← Chapters

နှစ်ငါးထောင်သက်တမ်းရှိသော ဆေးဖက်ဝင်စိုက်ခင်း

Vol. 28 Ch. 407

နှစ်ငါးထောင်သက်တမ်းရှိသော ဆေးဖက်ဝင်စိုက်ခင်း

Vol. 28 Ch. 407

"နှစ်ပေါင်းဘယ်လောက်သက်တမ်းကို လိုချင်လဲတဲ့လား။ မင်းရဲ့မေးခွန်းကြောင့် ငါ ပြောစရာစကားတောင် ပျောက်သွားပြီ"

ကျန်းမုန့်လောင်မှာ ရှက်ပင်ရှက်သွားရသည်။

နှစ်တစ်ထောင်ဂျင်ဆင်းဆိုတာ ဘာလဲ?

ဤအရာမှာ အလွန်အမင်းရှားပါးပြီး ချမ်းသာကြွယ်ဝမှုဖြင့်ပင် မလဲနိုင်သည့် အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးပင်။

နှစ်ပေါင်းဘယ်လောက်သက်တမ်းရှိတဲ့ ဂျင်ဆင်းကိုလိုချင်လဲဟု မေးလာသတဲ့လား။ ဂျင်ဆင်းတွေက အဲဒီလောက်အကြာကြီး ရှင်သန်နိုင်လို့လား?

"ဟုန်းရီ.. ငါက မင်းလောက် ဗဟုသုတမကြွယ်ဝပေမဲ့ ငါ့ကို အရူးလုပ်ဖို့တော့ မကြံနဲ့နော်။ နှစ်တစ်ထောင်ရှင်သန်နိုင်တဲ့ ဂျင်ဆင်းဆိုတာကတင် အံ့သြဖို့ကောင်းနေပြီ။ နှစ်​နှစ်ထောင် သုံးထောင်ဆိုရင် ပြောနေစရာတောင်မလိုဘူး"

ကျန်းမုန့်လောင် ပြောလိုက်လေသည်။

"မစ္စတာကျန်း.. ကျွန်မ ရှင့်ကို မလှည့်စားရဲပါဘူး"

ဟုန်းရီကလည်း ပြန်ဖြေလာသည်။

"ကျွန်မ သိသလောက်ဆိုရင် ရှင့်မိသားစုက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက ချင်းပိုင်တောင်တန်းမှာ ဆေးဖက်ဝင်စိုက်ခင်းတစ်ခု စိုက်ပျိုးခဲ့တယ်တဲ့။ အဲဒီစိုက်ခင်းထဲမှာ ဆေးဖက်ဝင်အပင်မျိုးစုံကို စိုက်ထားတာ။ ဂျင်ဆင်းလည်း ပါတယ်။ အဲဒီအပင်တွေရဲ့သက်တမ်းက နှစ်တစ်ရာကနေ နှစ်ငါးထောင်အတွင်းမှာ ရှိတယ်"

"နှစ်ငါးထောင်ဂျင်ဆင်းလား"

ကျန်းမုန့်လောင်ခမျာ အလွန်အမင်းထိတ်လန့်သွားရသဖြင့် သေးထွက်ကျလုမတတ်ပင် ဖြစ်သွားရသည်။

နိုင်ငံကို တည်ထောင်ပြီးကတည်းက ဂျင်ဆင်းတွေက ဝိညာဉ်အဖြစ် မပြောင်းလဲနိုင်ကြောင်း အတည်ပြုခဲ့ကြတယ်မလား? နှစ်ငါးထောင်ဂျင်ဆင်းဆိုရင် ဝိညာဉ်အဆင့်ဖြစ်သွားပြီမဟုတ်လား?

"တကယ်တော့ ကျွန်မလည်း အဲဒါကိုသိချင်နေတာ။ ကျွန်မကတော့ ဆေးဖက်ဝင်စိုက်ခင်းရှိတာကိုပဲ သိထားတာ။ အသေးစိတ်ကိုတော့ သေချာမသိပါဘူး။ ရှင် နှစ်တစ်ထောင်ဂျင်ဆင်း လိုချင်လို့လား"

ဟုန်းရီ မေးလိုက်လေသည်။

"ငါ့သူငယ်ချင်းတစ်ယောက်ကိုယ်စား မေးကြည့်တာပါ"

ကျန်းမုန့်လောင်လည်း ထိုသို့ပြန်ဖြေလိုက်သည်။

"အဲဒီဆေးဖက်ဝင်စိုက်ခင်းရဲ့တာဝန်ခံကို ဆက်သွယ်လို့ရမဲ့နံပါတ်လေး ငါ့ကိုပေးစမ်းပါ။ ငါ့ဘာသာ သွားကြည့်လိုက်မယ်"

...

