ငါက သာမန်ဟွာရှားလူချောလေးတစ်ယောက်
Vol. 28 Ch. 411
ဟွာရှားနိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ လျှို့ဝှက်စခန်းတစ်ခုတွင် ယူနီဖောင်းဝတ်ဆင်ထားသော အာရှလူမျိုးရှစ်ဦးက ရာစုနှစ်၏ဆိုက်ဘာတိုက်ပွဲကြီးတစ်ခုကို စောင့်ကြည့်ရင်း စုဝေးနေကြသည်။
တကယ်တော့ သုန်းဟွမ်းစနစ်ကို စတင်တိုက်ခိုက်သူမှာ လူတစ်ဦးတည်းသာ ဖြစ်၏။ ထိုလူက အသက်၁၅နှစ်ပင် မပြည့်သေးသော ကောင်လေးတစ်ယောက်ဖြစ်ကြောင်း သူတို့ မှန်းပင် မမှန်းဆမိကြပေ။
သူ့နာမည်က အိုကန်မူဂိုဖြစ်ပြီး ကိုင်ဘွန်လူမျိုးတစ်ယောက်ဖြစ်၏။ သို့သော် ဤကမ္ဘာတွင် သူ့အချက်အလက်များမှာ ဟိုးယခင်ကတည်းက ပျောက်ဆုံးနေခဲ့သည်။ ဤကမ္ဘာအတွက်တော့ သူသည် သေပြီးသားလူတစ်ယောက်ပင်။
အိုကန်မူဂိုက ကြွက်သားနှင့်အာရုံကြောယိုယွင်းသည့်ရောဂါကို ခံစားခဲ့ရသည်။ လွန်ခဲ့သည့်သုံးနှစ်ကပင် သူ့ရောဂါအခြေအနေကို အတည်ပြုနိုင်ခဲ့ပြီး ခန္ဓာကိုယ်၏လုပ်ဆောင်မှုများမှာ တဖြည်းဖြည်းယိုယွင်းလာသောကြောင့် ဆေးပညာလောကက သူ့အား "အသက်ရှင်လျက် သေဆုံးနေသူ"ဟု အမည်တပ်ခဲ့ကြသည်။
ဆယ့်နှစ်နှစ်သားအိုကန်၏ဘဝမှာ ရုတ်တရက်ဆိုသလို စိတ်ဓာတ်ကျဖွယ်အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။ သူသည် အင်တာနက်က မိမိ၏နာကျင်မှုကို မေ့လျော့စေနိုင်မည်ဟု ထင်မှတ်သည့်အလား စွဲလမ်းစွာအသုံးပြုခဲ့သည်။
သို့သော် သူ့ထံတွင် အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။ တစ်ခါတုန်းက သူ့ကွန်ပျူတာထဲကို လျှို့ဝှက်ဝက်ဘ်ဆိုက်တစ်ခု ထိုးဖောက်ဝင်ရောက်လာပြီး ဖန်သားပြင်ပေါ်တွင် စာကြောင်းတစ်ကြောင်းနှင့် ရွေးချယ်စရာနှစ်ခုကို ပြသလာခဲ့သည်။
"ဘဝအဓိပ္ပာယ်ကို နားလည်ချင်ပါသလား? ဆက်လက်ရှင်သန်ချင်ပါသလား?"
"ရှင်သန်ချင်သည်!" "မရှင်သန်ချင်ပါ!"
