မင်းက အဲဒါကို Thorရဲ့တင်းပုတ်လို့ ခေါ်တယ်ပေါ့လေ
Vol. 28 Ch. 415
"ဘာတွေဖြစ်နေတာလဲ။ ငလျင်လှုပ်တာလား"
"ငါတို့နယ်မြေက ငလျင်လှုပ်လေ့ရှိတာမှမဟုတ်တာ။ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
"ဒါပေမဲ့ ရေခွက်ကြီးလှုပ်နေတာ မမြင်ဘူးလား"
"ဒီတော့ ဘာဖြစ်လဲ။ ကလေးသုံးယောက်မူဝါဒကို မိတ်ဆက်ထားတာ မကြာသေးတော့ တစ်နိုင်ငံလုံးလည်း ကလေးမွေးဖို့လုပ်ရင်း အလုပ်များနေကြတာ။ နည်းနည်းလောက်ခပ်ပြင်းပြင်းလေးလှုပ်တာ ပုံမှန်ပဲမဟုတ်ဘူးလား"
"ဒါပေမဲ့… ဒါပေမဲ့.."
"ဘာမှ"ဒါပေမဲ့"မနေနဲ့။ ငါတို့လည်း အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ရအောင်လေ.."
…..
"ဒုန်း!"
ယဲ့ရင်လည်း သူရိုက်နှက်နေသည့် သေလုမြောပါးဖြစ်နေသော လူသန်ကြီးကို အမှိုက်တစ်အလား လွှင့်ပစ်လိုက်သည်။
ယဲ့ရင်၏ခန္ဓာကိုယ်နှစ်ဖက်စလုံးတွင် နက်ရှိုင်းလှသော အချိုင့်နှစ်ခု ပေါ်လာပြီးနောက် တစ်ရာမီတာပတ်လည်တွင် အက်ကွဲကြောင်းကြီးများ ပေါ်ပေါက်လာသည်။ ဤရိုက်ချက်ကား ပြင်းထန်လှသော ငလျင်ကြီးတစ်ခုကို အလွယ်တကူလှုံ့ဆော်ပေးနိုင်စွမ်းရှိ၏။
ကံကောင်းထောက်မစွာဖြင့် ဤနေရာမှာ ဆင်ခြေဖုံးဖြစ်ပြီး ပတ်ပတ်လည်တွင် တိတ်ဆိတ်နေသော စက်ရုံများ ဝိုင်းရံထားသည်။ သို့မဟုတ်ပါက ကျယ်လောင်လှသော ဆူညံသံတစ်ခုက အနီးအနားရှိနေထိုင်သူများကို ဆွဲဆောင်နိုင်လိုက်မည်ဖြစ်၏။
ထိုသို့ဆိုလျှင်ပင် တစ်ဆယ်ကီလိုမီတာကျော်သာဝေးလံသည့် အနီးဆုံးနေရာရှိ လူနေဧရိယာမှာ ဤတုန်ခါမှုကို ခံစားနိုင်ဆဲပင်။
လက်ရှိအချိန်တွင် ထိပ်ပြောင်လူသန်ကြီးမှာ မမောက်နိုင်တော့ချေ။ သူ့ခမျာ ဝက်သေတစ်ကောင်အလား မြေကြီးပေါ်တွင် လှဲနေပြီး သွေးများလည်း စိုရွှဲကာ အရေပြားထက်တွင်လည်း နေရာအနှံ့၌ ဟက်တက်ကွဲထားသည့် ဒဏ်ရာများ ရှိနေပေသည်။ ကျန်းမုန့်လောင်၏အမိန့်ကြောင့် ယဲ့ရင်က သူ့အား တကယ်မသတ်ဘဲ မသေမရှင်ဖြစ်အောင် ရိုက်နှက်ဆုံးမခဲ့သည်။ ဤသည်မှာ နှိပ်စက်ညှဉ်းပန်းမှုနှင့် မခြားပေ။
"ဒုန်း! ဒုန်း!"
