ပုပ်သိုးနေတဲ့ကြွက်တစ်ကောင်
Vol. 28 Ch. 412
"ပင်မနတ်ဘုရားကမ္ဘာက လူတွေတဲ့လား။ ငါက အဲဒါကို စာအုပ်ထဲမှာပဲရှိတယ်လို့ ထင်ခဲ့တာ။ လေ့လာသင်ယူဖို့ လိုသေးတာပဲ"
ကျန်းမုန့်လောင်က စာရွက်စာတမ်းအထပ်လိုက်ကြီးကို ကိုင်ထားသည်။ ထိုစာရွက်စာတမ်းထဲတွင် လူရှစ်ယောက်အကြောင်း အသေးစိတ်မှတ်တမ်းများ ပါဝင်လေသည်။
တကယ်တမ်းတော့ ထိုရှစ်ယောက်ကိုယ်တိုင်မှလွဲ၍ ကိုင်ဘွန်နိုင်ငံ၏ အဓိကပုဂ္ဂိုလ်ကြီးများပင် သူတို့၏မူလဇစ်မြစ်ကို မသိကြပေ။ အကြောင်းမှာ သူတို့ ထိုအကြောင်းကို အပြင်လူများအား လုံးဝမပြောဖူးသောကြောင့်ပင်။
သို့သော် သူတို့ ပင်မနတ်ဘုရားလောကမှ ထွက်လာခဲ့စဉ်က ကိုင်ဘွန်နိုင်ငံ၏ဧရိယာထဲတွင် စောင့်ကြပ်ရန် တာဝန်ယူထားသော ကျန်းမုန့်လောင်တို့မိသားစု၏ ဘော်ဒီဂတ်တစ်ယောက်က ထိုအကြောင်းအရာအားလုံးကို သိသွားခဲ့ခြင်းကိုမူ သူတို့မသိရှာပေ။
ကန့်သတ်ချက်တချို့ကြောင့် ပင်မနတ်ဘုရားလောကမှ ပြန်လာခါစတုန်းက သူတို့၏ စွမ်းအားအဆင့်မှာ ၁၉ယူနစ်ရှိခဲ့သည်။ ထိုအချိန်တုန်းက ကိုင်ဘွန်နိုင်ငံထဲရှိ "နင်ဂျာများ"နှင့် "နတ်ဘုရားအဆင့်နင်ဂျာများ"ကိုသာ အပြတ်အသတ်တိုက်ခိုက်နိုင်ခဲ့သည်။
နှစ်ဝက်အတွင်းမှာပင် "သေရွာပြန်များ"၏ခွန်အားက စွမ်းအင်အဆင့် ၂၃မှ ၂၇အထိ မြင့်တက်လာခဲ့သည်။ ဤသည်မှာ ကောင်းကင်ဘုံအဆင့်သုံးမှ ခုနစ်အတွင်းရှိ သိုင်းပညာရှင်များနှင့် အဆင့်ချင်း တူညီပေသည်။ ကျန်းမုန့်လောင်နှင့်ပတ်သက်သူများကိုသာ ဖယ်ထားလိုက်ပါက ဤသေရွာပြန်အုပ်စုကို ကမ္ဘာပေါ်တွင် ယှဉ်နိုင်သူမရှိပေ။
ယနေ့ သူသာ မရှိခဲ့လျှင် ဟွာရှား၏ သုန်းဟွမ်းစနစ်လည်း အလုံးစုံပျက်စီးသွားနိုင်သည်။ အဓိကနည်းပညာဒေတာများ ခိုးယူခံရရုံသာမက ဟွာရှား၏ အရေးကြီးလျှို့ဝှက်ချက်များပါ လုယူခံရနိုင်သည်။ ဤသည်မှာ အသေးအဖွဲကိစ္စမဟုတ်ပေ။
အရေးအကြီးဆုံးအချက်မှာ ဤ"သေရွာပြန်များ"အဖွဲ့က ကိုင်ဘွန်နယ်မြေအတွင်းမှ တိုက်ခိုက်လာခြင်းမဟုတ်ဘဲ ဟွာရှားနယ်မြေအတွင်းသို့ ရဲတင်းစွာဝင်ရောက်လာပြီး အမည်မသိနည်းလမ်းများကိုသုံး၍ "လုံရှား"အဖွဲ့အစည်း၏ စောင့်ကြည့်စစ်ဆေးမှုကို ရှောင်ရှားနိုင်ခဲ့သည်။