ထိုအချိန်တုန်းက စိတ်ရှုပ်ထွေးနေသော အိုကန်လည်း "ရှင်သန်ချင်သည်"ကို ချက်ချင်းရွေးချယ်လိုက်သည်။
ထိုအချိန်မှစ၍ သူသည် မူလကမ္ဘာမှ လုံးဝပျောက်ကွယ်သွားခဲ့ပြီး "ပင်မနတ်ဘုရားကမ္ဘာ"ဟုခေါ်သော နေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာ၌ ရုပ်ရှင်နှင့်ဝတ္ထုများထဲမှဖြစ်နိုင်သော အန္တရာယ်များလှသည့်ကမ္ဘာ တစ်ခုပြီးတစ်ခုတွင် ရှင်သန်နိုင်ရန် ကြိုးစားခဲ့ရသည်။ သူသာ ကမ္ဘာတစ်ခုမှ ရှင်သန်လွတ်မြောက်နိုင်ခဲ့ပါက အမှတ်တချို့ ရရှိနိုင်သည်။
ထိုရမှတ်များဖြင့် ဘာမဆို လဲလှယ်ဝယ်ယူနိုင်သည်။
အမှန်ပင်။ ဘာမဆိုဝယ်ယူနိုင်ပေသည်။
သူသည် ကြွက်သားနှင့်အာရုံကြောယိုယွင်းမှုရောဂါကို ပျောက်ကင်းအောင်ကုသပြီးနောက် အံ့ဖွယ်ကောင်းသော စွမ်းအားများကို ရရှိခဲ့သည်။ နောက်ဆုံးတွင် သေဘေးမှ အကြိမ်ပေါင်းများစွာ ပွတ်ကာသီကာဖြင့် လွတ်မြောက်လာခဲ့ပြီး သူ့လွတ်လပ်ခွင့်ကို ဝယ်ယူနိုင်ရန် အမှတ်များ လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့သဖြင့် "ပင်မနတ်ဘုရားကမ္ဘာ"မှ ထွက်ခွာလာခဲ့သည်။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်သောအခါ တိတိကျကျအဓိပ္ပါယ်မဖွင့်ဆိုနိုင်သော အကြောင်းအရင်းများကြောင့် သူ့စွမ်းအားတချို့ကို ဆုံးရှုံးခဲ့ရသော်လည်း ထိုသို့ဆုံးရှုံးသွားသည့်တိုင် သာမန်လူများထက် ပိုသာသော ဉာဏ်ရည်၊ ခွန်အားနှင့် ဗဟုသုတများကို ပိုင်ဆိုင်ထားဆဲသာ။
သူ့ဘေးနားရှိ ကျန်ခုနစ်ယောက်ကလည်း သူ့လို အတွေ့အကြုံမျိုး ရှိထားကြသူများပင်။ ထိုကမ္ဘာတွင် သူနှင့်အတူ ဘေးချင်းယှဉ်၍ တိုက်ခိုက်ခဲ့ကြသော အသင်းဖော်များပင်။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် သူတို့အားလုံးက သာမန်ထက်ထူးခြားသော စွမ်းရည်တချို့ကို ထုတ်သုံးနိုင်ကြပြီး ထိုသို့သော ထူးခြားမှုများကြောင့်လည်း ကိုင်ဘွန်နိုင်ငံ၏ "မြေအောက်နင်ဂျာ"အဖွဲ့အစည်းထံမှ ပစ်မှတ်ထားခံခဲ့ရသည်။
သူတို့၏ခွန်အားက အနည်းငယ်ဆုတ်ယုတ်သွားသော်လည်း ထူးခြားလှသော စွမ်းရည်များမှာ ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် မြေအောက်နင်ဂျာအဖွဲ့အစည်းထဲရှိ နတ်ဘုရားအဆင့်နင်ဂျာများပင် သူတို့ကို ဘာမှမလုပ်နိုင်ခဲ့ပေ။
နောက်ဆုံးတွင်မူ ကိုင်ဘွန်နိုင်ငံက သူတို့အား "သေရွာပြန်များ"ဟူသော အထူးအမည်နာမကို ချီးမြှင့်ခဲ့သည်။ သေရွာပြန်များမှာ ရှစ်ယောက်သာရှိပြီး ယောက်ျားခြောက်ယောက်နှင့် မိန်းမနှစ်ယောက်ဖြစ်သည်။ သူတို့အနေနှင့် မြေအောက်နင်ဂျာများ၏ အထူးခံစားခွင့်များနှင့် အရင်းအမြစ်အားလုံးကို ရရှိထားသော်လည်း မြေအောက်နင်ဂျာ၏ စီမံအုပ်ချုပ်မှုအောက်မှာမရှိပေ။ သူတို့က ကိုင်ဘွန်နိုင်ငံ၏ ထိပ်တန်းအကြီးအကဲများကိုသာ တိုက်ရိုက်အစီရင်ခံတင်ပြရသည်။
