← Chapters

၁၀ဘီလီယံရင်းနှီးမြှုပ်နှံခြင်း

Vol. 28 Ch. 409

၁၀ဘီလီယံရင်းနှီးမြှုပ်နှံခြင်း

Vol. 28 Ch. 409

"လောင်ကျန်း.. ဒီတစ်ခေါက်အတွက် ကျေးဇူးတင်တယ်ကွာ။ မင်းကျေးဇူးကို ငါမမေ့ပါဘူး"

မိနစ်အနည်းငယ်အကြာ ချင်းဖန်က အမြစ်လေးမီတာငါးမီတာလောက်ရှည်သော ဂျင်ဆင်းတစ်ခုနှင့်အတူ ပြန်ရောက်လာသည်။

"အမလေး ကြီးလိုက်တဲ့ဂျင်ဆင်းကြီး"

ဝမ်လင်က ဧရာမဂျင်ဆင်းမြစ်ကြီးကြောင့် အံ့အားသင့်သွားသည်။

"ငါမြင်ဖူးသမျှထဲ အကြီးဆုံးဂျင်ဆင်းက အမြစ်နှစ်မီတာတောင်မရှိဘူး။ ဒီဟာကိုသာ ရောင်းမယ်ဆိုရင် တော်တော်အုတ်အော်သောင်းတင်းဖြစ်သွားမှာပဲနော်"

"အဲဒါထက်တောင် ပိုသေးတယ်"

ချင်းဖန် ရယ်မောလိုက်မိသည်။

"ကမ္ဘာပေါ်မှာ လူချမ်းသာတွေအများကြီးပဲ။ ဒါပေမဲ့ သူတို့လည်း မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနဲ့ သေဆုံးခြင်းတို့ကို အ​နှေးနဲ့အမြန်ကြုံရမှာပဲ။ သူတို့ကို ငါးနှစ်ခြောက်နှစ်လောက် အသက်ရှည်‌အောင် လုပ်‌ပေးနိုင်မဲ့အရာတစ်ခုခုရှိမယ်ဆိုရင် ဒီသူဌေးတွေလည်း အရူးအမူးဖြစ်သွားကြမှာပဲ"

တကယ်တမ်းတွင် ချင်းဖန်ထုတ်မပြောဖြစ်သည့် အဓိကအကြောင်းပြချက်တစ်ခုရှိ၏။ သူက ချင်းမိသားစုထဲရှိ လက်ရှိမျိုးဆက်၏ အမွေဆက်ခံသူဖြစ်သော်ငြား သူ့တွင် ညီအစ်ကို​မောင်နှမအများကြီး ရှိသေးသည်။ သူ့​အနေနှင့် ထိုလူများအကြား ​ထင်ပေါ်ပြီး မျိုးဆက်သစ်ခေါင်းဆောင်ဖြစ်လာချင်သည်။ အစွမ်းအစအနည်းငယ်ရုံမျှဖြင့် မလုံ​လောက်ပေ။

ထို့ပြင် ဤနှစ်တစ်ထောင်ဂျင်ဆင်းက သူ့စွမ်းရည်ကို အတည်ပြုပေးနိုင်သည့်အပြင် သူ့ညီအစ်ကိုမောင်နှမများကပါ သူ့အား အထင်ကြီးလာနိုင်ရုံသာမက သူ့တွင် ထူးခြားသောအဆက်အသွယ်များ ရှိနေကြောင်းကိုပါ သက်သေပြရာရောက်သည်။

ထို့ပြင် ချင်းမိသားစု​ခေါင်းဆောင်၏အသက်ကို ငါးနှစ်ခြောက်နှစ်မျှ ထပ်ရှည်အောင် လုပ်ပေးခြင်းမှာ မိသားစုတစ်ခုလုံးအတွက် အလွန်အရေးကြီးပြီး အဓိပ္ပာယ်ရှိလှသော ကိစ္စတစ်ခုပင်။ အာဇာနည်စွမ်းဆောင်ချက်တစ်ခုနှင့် မခြားပေ။

"ဒီတစ်ခုတည်းပဲ ယူမှာလား"

ကျန်းမုန့်လောင် မေးလိုက်သည်။

"မင်းက ငါ့ကိုအထင်သေးတာလား။ ထပ်ယူစမ်းပါ။ ဒါတွေအကုန်လုံး တန်ဖိုးမရှိတဲ့ပစ္စည်းတွေချည်းပဲ"

"သောက်ကျိုးနည်း..."

