← Chapters

နှစ်ပေါင်းဘယ်လောက်သက်တမ်းကို လိုချင်တာလဲ

Vol. 28 Ch. 406

နှစ်ပေါင်းဘယ်လောက်သက်တမ်းကို လိုချင်တာလဲ

Vol. 28 Ch. 406

၁နာနိုမီတာနည်းပညာမှာ ချစ်ပ်ပြားဝယ်ယူသူများကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ရုံသက်သက်မဟုတ်ဘဲ သုံးလအတွင်း တကယ်လည်း ထုတ်လုပ်ဖို့ ရှိသည်။

သို့သော် ဤထုတ်လုပ်ရေးကို အရေအတွက်တိုးမြှင့်လျှင် အကူနည်းပညာအမြောက်အများ၏ လိုက်လျောညီထွေရှိသော လုပ်ငန်းစဉ်များကို လိုအပ်ဦးမည်ဖြစ်၏။ လက်ရှိ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှုန်းအတိုင်းဆိုပါက သုံးလအကြာတွင် အစုလိုက်အပြုံလိုက်ထုတ်လုပ်မှုမှာ အနည်းငယ်မျှသာ ပြီးစီးနိုင်သည်။

ဤထုတ်လုပ်မှုမှာ ဈေးကွက်ထဲတွင် ဖြန့်ချိရန် မလုံလောက်သော်လည်း တိုင်းပြည်အတွက် သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရန်အတွက်မူ လုံလောက်တာထက်ပင် ပိုနေ​လေပြီ။

လအနည်းငယ်အတွင်း ခေတ်နောက်ကျသွားတော့မည့် ချစ်ပ်ပြားများကို ဝယ်ယူရရေးအတွက် ခြစ်ခြစ်တောက်ပူနေသော နေရောင်အောက်တွင် တစ်နေကုန်နီးပါး ဒူးထောက်ကာ ငွေကြေးအမြောက်အမြား အကုန်အကျခံခဲ့ရသော ထိုသူများကတော့ သနားစရာပင်။ သူတို့နိုင်ငံသို့ ပြန်ရောက်သည်နှင့် စိတ်ဓာတ်ကျကြမည်မှာ သေချာသည်။

သို့ရာတွင် ဤအရာအားလုံးက ကျန်းမုန့်လောင်နှင့် မသက်ဆိုင်ပေ။ သူ့ပျော်ရွှင်မှုက ထိုလူများ၏ စိတ်ဓာတ်ကျမှုဖြင့် တည်ဆောက်ထားခြင်းဖြစ်၏။ ကိုယ်စတင်ခဲ့သော အရာများအတွက် သက်ဆိုင်ရာတန်ဖိုးကိုတော့ ကိုယ်တိုင်ပေးဆပ်ရမည်သာ။

သူ့မှာ တစ်ချိန်လုံး ဤအရှုပ်ထုပ်များနှင့် အချိန်ကုန်နေရသဖြင့် ဝမ်လင်တို့နှင့် မတွေ့ရတာ အတော်ကြာသွားလေပြီ။ ထိုအချိန်မှာပင် စိတ်ချင်းဆက်နေသည့်အလား ဝမ်လင့်ထံမှ ဖုန်းဝင်လာသည်။

"လောင်ကျန်း.. ချင်းဖန်က ကျန်းနန်းမြို့မှာ ရောက်နေတယ်။ ငါတို့ ဆုံကြမလား?"

"သေချာတာပေါ့!"

လုရီယောင်လည်း ယနေ့ ကျန်းနန်းမြို့သို့ ပြောင်းရွှေ့လာမည်ဖြစ်ရာ ကျန်းမုန့်လောင်လည်း သူ(မ)ကို ကူညီပေးရန်အတွက် ဟုန်းရီအား လူတစ်ယောက် လွှတ်ခိုင်းထားသဖြင့် အိမ်မှာ သူတစ်ယောက်တည်း ဖြစ်နေသည်။

ရွေးချယ်ထားသော တည်နေရာမှာ ကျန်းမုန့်လောင်ပိုင်သော ပင်လယ်စာစားသောက်ဆိုင်ပင်။ ဤနေရာသို့ လာရောက်စားသောက်ခွင့်ရရန် လွယ်ကူသည်မဟုတ်။ ဤနေရာရှိ အစားအသောက်များမှာ အနည်းဆုံးဂဏန်းခြောက်လုံးရှိ၏။