ဤနှစ်များအတွင်း သူတို့၏ကြားဝင်ဆောင်ရွက်မှုကိုလိုအပ်သော အခြေအနေဟူ၍ မရှိသလောက်ဖြစ်ခဲ့သော်ငြား ဤတစ်ခေါက်တွင်မူ ဟွားရှားနိုင်ငံ၏တိုးတက်မှုက ကိုင်ဘွန်နိုင်ငံကို ဖိအားများစွာခံစားစေခဲ့သဖြင့် ဤ "သေရွာပြန်"အုပ်စုကို တိုက်ရိုက်စေလွှတ်ကာ ဟွာရှားနိုင်ငံ၏ သုန်းဟွမ်းစနစ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ၂နာနိုမီတာချစ်ပ်ပြားဖန်တီးသည့် ထုတ်လုပ်ရေးနည်းပညာအပါအဝင် အခြားနည်းပညာများကိုပါ ခိုးယူစေခဲ့သည်။
သုန်းဟွမ်းစနစ်၏ နည်းပညာအဆင့်အတန်းမှာ ကမ္ဘာ့ထိပ်တန်းအဆင့်၌ ရှိနေသည်မှာ အမှန်ပင်။ ကိုင်ဘွန်နိုင်ငံ၏ ထိပ်တန်းဟက်ကာများပင် သုန်းဟွမ်းစနစ်ကို မဖောက်ထွင်းနိုင်ခဲ့သော်ငြား "သေရွာပြန်"များ၏စွမ်းရည်ကိုမူ ဤကမ္ဘာ၏စံနှုန်းများဖြင့် လျှော့တွက်၍မရပေ။
အိုကန်မူဂို၏အမြင်တွင် သုန်းဟွမ်းစနစ်မှာ အလွန်ကောင်းမွန်လှပြီး စင်စစ်စွမ်းအားကြီးမားသော်လည်း ထိုစနစ်ကို ဖောက်ထွင်းရန်အတွက် နှစ်မိနစ်သုံးမိနစ်သာ လိုအပ်ပေသည်။
"အိုကန် ဘာဖြစ်တာလဲ။ သာမန်စနစ်လေးတစ်ခုကိုတောင် ဆယ်မိနစ်အတွင်း မင်း မဖောက်ထွင်းနိုင်သေးဘူးလား။ ဒီနှစ်တွေအတွင်း မင်း ကွန်ပျူတာနဲ့ ဂိမ်းတွေပဲဆော့နေတာလား"
တုတ်ခိုင်သန်မာပြီး ထိပ်ပြောင်နေသော ကိုင်ဘွန်လူမျိုးတစ်ယောက်က ပြောလိုက်သည်။
ထိုလူ့ပုံစံမှာ ရိုးရှင်းပုံပေါ်သော်ငြား သူ့ခွန်အားကတော့ တီရာနိုဆောရက်စ်ကိုပင် အားစိုက်ထုတ်စရာမလိုဘဲ အပိုင်းပိုင်းအစစဖြစ်အောင် ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး ကြွက်သားသိပ်သည်းဆကလည်း အစွမ်းအထက်ဆုံး ဖျက်ဆီးရေးလက်နက်များကိုပင် ခံနိုင်ရည်ရှိသည်။
"ဟုတ်တယ်။ အရင်တုန်းက ဇီဝကပ်ဘေးကမ္ဘာမှာရှိတဲ့ အနီရောင်ဘုရင်မရဲ့စနစ်က ဒီသုန်းဟွမ်းစနစ်ထက်တောင် ပိုအစွမ်းထက်သေးတယ်။ မင်းက အဲဒီဉာဏ်ရည်တုကိုတောင် သုံးမိနစ်အတွင်း သတ်ပစ်နိုင်ခဲ့တယ်လေ။ ဒီတစ်ခေါက်ကျတော့ ဘယ်လိုဖြစ်တာလဲ"
"အရေးမပါတာတွေ တော်စမ်းပါ"
အိုကန်မူဂို၏အမူအရာမှာ အလွန်လေးနက်သွားသည်။ သူ သုန်းဟွမ်းစနစ်ကို စတင်တိုက်ခိုက်စဉ်က အံ့အားသင့်ခဲ့ရသည်။ စနစ်၏အခြေခံဖွဲ့စည်းပုံမှာ အလွန်သာမန်ဆန်လှသော်လည်း အထဲတွင် ဝှက်ထားသောအရာမှာ အဆင့်မြင့်ဉာဏ်ရည်တု၏ အစိတ်အပိုင်းတစ်ခုဖြစ်၏။