"ကောထန်.. မင်း ဒီအကြောင်းသိလား"

ကျန်းမုန့်လောင်က ထူးရှယ်နတ်ဘုရားကျောင်းတော်၏ ဉာဏ်ရည်တုကောထန်နှင့် အလျင်အမြန်ချိတ်ဆက်လိုက်သည်။

"ကျောင်းအုပ်ကြီး.. ဒီကိစ္စက ဘာမှမထူးဆန်းပါဘူး။ မျိုးရိုးဗီဇအဆင့်မြင့်နည်းပညာကို စိုက်ပျိုးရေးနည်းစနစ်နဲ့ ပေါင်းစပ်လိုက်ရုံပါပဲ"

ကောထန်က ပြန်ဖြေ၏။

"ကျောင်းအုပ်ကြီးရဲ့ဘိုးဘေးတွေက ထူးရှယ်နတ်ဘုရားကျောင်းတော်ကတစ်ဆင့် မျိုးရိုးဗီဇနည်းပညာကို ကျွမ်းကျင်တတ်မြောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း ကျောင်းတော်ထဲက ပစ္စည်းတွေကို အပြင်ကိုထုတ်ယူလို့မရတဲ့အတွက် ရှေးဟောင်းအဂ္ဂိရတ်ပညာကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ကျောင်းအုပ်ကြီးရဲ့ဘိုးဘေးတွေက မျိုးရိုးဗီဇအဆင့်မြှင့်ထားတဲ့ အပင်တွေကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးခဲ့ကြတယ်"

"အဲလိုကိုး"

ကျန်းမုန့်လောင်လည်း မြင်ချင်စိတ်လော၍ ပြန်ပြောလိုက်၏။ သို့သော် လွန်ခဲ့သည့်နှစ်ငါးထောင်ကျော်တုန်းကရှိခဲ့သည့် ထိုကဲ့သို့သော အဆင့်မြင့်ဇီဝအင်ဂျင်နီယာနည်းပညာမျိုးမှာ စင်စစ်အံ့သြဖွယ်ကောင်းနေဆဲသာ။

...

"မုန့်လောင်.. အခြေအနေဘယ်လိုလဲ? သတင်းထူးလား"

ချင်းဖန်က မျှော်လင့်စောင့်စားမှုများ ပြည့်နှက်နေသော အကြည့်မျိုးဖြင့် မေးလိုက်၏။

"အင်း"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။

"မင်း နှစ်ပေါင်းဘယ်လောက်သက်တမ်းရှိတဲ့ ဂျင်ဆင်းကို လိုချင်လဲ။ ဘယ်နှပေါင်လောက်လိုချင်လဲ"

"ပေါင်နဲ့လား"

ဝမ်လင်နှင့် ချင်းဖန်တို့ခမျာ မျက်လုံးပြူးသွားကြသည်။

"မင်း တအားဟိတ်ကြီးဟန်ကျယ်မနိုင်လို့မရဘူးလား။ နှစ်တစ်ထောင်ဂျင်ဆင်တစ်ခုလေးပဲ ရှာနိုင်ရင်တောင် တော်တော်အထင်ကြီးဖို့ကောင်းနေပါပြီ။ မင်းက ပေါင်ချိန်နဲ့တောင် ပေးမလို့လား။ အဲဒါက မုန်လာဥတွေများ မှတ်နေလို့လား"

"မင်း ယုံချင်မှယုံလိမ့်မယ်။ ဒါပေမဲ့ ငါတို့မိသားစုထဲမှာတော့ နှစ်​တစ်ထောင်ဂျင်ဆင်းဆိုတာ မုန်လာဥနဲ့ ဘာမှမကွာဘူး"

ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။

"မနက်ဖြန်မနက်စောစော ငါ့အိမ်ကိုလာခဲ့။ ငါ မင်းတို့ကို ​တစ်နေရာကို ခေါ်သွားပေးမယ်"

...

