အခန်း (၄၁၄)
Vol. 28 Ch. 414
"ခန်းမန်ခိုင်းလဲ့… ဟွာရှားလူမျို.. ငါတို့ကို ဟွာရှားဘာသာစကား နားမလည်ဘူးများ ထင်နေလား"
ဟွိုက်ကျဲက အံတင်းတင်းကြိတ်လျက် ကျန်းမုန့်လောင်ကို ပြောလိုက်၏။
ပင်မနတ်ဘုရားကမ္ဘာတွင် ဘာသာစကားတစ်မျိုး သင်ယူရခြင်းမှာ အလွန်လွယ်ကူချေသည်။ အမှတ်အနည်းငယ်မျှဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ဘာသာစကားများကို ကျွမ်းကျင်စွာ တတ်မြောက်နိုင်သည်။ ထို့ကြောင့် ကျန်းမုန့်လောင်၏စကားထဲရှိ လှောင်ပြောင်သံနှင့် ထေ့ငေါ့သံတို့ကို သူတို့ နားလည်သည်။
"အိုး? မင်းက ဟွာရှားဘာသာစကာကို နားလည်တယ်လား"
ကျန်းမုန့်လောင် အပြုံးတစ်ပွင့်ဆင်မြန်းရင်း ပြောလိုက်၏။
"ကြည့်ရတာတော့ ငါတို့ဟွာရှားနိုင်ငံရဲ့ ယဉ်ကျေးမှုလွှမ်းမိုးနိုင်စွမ်းက နှစ်နှစ်အတွင်း ပိုပိုပြီးအင်အားကောင်းလာတာပဲ။ အဲဒီသီချင်းစာသားက ဘယ်လိုနေလဲ။ အခုဆိုရင် ဟွာရှားဘာသာစကားကို တစ်ကမ္ဘာလုံးက ပြောနေကြပြီပဲ။ ငါတို့ရဲ့ဘာသာစကားကို နိုင်ငံတကာက သုံးနှုန်းနေကြပြီ"
"တော်လိုက်တော့"
ဟွိုက်ကျဲ၏အကြည့်က ကျန်းမိသားစု၏ တော်ဝင်အစောင့်များကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ စွမ်းအင်ပြင်းအား၂၉ယူနစ်ရှိသော လူအယောက်တစ်ရာပင်။
လူ့အဖွဲ့အစည်းကြီးက ဘာတွေဖြစ်နေပြီလဲ?
ပင်မနတ်ဘုရားကမ္ဘာတွင် လူသားများမှာ သူတို့၏အလားအလာများကို ကျော်ဖြတ်ပြီး သေရေးရှင်ရေးအခြေအနေများမှ သူတို့ကိုယ်တိုင် ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် ပင်မနတ်ဘုရားကမ္ဘာမှ သူတို့ ထွက်မလာခင်က ဤခွန်အားအဆင့်ကို ကျော်ဖြတ်နိုင်သူမှာ အလွန်နည်းလှသည်။
သူတို့၏တိုက်ခိုက်ရေးစွမ်းအားမှာ ကမ္ဘာပေါ်ရှိ အခြားလူများထက် ပြိုင်ဘက်ကင်းသည်။ ကိုင်ဘွန်နိုင်ငံရှိ "လူသားနတ်ဘုရား"ဟု သတ်မှတ်ခံရသော ထိုလူပင် သူတို့နှင့်တွေ့လျှင် သတိကြီးကြီးထား၍ ခယကြရမည်သာ။
ဒုတိယကမ္ဘာနှင့်ပတ်သက်သော သတင်းအချက်အလက်များကို သိရပြီးနောက် သူတို့ ပို၍ပင် မောက်မာလာကြသည်။ သူတို့ထဲက တစ်ယောက်မှ စွမ်းအင်ပြင်းအားယူနစ်နှစ်ဆယ်ကျော် မရှိပေ။ မည်သူကမှ သူတို့အား စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိသောကြောင့် ဤတစ်ကမ္ဘာလုံးကို ဝရုန်းသုန်းကားဖြစ်အောင် လုပ်နိုင်စွမ်းရှိသည်။