ထိုဉာဏ်ရည်တုဖြင့် တည်ဆောက်ထားသော မီးတံတိုင်းက သူ့ထိုးဖောက်ဝင်ရောက်မှုကို ဆယ်မိနစ်ကြာအောင် ခုခံနိုင်ခဲ့သည်။
သုန်းဟွမ်းစနစ်၏ နည်းပညာရှင်များမှာ ထူးချွန်ထက်မြက်သူများဖြစ်သော်လည်း ကိုင်ဘွန်နိုင်ငံအတွက်တော့ သူတို့အား အမှိုက်များဟုခေါ်လျှင်ပင် ချဲ့ကားနေခြင်းမဟုတ်ပေ။ သူတို့၏ခုခံရေးများက ခေတ်သစ်အမြောက်လက်နက်များကို လက်ဗလာနှင့်ရင်ဆိုင်ရန် ကြိုးစားနေသည့်အလားပင်။
သို့သော် ဤဉာဏ်ရည်တု၏တည်ရှိမှုက ထိုလူများအား သံချပ်ကာဝတ်ပေးထားသည့်အလားပင်။ အဆုံးတွင် ရှုံးနိမ့်ရမည်ဖြစ်သော်လည်း ခဏလောက်တော့ ခုခံနိုင်လိုက်သေးသည်။
ထိုခုခံနိုင်စွမ်းကြောင့်ပင် ကိုင်ဘွန်နိုင်ငံဘက်က ဆယ်မိနစ်ကြာအောင် တိုက်ခိုက်နေရခြင်းပင်။
သို့သော် သူအောင်မြင်ရန် လက်တစ်ကမ်းအလိုမှာပင် သုန်းဟွမ်းစနစ်အတွင်း၌ နောက်ထပ်ဉာဏ်ရည်တုအသစ်တစ်ခု ပေါ်ပေါက်လာပြီး ထိုဉာဏ်ရည်တု၏ခွန်အားမှာ သူထင်ထားသည်ထက် များစွာသာလွန်နေသည်။
စိတ်ကူးကြည့်ကြပါလော့။
အစတုန်းက စစ်တပ်နှစ်ခု တိုက်ခိုက်နေရသည့်အလား ဖြစ်နေခဲ့၏။ သင်က စစ်သင်္ဘောပေါ်တွင်ရှိနေပြီး ရန်သူ့ဘက်မှာတော့ မြင်းတပ်နှင့် ခြေလျင်တပ်သာ ရှိနေသော်လည်း ရုတ်တရက်ဆိုသလို ရန်သူများက အသွင်ပြောင်းကာ ဒုံးလက်နက်များကို ဆွဲထုတ်လိုက်ကြသည်။
သောက်ကျိုးနည်း ဒါက ဘာဖြစ်တာတုန်း!
"ချောက် ချောက်"
အိုကန်၏လုပ်ဆောင်မှုအမြန်နှုန်းက ပိုမိုမြန်ဆန်လာသည်။
"သေစမ်းကွာ"
အိုကန်၏အပြုအမူများက သိသိသာသာပြောင်းလဲသွားပြီးနောက် မူလတုန်းက အနက်ရောင်ရှိသော မျက်လုံးများကပင် အပြာရောင်သို့ ပြောင်းလဲသွားရသည်။
"သူ အဆင့်မြင့်ဗီဇကို ဖွင့်လိုက်ပြီ"
သူ့အဖော်များ၏ အမူအရာများကလည်း လေးနက်သွားကြသည်။
အဆင့်မြင့်ဗီဇဆိုသည်မှာ အဆုံးမရှိသောကမ္ဘာများကို ဖြတ်သန်းလာခဲ့သူများအတွက် အရေးအကြီးဆုံးလက္ခဏာရပ်ဖြစ်ပြီး ဦးနှောက်၏လုပ်ဆောင်နိုင်စွမ်းကိုလည်း အများကြီးမြှင့်တင်ပေးနိုင်သည်။ ဤအခြေအနေတွင် ပြင်ပဖိအားများက သူတို့အပေါ် လုံးဝသက်ရောက်မှုမရှိတော့ဘဲ သူတို့၏ခွန်အား၊ အမြန်နှုန်း၊ ခံနိုင်ရည်နှင့် စဉ်းစားတွေးခေါ်နိုင်စွမ်းစသော အရည်အချင်းများမှာ အံ့ဩဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားသည်။
ပုံမှန်ဆိုလျှင် လူသားများက သေရေးရှင်ရေးအရေးပေါ်အခြေအနေမျိုးတွင်သာ အဆင့်မြင့်ဗီဇကို ဖွင့်နိုင်ပြီး တစ်ကြိမ်ဖွင့်လိုက်နိုင်သည်နှင့် ဗီဇကိုပျက်စီးစေသည့် နောက်ဆက်တွဲဒဏ်ကို ခံနိုင်ရည်ရှိပါက ထိုစွမ်းအားကို လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်သည်။