"လောင်ကျိုး.. အခု အကုန်ဖြေရှင်းပြီးပြီ။ သုန်းဟွမ်းစနစ်ကိုလည်း အားဖြည့်ပေးထားတယ်။ ဒီတစ်ခေါက် စနစ်ရဲ့ခွန်အားက ဒီထက်အဆပေါင်းများစွာ ပိုအားကောင်းတဲ့ ကျူးကျော်မှုကို ရင်ဆိုင်ရရင်တောင် ဘာပြဿနာမှရှိမှာမဟုတ်ဘူး"
ကျန်းမုန့်လောင် ထိုသို့ပြောလိုက်သည်။
ဂျာဗစ်ကိုယ်တိုင် တည်ဆောက်ထားသော ခုခံကာကွယ်ရေးစနစ်မှာ ကျန်းမုန့်လောင်၏ လက်ရှိနည်းပညာစွမ်းရည်ဖြင့် တိုက်ခိုက်သည့်တိုင် ထိုးဖောက်၍မရနိုင်ပေ။
"မုန့်လောင်...မင်းကို ထပ်ပြီးဒုက္ခပေးမိပြန်ပြီ"
လောင်ကျိုးက သူ့အား စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောပြီးနောက် စားပွဲပေါ်မှ ပုလဲသီးများနှင့် အုန်းသီးဂျယ်လီများကို သူ့ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
"ဒါပေမဲ့ ဒီတစ်ခါ ကျူးကျော်လာတဲ့လူတွေက သာမန်လူတွေမဟုတ်ဘူး"
ကျန်းမုန့်လောင် ဆက်ပြောလိုက်သည်။
"သူတို့တွေအကုန်လုံးက ကိုင်ဘွန်နိုင်ငံသားတွေ။ အခုလောလောဆယ်တော့ ဟွာရှားနိုင်ငံထဲက သူလျှိုစခန်းတစ်ခုမှာ ရှိနေတယ်။ ဒီတစ်ခေါက်စစ်ဆင်ရေး မအောင်မြင်တဲ့အတွက် သူတို့ဘက်က ပိုကြမ်းတမ်းတဲ့လုပ်ရပ်တွေကို လုပ်လာနိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ဘူး"
"သာမန်လူတွေမဟုတ်ဘူးဆိုတော့ မင်းက..."
"ဟားဟားဟား... လောင်ကျိုး တကယ်တော့ ခင်ဗျားဘေးမှာရှိတဲ့ ဟွိုက်ရွေ့ဆိုတဲ့လူကလည်း သာမန်လူမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်"
"တော်လိုက်တဲ့ကောင်လေး.. ကြည့်ရတာတော့ မင်း တော်တော်သိတာပဲ"
ဤစကားတစ်ခွန်းဖြင့်ပင် ကျန်းမုန့်လောင်က ဒုတိယကမ္ဘာ၏တည်ရှိမှုကို သိထားပြီး သူ့ဘေးနားတွင်လည်း ထိုကဲ့သို့သောလူများ ရှိနေနိုင်သည်ဟု လောင်ကျိုး ကောက်ချက်ချနိုင်ခဲ့သည်။
"ကိုင်ဘွန်နိုင်ငံက 'မြေအောက်နင်ဂျာ'တွေလား"
လောင်ကျိုး မေးလိုက်လေသည်။
"သူတို့မဟုတ်ဘူး။ ဒါပေမဲ့ မြေအောက်နင်ဂျာတွေထက် ပိုဒုက္ခပေးနိုင်တယ်"
ကျန်းမုန့်လောင် ထိုသို့သာ ဖြေလိုက်သည်။
"ပိုပြင်းထန်တဲ့လုပ်ရပ်က ဘာကိုဆိုလိုချင်တာလဲ"
"စနစ်ထဲကို ဝင်ရောက်ကျူးကျော်တာ မအောင်မြင်တဲ့အတွက် ခင်ဗျား ဒါမှမဟုတ် အရေးပါတဲ့ပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်တဲ့လုပ်ရပ်မျိုးတွေ လုပ်လာနိုင်တယ်"