ဘာကြောင့် ဤမျှစျေးကြီးရသလဲဟု မမေးပါနှင့်။ ပင်လယ်စာအားလုံးကို ကမ္ဘာအနှံ့မှ အပြည်ပြည်ဆိုင်ရာလေယာဉ်များကို စင်းလုံးငှားရမ်း၍ သယ်ဆောင်ရသည်။ အချို့ကိုမူ ကျန်းမုန့်လောင်၏အိမ်ရှိ ရေခဲသေတ္တာထဲသို့ တိုက်ရိုက်ပို့ဆောင်ပြီး ကျန်ပင်လယ်စာများကို ဤစားသောက်ဆိုင်သို့ ပို့ဆောင်သည်။ အခြားနေရာများတွင် မတွေ့နိုင်သော အလွန်လတ်ဆတ်လှသည့် ထိပ်တန်းအဆင့်ပင်လယ်စာအရသာကို ပေးစွမ်းနိုင်သည်။

"လောင်ကျန်း မတွေ့ရတာကြာပြီနော်။ လပိုင်းအတွင်း မင်း ဒီလောက်တောင် အုတ်အော်သောင်းတင်းဖြစ်အောင် လုပ်ထားလိမ့်မယ်လို့ မထင်ထားဘူး"

ချင်းဖန်က ရယ်မောလျက် ပြောသည်။

"အဲဒီလူတွေခမျာ မင်းကြောင့် တော်တော်ဒုက္ခရောက်ကုန်ကြတာ"

"သူတို့နဲ့တန်တယ်လေ"

ကျန်းမုန့်လောင်လည်း ပြန်နောက်လိုက်သည်။

"မင်းကရော။ စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တာလား?"

သူတို့ နောက်ဆုံးတွေ့ခဲ့ကြသည့် အချိန်တုန်းကနှင့် နှိုင်းယှဉ်ပါက ချင်းဖန်တွင် ဒုတိယမျိုးဆက်သူဌေးသားတို့၏ အပူအပင်မဲ့သောသဘောထားများ ကင်းမဲ့နေပြီး စစ်ရေးဆိုင်ရာ စည်းကမ်းတင်းကျပ်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

"မင်းသတိထားမိတာလား"

ချင်းဖန်က အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။

"မင်းသိလား။ ငါ့အဘိုးက စစ်သားတစ်ယောက်လေ။ သူ ငါ့ကို လေ့ကျင့်ပေးချင်တယ်တဲ့။ ဆုံးဖြတ်လိုက်တယ်။ နောက်ဆုံးတစ်ခေါက် ကားပြိုင်ပွဲပြီးတာနဲ့ သူ ငါ့ကို စစ်တပ်စခန်းထဲကို လပိုင်းလောက် ပစ်ထည့်လိုက်တော့တာပဲ"

"ဒီလိုကိုး"

ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။

"လပိုင်းလောက် လေ့ကျင့်ခန်းတွေလုပ်ရတာက မင်းရဲ့ အတွေးအခေါ်တွေကို တော်တော်မြှင့်တင်ပေးနိုင်ခဲ့တယ်ထင်ပါရဲ့"

"ပြောရင်းဆိုရင်း.. မင်းက စစ်တပ်ထဲကို ရောက်နေတာဆိုတော့ ဒီနေ့ ကျန်းနန်မြို့ကိုလာလည်ဖို့ အချိန်ဘယ်လိုရတာလဲ"

ကျန်းမုန့်လောင် မေးကြည့်လိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး"

ချင်းဖန်လည်း ပြန်ဖြေလိုက်၏။

"အဘိုးကြီးရဲ့ နှစ်တစ်ရာပြည့်မွေးနေ့ ရောက်တော့မယ်လေ။ ဒီတော့ ငါလည်း သူ့အတွက် မွေးနေ့လက်ဆောင် ပြင်ပေးဖို့ ဒီကိုရောက်လာတာ"

"မွေးနေ့လက်ဆောင်လား။ သခင်လေးချင်းကိုယ်တိုင် လာရှာရအောင် ဘယ်လိုလက်ဆောင်မျိုးကို လိုအပ်တာမို့လို့လဲ။ စကားတစ်ခွန်းလောက်ပြောရုံနဲ့တင် တခြားသူတွေက အပြေးဝယ်ပြီး ပို့ပေးကြမှာပဲမလား"