ကျန်းမုန့်လောင်တို့တစ်သိုက် ကိုယ်ပိုင်လေယာဉ်တစ်စီးပေါ်သို့ တက်လာခဲ့ကြပြီးနောက် ချင်းပိုင်တောင်တန်းဒေသ၏ လေဆိပ်သို့ ထွက်လာခဲ့လိုက်သည်။

ချင်းပိုင်တောင်တန်းမှာ အလွန်ကျယ်ပြန့်လှသော တောင်တန်းဒေသဖြစ်ပြီး ဟွာရှားနှင့် ကိုရီးယားတစ်ခွင်အထိ ကျယ်ပြန့်လေသည်။ ဟွာရှားနယ်မြေထဲတွင် အမြင့်ဆုံးတောင်ထိပ်မှာ ပိုင်ယွင်တောင်ထွတ်ဖြစ်ပြီး အမြင့်ပေ၂၆၉၁မီတာရှိ၏။ တောင်ထိပ်ရှိ နတ်ရေကန်က ထူးခြားဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေသည်။ ထိုရေကန်တွင် မကောင်းဆိုးဝါးတစ်ကောင်ရှိသည်ဟုလည်း အဆိုရှိထားလေရာ စွန့်စားခန်းထွက်သူများစွာကို ဆွဲဆောင်နေပေသည်။

"မင်းတို့မိသားစုက ချင်းပိုင်တောင်တန်းမှာ ဘယ်တုန်းကများ ဆေးဖက်ဝင်စိုက်ခင်းတစ်ကွက်ကို ဝယ်ခဲ့တာလဲ"

ဝမ်လင်လည်း သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။

"ချင်းပိုင်တောင်တန်းမှာ ဂျင်ဆင်းတွေ ပေါတယ်ဆိုတာတော့ သိပေမဲ့ ကိုယ်ပိုင်စိုက်ပျိုးထားတဲ့ ဆေးဖက်ဝင်စိုက်ခင်းတစ်ခုကိုတော့ တစ်ခါမှမကြားဖူးဘူး။ ဒါက ခရီးသွားနေရာတစ်ခုမဟုတ်ဘူးလား"

ချင်းဖန်လည်း အလွန်သိချင်စိတ်ဖြစ်မိသည်။

"ပြောရရင်တော့ အရင်တုန်းက ကိစ္စတွေမို့ အရှည်ကြီးပဲ"

ကျန်းမုန့်လောင် ရှင်းပြလိုက်သည်။

"တကယ်တော့ အဲဒီအကြောင်းကို ငါလည်း သိပ်မသိဘူး။ ဒီနေရာမှာ ငါတို့အပိုင်ဆေးဖက်ဝင်စိုက်ခင်းရှိတဲ့အကြောင်း ငါလည်း အခုမှသိတာ။ ခဏနေရင် တစ်ယောက်ယောက်က ငါတို့ကို လိုက်ပို့ပေးလိမ့်မယ်"

လေယာဉ်က ချင်းပိုင်တောင်တန်းဒေသ၏ လေဆိပ်သို့ ချောမွေ့စွာဆင်းသက်ခဲ့သည်။ ထိုနေရာမှာ ချင်းပိုင်တောင်တန်းရှုမျှော်ခင်းနှင့် တစ်ဆယ်ကီလိုမီတာမျှသာ ဝေးသည်။ သူတို့ ရောက်လာချိန်တွင် ကားတစ်စီးက သူတို့ကို အဆင်သင့်စောင့်ဆိုင်းနေ၏။

ကားပေါ်မှ လူနှစ်ယောက် ဆင်းလာလေသည်။ တစ်ယောက်က အသက်ခြောက်ဆယ်အရွယ်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ကျန်းမုန့်လောင်နှင့် သက်တူရွယ်တူလူငယ်လေးတစ်ယောက် ဖြစ်၏။

"မစ္စတာကျန်း"

