယံနာသူဌေးကြီးတွေ အဝတ်ဖွပ်သစ်သားခုံကို လုနေကြတယ်ဟေ့!"

"ဒါက တကယ့်ကို ခွေးအချင်းချင်းကိုက်တဲ့အခြေအနေမျိုးပဲ ဟားဟားဟား"

"ဘော့စ်ကျန်း... ခင်ဗျားက အရမ်းဉာဏ်များတာပဲ။ တိုက်ရိုက်ထုတ်လွှင့်မှုတောင် စီစဉ်ထားလိုက်သေးတယ်။ မရတော့ဘူး။ ကျွန်တော် ခင်ဗျားကိုကို လေယာဉ်ပျံ(လက်ဆောင်)တစ်ခု ပေးတော့မယ်"

"ရပ်လိုက်စမ်း... ဘော့စ်ကျန်းကို လေယာဉ်ပျံတစ်ခုပေးမယ်တဲ့လား? သတိထားနေနော်။ ဘော့စ်ကျန်းက မင်းဆီကို လေယာဉ်ပျံတစ်စီး ပြန်လွှတ်လိုက်လိမ့်မယ်။ သူလွှတ်ရင်တော့ တကယ်ပျံလို့ရတဲ့ လေယာဉ်ပျံကြီးရောက်ချလာမှာနော်"

မော့ပိုင်တို့တစ်သိုက်ခမျာ ကျန်းမုန့်လောင် သူတို့အား အရှက်ခွဲခြင်းမှာ ဤမျှသာမဟုတ်ကြောင်း မသိရှာပေ။

သူတို့ဒူးထောက်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင် ကင်မရာငယ်လေးတစ်လုံးကို ဝှက်ထားပြီး ထိုဒူးရင်းသီးခွံများနှင့် အဝတ်ဖွပ်သစ်သားခုံပေါ်တွင်လည်း အသံသွင်းစက်သေးသေးလေးများကို တပ်ဆင်ထားသည်။

ယခု ဤရုပ်ပုံများနှင့် အသံများကို ဟွာရှားနိုင်ငံ၏ အကြီးဆုံးအွန်လိုင်းထုတ်လွှင့်ရေးပလက်ဖောင်းတွင် တိုက်ရိုက်ထုတ်လွှင့်နေချေသည်။ ဟွာရှားနိုင်ငံရှိ လူတိုင်းလည်း သူတို့ Silicon Moonlightကုမ္ပဏီ၏ အဝင်ဝတွင် ဒူးထောက်ကာ ကျန်းမုန့်လောင်ကို စောင့်ဆိုင်းနေကြကြောင်း သိသွားကြသည်။

"ရှုဟွမ်... သူတို့ကိုသွားကြည့်လိုက်ပါဦး။ ပူလာပြီဆိုတော့ သူတို့အတွက် သောက်စရာတစ်ခုခု ယူသွားပေးလိုက်"

ကျန်းမုန့်လောင်ကမူ လေအေးပေးစက်အောက်တွင် ဇိမ်ကျနေပြီး ချွေးတရွှဲရွှဲဖြစ်နေသည့် မော့ပိုင်တို့တစ်သိုက်၏ ပုံစံများကိုကြည့်ရင်း ပြောလိုက်၏။

"ဘော့စ်ကျန်း... အခု သူတို့စောင့်နေတာ မိနစ်နှစ်ဆယ်လောက်ရှိသွားပြီနော်။ သွားမတွေ့သေးဘူးလား"

ရှုဟွမ် မေးကြည့်လိုက်သည်။

"မိနစ်နှစ်ဆယ်ပဲရှိသေးတာ။ စောပါသေးတယ်"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"သူတို့ရဲ့စိတ်ရင်းအမှန်က ဒီလောက်ပဲဆိုရင် မလုံလောက်သေးဘူး"

"ဘော့စ်ကျန်း ဘယ်မှာလဲလို့မေးလာရင် ဘယ်လိုပြောလိုက်ရမလဲ။ ခင်ဗျား အိမ်သာတက်နေတုန်းလား?"

"ငါ ဝမ်းချုပ်နေတယ်လို့သာ ပြောလိုက်"

"အမ်..."

ရှုဟွမ် ရှက်သွားရသည်။ မည်သို့ပင်ဖြစ်စေ ဤသည်မှာ တိုက်ရိုက်ထုတ်လွှင့်နေခြင်းပင်။ ကျန်းမုန့်လောင်က သူ့ပုံရိပ်ကို လုံးဝဂရုမစိုက်ဘူးလား?

...