ကိုင်ဘွန်နိုင်ငံရှိ ထိပ်တန်းပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရချိန်မှာပင် သူတို့ကို မည်သူကမှ အာဏာပြနိုင်ခြင်းမရှိပေ။ လုပ်ငန်းအရ ပူးပေါင်းဆောင်ရွက်နေခြင်းသာ ဖြစ်၏။
ဤမစ်ရှင်အတွက် ဆုလာဘ်ကလည်း အမေရိကန်ဒေါ်လာ၁၀၀ဘီလီယံဖြစ်၏။
အစကတော့ ဤမစ်ရှင်မှာ အလွန်ရိုးရှင်းလှသည်ဟု သူတို့ ထင်ခဲ့မိသည်။ စနစ်ကို မဟက်ခ်နိုင်ခဲ့သည့်တိုင် ပြန်ပေးဆွဲသည့်နည်းလမ်းလည်း ရှိသေးသည်။
ဟွာရှားနိုင်ငံရှိ အသန်မာဆုံးစိတ်စွမ်းအားရှင်မှာ အဆင့်ကိုးမျှသာ ရှိ၏။ ထိုလူကလည်း သူတို့အား ယှဉ်နိုင်မည်မဟုတ်ပေ။
ကိုင်ဘွန်နိုင်ငံရှိ ထိုငတုံးများ၏ အချက်အလက်ကား မှားနေပေသည်။
ဟွာရှားနိုင်ငံတွင် ကြောက်ဖို့ကောင်းသော ဟက်ကာများ ရှိရုံသာမက ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားများလည်း ရှိသည်။ ကိုင်ဘွန်နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်းက အလကားအလေလိုက်နေကြခြင်းလေလား။
သို့သော် "သေရွာပြန်"အုပ်စုကတော့ သိပ်စိုးရိမ်ခြင်းမရှိ။ အံ့ဩပြီး စိုးရိမ်သွားရုံမျှသာ ဖြစ်သည်။
စွမ်းအင်ပြင်းအား၂၉ချင်းတူနေသည့်တိုင် တိုက်ခိုက်ရေးခွန်အားမှာ တူညီနိုင်ခြေမရှိပေ။ သူတို့သည် ပင်မနတ်ဘုရားကမ္ဘာမှ အံ့ဖွယ်ကောင်းသောစွမ်းအားများနှင့် ပစ္စည်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။
အရေးအကြီးဆုံးမှာ သူတို့အားလုံးသည် ခန္ဓာကိုယ်ထဲရှိ ဗီဇစွမ်းအားများကို လှုံ့ဆော်ထားပြီးဖြစ်၏။ ဟွိုက်ကျဲဆိုလျှင် ဗီဇစွမ်းအားအဆင့်ငါးအထိ မြှင့်တင်ထားနိုင်သည်။ ကျန်ခုနစ်ယောက်မှာ အဆင့်လေးဖြစ်၏။ သူတို့၏စွမ်းအားများကို ထုတ်လွှတ်လိုက်သည်နှင့် တိုက်ခိုက်ရေးခွန်အားများကလည်း အဆမတန်တိုးတက်လာလိမ့်မည်သာ။
စွမ်းအင်ပြင်းအားတူနေသည့်တိုင် သူတို့ဘက်က ပိုအစွမ်းထက်သည်ဟု အပြည့်အဝယုံကြည်မှုရှိနေပေသည်။
ထိုကဲ့သို့ အစွမ်းထက်လှသော လူအယောက်တစ်ရာနှင့် ယှဉ်တိုက်ရမည်ဆိုလျှင်ပင် သူတို့ လုံးဝမကြောက်ပေ။
"မင်း..မင်းက.. ကျန်းမုန့်လောင်လား"
