ဒီကိစ္စမပြီးသေးဘူး
Vol. 28 Ch. 416
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဟွိုက်ကျဲ၏အာရုံမှာ ကျန်းမုန့်လောင်ထံသို့ ရုတ်တရက်ကျရောက်သွားသည်။
ကျန်းမုန့်လောင်က နားလည်ရခက်လှသော ဤလူတစ်စု၏ ခေါင်းဆောင်ဖြစ်သော်ငြား သူ့အဆင့်ကတော့ စွမ်းအင်ပြင်းအား၁၀ယူနစ်ပင် မရှိသောကြောင့် ဟွိုက်ကျဲ၏အာရုံကို ဆွဲဆောင်ရန် မဖြစ်နိုင်ပေ။
သို့သော် ယခုတော့ ကျန်းမုန့်လောင်ထုတ်လွှတ်နေသော စွမ်းအားမှာ သူ့အား ကြောက်လန့်စေသည်။ ပင်မနတ်ဘုရားကမ္ဘာတွင် နောက်ဆုံးအဆင့် ဘော့စ်များနှင့် ရင်ဆိုင်ရချိန်မှသာ သူ ခံစားမိသော အကြောက်တရားမျိုးပင်။
အမတမိစ္ဆာ၊ "ဓားနှင့်နတ်သမီးပုံပြင်"ထဲမှ လကိုးကွယ်ရေးဂိုဏ်းခေါင်းဆောင်၊ "ရှုတောင်တန်း"မှ သွေးမိစ္ဆာ၊ "မံမီ"ထဲမှ အစတေးခံများ စသဖြင့်ပင်။
ထိုကဲ့သို့သော စူပါဘော့စ်များကို အနိုင်ယူရန်အတွက် ထိပ်တန်းကမ္ဘာကူးပြောင်းသူများပင် ကြီးမားလှသော အဖိုးအခကို ပေးဆပ်ရမည်ဖြစ်၏။ လက်ဗလာနှင့် ရင်ဆိုင်နေသော ဟွိုက်ကျဲလိုလူတစ်ယောက်အတွက်တော့ သေခြင်းတရားကို လက်ယပ်ခေါ်နေသည့်အလားပင်။
ကျန်းမုန့်လောင်၏လက်ထဲရှိ တင်းပုတ်မှာ ပို၍ပင် အံ့ဩဖို့ကောင်းနေသည်။
သူကိုင်ထားသော Thor၏တင်းပုတ်မှာ အတုဖြစ်၏။ သို့သော် မူရင်းထက် စွမ်းအားတစ်ဝက်ခန့်ပင် ပိုထုတ်လွှတ်နိုင်သေးသည်။ ပင်မနတ်ဘုရားကမ္ဘာ၏ အဆင့်သတ်မှတ်အရ Thor၏တင်းပုတ်မှာ Sအဆင့်ပစ္စည်းတစ်ခုဖြစ်၏။ ဟွိုက်ကျဲအနေနှင့် ထိုအစွမ်းထက်လက်နက်ကို အဖိုးအခကြီးကြီးပေး၍ လဲလှယ်ခဲ့ရသည်။ ဤလက်နက်မှာ သူ့အသင်းကို ပင်မနတ်ဘုရားကမ္ဘာမှ အသက်ရှင်လျက် ပြန်ထွက်လာနိုင်သော လုပ်ပေးခဲ့သော နောက်ဆုံးအားကိုးရာတစ်ခုဖြစ်၏။
ဤတင်းပုတ်ဖြင့် ဧကရာဇ်ချင်းရှီဟွမ်း၏ ခေါင်းသုံးလုံးနဂါးမှ ခေါင်းတစ်လုံးကိုပင် ခုတ်ဖြတ်နိုင်ခဲ့သည်။
သို့သော် ကျန်းမုန့်လောင်၏တင်းပုတ်က သူ့တင်းပုတ်နှင့် ဆင်တူသော်လည်း သူ့လက်ထဲရှိ Thor၏တင်းပုတ်မှာ ကြောက်လန့်ပြီး တုန်ယင်နေကြောင်း ခံစားမိသည်။ ဤသည်မှာ အကြောက်တရား၏တုန်လှုပ်မှုပင်။
"မင်းတို့တွေအားလုံး သေပေတော့"
ကျန့်မုန့်လောင်၏ခန္ဓာကိုယ်မှာ မြားတစ်စင်းအလား အရှေ့သို့ ဆန်တက်သွားလိုက်သည်။ အရည်ကြည်အဖြစ် ပြောင်းလဲလုမတတ် ပြင်းထန်လှသော အပြာရောင်အလင်းတန်းကလည်း ထိုတင်းပုတ်မှ ဖြာထွက်နေသည်။
"ဟွာရှားလူမျိုး.. မင်းကိုယ်မင်း Thorလို့ထင်နေတာလား"
ဟွိုက်ကျဲကလည်း သူ့လက်ထဲရှိ တင်းပုတ်ထဲသို့ စွမ်းအားအလုံးစုံကို စုစည်းလိုက်လေရာ သူ့ခန္ဓာကိုယ်အနှံ့တွင် လျှပ်စီးများ စီးဆင်းနေချေသည်။
"ဆောရီးပဲ.. ဒီငါးစက္ကန့်အတွင်းမှာတော့ ငါက Thorပဲ!"
