ခန်းမန်ခိုင်းလဲ့
Vol. 28 Ch. 413
ကျန်းမုန့်လောင်သာ ထိုနေရာတွင် ရှိနေပါလျှင် လူဆယ့်နှစ်ယောက်ပါသော ဤတပ်ဖွဲ့၏ခေါင်းဆောင်မှာ လုံရှားအထူးစစ်ဆင်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ဥရောပတွင် တွေ့ဆုံခဲ့ဖူးသော ကုယွမ်ဝူဖြစ်ကြောင်း မုချမှတ်မိပေလိမ့်မည်။
ထိုအချိန်တုန်းက ကုယွမ်ဝူသည် အဆင့်ခြောက်စိတ်စွမ်းအားရှင်တစ်ဦးဖြစ်ပြီး ခြောက်လကျော်မျှ လေ့ကျင့်ပြီးနောက် အဆင့်ခုနစ်စိတ်စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့သည်။
ဒုတိယကမ္ဘာအဖွဲ့အစည်း၏ စည်းမျဉ်းများအရ အဆင့်ခုနစ်နှင့်အထက်ရှိ ဒုတိယကမ္ဘာလူသားများမှာ ပုံမှန်အားဖြင့် မိမိတို့နိုင်ငံနယ်နိမိတ်ထဲမှ ထွက်ခွာခွင့်မရှိပေ။ လုံရှား၏မူဝါဒအရ ကုယွမ်ဝူလည်း လုံရှားအဖွဲ့အစည်းအတွင်းရှိ "ကာကွယ်သူများ"ဌာန၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။
ကာကွယ်သူများ၏ တာဝန်မှာ ရိုးရှင်းလှသည်။ သူတို့၏ နိုင်ငံနယ်နိမိတ်အတွင်းသို့ အခြားမည်သည့်နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း၏ ဒုတိယကမ္ဘာလူသားများ ချဉ်းနင်းဝင်ရောက်ခြင်းကို တားဆီးရန်ပင်။ ထိုသို့သော ပုဂ္ဂိုလ်များကို ရှာဖွေတွေ့ရှိပါက ချက်ချင်းကိုင်တွယ်ဖြေရှင်းရမည်ဖြစ်၏။
သိုင်းနတ်ဘုရားယင်ဝူယီနှင့် လုံရှားအဖွဲ့ခေါင်းဆောင်မုန့်ထျန်းဟယ်တို့ကို နာမည်ကျော်ကြားစေခဲ့သော လွန်ခဲ့သည့် နှစ်ပေါင်းခုနစ်ဆယ်ကျော်တုန်းက ဟိမဝန္တာတောင်တန်း၌ ဖြစ်ပွားခဲ့သောတိုက်ပွဲမှာ ဟွာရှားတစ်ခွင်ကို ကြောက်လန့်စေခဲ့ပြီး တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်စေခဲ့သည်။
တကယ်တော့ ဤနှစ်များအတွင်း ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအသီးသီးနှင့် ဒေသများမှာ ဒုတိယကမ္ဘာ့အဖွဲ့အစည်း၏ စည်မျဉ်းများကို ချိုးဖောက်ခဲ့ကြသော်လည်း ဟွာရှားနိုင်ငံထဲသို့ ဝင်ရောက်ရန်အတွက်မူ မည်သူတစ်ဦးတစ်ယောက်မှ သတ္တိမရှိကြသောကြောင့် "ကာကွယ်သူများဌာန"လည်း အတန်ငယ်ပျင်းရိငြီးငွေ့ဖွယ်ရာကောင်းသော ဌာနတစ်ခု ဖြစ်နေခဲ့သည်။
ကုယွမ်ဝူကို လွန်ခဲ့သည့်တစ်လကပင် ကျန်းကျယ်ဌာနခွဲ၌ တာဝန်ချခဲ့ပြီး အဓိကအားဖြင့် ကမ်းရိုးတန်းဒေသများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးအပ်ခဲ့သည်။ ထုံးစံအတိုင်း သိုင်းပညာရှင်များမှာ သူတို့၏နယ်နမိတ်ကို စောင့်ကြပ်ကြည့်ရှုကြပြီး မူမမှန်သောလူများကို ချက်ချင်းရှာဖွေတွေ့ရှိနိုင်ရန်အတွက် အဆင့်အမြင့်ဆုံးကိရိယာများကိုပါ သယ်ဆောင်ထားကြသည်။