အတိုင်းသားကြားနေရသော နှလုံးခုန်သံကြောင့် ထိုလူသန်ကြီးမှာ အေးတိအေးစက်ရယ်မောလျက် မတ်တတ်ထရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထက်ရှိ ဒဏ်ရာများမှာ အလွန်လျင်မြန်လှသောအမြန်နှုန်းဖြင့် ပျောက်ကွယ်သွားလေပြီ။
တစ်ဝက်ပြီးဆုံးသွားပြီဖြစ်သော အသွင်းပြောင်းလုပ်ငန်းစဉ်မှာ အဆုံးမသတ်သေးပေ။ ထိုအခိုက်အတန့်လေးမှာတော့ သူဆက်ခံထားသော ဘီလူးသွေးခွန်အားက အလုံးစုံအသက်သွင်းလိုက်နိုင်ပြီဖြစ်၏။ ထိုမျှသာမက.. သူ့မျက်လုံးများကလည်း ဖွေးဖွေးဖြူသွားချေပြီ။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက လေထုထဲသို့ ပျံ့နှံ့လာသည်။
"နောက်ဆုတ်ကြ"
ဟွိုက်ကျဲ အမိန့်ပေးလိုက်လေသည်။
"သူ့ဗီဇစွမ်းအားကို အသက်သွင်းလိုက်ပြီ"
ဟော့ခ်၏သွေးမျိုးဆက်ကို အသက်သွင်းလိုက်သည်နှင့် လူသန်ကြီး၏ခွန်အားလည်း စွမ်းအင်ပြင်းအား၂၉ယူနစ်အထိ ရောက်သွားပြီဖြစ်၏။ ဗီဇစွမ်းအားက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားအလုံးစုံကို ထုတ်လွှတ်နိုင်စွမ်းရှိပြီး တိုက်ခိုက်ရေးစွမ်းအားကိုလည်း စွမ်းအင်ပြင်းအား၃၀ယူနစ်အထိ တိုးမြှင့်ပေးနိုင်သည်။
"တီ! တီ! တီ!"
လုံရှားတပ်ဖွဲ့ဝင် အမျိုးသမီး၏ လက်ပတ်နာရီမှ ပြင်းထန်လှသော အချက်ပေးသံတစ်သံ ထွက်ပေါ်လာသည်။ ထို့နောက် ထိုလက်ပတ်နာရီမှာ "အုန်း"ခနဲ ပေါက်ကွဲသွားလေတော့သည်။
"သူ့စွမ်းအားက… စစ်ဆေးရေးကိရိယာရဲ့အကန့်အသတ်ကိုတောင် ကျော်နေတာလား"
"စမ်းသပ်ရေးကိရိယာရဲ့ နောက်ဆုံးအကန့်အသတ်က ဘယ်လောက်လဲ"
ကုယွမ်ဝူ မေးကြည့်လိုက်သည်။
"၂၉ပါ။ ဒီလိုခွန်အားမျိုးကို ကောင်းကင်ဘုံဖျားအဆင့် ရှေးဟောင်းသိုင်းပညာရှင်အကြောင်းရေးထားတဲ့ ရှေးခေတ်စာပေတွေထဲမှာပဲ မှတ်တမ်းတင်ထားတာ။ ကျွန်မတို့ခေါင်းဆောင်က ဒီအဆင့်ကို နတ်ဘုရားအဆင့်ကိုတောင်ကျော်တဲ့ စိတ်စွမ်းအားရှင်ရဲ့အထွတ်အထိပ်အဆင့်လို့ သတ်မှတ်ထားတယ်။ ဒီလူက အဲဒီအဆင့်ကိုတောင် ကျော်သွားပြီ"
"အခုထိ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်းမရှိသေးတဲ့ စွမ်းအားတစ်ရပ်လား"
ကုယွမ်ဝူ အံတင်းတင်းကြိတ်လိုက်မိသည်။
"ကိုင်ဘွန်လူမျိုးတွေမှာ ဒီလိုစွမ်းအားမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ။ ဒီလိုအစွမ်းထက်ပုဂ္ဂိုလ်တွေသာရှိရင် ဟိုးအရင်ကတည်းက သူတို့ ကမ္ဘာကြီးကို အုပ်စိုးထားလောက်ပြီ"