"အုန်း!"
Thor၏တင်းပုတ်နှစ်ခု တိုက်ခတ်မိကြသည်။ ဟွိုက်ကျဲ၏တင်းပုတ်ခမျာ နက်ရှိုင်းလှသော အက်ကွဲကြောင်းများ ချက်ချင်းပေါ်လာခဲ့သည်။ ထို့နောက် ပြင်းထန်လှသော ပေါက်ကွဲမှုတစ်ခုနှင့်အတူ ထိုတင်းပုတ်လည်း သတ္တုအပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဖယ်ရှားခံလိုက်ရသော လက်ကျန်ခွန်အားကလည်း ဟွိုက်ကျဲ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာရိုက်ခတ်ပစ်လိုက်လေတော့သည်။
သူ့ရင်ဘတ်တွင် အခေါင်းပေါက်ကြီးတစ်ခု ပေါ်လာသော်ငြား ဗီဇစွမ်းအားကို အသက်သွင်းထားသောကြောင့် ခန္ဓာကိုယ်ထက်ရှိ နာကျင်မှုများကို ပိတ်ဆို့ထားနိုင်လေသည်။ သူသည် အသက်ဆက်ရှင်လိုစိတ် ရှိနေသောကြောင့် အော်သံတစ်ချက်မထွက်သလို လဲလည်းမလဲကျသွားပေ။
"သေပေတော့"
ကျန်းမုန့်လောင်ကလည်း ထိုသို့အော်ဟစ်လျက် Thor၏တင်းပုတ်ကို တစ်ဖန်မြှောက်လိုက်လေသည်။
"သူ့မှာ ဒီလိုခွန်အားမျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
ဟွိုက်ကျဲ၏သူငယ်အိမ်များမျာ အဆပေါင်းများစွာ ပြူးကျယ်သွားရသည်။ ကျန်းမုန့်လောင်ထံမှ နောက်တစ်ချက်ထပ်ရိုက်ခံရလျှင် သူ့အသက်ကို ဆုံးရှုံးရမည်ကို ကြောက်ရွံ့သွားရသည်။
"မဖြစ်ဘူး။ ငါသေလို့မဖြစ်ဘူး။ ငါက အခုမှ ပင်မနတ်ဘုရားကမ္ဘာက ထွက်လာခါစပဲရှိသေးတာ။ ငါ နှစ်ဝက်လောက်ပဲ ပျော်ရသေးတယ်။ ဒီလိုပုံစံနဲ့သေလို့ ဘယ်ဖြစ်မှာလဲ"
ဟွိုက်ကျဲ၏မျက်နှာထက်တွင် ကြမ်းတမ်းခက်ထန်မှုများ ပေါ်ပေါက်လာပြီးနောက် မသေမရှင်ဖြစ်နေသော အိုကန်ကို ကောက်မ၍ ကျန်းမုန့်လောင်ထံသို့ ပစ်လိုက်လေသည်။
"ဟွိုက်ကျဲ"
အခြားအသင်းသားများမှာ သူ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်သွားလေသည်။
ထိုကမ္ဘာထဲတွင် သူတို့ အတူဖြတ်သန်းလာခဲ့ပြီးနောက် သေခြင်းတရားနှင့်လည်း အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော် ဟွိုက်ကျဲက သူ့အသင်းသားများကို ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ဖူးပေ။ ယခုလို အကာအကွယ်အဖြစ် အသုံးပြုဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေ။