လှည့်ကင်းဝန်ထမ်းများ၏ တာဝန်ချိန်မှာ ၁၂နာရီဖြစ််၏။ သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်က အလှည့်ကျအသင်းက တာဝန်လွှဲပြောင်းယူရန်အတွက် အခြေစိုက်စခန်းသို့ ရောက်လာသောအခါ နှစ်နာရီလောက် စောင့်ဆိုင်းခဲ့ရသည်။ အကြောင်းမှာ ယခင်လှည့်ကင်းအဖွဲ့ဝင်များ ရောက်မလာသေးသောကြောင့်ပင်။
"ကာကွယ်သူများ"ဌာနကို တည်ထောင်ပြီးကတည်းက ထိုသို့သော အဖြစ်အပျက်မျိုး တစ်ခါမှမကြုံဖူးပေ။
သူတို့လည်း စုံစမ်းစစ်ဆေးမှုကို ချက်ချင်းစတင်ခဲ့ကြပြီး နာရီအနည်းငယ်အကြာမှာတော့ ကမ်းရိုးတန်းကျွန်းတစ်ခုပေါ်၌ ဤတပ်ဖွဲ့ထဲမှ အဖွဲ့သားများ၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ကျွန်းပေါ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိသာသော်ငြား တိုက်ပွဲ၏ခြေရာလက်ရာများမှာ ပြင်းထန်ခြင်းမရှိသဖြင့် ထိုတိုက်ပွဲက သိပ်မကြာလိုက်ကြောင်း ညွှန်ပြနေသည်။
ကာကွယ်သူများဌာနသို့ ဝင်ရောက်ပြီးကတည်းက ဤစစ်သည်တော်များမှာ အချိန်မရွေး ကိုယ့်ကိုယ်ကိုယ်စတေးရန် အဆင်သင့်ပြင်ထားကြသော်လည်း သူတို့ရဲဘော်များ၏ အလောင်းများကို မြင်လိုက်ရသောအခါတွင်မူ မျက်ရည်များကို မထိန်းနိုင်ခဲ့ကြပေ။
သူတို့၏အဆုံးသတ်မှာ အမှန်စင်စစ် သနားစရာကောင်းလှသည်။ ဤလူများထဲတွင် ခန္ဓာကိုယ်တစ်ခုလုံး အကောင်းအတိုင်းကျန်ရစ်သူဟူ၍ တစ်ယောက်မှမရှိပေ။ မယုံနိုင်လောက်အောင် သန်မာလှသည့် သတ္တဝါကြီးတချို့က သူတို့အား အပိုင်းပိုင်းအစစဖြစ်အောင် ကိုက်ဖြတ်၍ မွစာကြဲနေသော အလောင်းများကိုသာ ချန်ရစ်ခဲ့သည့်အလားပင်။
ကျဆုံးသွားသော သူတို့၏ရဲဘော်များအတွက် လက်စားချေရန် ကုယွမ်ဝူ၏တပ်ဖွဲ့မှာ စုံစမ်းစစ်ဆေးမှုကို ချက်ချင်းစတင်ခဲ့ကြပြီး လွန်ခဲ့သည့်တစ်နာရီကပင် ထိုအုပ်စု၏ တည်နေရာကို ရှာတွေ့ခဲ့သည်။ အကူတပ်ဖွဲ့ဝင်အားလုံးကို မြန်မြန်ဆန်ဆန်ခေါ်ယူပြီးနောက် ကုယွမ်ဝူကိုယ်တိုင်ဦးဆောင်ကာ သူတို့နှင့်ရင်ဆိုင်ရန် ထွက်လာခဲ့သည်။
"စိတ်ရှုပ်ဖို့ကောင်းတဲ့ ပိုးမွှားနောက်တစ်ဖွဲ့ပါလား"
ခေါင်းပြောင်ပြောင်နှင့် လူသန်ကြီးက အကြင်နာတရားကင်းမဲ့သော အမူအရာမျိုး လုပ်ပြနေသည်။