ထိုလူကြီးနှင့် လူငယ်အမျိုးသားက ကျန်းမုန့်လောင်ကို ဦးညွှတ်လိုက်၏။

"ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်မျိုးရိုးနာမည်က ကျုံးပါ။ ကျွန်တော့်ကို လောင်ကျုံးလို့ ခေါ်လို့ရပါတယ်။ ဒါကတော့ ကျွန်တော့်မြေးလေး ကျုံးကျယ်ရှန်းပါ"

"မင်္ဂလာပါ"

ကျန်းမုန့်လောင် ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်၏။

"ဦးလေးကျုံး ကျွန်တော့်မိသားစုရဲ့ဆေးဖက်ဝင်စိုက်ခင်းကို ခင်ဗျားပဲ တစ်ချိန်လုံးကြည့်ရှုခဲ့တာလား"

"ကျွန်တော်က ဘယ်လုပ်နိုင်မှာလဲ"

လောင်ကျုံးက ရယ်လိုက်လေသည်။

"ကျွန်တော်က နှစ်တစ်ရာလောက်ပဲ ဒီဆေးဖက်ဝင်စိုက်ခင်းကို စောင့်ရှောက်ခဲ့တဲ့ အဘိုးကြီးပါ။ ကျွန်တော်တို့ကျုံးမိသားစုက မင်းတို့ရဲ့မိသားစုမျိုးရိုးစဉ်ဆက်အတွက် မျိုးဆက်တစ်ဆင့်ပြီးတစ်ဆင့် စောင့်ရှောက်လာခဲ့တာ အခုဆိုရင် နှစ်ပေါင်းနှစ်ထောင်သုံးထောင်လောက် ရှိပါပြီ"

"နှစ်ပေါင်းနှစ်ထောင်သုံးထောင်တဲ့လား"

ဝမ်လင်နှင့် ချင်းဖန်တို့ခမျာ ထိုနေရာမှာတင် အကြောင်သားဖြစ်သွားရသည်။ ဤသည်မှာ အေဒီမတိုင်ခင်ခေတ်ကိုပါ ထည့်တွက်ရမည်ဟူသော သဘောလေလား။

ချင်းဖန်က သူ့မိသားစုနှင့်ပတ်သက်ပြီး အမြဲလိုလို ဂုဏ်ယူခဲ့သူပင်။ ချင်းမိသားစုကလည်း ဟွာရှားနိုင်ငံတွင် ထင်ရှားကျော်ကြားသော မိသားစုတစ်ခုဖြစ်၏။ သူတို့၏အကြီးအကဲက အစောပိုင်းခေတ်ကတည်းက ဟွာရှားနိုင်ငံတွင် မြေကွက်များကို သိမ်းပိုက်ခဲ့သည်ဖြစ်ရာ ယခုလက်ရှိ သူတို့၏အဆင့်အတန်းကိုလည်း ထို့ကြောင့်သာ ရရှိခဲ့သည်။

အာဏာနှင့် သြဇာလွှမ်းမိုးမှုကို ဘေးဖယ်ထားလိုက်ပြီး မိသားစုအမွေအနှစ်တစ်ခုတည်းကို ထည့်တွက်မည်ဆိုပါက ကျုံးမိသားစုနှင့်ယှဉ်လျှင် သူတို့ကပင် ညီငယ်လေးများအလား ဖြစ်နေပေသည်။

၎င်းမှာ ပြိုလဲသွားသောမိသားစုတစ်ခု ဖြစ်ခဲ့လျှင်ပင် အိုးကွဲတချို့နှင့် သံချေးတက်နေသော ဒယ်အိုးများသာ ကျန်​ရစ်ခဲ့ပါက ယခုလောက်ဆိုလျှင် ထိုအရာများမှာ ရှားပါးရှေးဟောင်းပစ္စည်းများ ဖြစ်နေလောက်လေပြီ။ သူတို့က ဘယ်လောက်တောင်များ နိမ့်ကျနေလိုက်သလဲ။

ယခုတော့ နှစ်နှစ်ထောင်သုံးထောင်သက်တမ်းရှိသော မိသားစုတစ်ခုကပင် ကျန်းမုန့်လောင်တို့မိသားစုအတွက် ဆေးဖက်ဝင်စိုက်ခင်းကို စီမံခန့်ခွဲပေးနေရသည်ဖြစ်ရာ ကျန်းမုန့်လောင်၏မိသားစုဆိုလျှင် မည်မျှရှေးကျလိုက်လေမလဲ။