"ဒီလူတွေက စွမ်းတော့စွမ်းသားပဲ"
ကျန်းမုန့်လောင်လည်း ထိုအစိမ်းရောင်အကောင်ကြီးကို စိုက်ကြည့်နေမိသည်။ ကျောင်းအုပ်လက်စွပ်က သူ့အချက်အလက်များအားလုံးကို ပြသနေသည်။
အမည် : အိုကန်
မျိုးနွယ် : လူသား (ဗီဇပြောင်း)
အလားအလာညွှန်ကိန်း : ၁၀၃
ပါရမီ : ခွန်အား၊ အရှိန်၊ ရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်အား
စွမ်းရည် : အဆုံးမဲ့ဒေါသ(E) ကိုယ်တိုင်အားဖြည့်နိုင်စွမ်း (E)
အလားအလာညွှန်ကိန်း ၁၀၃မှတ်ရှိသော ဤလူငယ်လေးမှာ အလားအလာညွှန်ကိန်း၁၂၃မှတ်ရှိသော ဟွိုက်ကျဲပြီးလျှင် ဒုတိယအများဆုံးဖြစ်၏။
ပင်မနတ်ဘုရားကမ္ဘာတွင် သူတို့၏စွမ်းရည်အလုံးစုံကို နှိုးဆွနိုင်ခဲ့ဟန်တူသည်။
"ယဲ့ရင် မင်း သူ့ကိုရင်ဆိုင်နိုင်လား"
ကျန်းမုန့်လောင်လည်း စိတ်မပူဘဲ မနေနိုင်ပေ။
"စိတ်မပူပါနဲ့ မစ္စတာကျန်း..ခင်ဗျားအဖေ ကျွန်တော်တို့ကို သင်ပေးထားတဲ့ စွမ်းရည်တွေက ဒီထက်ပိုပြီး အားကောင်းပါတယ်"
ယဲ့ရင်၏မျက်လုံးများလည်း လျှပ်တစ်ပြက်အတွင်း အဖြူရောင်သို့ ပြောင်းလဲသွားသည်။ သို့သော် အိုကန်နှင့် မတူသည်မှာ သူ့အရှိန်အဝါကား စင်စစ်တည်ငြိမ်နေသဖြင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်နေသည်။
"အဆင့်ငါးဗီဇစွမ်းအားလား။ သူက အဆင့်ငါးဗီဇစွမ်းအားကိုတောင် အသက်သွင်းနိုင်တယ်ပေါ့။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သာမန်ကမ္ဘာတစ်ခုမှာ ဘယ်သူကများ ဒီလိုလုပ်နိုင်မှာလဲ"
ဤတစ်ခေါက်တွင်မူ ဟွိုက်ကျဲလည်း ထိတ်လန့်ရလေတော့သည်။
ဒီလိုလူတစ်ယောက်ရဲ့ခွန်အားက ငါ့ထက်တော့ နိမ့်မှာမဟုတ်ဘူး!
အဆင့်ငါးဗီဇစွမ်းအားကို အသက်သွင်းနိုင်သူမှာ သူတစ်ယောက်တည်းသာ ရှိ၏။ သို့သော် ကျန်းမုန့်လောင်ဘက်တွင်မူ အယောက်တစ်ရာရှိနေပေသည်။ အကယ်၍ ထိုလူအားလုံးကသာ သူ့လို အစွမ်းထက်နေမည်ဆိုပါက အဆင့်ငါးဗီဇစွမ်းအားကို အသက်သွင်းနိုင်သော ကျွမ်းကျင်သူအယောက်တစ်ရာဖြင့်… တိုက်ခိုက်နေခြင်းကား ဘာများအကျိုးထူးမည်နည်း။
သူတို့ ချက်ချင်းဒူးထောက်ပြီး အဖေခေါ်ရလောက်သည်။
အိုကန်ခမျာ ဖျက်ဆီးနိုင်စမ်းကြီးမားသော သူ့စွမ်းအားကို ထုတ်ပြရုံသာရှိသေး။ ယဲ့ရင်က သူ့အား ကြက်ပေါက်လေးတစ်ကောင်အလား ကောက်မလိုက်၏။
"အုန်း!"
"အုန်း!"