"ငါတို့ကို လာဖမ်းမယ်ဆိုရင်လည်း လူတွေများများခေါ်လာလို့မရဘူးလား။ မင်းတို့ရဲ့ရှေ့က အဖွဲ့ဝင်တွေဆိုရင် တစ်မိနစ်လေးတောင် မခံလိုက်ဘူး။ မင်းတို့လို အရေအတွက်နည်းနည်းလေးဆိုရင် အများဆုံးရှိလှ နှစ်မိနစ်လောက်ပဲ ခံမယ်ထင်တယ်"
"သူတို့ကို မင်းသတ်ခဲ့တာလား"
ကုယွမ်ဝူ၏ဒေါသမှာ ချက်ချင်းပင် တောက်လောင်လာသည်။
"ဒီကျွန်းပေါ်မှာကျန်နေတဲ့ အမှိုက်တွေကို ပြောနေတာဆိုရင်တော့ ဟုတ်တယ်။ ငါသတ်လိုက်တာ"
ထိပ်ပြောင်နေသော ထိုလူသန်ကြီးက နှုတ်ခမ်းသပ်လျက် ပြောလိုက်၏။
"သူတို့ရဲ့အရိုးနဲ့ ကြွက်သားတွေ ဆုတ်ဖြဲခံရတဲ့အသံက တော်တော်အံ့သြဖို့ကောင်းတဲ့ သံစဉ်တစ်ခုပဲ"
"အရူးကောင်"
ကုယွမ်ဝူတပ်ဖွဲ့ထဲရှိ အမျိုးသမီးအဖွဲ့ဝင်တစ်ယောက်က စိတ်မထိန်းနိုင်တော့ပေ။ အကြောင်းမှာ အရေခွံစုတ်ခံခဲ့ရသော ထိုစိတ်စွမ်းအားရှင်များထဲတွင် သူ(မ)၏ခင်ပွန်းလောင်းလည်း ပါဝင်နေသည်။
"ကျိုးခယ် စိတ်ငြိမ်ငြိမ်ထား.. ဒီလူတွေက ကြမ်းတမ်းတယ်"
ကုယွမ်ဝူလည်း ထိုအမျိုးသမီးအဖွဲ့ဝင်ကို ချက်ချင်းတားဆီးလိုက်သည်။
ဤသည်မှာ သူတို့အချင်းချင်း ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း ထိုကိုင်ဘွန်လူမျိုးများထံမှ ဖိနှိပ်လိုသော အံ့မခန်းဖိအားတစ်ရပ်ကို ခံစားနေရသဖြင့် နည်းနည်းပင် မွန်းကျပ်လာသည်။
"အဖွဲ့ခေါင်းဆောင်အနေနဲ့ မင်းမှာ အမြော်အမြင်နည်းနည်းရှိသားပဲ"
ထိုလူသန်ကြီးက ဆိုသည်။
"မင်းတို့တွေ အသက်ဓာတ်စွမ်းအင်ရှာဖွေရေးကိရိယာကို သယ်လာကြတယ််မလား။ ငါတို့ရဲ့စွမ်းအင်က ဘယ်လောက်အားပြင်းတယ်ဆိုတာ စစ်ဆေးကြည့်ပါ့လား"
လုံရှားအဖွဲ့ဝင်များထဲမှတစ်ဦးက ခဏမျှစဉ်းစားပြီးနောက် သူ့လက်ကောက်ဝတ်ပေါ်ရှိ နာရီနှင့်တူသော ကိရိယာကို အလုပ်လုပ်စေလိုက်သည်။ ချက်ချင်းဆိုသလိုပင် အံ့ဩဖွယ်ကောင်းလောက်အောင် မြင့်မားလှသော ဂဏန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ယွမ်ချန်း ဘာဖြစ်တာလဲ။ ရန်သူတွေက တော်တော်အစွမ်းထက်လို့လား"
သူတို့ရဲဘော်များ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပုံကို ထည့်သွင်းစဉ်းစားပြီး သူ ကြိုတင်ပြင်ဆင်ထားသည်။
ဤနေရာရှိ အခြေအနေကို အထက်လူကြီးများထံသို့ သတင်းပို့ထားပြီးဖြစ်လေရာ ယခုလောလောဆယ် သူတို့လုပ်ရမည့်အရာမှာ အချိန်ဆွဲထားရန်သာဖြစ်၏။
"စွမ်းအင်ပြင်းအား နှစ်ဆယ့်...နှစ်ဆယ့်ခုနစ်ယူနစ်"
"ဘာ? နှစ်ဆယ့်ခုနှစ်ယူနစ်လား?"