မေလသာရှိသေးသော်လည်း ရတနာကျွန်း၏ အပူချိန်ကတော့ ၃၀ဒီဂရီစင်တီဂရိတ်အထိ ရောက်နေလေပြီ။ ဗိုက်ပူပူနှင့် ချွေးထွက်လွယ်သည့် ဤသူဌေးကြီးများမှာ ဝတ်စုံပြည့်ဝတ်ဆင်ထားကြသဖြင့် မိနစ်နှစ်ဆယ်ခန့်ကြာအောင် ဒူးထောက်ပြီးနောက် သူတို့နောက်ကျော၌ ချွေးရွှဲနေပြီဖြစ်၏။

တချို့မှာ နာကျင်မှုကြောင့် ချွေးပြန်နေကြခြင်းပင်။ အထူးသဖြင့် ခေါက်ဆွဲခြောက်ပေါ် ဒူးထောက်နေရသူမှာ ခေါက်ဆွဲများမကြေမွသွားစေရန်အတွက် မထိမိအောင် ကြိုးစားရင်း ခြေထောက်များ ထုံကျဉ်လာသည်။

သူတို့လည်း ကိုယ့်ပေါင်ကိုယ်ရိုက်၍ ဤနေရာမှ ထွက်သွားပြီးနောက် တစ်နေရာရာသို့သွားပြီး ကောင်းကောင်းလေးရေချိုးပစ်လိုက်ချင်မိသည်။

သို့သော် ထိုသို့မလုပ်ရဲကြပေ။ အကယ်၍များ ထွက်သွားမိပါက အရာအားလုံး အဆုံးသတ်လေပြီ။

"လူကြီးမင်းတို့... ရာသီဥတုက အရမ်းပူတာပဲ။ စောင့်နေရတာ ပင်ပန်းနေပြီလား။ မစ္စတာကျန်းက ကျွန်တော့်ကို ခင်ဗျားတို့အတွက် သောက်စရာတွေ ယူလာခိုင်းထားလို့ပါ"

ရှုဟွမ် ရောက်လာသည်ကိုမြင်သော် သူတို့အားလုံး စိတ်လှုပ်ရှားသွားကြသည်။

"လက်ထောက်ရှု... ကျုပ်တို့ အခု မစ္စတာကျန်းကို တွေ့လို့ရပြီလား"

"တောင်းပန်ပါတယ်ဗျ... မစ္စတာကျန်းက အခုရက်ပိုင်းဝမ်းချုပ်နေလို့တဲ့။ အိမ်သာထဲမှာ နည်းနည်းလောက်ကြာဦးမယ်ထင်တယ်။ ခင်ဗျားတို့ကို နည်းနည်းလောက်ထပ်စောင့်ခိုင်းရဦးမှာပဲ"

ရှုဟွမ် ပြောလိုက်လေသည်။

"ခင်ဗျားတို့အားလုံးက စိတ်ရင်းအမှန်နဲ့ ရောက်လာကြတာဆိုတော့ နည်းနည်းလောက်ထပ်စောင့်ရလည်း စိတ်ထဲမထားဘူးမလား"

"ဟားဟား... ဝမ်းချုပ်တယ်တဲ့လား။ သောက်ကျိုးနည်းဝမ်းချုပ်တာလား"

"မစ္စတာကျန်းက ဒီစကားတစ်ခွန်းတည်းနဲ့ ရန်သူတစ်ထောင်ကိုသတ်ပြီး ကိုယ့်ဘက်တော်သား အယောက်ရှစ်ရာကို စတေးလိုက်ရသလိုပဲ။ သူ ဒီလိုစကားမျိုးကို ဘယ်လိုတောင်ပြောရဲရတာလဲ"

"အခုလောက်ဆိုရင် သူ လေအေးပေးစက်အောက်မှာ အအေးသောက်ရင်း ပွဲထိုင်ကြည့်နေမယ်ဆိုတာ ငါ ဒေါ်လာတစ်ရာနဲ့ လောင်းရဲတယ်"

"သူ အခုမျက်နှာပြောင်တိုက်ပြီး ရယ်နေလိမ့်မယ်ဆိုတာ ငါ နောက်ထပ်ဒေါ်လာတစ်ရာနဲ့ လောင်းမယ်"

...

"ဒါပေါ့ ဒါပေါ့... စိတ်ထဲမထားပါဘူး"

မော့ပိုင်နှင့် အခြားကုမ္ပဏီများမှ အမှုဆောင်များခမျာ ကြိတ်မှိတ်သည်းခံရင်း ပြုံးလိုက်လေသည်။

သူတို့က စိတ်ရှိပါတယ်လို့ ပြောရဲမှာတဲ့လား?

ရေငတ်ပြေစေရန် သောက်စရာတစ်ခုခုရလိုက်ခြင်းကပင် ကောင်းနေလေပြီ။

"ဒီမှာပါ...အဝေးကလာတဲ့ အထူးဧည့်သည်တွေအတွက် မစ္စတာကျန်းပြင်ဆင်ထားတဲ့ ဟော့ပေါ့အစပ်ဟင်းရည်ကို မြည်းကြည့်ပါဦး"

ဟော့ပေါ့အစပ်ဟင်းရည်များ ပွက်ပွက်ဆူနေသည်ကိုမြင်သောအခါ ပွဲထိုင်ကြည့်နေသူများမှာ ရှုံ့မဲ့လျက် ပြုံးလိုက်မိကြသည်။

"ဒါ... ဒါက နောက်နေတာမလား"

"သေစမ်း... ဟားဟားဟား သောက်စရာကဘယ်မှာလဲ? သောက်စရာဆိုတဲ့ စကားလုံးနဲ့ပတ်သက်ပြီး ငါတို့သိထားတာများ မှားနေလားလို့"

"ဒါက သောက်စရာမဟုတ်လို့လား? ပူပူနွေးနွေးသောက်စရာတွေက သောက်စရာလို့ ခေါ်လို့မရဘူးလား"

"သောက်ကျိုးနည်းသောက်စရာဟေ့!"