ချင်းဖန်ခမျာ သူကိုင်ထားသော ဂျင်ဆင်းကိုပင် ကိုင်ပေါက်မိမတတ်ဖြစ်သွားရသည်။

တန်ဖိုးမရှိဘူးတဲ့လား? ယုံချင်ယုံ မယုံချင်နေ ငါ မင်းရဲ့ဆေးဖက်ဝင်စိုက်ခင်းတစ်ခုလုံးကို မီးရှို့ပစ်မှာနော်! ငါတို့ကဖြင့် ဒီလောက်ရင်းနှီးနေကြတာကို မင်းက မိမိုက်ချင်ယောင်ဆောင်ပြနေတာလား? မလုပ်မိရင် သေသွားမှာမို့လို့လား?

"သူ့ကိုကြည့်ပါလား။ သူ့ပုံရိပ်ကိုတောင် လုံးဝဂရုမစိုက်ဘူး"

ကျန်းမုန့်လောင်က ဝမ်လင်၏လက်ထဲရှိ အိတ်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအိတ်ထဲတွင် ဆေးဖက်ဝင်အပင်များဖြင့် ပြည့်နှက်နေပေသည်။ ဤပစ္စည်းများကိုသာ လေလံတင်ရောင်းချမည်ဆိုလျှင် ဝမ်လင်၏ပိုင်ဆိုင်မှုတန်ဖိုးက ဟွာရှားရှိ လူချမ်းသာများကိုပင် ကျော်တက်သွားနိုင်သည်။

"သူ့​ကို ဘာလို့ယဉ်ကျေးပြနေတာလဲ"

ဝမ်လင်ကမူ အမှုမထားဟန်ဖြင့် ပြောလိုက်၏။

"ဒီကောင်က ရှယ်ခမ်းနားတဲ့ လုပ်ငန်းစုကြီးတစ်ခုကို ဦးစီးနေတာ မင်းမသိဘူးလား။ ငါတို့အတွက် ဒါတွေက ရှားပါးရတနာတွေဆိုပေမဲ့ သူ့မျက်လုံးထဲမှာတော့ မုန်လာဥတွေ ကြက်သွန်ဖြူတွေနဲ့ သိပ်မကွာဘူးကွ။ မင်းက မင်းအဘိုးအတွက်ပဲ စဉ်းစားနေတာ။ မင်းမိဘတွေအတွက်ရော"

"အဓိပ္ပာယ်ရှိသားပဲ"

ချင်းဖန် ဉာဏ်အလင်းပွင့်သွားလေသည်။

ဟုတ်သားပဲ။ တကယ်လို့ သူ့အဘိုးတောင် အသက်ပိုရှည်နိုင်မယ်ဆိုရင် သူ့မိဘတွေကို ဘယ်လိုလုပ်ပြီး မေ့ထားလို့ရမှာလဲ။

"အိတ်တွေရှိသေးလား? ငါ့ကိုလည်း တစ်လုံးပေးဦး"

"ဟိုနားမှာ ဆယ်လုံးကျော်တောင်ရှိသေးတယ်။ ကိုယ့်ဘာသာသွားယူ!"

"သောက်ကျိုးနည်း ဒီတစ်ခုကို ငါအရင်တွေ့တာကွ"

"ခွေးမသား.. ဂျင်ဆင်းတွေက နေရာတိုင်းမှာရှိနေတာကို..ဒါလေးအတွက်နဲ့ ဘာလို့ ငါ့ကို ရန်လာရှာနေတာလဲ"

...

သူ အိမ်ပြန်ရောက်သောအခါ ညနေခင်းရောက်နေလေပြီ။ လုရီယောင်နှင့် ဟုန်းရီတို့လည်း ရောက်နေပြီဖြစ်၏။ စက်တင်ဘာလမှစ၍ လုရီယောင်က ကျန်းနန်အနုပညာတက္ကသိုလ်ရှိ ဂီတဌာန၏ ကျောင်းသူတစ်ယောက်ဖြစ်လာပေတော့မည်။ ကျန်းမုန့်လောင်၏ပိုင်နက်ထဲကို ရောက်လာပြီဖြစ်ရာ သူ(မ)လည်း ကျောင်းမှာ ဆက်နေလို့မရတော့ပေ။ ထို့ကြောင့် ယနေ့ကစပြီး သူ(မ)သည် ကျန်းမုန့်လောင်နှင့်အတူ အရှက်မဲ့စွာ အတူနေထိုင်ရတော့မည်ဖြစ်၏။

စိတ်ကူးယဉ်ချင်စရာကောင်းသော လှုပ်ရှားမှုတချို့ကို လုပ်ပြီးနောက် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့လည်း ခေါင်းအုံးပေါ်မှီတွယ်ရင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။ ယခုလိုဘဝမျိုးကို သူတို့ မျှော်လင့်နေခဲ့ကြသည်မှာ ကြာလှရှိလေပြီ။