လုံရှားတပ်ဖွဲ့ဝင်အားလုံး တဒင်္ဂမျှ အံ့သြတုန်လှုပ်သွားကြသည်။
ကုယွမ်ဝူမှာ တပ်ဖွဲ့ထဲတွင် အသန်မာဆုံးလူဖြစ်ပြီး သူ့ခွန်အားမှာ စွမ်းအင်ပြင်းအား၇ယူနစ်သာ ရှိသည်။
သိထားရမည့်အချက်မှာ စွမ်းအင်ပြင်းအားယူနစ်သည် အဆပေါင်းများစွာ တိုးပွားလာခြင်းပင်။ စွမ်းအင်ပြင်းအား၈ယူနစ်ရှိသော တိုက်ခိုက်ရေးစွမ်းအားက ၇ယူနစ်ရှိသော စိတ်စွမ်းအားရှင်ထက် အနည်းဆုံးနှစ်ဆမျှ ပိုအားကောင်းသည်။
သူတို့ နတ်ဘုရားတစ်ပါးသဖွယ် ရှုမြင်ခဲ့ကြရသော လုံရှားတပ်ဖွဲ့ခေါင်းဆောင်ပင် စွမ်းအင်ပြင်းအား၁၉ယူနစ်သာ ရှိသည်။
စွမ်းအင်ပြင်းအား၂၇ယူနစ်ဆိုသည်မှာ ဘာကိုဆိုလိုသလဲ။ တစ်ယောက်တည်းအားဖြင့်ပင် ကမ္ဘာတစ်ဝှမ်းရှိ ဒုတိယကမ္ဘာအဖွဲ့အစည်းအားလုံးကို ချေမှုန်းပစ်နိုင်သည်။
"၂၅ယူနစ် ၂၆ယူနစ်... ၂၅ယူနစ်"
ယွမ်ချန်းဟုခေါ်သော အဖွဲ့ဝင်က မျှော်လင့်ချက်ကင်းမဲ့စေသော ဂဏန်းတွဲတစ်ခုကို ရွတ်ပြလိုက်၏။
"ဒီကိရိယာက ချို့ယွင်းချက်တစ်ခုခုရှိနေတာများလား?"