ယခုအချိန်အထိ ကျန်းမုန့်လောင်အကြောင်း သူတို့ သိထားသည်မှာ စည်းစိမ်ဥစ္စာအကြောင်းမျှသာ ရှိသေးသည်။ သူ့မိသားစုက ဤကဲ့သို့သောသမိုင်းကြောင်းတစ်ခု ရှိထားလိမ့်မည်ဟု လုံးဝထင်မထားပေ။

ကျုံးကျယ်ရှန်းက သူတို့အား ချင်းပိုင်တောင်ခြေသို့ ကားမောင်း၍ လိုက်ပို့​ပေးခဲ့သည်။ ဤနေရာတွင် ခရီးသွားများအတွက်မဟုတ်ဘဲ ဆေးဖက်ဝင်စိုက်ခင်းကို သွားကြည့်ရာတွင် ကျုံးမိသားစုအသုံးပြုရန်အတွက်ထားရှိသော အထူးသံကြိုးဆွဲယာဉ်လမ်းကြောင်းတစ်ခုရှိသည်။

သံကြိုးဆွဲယာဉ်ကို မိနစ်သုံးဆယ်စီးပြီးနောက် အဆုံးမှာတော့ တောင်ထွတ်နှစ်ခုကြားရှိ တောင်ကြားလမ်းတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် တောင်တန်းအတွင်းဘက်သို့ တိုက်ရိုက်ရောက်သော ဥမင်တစ်ခုရှိ၏။

"ဝိုး.. မသိတဲ့လူသာဆိုရင် ငါတို့တွေကို သင်္ချိုင်းဂူဖောက်ဖို့ ရောက်လာတဲ့ စွန့်စားရေးသမား​တွေလို့ ထင်ကြလိမ့်မယ်"

ဝမ်လင်က သူ့လေကာအင်္ကျီကို ခပ်တင်းတင်းဆွဲစေ့လိုက်သည်။

"ဟစ်!"

အနည်းငယ်မှောင်မည်းနေသော ဥမင်လိုဏ်ခေါင်းကို ဖြတ်လာခဲ့ပြီးနောက် မျက်စိကျိန်းဖွယ်အလင်းရောင်တစ်စက ခေါင်းအထက်ရှိ အပေါက်များမှတစ်ဆင့် တောင်တန်းအတွင်းပိုင်းသို့ ဝင်ရောက်လာသည်။

"ဟစ်!"

ဝမ်လင် အံ့အားသင့်သွားသည်။ ချင်းဖန်လည်း အံ့သြသွားရသည်။ ကျန်းမုန့်လောင်ကိုယ်တိုင်လည်း ကြက်သေသေသွားရသည်။

ချင်းပိုင်တောင်တန်း၏ အတွင်းပိုင်းတွင် မျက်စိတစ်ဆုံးအထိ ကျယ်ပြန့်လှသော နေရာလွတ်ကြီးတစ်ခုရှိပြီး ဆေးဖက်ဝင်အပင်ပေါင်းစုံကို စိုက်ပျိုးထားသော ရုက္ခဗေဒဥယျာဉ်တစ်ခုနှင့်ပင် တူလှသည်။ ယူနီဖောင်းဝတ်ထားသော လူအယောက်ရာဂဏန်းလောက်ကလည်း ဤနေရာတွင် ကြိုးကြိုးစားစား အလုပ်လုပ်နေကြသည်။

"ဒါ...သူတို့တွေအားလုံးက မင်းမိသားစုရဲ့ အလုပ်သမားတွေလား"

ဝမ်လင် မေးကြည့်လိုက်သည်။

"ဦးလေးကျုံး ကျွန်တော်လည်း ဒီကို ပထမဆုံးအကြိမ်ရောက်ဖူးတာ။ ကျွန်တော့်ကို အတိုချုံးမိတ်ဆက်ပေးလို့ ရမလား"

ကျန်းမုန့်လောင်က စူးစမ်းလိုဟန်ဖြင့် ဆေးဖက်ဝင်စိုက်ခင်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

"ဟုတ်ကဲ့ မစ္စတာကျန်း"