ကုယွမ်ဝူလည်း ကျန်းမုန့်လောင်ကို ချက်ချင်းမှတ်မိလိုက်သည်။ အမတဆေးလုံးကို ကျန်းမုန့်လောင်၏ခွေးက စားသွားသည့်အဖြစ်ကို သူ လုံးဝမမေ့နိုင်သေးပေ။
"ခေါင်းဆောင်ကုလား။ တိုက်ဆိုင်လိုက်တာဗျာ.. ခင်ဗျား ဒီမှာဘာလုပ်နေတာလဲ"
"သိပ်မကြာခင်ကပဲ ငါတို့ရဲဘော်တွေကို ဆုံးရှုံးလိုက်ရလို့။ ရက်ပေါင်းများစွာ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာမှ ငါတို့ ဒီနေရာကို ရှာတွေ့ခဲ့တာ"
ကုယွမ်ဝူလည်း လေးနက်လှသော လေသံဖြင့် ပြောလိုက်၏။
"ဟွာရှားလူမျိုး… မင်းတို့ဘက်က လူများတာနဲ့ပဲ ငါတို့ ကြောက်လိမ့်မယ်ထင်လား"
ဟွိုက်ကျဲ၏မျက်နှာထက်တွင် အကြောက်တရားဟူ၍ နည်းနည်းမှ မရှိပေ။ ပင်မနတ်ဘုရားကမ္ဘာတွင် ယခုထက်ပိုဆိုးဝါးသော အန္တရာယ်များနှင့် စိတ်ပျက်ဖွယ်အခြေအနေပေါင်းစုံကို သူတို့ တွေ့ကြုံခံစားခဲ့ရပြီးဖြစ်လေရာ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်အားကလည်း ဟိုးယခင်ကတည်းက အဆင့်မြင့်နေပြီးသားပင်။
"မင်းတို့ရဲ့ခွန်အားကြောင့် ငါတို့ အံ့ဩမိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီလောက်ပဲ။ အံ့ဩတယ်ဆိုရုံပဲ။ ပင်မနတ်ဘုရားကမ္ဘာဆိုတာ ဘယ်လောက်အံ့ဩဖို့ကောင်းလဲဆိုတာ မင်းတို့သေမျိုးတွေကတော့ သိမှာမဟုတ်ဘူး"
"ကျန်းမိသားစုက ဘယ်လောက်အစွမ်းထက်လဲဆိုတာ မင်းတို့သေမျိုးတွေ ဘယ်တော့မှနားလည်မှာမဟုတ်ဘူး"
ကျန်းမုန့်လောင် ပထမဆုံးအကြိမ်အဖြစ် အမျက်ခြောင်းခြောင်းထွက်မိသည်။
"ယဲ့ရင် သူတို့ကို မသေမရှင်ဖြစ်အောင် ရိုက်နှက်ပစ်လိုက်"
"ဟုတ်ကဲ့ မစ္စတာကျန်း"
ကျန်းမုန့်လောင်၏အမိန့်ကို လက်ခံရရှိသောအခါ ယဲ့ရင်မှာ မူလပုံစံနှင့် မတူတော့ပေ။
ယဲ့ရင်၏လှုပ်ရှားမှုများမှာ တစ္ဆေတစ်ကောင်အလားပင်။ သူသည် ကိုင်ဘွန်လူမျိုးများ၏အလယ်တွင် ပုံရိပ်ယောင်တစ်ခုအလား ပေါ်ပေါက်လာခဲ့သည်။ သူတို့ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ရင်က တိုက်ခိုက်ပြီးနေချေပြီ။
"အံ့ဩဖို့ကောင်းလိုက်တဲ့အရှိန်"
ခပ်ပိန်ပိန်အမျိုးသမီးက တအံ့တဩရွေရွတ်လိုက်သည်။ သူတို့၏အဆင့်မြင့်အမြင်အာရုံက အနှေးပြကွက်များထက် ပိုအစွမ်းထက်သော်လည်း သူတို့ကိုယ်တိုင်ပင် ယဲ့ရင်ကို ခြေရာခံရန် မဖြစ်နိုင်ပေ။