"သူတို့ကများ ရာရာစစ"
လောင်ကျိုး စားပွဲကို လက်ဝါးနှင့်ရိုက်ချလိုက်သည်။
"ငါတို့ကို အရင်ကလို အလွယ်တကူထိန်းချုပ်လို့ရသေးတယ်လို့များ ထင်နေကြတာလား"
"စိတ်မပူပါနဲ့ လောင်ကျိုး.. ဒီနေ့ပဲ ဒီကြွက်တွေကို အမြစ်ပြတ်သွားအောင် သုတ်သင်ပစ်လိုက်မယ်"
ကျန်းမုန့်လောင်အနေနှင့် အန္တရာယ်ရှိသော ဤအရာများကို ဟွာရှားနိုင်ငံထဲတွင် ဆက်နေခွင့်ပြုမည်မဟုတ်ပေ။
"မင်းကိုကူညီဖို့ ငါလူလွှတ်ပေးရမလား။ ငါက အငြိမ်းစားယူထားပေမဲ့ လုံရှားအဖွဲ့အစည်းထဲက လူတွေကိုတော့ အဆက်အသွယ်တွေကတစ်ဆင့် ခေါ်နိုင်တယ်"
"မလိုပါဘူး"
ကျန်းမုန့်လောင် ငြင်းပယ်လိုက်သည်။
"ဒီလူတွေက အရမ်းအစွမ်းထက်တာ။ လုံရှားအဖွဲ့အစည်းက သူတို့ကိုရင်ဆိုင်နိုင်မှာမဟုတ်ဘူး"
"လုံရှားအဖွဲ့အစည်းကတောင် မနိုင်ဘူးလား"
လောင်ကျိုး အံ့အားသင့်သွားလေသည်။
"ဒါဆို မင်း..."
"စိတ်ချပါ"
ကျန်းမုန့်လောင် ရယ်မောလျက် ပြောလိုက်သည်။
"ဒီည ယုတ္တိမတန်တဲ့ အဖြစ်အပျက်တချို့ ဖြစ်လာနိုင်တယ်။ မနက်ဖြန်ကျရင် လူထုအမြင်ကို ထိန်းချုပ်ပေးဖို့ လောင်ကျိုးရဲ့အကူအညီကို လိုလာနိုင်လောက်တယ်"
"ကောင်းပြီ။ ငါ ကြည့်လုပ်လိုက်မယ်။ မင်းလည်း သတိထားဦး"
"ကြွက်စုတ်လေးနည်းနည်းရယ်ပါ.. ကျွန်တော့်တာဝန်သာထားလိုက်"
လောင်ကျိုး ဖုန်းချလိုက်ပြီးနောက် အတွေးများသွားရသည်။
"ဒီကောင်လေးမှာ ငါမသိသေးတဲ့ တခြားကိစ္စတွေများရှိသေးသလား"
...
"ဆယ်မိနစ်ကျော်သွားပြီနော်။ ကြည့်ရတာတော့ ငါပေးတဲ့အခွင့်အရေးကို မင်းတို့ အလေးမထားဘူးပဲ"
အိုကန်၏ ကွန်ပျူတာဖန်သားပြင်ပေါ်တွင် နောက်ထပ်စာသားတစ်ကြောင်း ထပ်ပေါ်လာသည်။
"ဟွာရှားလူမျိုး မာန်တက်မနေနဲ့။ ငါတို့ သုန်းဟွမ်းစနစ်ကို မဖောက်ထွင်းနိုင်ပေမဲ့ ငါတို့လိုချင်တာကို အရယူဖို့ နည်းလမ်းပေါင်းတစ်ရာလောက်ရှိတယ်ကွ"
"ဟင့်အင်း.. မင်းတို့မှာ အခွင့်အရေးမရှိတော့ဘူး။ ဘာလို့လဲဆိုတော့ ဒီနှစ်အတွင်းမှာပဲ မင်းတို့ ဟွာရှားမြေပေါ်မှာ သေရတော့မှာ။ နောက်နှစ် ဒီအချိန်လောက်ဆိုရင် မင်းတို့အုတ်ဂူပေါ်က မြက်ပင်တွေတောင် တစ်မီတာလောက်ရှည်နေလောက်ပြီ"