"ကျောင်းမဖွင့်ခင် သုံးလအတွင်း ဘာလုပ်ဖို့စီစဉ်ထားလဲ"

ကျန်းမုန့်လောင် မေးလိုက်လေသည်။

"ငါ စွမ်းရည်ပြပွဲတစ်ခုမှာ ဝင်ပြိုင်မလို့"

လုရီယောင်တွင် အစီအစဉ်တစ်ခု ရှိထားပုံပင်။

"'မနက်ဖြန်ရဲ့ကြယ်ပွင့်'အစီအစဉ်က ဒီတစ်ခေါက် အရမ်းတော်တဲ့နည်းပြတွေ ပါမှာတဲ့။ ငါ သူတို့ဆီက တစ်ခုခုသင်ယူနိုင်မှာသေချာတယ်"

"စွမ်းရည်ပြပွဲလား"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်သည်။

"အဲဒီအစီအစဉ်တွေက အကုန်ဇာတ်ညွှန်းရေးထားပြီးသား။ မင်း သင်ချင်တယ်ဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးဂီတပညာရှင်တွေကို ရှာပေးမယ်။ ပေါ့ပ်ပဲဖြစ်ဖြစ် အော်ပရာပဲဖြစ်ဖြစ် တေးရေးပဲဖြစ်ဖြစ် သီချင်းစပ်တဲ့အပိုင်းပဲဖြစ်ဖြစ် အကုန်ရတယ်"

ကျန်းမုန့်လောင်၏လုပ်နိုင်စွမ်းကို လုရီယောင် သေချာပေါက်ယုံကြည်သည်။ သူ့ချစ်သူဖြစ်နေသော်ငြား သူ့နည်းလမ်းများက မည်မျှအစွမ်းထက်သလဲဆိုတာကိုတော့ သူ(မ)မသိသေးပေ။ အခြားအရာများကို မဆိုထားနှင့်။ ငွေနှင့်ဖြေရှင်းနိုင်သည့် ကိစ္စတစ်ခုဖြစ်ပါက ကျန်းမုန့်လောင်မလုပ်နိုင်တာ မရှိဘူးဟု သူ(မ)ယုံကြည်သည်။

"ငါ အဲဒါမျိုးကို မလိုချင်ဘူး"

လုရီယောင် ရယ်လိုက်မိသည်။

"ဆရာကောင်းတွေက တချို့အတတ်ပညာတွေကို သင်ပေးနိုင်ပေမဲ့ တချို့အရာတွေကျတော့ အဲဒီလိုမဟုတ်ဘူးလေ။ အဲဒီအစီအစဉ်မှာဆိုရင် ငါ စင်မြင့်အတွေ့အကြုံ အများကြီး ရနိုင်တယ်‌။ ပြီးတော့ ဝါသနာချင်းတူတဲ့လူတွေအများကြီးနဲ့ အတူရှိနေရတော့ ပျော်ဖို့‌ကောင်းတယ်လို့ မထင်ဘူးလား"

"ပျော်ဖို့ကောင်းတာပေါ့"

ကျန်းမုန့်လောင်၏ပုံစံမှာ အကျပ်ရိုက်နေဟန်ပင်။ ထိုအစီအစဉ်မျိုးမှာ သုံး‌လလောက် လေ့ကျင့်ရေး‌ဆင်းရတတ်သည်။ သူတို့က ယခုမှသာ အတူနေဖို့ အခွင့်အရေးရထားခြင်းပင်။ ယခုတော့ သုံးလလောက် ခွဲနေရဦးမည်တဲ့။ ထိုအဖြစ်မျိုးကို ကျန်းမုန့်လောင် မလိုလားပေ။

"ဟမ့်! နင်က ငါ့ခန္ဓာကိုယ်ကို မတင်းတိမ်နိုင်သေးတာမလား"

လုရီယောင် နှုတ်ခမ်းစူလိုက်မိသည်။

"ငါ အဲဒါတွေဂရုမစိုက်ဘူး။ ဒီနေ့ ငါ နင့်ကို ရအောင်နားချမှာပဲ"

"ငါ့ကိုနားချမယ်ဆိုတာက ဒီကိစ္စနဲ့မဆိုင်‌ပေမဲ့ နင် ငါ့ကို အိပ်ရာထဲမှာ မြှူဆွယ်ချင်တယ်ဆိုရင်လည်း စမ်းကြည့်လို့ရတယ်နော်"

"အား! ကျန်းမုန့်လောင် နင် အရင်က ဒီလောက်မညစ်ညမ်းပါဘူး"

"အရင်ကတည်းက အဲဒီစိတ်ကို ကောင်းကောင်းဖုံးကွယ်ထားခဲ့တာလေ"

"ကောင်းပြီ။ ဒါဆို ဒီနေ့ ငါ နင့်ကို ကောင်းကောင်းအိပ်ပျော်အောင်လုပ်ပေးမယ်!"