"မစ္စတာကျန်း... ခင်ဗျားရဲ့ဦးနှောက်ထဲမှာ ထူးဆန်းတဲ့အတွေးတွေ ဘယ်လောက်တောင်များ ရှိနေတာလဲ"

"ဟားဟားဟား!"

"ရုတ်တရက်ကြီး ငါ သူတို့ကိုသနားလာတယ်"

"သနားစရာကောင်းတဲ့လူတွေမှာလည်း သနားရလောက်တဲ့ အကြောင်းအရင်းရှိတယ်။ မစ္စတာကျန်းကြောင့်သာမဟုတ်ရင် ဟွာရှားမှာ ကုမ္ပဏီဘယ်နှခုလောက် ဒေဝါလီခံရမယ်ထင်လဲ။ လူဘယ်နှယောက်လောက် အလုပ်ပြုတ်ကုန်မလဲ? သူတို့နဲ့တန်ပါတယ်"

......

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး မစ္စတာကျန်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ ရေမဆာပါဘူး"

သူတို့စိတ်ထဲမှာတော့ ကျန်းမုန့်လောင်၏ ဘိုးဘေး၁၈ဆက်အထိ ကျိန်ဆဲနေကြသော်လည်း မျက်နှာကတော့ ခပ်ပြုံးပြုံးသာ။ ထိုသောက်စရာကိုသာ သောက်လိုက်ပါက သူတို့ ဆက်တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း ကောင်းကောင်းသိထားကြသည်။

...

တစ်နာရီကြာပြီးနောက် ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် ဤလူတစ်စု သတိလစ်မတတ်ဖြစ်လာသည်။

"လူကြီးမင်းတို့... မစ္စတာကျန်း အိမ်သာတက်ပြီးသွားပါပြီ။ ခင်ဗျားတို့ရဲ့ စိတ်ရင်းအမှန်ကိုလည်း မြင်ပြီးပြီမို့လို့ စာချုပ်ကိစ္စဆွေးနွေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"

ရှုဟွမ်၏အသံက သူတို့ကို ငေးငိုင်နေရာမှ ချက်ချင်းသတိဝင်လာစေသည်။

"နောက်ဆုံးတော့ ငါတို့အောင်မြင်သွားပြီ"

သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်ကျမိမတတ်ပင်။

လက်မှတ်ရေးထိုးခြင်းက ချောချောမွေ့မွေ့ပြီးဆုံးသွားခဲ့ပြီး သူတို့လက်ထဲသို့ စာချုပ်ရောက်လာသောအခါ မယုံကြည်နိုင်လေဟန်အမူအရာတို့က သူတို့မျက်နှာထက် ပြည့်နှက်နေလေသည်။

"ဒါဆို... ကျုပ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်"

ကျန်းမုန့်လောင်ကလည်း သူတို့နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဒါက ကျုပ်တို့အတွက်တော့ ဂုဏ်ယူစရာပါပဲ"

စာချုပ်ကိုကိုင်ထားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီပိုင်ရှင်များမှာ အဆုံးတွင်မူ ပြန်သွားကာ အစီရင်ခံနိုင်ပြီဖြစ်၏။

သို့သော် ကျန်းမုန့်လောင် ဆက်ပြောလိုက်သော စကားများက သူတို့ကို နေရာမှာတင် ကြောင်အသွားစေသည်။

"ရှုဟွမ်... 1nmချစ်ပ်ပြားထုတ်လုပ်ရေးလုပ်ငန်းစဉ်က ဖြည်းဖြည်းချင်းပြီးစီးနေပြီ။ သုံးလအတွင်း ထုတ်လုပ်ဖို့ ပြင်ဆင်ကြရအောင်"

"နားလည်ပါပြီ မစ္စတာကျန်း!"

မော့ပိုင် : "???"

ဆက်ခရိုနီ : "မြောင် မြောင် မြောင်?"

ကုရှုန်းကန့် : "ဘာလဲဟ?"

သူတို့က ယခုမှ 2nmချစ်ပ်ပြားအတွက် အော်ဒါတင်ခွင့်ရရုံသာ ရှိသေးသည်။ Silicon Moonlightကုမ္ပဏီက 1nmချစ်ပ်ပြားတွေတောင် ထုတ်လုပ်တော့မည်တဲ့လား?

ဒါက...

ကျန်းမုန့်လောင်က လူကို ဒီလိုသတ်လိုက်တာနဲ့ပတ်သက်ပြီး တာဝန်မယူဘူးပေါ့လေ?

ဒါတွေအားလုံးက ထောင်ချောက်ဆင်ထားတာပဲ!

All Chapters