ကျန်းမုန့်လောင်က စာကြောင်းများကို ဆက်တိုက်ရိုက်ထည့်လိုက်သည်။
"မနက်ဖြန်ညကျရင် မင်းတို့အုတ်ဂူပေါ်မှာ ဘားတစ်ခုဆောက်ပြီး အခမဲ့ဖွင့်ပေးလိုက်မယ်။ ပြီးတော့ လူတွေကို မင်းတို့အုတ်ဂူပေါ်မှာ နေ့တိုင်းကခိုင်းမယ်"
"ဒီဟွာရှားလူမျိုးကတော့ သေချင်နေတာပဲ"
သေရွာပြန်ရှစ်ယောက်ထဲမှ တစ်ယောက်က အစိမ်းရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ပင်မနတ်ဘုရားကမ္ဘာတွင် သူသည် ဘီလူးသွေးမျိုးဆက်ကို
ဆက်ခံခဲ့သည်။ ဘီလူးအစစ်လောက်တော့ မသန်မာသော်ငြား သူ အလွန်ဒေါသထွက်လာသည့်အခါမျိုးတွင် သူ့ခွန်အားက စွမ်းအင်အဆင့်၂၈အထိ ရောက်ရှိသွားသည်။ ထိုအဆင့်မှာ ကောင်းကင်ဘုံဖျားအဆင့်ရှစ်၏ခွန်အားနှင့် နီးစပ်ပေသည်။
"စိတ်အေးအေးထား"
ထိုရှစ်ဦးအနက် အတည်ငြိမ်ဆုံး လူငယ်လေးက ပြောလာလေသည်။
ထိုလူမှာ ပိန်သွယ်ပြီး ရုပ်ရည်ချောမောသော လူငယ်တစ်ယောက်ဖြစ်သော်လည်း ပင်မနတ်ဘုရားကမ္ဘာ၏ ပြန်လည်ဝင်စားရေးလောကများတွင် သူက ဘုရင်တစ်ပါးဖြစ်ကြောင်း လူတိုင်းသိကြသည်။
အရည်အချင်းဗီဇ ဖွင့်ထားသောအခြေအနေမျိုးတွင် သူ့တိုက်ခိုက်ရေးအင်အားမှာ စွမ်းအင်အဆင့်၃၀ထက်ပင် ကျော်လွန်နိုင်သည်။
"ဒီတစ်ခေါက် ငါတို့မစ်ရှင်က ဟွာရှားနိုင်ငံရဲ့နည်းပညာအချက်အလက်တွေကို ရယူဖို့ပဲ။ ရည်မှန်းချက်ကို မေ့မသွားစေနဲ့။ သတင်းအချက်အလက်နည်းပညာမှာတောင် အိုကန်ကို ကျော်တက်နိုင်တယ်ဆိုတော့ ဒီဟွာရှားလူမျိုးက သာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတဲ့သဘောပဲ"
"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။ သူပြောတဲ့အတိုင်း အတွင်းခံဘောင်းဘီကို ခေါင်းပေါ်မှာစွပ်ပြီး ဟွာရှားနိုင်ငံထဲက ထွက်သွားကြမှာလား"
"ဟမ့်! ငါသိသလောက်ဆိုရင် ဟွာရှားနိုင်ငံမှာ အစွမ်းအထက်ဆုံးလူက မဟာသခင်အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ စွမ်းအင်အဆင့်၁၉ပဲရှိတဲ့ စိတ်စွမ်းအားရှင်တစ်ယောက်ပဲ။ ဟွာရှားမှာ ငါတို့ကို ယှဉ်တိုက်နိုင်တဲ့လူရှိတယ်လို့ မင်းတို့ထင်လား"
"ဟားဟား... အမှန်ပဲ။ ဟွိုက်ကျဲ... မင်းရဲ့ဗီဇအဆင့်က အဆင့်ငါးကိုရောက်နေပြီ။ အစွမ်းကုန်ထုတ်ပြီး တိုက်ခိုက်မယ်ဆိုရင် စွမ်းအင်အဆင့်၃၀အထိ ရောက်နိုင်သေးတယ်"