"မဟုတ်ဘူး။ သူက အရှိန်မြှင့်ပြီး လှုပ်ရှားနေတာမဟုတ်ဘူး။ ဒီအတိုင်း ရုပ်ရွှေ့ပြောင်းနေတာ"
ဟွိုက်ကျဲ၏မျက်နှာမှာ သိသိသာသာဖြူဖျော့သွားလေသည်။
မြန်နှုန်းမြင့်လှုပ်ရှားမှုမှာ ရုပ်ရွှေ့ပြောင်းခြင်းနှင့် မတူပေ။ မြန်နှုန်းမြင့်လှုပ်ရှားမှုဆိုသည်မှာ သာမန်မျက်စိဖြင့် မြင်နိုင်ရန် ခက်ခဲသော အလွန်လျင်မြန်စွာ ရွေ့လျားခြင်းကို ညွှန်းဆိုသည်။ စင်စစ်အားဖြင့်ဆိုလျှင် ဖလက်ရှ်နှင့် စူပါဟီးရိုးများကဲ့သို့ အရှိန်နှင့် ခွန်အားကို ပေါင်းစပ်ထားခြင်းပင်။
သို့သော် လျှပ်တစ်ပြက်ရုပ်ရွှေ့ပြောင်းခြင်းကမူ မတူပေ။ ၎င်းမှာ နေရာတစ်ခုမှ အခြားနေရာတစ်ခုကို ခဏတွင်းချင်း ရွှေ့ပြောင်းသွားခြင်းပင်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာခွန်အားရှိရုံဖြင့် လုပ်နိုင်သော အရာတစ်ခုမဟုတ်ပေ။
"ဒုန်း ဒုန်း ဒုန်း…"
ယဲ့ရင်၏အရှိန်မှာ ထူးချွန်ပြောင်မြောက်လှ၏။ အသံလှိုင်းပေါက်ကွဲသံတစ်သီကြီးနှင့်အတူ လူရှစ်ယောက်မှာ တစ်နေရာတည်းသို့ လွင့်စင်သွားလေတော့သည်။
"အုန်း!"
အဆောက်အအုံတစ်ခုလုံးလည်း သူတို့၏ အပြင်းအထန်တိုက်ခတ်မှုကြောင့် ကြောက်မက်ဖွယ်အသံကြီးတစ်ခုနှင့်အတူ ပြိုကျပျက်စီးသွားသည်။ သို့သော် ထိုကိုင်ဘွန်လူမျိုးရှစ်ယောက်ကတော့ ပြုတ်ကျမသွားပေ။
"သူ့လက်အောက်မှာ ဒီလိုစွမ်းအားရှင်တစ်ယောက်လည်း တကယ်ရှိတာကိုး"
ထိုအချိန်တုန်းက ကျန်းမုန့်လောင်တစ်ယောက် ဟွာရှားနိုင်ငံသို့ ဘေးမသီရန်မခဘဲ ဘယ်လိုပြန်ရောက်လာခဲ့သလဲဆိုသည်ကို ကုယွမ်ဝူ သဘောပေါက်လိုက်လေပြီ။ သူ့အနားတွင် ထိုကဲ့သို့သော ဘော်ဒီဂတ်မျိုးရှိနေပါက ဘယ်သူကများ သူ့ကို အန္တရာယ်ပြုနိုင်မည်နည်း။
"ပင်မနတ်ဘုရားကမ္ဘာကလာတဲ့ သေရွာပြန်တွေက တကယ့်ကို တစ်မူထူးခြားတာပဲ"
ကျန်းမုန့်လောင်လည်း တအံ့တဩမရွေရွတ်ဘဲ မနေနိုင်ချေ။ ယခုအချိန်အထိ ယဲ့ရင်၏တိုက်ခိုက်မှုကို မည်သူမှ ခံနိုင်ရည်မရှိခဲ့သော်ငြား ဤအုပ်စုကတော့ ပြိုလဲမသွားပေ။
"သူ့အင်အားကလည်း ကောင်းတယ်။ အရှိန်ကလည်း မြန်တယ်။ သူလည်း အာကာသရဲ့ဥပဒေသကို နားလည်ထားတာပဲဖြစ်မယ်"
ကိုင်ဘွန်လူမျိုးရှစ်ယောက်မှာ အချင်းချင်းဆက်သွယ်လိုက်ကြသည်။
"ငါတို့အဖွဲ့ထဲမှာ ခေါင်းဆောင်တစ်ယောက်တည်းကပဲ ဒီဥပဒေသကို နားလည်ထားတာလေ။ ကမ္ဘာပေါ်မှာ ဒီလိုလုပ်နိုင်တဲ့လူတစ်ယောက်လည်းရှိသေးတာလား"