ဝမ်လင်က စနောက်လိုက်သည်။

"ဒါက သာမန်လက်ဆောင်မဟုတ်ဘူး"

ချင်းဖန်က ပြောလိုက်၏။

"မင်းတို့သိတဲ့အတိုင်း ငါ့အဘိုးက ခက်ခဲတဲ့ခေတ်တွေကို ဖြတ်သန်းခဲ့ရတယ်လေ။ သူ့ဒဏ်ရာတွေကတော့ ပြောမနေနဲ့တော့။ သူ့ခန္ဓာကိုယ်က အမြဲကျန်းမာသန်စွမ်းနေတယ်ဆိုပေမဲ့ အသက်ကလည်း ရလာပြီ။ ကျန်းမာရေးကလည်း တစ်နှစ်ထက်တစ်နှစ် ဆုတ်ယုတ်လာတယ်။ အဲဒါကြောင့် သူ့ကျန်းမာရေးကို အားဖြည့်ဖို့အတွက် အထူးပစ္စည်းတစ်ခုကို ရှာဖွေကြည့်ဖို့ ငါ စိတ်ကူးရလို့"

ဤနေရာအရောက်တွင် ချင်းဖန်၏လေသံထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ပေါ်ပေါက်လာသည်။

"မင်းတို့ကတော့ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ ငါတို့မိသားစုက တော်တော်ထူးခြားတယ်။ ဘယ်လောက်ထူးခြားလဲဆိုတာတော့ ပြောပြလို့မရဘူးကွ။ ဒါပေမဲ့ ငါကြားတာတော့ ကျန်းနန်းမြို့မှာ ချန်မိသားစုတစ်စုက နှစ်တစ်ထောင်ဂျင်ဆဆင်းပင်တစ်ပင်ကို ပိုင်ဆိုင်ထားတယ်တဲ့"

"နှစ်တစ်ထောင်ဂျင်ဆင်းလား"

ဝမ်လင် အံ့အားသင့်သွားရသည်။

"နှစ်တစ်ထောင်ဂျင်ဆင်း"ဟူသော စကားလုံးကို တီဗီဇာတ်လမ်းတွဲများနှင့် စာပေလက်ရာများတွင် မကြာခဏကြားရသော်လည်း ဂျင်ဆင်းကဲ့သို့သော ဆေးဖက်ဝင်အပင်မျိုးအတွက်တော့ နှစ်ပေါင်း၁၀၀၀ကျော် ရှင်သန်နေရန်ကား မဖြစ်နိုင်သလောက်ပင်။ အချို့သော အထူးမျိုးကွဲအပင်များကသာ ထူးခြားသောပတ်ဝန်းကျင်မျိုးတွင် ကြီးထွားလာပါက ဤကဲ့သို့သောအရွယ်အထိ ရောက်ရှိနိုင်သည်။

လူတချို့မှာဂျင်ဆင်းက အသက်ရှည်စေနိုင်သည်ဟူသော အယူအဆက မှားယွင်းသည်ဟု ဆိုကြသည်။ သို့ရာတွင် သိပ္ပံနည်းကျလေ့လာမှုများအရ ဂျင်ဆင်းတွင်ပါဝင်သော ဂျင်ဆင်နိုဆိုက်ဒ်များက လူသားဆဲလ်များ၏ အန်တီအောက်ဆီးဒင့်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ကြောင်း တွေ့ရှိထားသည်။ လူသားများ၏ အိုမင်းရင့်ရော်မှုမှာ အောက်ဆီးဒင့်များနှင့် တိုက်ခိုက်ရန်ပင်။

၁၉၉၃ခုနှစ်တွင် ၃၂၅နှစ်သက်တမ်းရှိပြီဖြစ်သော ဂျင်ဆင်းတစ်ပင်ကို အမေရိကန်ဒေါ်လာဆယ်သန်းဖြင့် လေလံတင်ရောင်းချခဲ့၏။ ဤပမာဏမှာ ထိုစဉ်တုန်းက အလွန်များပြားသော ငွေပမာဏဖြစ်၏။ လက်ရှိအချိန်တွင် ဆိုပါက ၎င်း၏တန်ဖိုးကို ဘီလီယံနှင့်ချီ၍ တွက်ချက်နိုင်သည်။

"ငါ ဒီနှစ်တစ်ထောင်ဂျင်ဆင်းအတွက် ဒီကိုရောက်လာတာ။ အဲဒါက ငါ့အဘိုးရဲ့ကျန်းမာရေးကို အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်တာပဲ။ သူသာ အသက်ရှည်ရှည်နေနိုင်မယ်ဆိုရင် ငါတို့လိုသားမြေးမြစ်တွေလည်း ဝမ်းသာကြရမှာ"

"ခဏလေး.. မင်းပြောတဲ့ ချန်မိသားစုဆိုတာ..."