"နောက်ကွယ်ကတိုက်ခိုက်တာ မအောင်မြင်ရင် တိုက်ရိုက်ချဉ်းကပ်ကြတာပေါ့"
ဟွိုက်ကျဲဟုခေါ်သော လူငယ်လေးက ပြောလိုက်သည်။
"အိုကန်... ဟွာရှားနိုင်ငံထဲမှာ အဲဒီနည်းပညာတွေကို စီမံခန့်ခွဲနိုင်တဲ့ အမြင့်ဆုံးအာဏာက ဘယ်သူ့မှာရှိလဲဆိုတာ အရင်စုံစမ်းလိုက်"
"နေဦး"
ထိုအချိန်မှာ အထူးမျက်မှန်တစ်စုံကို တပ်ဆင်ထားသော အမျိုးသမီးက ရုတ်တရက်ဝင်ပြောလိုက်သည်။
"အဲဒီမတိုင်ခင် ငါတို့ အမှိုက်အုပ်စုတစ်ခုကို အရင်ရှင်းထုတ်ရလိမ့်မယ်။ စုစုပေါင်း၁၂ယောက်ရှိတယ်။ အစွမ်းအထက်ဆုံးတစ်ယောက်က တိုက်ခိုက်ရေးခွန်အား၇၂ပဲ။ စွမ်းအင်အဆင့်ကတော့ ၇ယူနစ်ပဲရှိတာ။ ဟွာရှားနိုင်ငံရဲ့ ဒုတိယကမ္ဘာမှာ ခွဲခြားသတ်မှတ်ထားတဲ့ အဆင့်အရဆိုရင် သူတို့က အဆင့်ခုနစ်စိတ်စွမ်းအားရှင်တွေပဲ"
"သူတို့ရောက်လာတာ အရမ်းမြန်သားပဲ။ ငါတို့ ဟွာရှားကိုရောက်တာ ရက်ပိုင်းလောက်ပဲရှိသေးတယ်။ ဟွာရှားနိုင်ငံရဲ့လုံရှားအထူးတပ်ဖွဲ့က ငါတို့လမ်းကြောင်းကို ရှာတွေ့ပြီဆိုတော့ သူတို့မှာ အရည်အချင်းနည်းနည်း ရှိတယ်ဆိုတာတော့ ဝန်ခံရမယ်"
"ဒါပေမဲ့ သူတို့က သေရမှာမကြောက်ဘူးပဲ။ ငါတို့ ဘယ်သူတွေလဲဆိုတာ သူတို့မသိကြဘူးလား"
"ဘယ်သိမလဲ။ မသိလို့လည်း အခုလိုလာရဲတာပေါ့"
"ဟားဟား... အဆင့်ခုနစ်စိတ်စွမ်းအားရှင်တွေတဲ့လား။ သူတို့ရဲ့အဆင့်သတ်မှတ်ချက်အတိုင်းဆိုရင် ငါတို့က အနည်းဆုံးတော့ အဆင့်နှစ်ဆယ်ကျော် စိတ်စွမ်းအားရှင်တွေပေါ့"
"ကောင်းတယ်။ ငါ လူမသတ်ရတာ တော်တော်ကြာပြီ။ ဒီနေ့က ဟွာရှားလူမျိုးတွေကို သင်ခန်းစာပေးဖို့ အကောင်းဆုံးနေ့လေးပဲ။ ဒီကမ္ဘာပေါ်မှာ အရင်တုန်းကရော အခုရော နောင်အနာဂတ်မှာပါ သူတို့ စေလိုရာစေလို့မရဘူးဆိုတာကို သတိပေးရသေးတာပေါ့"
"အမှန်ပဲ။ ဟားဟား... အနာဂတ်က ကိုင်ဘွန်နိုင်ငံရဲ့အပိုင်ပဲ"
"ဘန်း"
အဆောက်အအုံတံခါးများမှာ ပြင်းထန်လှသော ပေါက်ကွဲအားတစ်ရပ်ကြောင့် ကြေမွသွားချေသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် လုံရှားစိတ်စွမ်းအားရှင်ဆယ့်နှစ်ယောက် အဆောက်အအုံထဲသို့ ချဉ်းနင်းဝင်ရောက်လာသည်။
"ဟွားရှားနိုင်ငံရဲ့ လုံရှားအထူးတပ်ဖွဲ့ပဲ! အခုချက်ချင်း လက်နက်ချလိုက်!"
************