ယခုမူ အိုကန်က ထိုအဆင့်မြင့်ဗီဇ၏စွမ်းအားကို အသုံးပြုနေခြင်းမှာ သူ့ခွန်အားအလုံးစုံကို ထုတ်သုံးလိုက်ပြီဖြစ်ကြောင်း ဖော်ပြနေသည်။
တိုက်ခိုက်ရေးစွမ်းရည်များမှလွဲလျှင် အိုကန်၏ အစွမ်းထက်ဆုံးလက်နက်မှာ နည်းပညာစွမ်းရည်ပင်။ တစ်ကမ္ဘာလုံးတွင် သူ့ကို လျှို့ဝှက်နိုင်သောကိစ္စဟူ၍မရှိဘူးဟုပင် ဆိုနိုင်လေသည်။
သို့သော် ယခုအခါတွင်မူ သူသည် ပိုအစွမ်းထက်သော ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်နေရ၏။
"ဝှစ်"
အိုကန်၏ကွန်ပျူတာက ရုတ်တရက်ပိတ်သွားလေတော့သည်။ သူ့ကွန်ပျူတာထဲသို့ ရန်သူ့ဘက်က နည်းပညာဖြင့် ထိုးဖောက်ဝင်ရောက်လာခြင်းပင်။
"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လုံးဝတည်ငြိမ်နေသည့် အခြေအနေမှာပင် အိုကန်၏မျက်နှာထက်၌ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
ဤကွန်ပျူတာမှာ ဤခေတ်၏ထုတ်ကုန်မဟုတ်ပေ။ ပင်မနတ်ဘုရားကမ္ဘာမှ သူယူလာခဲ့သော ပစ္စည်းတစ်ခုဖြစ်ပြီး ၎င်း၏စွမ်းဆောင်ရည်မှာ လုပ်ဆောင်ချက်ဘီလီယံပေါင်းများစွာရှိသော အချက်အလက်များကို တွက်ချက်နိုင်သည့် စူပါကွန်ပျူတာနှင့် အလားသဏ္ဍာန်တူပေသည်။ ထို့ပြင် သူ့ကျွမ်းကျင်မှုကြောင့် သူကသာ အခြားလူများ၏ကွန်ပျူတာကို အမြဲဟက်ခ်ခဲ့သည်။ သူ့ကွန်ပျူတာကို အခြားလူများက ဘယ်တုန်းကများ ဟက်ခ်နိုင်ခဲ့လို့လဲ?
သူတို့အားလုံး အံ့အားသင့်ပြီး ငေးမောနေကြစဉ်မှာပင် ကွန်ပျူတာဖန်သားပြင်ပေါ်တွင် ဟွာရှားစာလုံးများ ပေါ်လာသည်။
"ငနုလေးတွေ... ငါတို့ဟွာရှားနိုင်ငံကို ပြဿနာလာရှာနိုင်မယ်များထင်နေတာလား။ ဆောရီးပဲ.. ဒါပေမဲ့ မင်းတို့ ငါ့ရဲ့အာရုံစိုက်မှုကို အောင်အောင်မြင်မြင် ဆွဲဆောင်နိုင်ခဲ့ပါပြီ! ငါ မင်းတို့ကို အချိန်ဆယ်မိနစ်ပေးမယ်။ မင်းတို့ရဲ့အတွင်းခံဘောင်းဘီတွေကိုချွတ်ပြီး ခေါင်းမှာစွပ်ထားရင်း ဟွာရှားနိုင်ငံထဲက ထွက်သွားကြတော့! မဟုတ်လို့ကတော့ မင်းတို့ပိုင်နက်ထဲကို ငါကိုယ်တိုင်လာပြီး ဖျက်ဆီးပစ်မယ်"
"မင်းက ဘယ်သူလဲ"
အိုကန်ကလည်း ချက်ချင်းစာရိုက်လိုက်သည်။ ရန်သူ့တွင် ထိုသို့သောကျွမ်းကျင်မှုမျိုး ရှိနေပေသည်။ သူတို့လည်း ထိုကမ္ဘာမှလာသူများ ဖြစ်နိုင်လေသလား။ သို့သော် သူသိထားသလောက်ဆိုလျှင် ပင်မနတ်ဘုရားကမ္ဘာ စတင်တည်ရှိခဲ့သည့်အချိန်ကတည်းက အမှတ်များကိုစုဆောင်းပြီး ထိုနေရာမှ လွတ်မြောက်ခဲ့သည့် ပထမဆုံးအဖွဲ့မှာ သူတို့ပင်ဖြစ်သည်။
"ငါဘယ်သူလဲဆိုတာ လာမမေးနဲ့။ ငါ့အွန်လိုင်းနာမည်က ကုထျန်းလဲ့ပဲကွ။ ဟွာရှားနိုင်ငံက နှိမ့်ချတတ်တဲ့ လူချောလေးတစ်ယောက်ပေါ့"
**************