……
"အရမ်းမိုက်တာပဲ…သူ့မှာ ဒီလောက်အစွမ်းထက်တဲ့ဘော်ဒီဂတ်မျိုး ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်ထားတာလဲ"
"ငါ ဒီမြင်ကွင်းမျိုးကို အရင်ကလည်း မြင်ဖူးတယ်။ Avengerထဲမှာလေ… ဟော့ခ်က လိုကီကို အဲဒီလိုပုံစံအတိုင်း မြေကြီးပေါ်ကို ကိုင်ပေါက်ပစ်လိုက်တာ"
"အရမ်းတော်တာပဲ။ ဒါက နတ်ဘုရားအဆင့် စိတ်စွမ်းအားရှင်အဆင့်ကိုတောင် ကျော်နေပြီမလား။ သူက ဘာလို့ အားနည်းနေသလို ပုံပေါက်နေတာလဲ"
လုံရှားတပ်ဖွဲ့ဝင်များလည်း အလွန်ထိတ်လန့်သွားကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် အခြေအနေကား ပြောင်းပြန်ဖြစ်သွားရသည်။ ပြိုင်ဘက်ကင်းသည်ဟု သူတို့တွေးထင်ခဲ့မိသော မကောင်းဆိုးဝါးကြီးမှာ ယခုတော့ဖြင့် မြေကြီးပေါ်၌ လူးလိမ့်နေရပေသည်။
"ကောင်းပြီ။ ငေးမနေဘဲ တိုက်ခိုက်တော့!"
ကျန်းမုန့်လောင် အော်ပြောလိုက်လေတော့သည်။
"ကိုင်ဘွန်လူမျိုးတစ်ယောက်ချင်းစီတိုင်းကို သတိလစ်သွားအောင် ရိုက်နှက်ပစ်။ မင်းတို့ ငါ့ကို ဘာမှငဲ့နေစရာမလိုဘူး။ သူတို့ကို သေအောင်သာ မသတ်နဲ့။ ယောကျ်ားနဲ့မိန်းမကိုလည်း ညီတူညီမျှပဲဆက်ဆံ"
"ဟုတ်ကဲ့!"
ကျန်းမိသားစု၏ ကိုယ်ပိုင်ဘော်ဒီဂတ်အယောက်တစ်ရာမှာ ယဲ့ရင်ထက်မနိမ့်သော ခွန်အားမျိုးဖြင့် ချီတက်သွားကြလေသည်။ ထိုအင်အားမှာ အလွန်ပြင်းထန်လွန်းလှသဖြင့် လေထုကိုပင် အေးခဲသွားစေသည်။
"နောက်ဆုတ်ဖို့ပြင်ကြ… ရုပ်ရွှေ့ပြောင်းရေးအစီအရင်ကိုသုံး"
သူတို့အနေနှင့် နည်းပညာအချက်အလက်များကို ရယူရန်အတွက် ဟွာရှားနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ်တစ်ယောက်ကို ပြန်ပေးဆွဲရန် မဖြစ်နိုင်တော့ကြောင့် ဟွိုက်ကျဲ ကောင်းကောင်းနားလည်လိုက်သည်။ ယခုတော့ အသက်လုပြေးနိုင်လျှင်ပင် တော်လှချေပြီ။
အမျိုးသမီးအဖွဲ့ဝင်တစ်ယောက်က လက်ကောက်ဝတ်ကို ဆတ်ခနဲလှန်၍ လက်ထဲရှိ ခရမ်းရောင်စာချွန်လွှာတစ်ခုကို ဖြန့်လိုက်သည်။ ထို့နောက် ထိုစာချွန်လွှာကို မြေကြီးပေါ်သို့ ဖြန့်ခင်း၍ အင်အားတစ်ရပ် သက်ရောက်စေလိုက်သည်။ ထိုအခါ ထိုစာချွန်လွှာထဲမှ ခရမ်းရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။
"ခေါင်းဆောင်..ကျွန်မကို ငါးစက္ကန့်လောက် အချိန်ပေးပါ"
ကိုင်ဘွန်အမျိုးသမီးက ပြောလိုက်၏။
"ငါးစက္ကန့်…"