"မဟုတ်ဘူး။ ဒီကိရိယာမှာ ဘာချို့ယွင်းချက်မှမရှိဘူး"
ထိုအဖြေက လူတိုင်း၏ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်းထသွားစေသည်။
သူတို့ မဆိုထားနှင့်။ လုံရှားအဖွဲ့ခေါင်းဆောင်ကိုယ်တိုင် ဤနေရာ၌ ရှိနေလျှင်ပင် ထိုလူများကို အချိန်ဆွဲထားနိုင်မည်မဟုတ်ပေ။
ယခုမူ သူတို့၏ရဲဘော်များမှာ အကူအညီတောင်းခံသည့် အချက်ပြသင်္ကေတကိုပင် မပို့နိုင်ခဲ့ရသည့် အကြောင်းအရင်းကို သူတို့သိလိုက်ရသည်။ ခွန်အားကွာဟမှုမှာ အလွန်ကြီးမားလွန်းလှသည်။ ဤမျှကြီးမားလှသော ခွန်အားကွာခြားချက်ဖြင့်သာဆိုပါက ဤသည်မှာ အကူအညီတောင်းခံသည့် အချက်ပြသင်္ကေတမဟုတ်တော့ဘဲ သေဆုံးမှု၏သတိပေးချက်ပင် ဖြစ်ချေသည်။
"လူစုံပြီဆိုတော့ ဒီကိစ္စကို အပြီးသတ်လိုက်ကြရအောင်"
ဟွိုက်ကျဲဟုခေါ်သော ကိုင်ဘွန်လူမျိုးက အသေးအဖွဲကိစ္စတစ်ခုကို ဆွေးနွေးနေသည့်အလား ပြောလိုက်သည်။
"မြန်မြန်လုပ်..အမြန်ဆုံးဖြေရှင်းပြီး ချက်ချင်းထွက်သွားရအောင်။ တကယ်လို့ ဒီကိစ္စသာ အကြီးအကျယ်ဖြစ်သွားရင် ငါတို့အတွက်လည်း သိပ်မကောင်းဘူး"
"ဟားဟားဟား.. ဘာကြောက်နေစရာရှိလဲ။ ငါတို့ရဲ့ဖြစ်တည်မှုကို တစ်ကမ္ဘာလုံးသိသွားတော့ရော ဘာအရေးလဲ။ ဘယ်သူက ငါတို့ကို အပြစ်ပေးနိုင်စွမ်းရှိလို့လဲ"
"ငါပြောတဲ့စကားကို မင်းနားမဝင်ဘူးလား"
ဟွိုက်ကျဲ၏ မျက်လုံးထဲမှ စူးရှသောအလင်းတန်းများ တောက်ပလာသည်။
ထိုလူသန်ကြီးလည်း ချက်ချင်းပါးစပ်ပိတ်သွားသည်။ ကြည့်ရသည်မှာ ခပ်ပိန်ပိန်လူငယ်လေးကို သူ အလွန်ကြောက်ရွံ့လေဟန်တူသည်။ နုနယ်ဟန်တူသော သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားမှာ ထင်ထားတာထက် ပိုကြောက်မက်ဖွယ်ကောင်းလှသည်။
"နောက်ကျသွားပြီ"
လျှပ်တစ်ပြက်အတွင်းမှာပင် လူတိုင်းကို အမှောင်ထုကြီးတစ်ခု ကြီးစိုးသွားပြီး ယနေ့ သူတို့ထဲကတစ်ယောက်မှ ဤနေရာက အသက်ရှင်လျက်ထွက်သွားနိုင်မည် မဟုတ်တော့ပေ။
ထိုလူသန်ကြီးကလည်း တဟားဟားအော်ရယ်လျက် ရှေ့သို့ လှမ်းလာသည်။ သူ့ခြေလှမ်းတစ်လှမ်းစီတိုင်းတွင် မြေပြင်ကား သူ့ခြေဖဝါးအောက်၌ ကွဲအက်သွားခဲ့သည်။
"ကောင်းကင်ထက်က အံ့ဖွယ်မိုးကြိုးသံတစ်သံ.. အကြင်သူဟာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့နည်းလမ်းနဲ့ ဝင်ရောက်လာတယ်!
မသတီစရာကောင်းသော အသံတစ်သံက အဆောက်အအုံတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားသည်။
"ဘယ်သူလဲ"
လူသန်ကြီးကလည်း တိုက်ခိုက်ရန် ချက်ချင်းအသင့်ပြင်လိုက်သော်ငြား သူ့ပတ်ပတ်လည်တွင် မည်သည့်စွမ်းအင်အတက်အကျကိုမှ အာရုံမခံမိပေ။
ခဏအကြာ မူမမှန်သော ပုံရိပ်များက အဆောက်အအုံပတ်ပတ်လည်တွင် ပေါ်ပေါက်လာလေရာ ထိုရှစ်ယောက်၏ အမူအရာများမှာ သိသိသာသာပြောင်းလဲသွားသည်။
"တီ တီ တီ!"