...

တစ်နာရီကျော်အကြာတွင် လုရီယောင် အိပ်မောကျသွားလေသည်။ ကျန်းမုန့်လောင်က သူ(မ)ကို စောင်ခြုံပေးပြီး အခန်းထဲမှ တိတ်တိတ်လေး ထွက်လာခဲ့လိုက်သည်။

"မစ္စတာမာ"

ကျန်းမုန့်လောင်လည်း မာဟွား၏ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်၏။

"ညနက်ကြီးကျမှ ကျွန်တော် ခင်ဗျားကို နှောင့်ယှက်မိတာတော့ မဟုတ်ဘူးမလား"

"အခုပဲအိပ်တော့မလို့ပြင်နေတာ"

ညတစ်ဝက်ခန့်ကုန်သွားပြီးနောက် မာဟွားလည်း အိပ်ငိုက်လာသည်။ အကယ်၍ အခြားလူသာဆိုလျှင် သူ အော်ဆဲမိလောက်ပြီဆိုသော်ငြား ခေါ်ဆိုသူက ကျန်းမုန့်လောင်ဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် အိပ်ချင်စိတ်လည်း လုံးဝပျောက်သွားရသည်။

"မစ္စတာကျန်း.. ဒီလောက်နောက်ကျမှ ဘာကိစ္စရှိလို့လဲ"

ဥရောပတွင် နောက်ဆုံးတစ်ခေါက်တွေ့ပြီးကတည်းက ကျန်းမုန့်လောင် သူ့ကို မဆက်သွယ်ဖြစ်ခဲ့ပေ။ ထို့ကြောင့် ဤအချိန်ကြီးကျမှ ဖုန်းခေါ်လာခြင်းမှာ အရေးပေါ်ကိစ္စပင် ဖြစ်ရမည်။

"ကျွန်တော့်ကို တစ်ခုလောက်ကူညီပေးပါ"

"မစ္စတာကျန်း ဘာများကူညီပေးရမလဲ"

မာဟွား တကယ်စိတ်ဝင်စားသွားသည်။ သူက ကျန်းမုန့်လောင်ကို ကူညီနိုင်လောက်သည်အထိ ကြီးကျယ်မြင့်မြတ်သွားပြီလား? သူကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ။

"ဒီနှစ် ခင်ဗျားတို့ကုမ္ပဏီရဲ့ 'မနက်ဖြန်ရဲ့ကြယ်ပွင့်'အစီအစဉ်အတွက် စပွန်ဆာနဲ့ ရင်းနှီးမြှုပ်နှံမှုအားလုံးကို ကျွန်‌တော်တာဝန်ယူမယ်"

"မစ္စတာကျန်း ဖျော်ဖြေရေးလုပ်ငန်းကို ဘယ်တုန်းက စိတ်ဝင်စားသွားတာလဲ"

မာဟွား ရယ်မောလိုက်မိသည်။

"ကျွန်တော့်ကောင်မလေးက ခင်ဗျားတို့ရဲ့'မနက်ဖြန်ရဲ့ကြယ်ပွင့်'အစီအစဉ်မှာ အရမ်းပါဝင်ချင်နေတာ။ တကယ်လို့ သူသာ တကယ်သွားမယ်ဆိုရင် နှစ်လသုံးလလောက် တံခါးပိတ်လေ့ကျင့်ရမှာ‌လေ။ ရင်းနှီးမြှုပ်နှံသူတစ်ယောက်အနေနဲ့ ရိုက်ကွင်းထဲကို သွားလည်နိုင်ရင်‌‌တော့ ပိုအဆင်ပြေမှာပဲ"

"ကျစ် ကျစ် လူငယ်တွေများ"

မာဟွားလည်း ကျန်းမုန့်လောင်၏ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

ရိုက်ကွင်းထဲကို သွားရောက်လည်ပတ်ဖို့တဲ့လား? သုံးလလောက် ဥပုသ်မစောင့်ချင်ဘူးလို့သာ ပြောလိုက်စမ်းပါ! တဲ့တိုးမပြောနိုင်ဘူးလား? ငါတို့တွေအကုန်လုံး အရွယ်ရောက်ပြီးသား‌လူတွေပဲလေ...