ကျန်းမုန့်လောင် ရုတ်တရက်သတိရလိုက်မိသည်။

ဒီမိသားစုက ချန်ပင်းယွီရဲ့မိသားစုများလား...

"တကယ်တော့ သူတို့လိုမိသားစုမျိုးက နှစ်ခုမရှိနိုင်ဘူး"

ကျန်းမုန့်လောင် တွေးဆဆလုပ်မိသည်။

"သိုင်းပညာရှင်မိသားစုတွေကိုပဲ လောကီကမ္ဘာကြီးက လုံးဝမသိကြတာ။ ချန်ဆိုတဲ့ မျိုးရိုးနာမည်ကလည်း တစ်ခုတည်းပဲ ရှိမယ်ထင်တယ်"

"သူတို့က မင်းကို ရောင်းပေးဖို့ သဘောတူလား"

ဝမ်လင် မေးလိုက်လေသည်။

"ငါ့မှာသာ အဲ့ဒီလိုပစ္စည်းကောင်းမျိုးရှိခဲ့ရင် လုံးဝမရောင်းပေးဘူး"

"ငါ သန်းငါးရာပြင်ထားပြီး လွန်ခဲ့တစ်လကျော်တုန်းက သူတို့ကို ဆက်သွယ်ခဲ့တယ်။ ချန်မိသားစုဘက်က တိုင်းပြည်နဲ့ မိသားစုကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ငါ့အဘိုးရဲ့လူထုအကျိုးပြုမှုတွေကို ထည့်သွင်းစဉ်းစားပေးပြီး ငါ့ကို ဂျင်ဆင်းရောင်းပေးဖို့ ရင်နာနာနဲ့သဘောတူခဲ့တာကွ"

"အိုး..အစ်ကိုချန်နဲ့ မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်။ ပြောရမယ်ဆိုရင် ငါတို့တွေက တပ်ထဲမှာ ဆုံခဲ့ကြတာလေ။ မင်းတို့ လုံးဝတောင် ထင်ထားမှာမဟုတ်ဘူး။ သူက ငါနဲ့ သက်တူရွယ်တူပဲ။ ဒါပေမဲ့ နိုင်ငံတကာ စစ်ရေးပြိုင်ပွဲပေါင်းများစွာမှာ ချန်ပီယံဖြစ်ထားတာ"

ထို့နောက် ချင်းဖန်က သူ့ဖုန်းကို ထုတ်လိုက်သည်။

"အစ်ကိုချန်.. ငါ ကျန်းနန်မြို့ကို ရောက်နေပြီ။ သူငယ်ချင်းနှစ်ယောက်နဲ့ ညစာစားနေတာ။ မင်းရော လာမလား။ ဂျင်ဆင်းကိစ္စလည်း ဆွေးနွေးလို့ရတာပေါ့"

"ဘာ!"

ချင်းဖန် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"ငါတို့ သဘောတူထားတာ မဟုတ်လား... ဒီလိုဖြစ်သွားပြီလား"

"အင်း... မင်းကိုတော့ အပြစ်တင်လို့မရဘူးလေ။ ငါ့အဘိုးက ကံမကောင်းတာဖြစ်မယ်"

ချင်းဖန်လည်း ထိုင်ခုံပေါ်သို့ ပြန်ထိုင်ချလိုက်ပြီး မျက်နှာပေါ်တွင်လည်း စိတ်ပျက်မှုများ ထင်ဟပ်နေသည်။

"လောင်ချင်း..ဘာဖြစ်တာလဲ"

ဝမ်လင်နှင့် ကျန်းမုန့်လောင်တို့လည်း အဆောတလျင် မေးမြန်းလိုက်ကြသည်။ ကြည့်ရပုံထောက်သော် နှစ်တစ်ထောင်ဂျင်ဆင်းနှင့် ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်လာပုံပင်။

"သူတို့မိသားစုအကြီးအကဲက မကြာသေးခင်ကပဲ ဒဏ်ရာရပြီး အဆိပ်သင့်သွားလို့ သူ့အသက်ကိုကယ်ဖို့အတွက် နှစ်တစ်ထောင်ဂျင်ဆင်းကို သုံးလိုက်ရတယ်တဲ့။ အဲဒါကြောင့်..."