ထိတ်လန့်ဖွယ်ကောင်းသော နံပါတ်များက ထိုအမျိုးသမီးအဖွဲ့ဝင်များ၏ မျက်မှန်ထက်၌ ပေါ်ပေါက်လာခဲ့သည်။
"စွမ်းအင်ပြင်းအား ၂၉ ၂၉ ၂၉... စုစုပေါင်း စွမ်းအင်ပြင်းအား၂၉ယူနစ်ရှိတဲ့ လူအယောက်တစ်ရာ!"
"ဘာ? ဟွာရှားနိုင်ငံမှာ ဘယ်လိုလုပ်ပြီး ဒီလောက်များတဲ့..."
"အား!"
"အား!"
"အဟွတ် အဟွတ်"
ထိုအချိန်မှာပင် ရုပ်ရွှေ့ပြောင်းလာသည့်အလား သူတို့မျက်စိရှေ့သို့ လူငယ်လေးနှစ်ယောက် ပေါ်လာခဲ့သည်။
တစ်ယောက်က အနက်ရောင်ဝတ်ထားပြီး အမူအရာကား မပြောင်းလဲပေ။ ကျန်တစ်ယောက်ကတော့ ညအိပ်ဝတ်စုံနှင့် ဖိနပ်အပါးကိုဝတ်ဆင်ထားပြီး ထောင့်နားတွင် ငုံ့ကိုင်းလျက် အပြင်းအထန်အန်နေချေသည်။
"ယဲ့ရင်.. မင်း သောက်ကျိုးနည်း ဘာဖြစ်နေတာလဲ။ ဘာလို့ တအားရွံဖို့ကောင်းရတာလဲ"
ကျန်းမုန့်လောင်က အန်နေရင်း ဆဲဆိုနေသည်။
"မစ္စတာကျန်း.. ကျွန်တော်လည်း မတတ်နိုင်ဘူးလေ။ လူကြီးမင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက အရမ်းအားနည်းနေတာ။ ရုပ်ရွှေ့ပြောင်းပြီးတဲ့နောက် ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတချို့ကတော့ သေချာပေါက်ရှိမှာပဲ"
"သောက်ကျိုးနည်း..ငါသာကြိုသိရင် လိုက်မလာပါဘူး။ အား..."
"မင်းက ဘယ်သူလဲ"
"သေရွာပြန်"ရှစ်ယောက်လည်း သတိကြီးကြီးထားလိုက်ကြသည်။ လူ၁၀၂ယောက် ရုတ်တရက်ပေါ်လာသည့်အပြင် အရူးအမူးအန်နေသော လူငယ်လေးကလွဲ၍ တစ်ယောက်မှ သူတို့ထက် အားမနည်းပေ။
"မင်းက ဟွိုက်ကျဲလား? မင်းက အိုကန်လား။ မင်းကတော့ မီဇူဟာနာကေ့စ်..."
ကျန်းမုန့်လောင်က ထိုလူရှစ်ယောက်၏နာမည်ကို ရွတ်ပြလိုက်သည်။
"မင်းက ဘယ်သူလဲကွ"
သူတို့၏အထက်လူကြီးများပင် သူတို့ရှစ်ယောက်၏နာမည်ကို မသိကြပေ။
"သြော် ငါ့ကိုယ်ငါမိတ်ဆက်ဖို့ မေ့သွားတယ်။ ငါ့အွန်လိုင်းနာမည်က ကုထျန်းလဲ့.. သာမန်လူချောလေးတစ်ယောက်ပေါ့"
"မင်းက အဲဒီလူလား"
ကျန်းမုန့်လောင်ကိုကြည့်သော အိုကန်၏အကြည့်က မနှစ်မြို့လေဟန်အမူအရာများ ပေါ်ပေါက်လာသည်။
"ဒါပေမဲ့ ငါ့မှာ ကိုင်ဘွန်နာမည်ရှိသေးတယ်။ မင်းတို့ ငါ့ကို ခန်းမန်ခိုင်းလဲ့လို့ ခေါ်လို့ရတယ်!"
************