ဟွိုက်ကျဲလည်း ကျန်းမိသားစု၏ ကိုယ်ပိုင်ဘော်ဒီဂတ်အယောက်တစ်ရာကို လှမ်းကြည့်လိုက်သည်။ ထိုလူများထဲမှ တစ်ယောက်ကိုပင် သူ ထိန်းထားနိုင်မည်မဟုတ်။ အကုန်လုံးဆိုလျှင်တော့ ပြောနေစရာပင်မလိုချေ။ ထိုလူများမှာ သူ့အား ပွဲချင်းပြီးသေသွားအောင် လုပ်ပစ်နိုင်သည်။
"သူတို့ ထွက်ပြေးဖို့ကြိုးစားနေတယ်"
ကျန်းမုန့်လောင်က တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူတို့၏ရည်ရွယ်ချက်ကို ရိပ်စားမိလိုက်သည်။ ထိုစာချွန်လွှာက ဘာအတွက်မှန်း တိတိကျကျမသိသော်ငြား ထွက်ပြေးရန် ကြံစည်နေခြင်းပင် ဖြစ်ရပေမည်။
"သူတို့ကို မလွတ်စေနဲ့"
"သေစမ်း ဟွာရှားလူမျိုး! မင်းကြောင့် ငါ့ရတနာကိုထုတ်သုံးရတော့မယ်"
ဟွိုက်ကျဲခမျာ အံတင်းတင်းကြိတ်လိုက်လေသည်။
"ငါတို့လက်ကလွတ်ဖို့ ငါ့တိုက်ကွက်ကို အရင်မြည်းကြည့်လိုက်"
ဟွိုက်ကျဲလည်း အဆင့်ငါးဗီဇစွမ်းအားကို အသက်သွင်းလိုက်သည်။ သူ့ညာဘက်လက်ဖဝါးထက်တွင် လျှပ်စီးများ စီးဆင်းလာပြီး အလွန်ရင်းနှီးနေသော တင်းပုတ်တစ်မျိုးကို ဖန်ဆင်းလိုက်၏။
"ဒါကြီးက ဘာလဲ"
ကျန်းမုန့်လောင် ထိုတင်းပုတ်ကို အမြန်ကြည့်လိုက်မိသည်။
Thorရဲ့တင်းပုတ်(တုပမှု)
စွမ်းအင်ပြင်းအား၃၅အထိ ထုတ်လွှတ်နိုင်စွမ်းရှိသော တစ်ခါသာသုံးနိုင်သည့် ပစ္စည်းတစ်ခုပင်။
"စွမ်းအင်ပြင်းအား၃၅ယူနစ်တဲ့လား"
ကျန်းမုန့်လောင် အံ့အားသင့်သွားရသည်။ ဤသည်မှာ ဟာသမဟုတ်ပေ။ ဤရိုက်ချက်တစ်ချက်ကြောင့် သူ့ကိုယ်ပိုင်ဘော်ဒီဂတ်များ အပြင်းအထန်ဒဏ်ရာရသွားနိုင်သည်။ ယဲ့ရင်ကိုယ်တိုင် အစွမ်းကုန်ထုတ်သုံးသည့်တိုင် စွမ်းအင်ပြင်းအား၃၂အထိသာ ရောက်နိုင်သည်။
"ကောထန်! Thorက ဘယ်အဆင့်မှာရှိလဲ"
ကျန်းမုန့်လောင် ခပ်မြန်မြန်မေးကြည့်လိုက်သည်။
"ကျောင်းအုပ်ကြီး.. Thorရဲ့အဆင့်က စွမ်းအင်အဆင့်၃၉ဖြစ်ပြီး သူ့အစွမ်းကိုသုံးမယ်ဆိုရင်တော့ တစ်စက္ကန့်ကို ခွန်အားအမှတ်၁၀၀ကုန်ကျမှာပါ"
"Thorရဲ့တင်းပုတ်ကရော"
"တစ်မိနစ်ကို အမှတ်တစ်ရာပါ"
"ငါ ငါးမိနစ်စာသုံးမယ်"
ကျန်းမုန့်လောင် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်၏။
အမှတ်တစ်ထောင်သုံးရလည်း ဘာအရေးလဲ? ဤသားရဲအုပ်စုကို သူ ဒီနေ့ ဒီနေရာမှာတင် အပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ချက်ချထားသည်။
"ဇစ်!"
ကျန်းမုန့်လောင်၏ပတ်ပတ်လည်တွင် လျှပ်စီးများ ဖြာထွက်လာသည်။
"မင်းရဲ့အရုပ်တင်းပုတ်လောက်ကိုများ Thorရဲ့တင်းပုတ်လို့ ခေါ်ရဲတယ်ပေါ့"
**************