"မင်းတို့ ဘာတွေပွစိပွစိလုပ်နေတာလဲ"
ကျန်းမုန့်လောင် စိတ်မရှည်စွာပြောလိုက်၏။
"ဒီနေ့ မင်းတို့တွေအကုန်လုံး သေနေ့စေ့ပြီ။ ယဲ့ရင်.. အဲဒီထိပ်ပြောင်ရဲ့ခေါင်းကို ရိုက်ပစ်လိုက်စမ်း"
"ဟွာရှားလူမျိုး..တော်တော်မာန်တက်နေတာပဲ"
ဒေါသကြီးသော ထိုထိပ်ပြောင်အမျိုးသား၏ ဒဏ်ရာအပြည့်နှင့် မျက်နှာကား တင်းမာခက်ထန်သွားပြီးနောက် သူ့အရေပြားများမှာ အစိမ်းရောင်ပြောင်းသွားလေသည်။ သူ့အရပ်နှင့် ခန္ဓာကိုယ်ကလည်း သိသိသာသာပြောင်းလဲသွားခဲ့သည်။
ပင်မနတ်ဘုရားကမ္ဘာတွင် သူသည် ဘီလူးသွေးကို ဆက်ခံထားခြင်းဖြစ်လေရာ ပြင်းထန်လှသော သူ့အင်အားက အလွန်အမင်းဒေါသထွက်လာချိန်တွင် နိုးကြားလာသည်။
ကမ္ဘာမြေသို့ ပြန်ရောက်လာကတည်းက သူ့သွေးမျိုးဆက်ခွန်အားကို နိုးကြားလာအောင် ဖိအားပေးနိုင်ခဲ့သူ မရှိခဲ့ပေ။ အကြောင်းမှာ မည်သူကမှ သူ့အား ဤအခြေအနေအထိရောက်အောင် တွန်းမပို့နိုင်သောကြောင့်ပင်။
သို့သော် ထိုအချိန်မှာပင် ယဲ့ရင် ထပ်ပေါ်လာပြီး သူ့ခြေကျင်းဝတ်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်၏။ ခုခံ၍မရနိုင်လောက်အောင် ပြင်းထန်လှသော ဖိအားတစ်ရပ်က သူ့ခြေထောက်မှ ဆန်တက်လာပြီး တစ်ကိုယ်လုံး လေထဲသို့ ကိုင်ပေါက်ခံလိုက်ရသည်။
ထိုလူသန်ကြီးမှာ သူ မည်မျှကြိုးစားစေကာမူ ဤလက်မှ လွတ်မြောက်နိုင်ခြင်းမရှိကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
"အုန်း!"
ကျယ်လောင်လှသော ဆူညံသံတစ်ခုနှင့်အတူ သူ့ခန္ဓဦကိုယ်မှာ မြေပြင်နှင့် အပြင်းအထန်ဝင်ဆောင့်မိလေတော့သည်။
"မိုက်လိုက်တာ"
လုံရှားအဖွဲ့ဝင်များ၏ စိတ်ထဲမှာလည်း အလွန်အမင်ကျေနပ်အားရသွားသည်။ သူတို့ရဲဘော်များ ခံစားခဲ့ရသော နာကျင်မှုအတွက် ထိုလူများလည်း သွေးနှင့် အဆတစ်ရာ ပြန်ပေးဆပ်ရမည်ဟု ဆုံးဖြတ်ချက်ချထားသည်။
"ယဲ့ရင် သူ့ကို နာနာလေးရိုက်ပစ်"
ကျန်းမုန့်လောင် အော်ပြောလိုက်သည်။
အံ့ဖွယ်ကောင်းသော ခွန်အားတစ်ရပ်က ယဲ့ရင်၏ခန္ဓာကိုယ်ထဲမှ ဆန်တက်လာပြီးနောက် ထိုလူသန်ကြီးကို နောက်တစ်ကြိမ်လွှဲယမ်း၍ ခပ်ပြင်းပြင်းရိုက်ချပစ်လိုက်ပြန်သည်။
"အုန်း!"
"အုန်း!"
"အုန်း!"
**************