ဦးလေးကျုံးက ဆိုလာလေသည်။

"ကျွန်တော်တို့ကျုံးမိသားစုမှာ လူဦးရေစုစုပေါင်း၂၁၇၆ယောက်ရှိပါတယ်။ အလုပ်လုပ်နိုင်တဲ့လူတွေအားလုံးက ဒီဆေးဖက်ဝင်စိုက်ခင်းမှာ အလုပ်လုပ်နေကြတာလေ"

"ဒီအတွင်းပိုင်းနေရာကို မင်းရဲ့ဘိုးဘေးတွေက လွန်ခဲ့တဲ့နှစ်​ပေါင်း၅၂၀၀ကတည်းက တူးဖော်ခဲ့တာဖြစ်လိမ့်မယ်။ ဆေးဖက်ဝင်စိုက်ခင်းရဲ့ စုစုပေါင်းဧရိယာက ၂၀စတုရန်းကီလိုမီတာရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၁၂၀၀တုန်းက မြေပထဝီပြောင်းလဲမှုတစ်ခုကြောင့် ဒီမြေကို ၁၂ပိုင်းခွဲခဲ့ရတယ်။ မင်းအခုရောက်နေတဲ့နေရာက အကြီးဆုံးအပိုင်းပါပဲ"

"ကျွန်တော်တို့က ဆေးဖက်ဝင်အပင်စုစုပေါင်း၃၆၇မျိုးကို စိုက်ပျိုးထားပါတယ်။ အဲဒီထဲက ၂၁၂မျိုးက အပြင်လောကမှာ မျိုးသုဉ်းပျောက်ကွယ်သွားပြီဆိုပေမဲ့ ဒီမှာတော့ အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်အောင် စီမံထားပါတယ်"

...

"နှစ်ပေါင်း၅၂၀၀..."

သူတို့စိတ်ထဲတွင် "သောက်ကျိုးနည်း"ဟူသော စကားမှလွဲ၍ အခြားစကားလုံးများ ရှာမရပေ။ လွန်ခဲ့သည့်နှစ်ပေါင်း၅၂၀၀တုန်းက သူတို့၏ဟွာရှားယဉ်ကျေးမှု စတင်ပေါ်ပေါက်ချိန်ပင် မဟုတ်လော။ ထိုအချိန်ကတည်းက ကျန်းမိသားစုက ရှိနှင့်နေပြီးသားတဲ့လား။

ထို့ပြင် တောင်ကို အခေါင်းပေါက်ထွင်းရန်မှာ ခေတ်သစ်နည်းပညာဖြင့်ပင် ခက်ခဲလှသော အလုပ်တစ်ခုဖြစ်၏။ လွန်ခဲ့သောနှစ်ပေါင်းငါးထောင်တုန်းကဆိုလျှင် ပြောနေဖွယ်ရာပင် မရှိပေ။ ဤသည်မှာ သူတို့၏နားလည်နိုင်စွမ်းကို ကျော်လွန်နေလေပြီ။

"ဟိုနားက ဘာတွေလဲ"

ကျန်းမုန့်လောင်က မလှမ်းမကမ်းရှိ ငွေဖြူရောင်အဆောက်အအုံများကို လက်ညှိုးထိုးပြလိုက်သည်။

"အဲဒါက ဇီဝဓာတ်ခွဲခန်းပါ"

လောင်ကျုံးက ပြောပြလေသည်။

"ကျွန်တော်တို့က မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုဆိုင်ရာ သုတေသနကို အာရုံတစိုက်လုပ်ဆောင်နေတာလေ။ ကျွန်တော်တို့ရဲ့ လက်ရှိနည်းပညာက ကမ္ဘာ့အဆင့်မြင့်ဆုံးစံချိန်စံနှုန်း​တွေထက် အများကြီးပိုသာနေပါပြီ။ ဒီနေရာမှာကျွန်တော်တို့စိုက်ပျိုးထားတဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ ဆေးစွမ်းအာနိသင်က သာမန်အပင်တွေထက် အဆပေါင်းများစွာ သာပါတယ်"

"ငါ... ငါ ဆွံအသွားပြီဟေ့.. အာဘား အာဘား..."

***********

All Chapters