"တိုက်ဆိုင်လှချည်လား။ မင်းကို လှည့်စားနေတာမဟုတ်မှန်း သေချာရဲ့လား"

ဝမ်လင်ကတော့ သံသယဝင်နေချေသည်။

"မဟုတ်ဘူး။ အဲဒါ မှန်လောက်တယ်"

ချန်မိသားစု၏ အကြီးအကဲက တင်းမိသားစု၏ အဆိပ်အတွင်းအားကြောင့် အဆိပ်မိခဲ့သဖြင့် ထိုအကြီးအကဲ၏ ဒဏ်ရာများကို ဖိနှိပ်ရန်အတွက် ထိုဂျင်ဆင်းကို အသုံးပြုခဲ့ရဟန်တူကြောင်း ကျန်းမုန့်လောင် မှတ်မိသည်။

နှစ်တစ်ထောင်ဂျင်ဆင်း၏ စွမ်းရည်မှာ ဒဏ္ဍာရီလာအဆင့်ထက် နည်းနည်းသာနိမ့်သော အတွင်းအားတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိခြင်းမှာ အမှန်တကယ် အထင်ကြီးစရာကောင်းလှသည်။

"မင်းပြောနေတာက မြောက်ပိုင်းတောင်တန်းနယ်မြေက ချန်မိသားစုမလား"

"မင်း သူတို့ကိုသိလား"

ချင်းဖန် အံ့အားသင့်သွားရသည်။

"ဆိုပါတော့"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

"ချန်မိသားစုရဲ့အကြီးအကဲက မကြာသေးခင်ကပဲ တကယ်အဆိပ်မိခဲ့တာ။ ဒါကြောင့် သူ မင်းကို လှည့်စားနေတာ မဟုတ်ဘူး"

ကျန်းမုန့်လောင်က ဤသိုင်းပညာရှင်မိသားစုကို ဘယ်လိုသိနေသလဲဆိုတာကို အံ့အားသင့်မိသော်လည်း ချင်းဖန် စိတ်ပျက်အားငယ်မှုကိုသာ ခံစားနေရသည်။ ကျန်းနန်မြို့ကိုလာခဲ့သော ဤခရီးစဉ်မှာ အချည်းနှီးဖြစ်သွားလေဟန်ပင်။

"ဒါပေမဲ့ မင်း နှစ်တစ်ထောင်ဂျင်ဆင်းကို ရှာနေတာဆိုရင် အဲဒီဂျင်ဆင်းက သူတို့မိသားစုတစ်ခုတည်း ပိုင်တာမှမဟုတ်တာ"

ကျန်းမုန့်လောင် ရယ်မောလိုက်သည်။

"ငါ မင်းကို ရှာပေးနိုင်လောက်တယ်"

"အိုး? တကယ်လား"

ချင်းဖန်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်တစ်စ ပေါ်လာလေသည်။

"ဟုန်းရီ"

ကျန်းမုန့်လောင် ဟုန်းရီ၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်သည်။

"မစ္စတာကျန်း...မိန်းကလေးလုရီယောင်နဲ့ကျွန်မ ထုပ်ပိုးပြီးသလောက်ဖြစ်သွားပါပြီ။ ညနေငါးနာရီလောက်ဆိုရင် အိမ်ကိုရောက်ပါပြီ"

"အင်း"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။

"မင်းကို တစ်ခုလောက်မေးချင်လို့။ နှစ်တစ်ထောင်ဂျင်ဆင်းကို ဘယ်မှာရနိုင်မလဲဆိုတာ မင်းသိလား"

"နှစ်တစ်ထောင်ဂျင်ဆင်းလား။ ရှင်တို့မိသားစုမှာ အများကြီးရှိတယ်လေ။ နှစ်ပေါင်းဘယ်လောက်သက်တမ်းကို လိုချင်တာလဲ"

*************

All Chapters