"ပြီးတော့ ဒီနှစ်ပြိုင်ပွဲမှာ ဇာတ်ညွှန်းရေးထားတဲ့အခြေအနေမျိုးတွေ မပါစေချင်ဘူး"

"ရတယ်လေ"

ဤသည်မှာ ကျန်းမုန့်လောင်နှင့် ပိုရင်းနှီးနိုင်သည့် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ကြောင်း မာဟွား သိသည်။

"မစ္စတာကျန်း ခင်ဗျားဘက်က ဒီလိုပြောလာတဲ့အတွက် ဒီနှစ်ရဲ့ 'မနက်ဖြန်ရဲ့ကြယ်ပွင့်'အစီအစဉ်ကို ကျုပ်ကိုယ်တိုင် တာဝန်ယူမယ်"

"စကားမစပ် ခင်ဗျား ဘယ်လောက်ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားလဲ"

"အင်း... ဆယ်ဘီလီယံနဲ့ လုပ်ကြတာပေါ့"

"ဘယ်လောက်လို့ပြောလိုက်တာ"

မာဟွားခမျာ နားကြားမှားလိုက်သည်ဟုပင် ထင်မိသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက စိတ်ဝင်စားမှုနှင့် ကျော်ကြားမှုရှိရန်အတွက် သူတို့ ပိုက်ဆံကို အရူးအမူးထုတ်သုံးခဲ့ကြသည်။ သို့သော် Seasonတစ်ခုချင်းစီ၏ ထုတ်လုပ်မှုကုန်ကျစရိတ်က ဟွာရှား‌ယွမ်ငွေသုံးဘီလီယံခန့်သာ ရှိ၏။

ကျန်းမုန့်လောင်က‌တော့ ချက်ချင်း ဆယ်ဘီလီယံဟု ဆိုလာချေသည်။ အကယ်၍ သူသာ ထိုပိုက်ဆံအားလုံးကို အကုန်သုံးလိုက်ပါက ကုန်ကျစရိတ်ကို ပြန်ရနိုင်တော့မည်မဟုတ်ပေ။

"ဒီSeasonအတွက် အကောင်းဆုံးနည်းပြတွေ အကောင်းဆုံးပစ္စည်းကိရိယာတွေ အကောင်းဆုံးထုတ်လုပ်ရေးနဲ့ အကောင်းဆုံးပရိုမိုးရှင်းတွေပဲ လိုချင်တယ်။ တကယ်လို့ ဆယ်ဘီလီယံနဲ့ မလုံလောက်‌သေးရင် နောက်ထပ်ဆယ်ဘီလီယံထပ်ဖြည့်‌ပေးမယ်"

"ဒါက ရင်းနှီးမြှုပ်နှံ‌နေတာမဟုတ်‌တော့ဘူး"

မာဟွားလည်း ကျန်းမုန့်လောင်၏ လက်ဖွာမှုအကြောင်း ကြားထားသည်။ သို့သော် ယခုတော့ သူ မျက်မြင်တွေ့လိုက်ရ‌လေပြီ။ ဤသည်မှာ ပိုက်ဆံကို မီးရှို့နေရုံမျှသာ မဟုတ်တော့ပေ။ သေမျိုးများ၏ငွေကြေးကို ကစားစရာတစ်ခုအလား ထင်မှတ်နေခြင်းပင်။

"ကောင်းပြီလေ။ မနက်ဖြန်ကျရင် သီးသန့်အသင်းတစ်ခု ဖွဲ့ပြီး စီစဉ်ထားလိုက်မယ်"

...

"ဟယ်လို"

ကျန်းမုန့်လောင် ဖုန်းချပြီးပြီးချင်းမှာပင် ဖုန်းမြည်သံကို ကြားလိုက်ရ၏။

ညကြီးမိုးချုပ် ဘယ်သူပါလိမ့်?

"လောင်ကျိုးလား"

ကျန်းမုန့်လောင် နားမလည်နိုင်ဖြစ်သွားရသည်။

လောင်ကျိုးက အသက်ကြီးနေပြီ‌လေ။ သူနဲ့စကားပြောရဖို့အတွက် ညနက်ကြီးမှာတောင် မအိပ်သေးဘူးလား?

"လောင်ကျိုး... ညကြီးမိုးချုပ်ကျမှ တစ်ခုခုများလိုအပ်လို့လား"

ကျန်းမုန့်လောင် ဖုန်းပြန်ဖြေလိုက်သည်။

လောင်ကျိုး၏‌လေသံက မူမမှန်စွာ လေးနက်နေလေသည်။

"မုန့်လောင်... မတော်တဆမှုတစ်ခုဖြစ်လို့"

************

All Chapters