သို့သော် ယခင်တိုက်ပွဲများတွင် သူတို့ဘာသာ အဆင့်ကျော်ဖြတ်ပြီး စိန်ခေါ်နေနိုင်သရွေ့ ရှင်သန်လွတ်မြောက်နိုင်ခြေတစ်ခုက အမြဲရှိနေခဲ့သည်။
သို့သော် သူတို့ရှေ့ရှိ ဟွာရှားလူမျိုးကတော့ အလွန်အစွမ်းထက်လှပေသည်။ အစွမ်းထက်လွန်းသဖြင့် အသက်ရှူကျပ်ရသည်အထိပင်။ ခုခံချင်စိတ်များပင် ပျောက်ဆုံးရသည်။ သူ့စွမ်းအားကို အကုန်ထုတ်သုံးလျှင်ပင် ထိုခွန်အားကွာဟမှုကို ကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
ထို့ပြင် စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသော စူပါစွမ်းအားရှင်အယောက်တစ်ရာလည်း ရှိသေးသည်။
"ဒါက ငါ မင်းတို့ကို ပင်မနတ်ဘုရားကမ္ဘာမှာ ကယ်ပေးခဲ့တဲ့အတွက် ပြန်ပေးဆပ်ရတာလို့ သဘောထားလိုက်ပေါ့"
ဟွိုက်ကျဲက ကျန်လူများကိုလည်း ဖမ်းဆုပ်ပြီးနောက် ကျန်းမုန့်လောင်ထံသို့ တစ်ယောက်ပြီးတစ်ယောက် ပစ်လိုက်လေသည်။
"ဟွိုက်ကျဲ မင်း…"
"ဟင့်အင်း ငါမသေချင်ဘူး"
"အား!"
သူတို့ အသည်းအသန်ရုန်းကန်ပါသော်ငြား အဆင့်ငါးဗီဇစွမ်းအားကို အသက်သွင်းထားသော ဟွိုက်ကျဲ အလွန်သန်မာလွန်းလှ၏။ သူတို့ခမျာ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
"သွားစမ်း! မင်းတို့တွေအားလုံး ဝေးဝေးသွားစမ်း!"
တင်းပုတ်ကိုင်ထားသော ကျန်းမုန့်လောင်က ထိုကိုင်ဘွန်လူမျိုးများကို လွင့်ထွက်သွားအောင် လုပ်ပစ်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ ဤလူများက ဟွာရှားလူမျိုးများကို သတ်ဖြတ်ခဲ့သောကြောင့် သေသင့်လေသည်။ ကျန်းမုန့်လောင် သူတို့ကို နည်းနည်းမျှပင် မညှာတာခဲ့ပေ။
သို့သော် ဟွိုက်ကျဲကတော့ အချိန်လုံလုံလောက်လောက်ရသွားသည်။
ငါးစက္ကန့်ကြာသောအခါ ခရမ်းရောင်အလင်းတန်းတစ်ခုနှင့်အတူ ဟွိုက်ကျဲက တဟားဟားရယ်မောလျက် ထိုနေရာမှ ပျောက်ကွယ်သွားလေတော့သည်။
"ရုပ်ရွှေ့ပြောင်းရေးအစီအရင်တစ်ခုလား"
ကျန်းမုန့်လောင်၏အစွမ်းများလည်း မှေးမှိန်ပျောက်ကွယ်သွားသည်။ သူ့အမူအရာကတော့ စိတ်သက်သာရာရသွားခြင်းမရှိ။ ဤလူများက ပင်မနတ်ဘုရားကမ္ဘာမှ ရောက်လာခဲ့ပြီး သူတို့အား ပြဿနာတော်တော်ပေးသွားခဲ့သည်။ အဆုံးမှာ ဟွိုက်ကျဲကို လွတ်သွားရသည်။
"မစ္စတာကျန်း.. ဒီလူတွေကို ဘယ်လိုလုပ်လိုက်ရမလဲ"
ယဲ့ရင်က ကျန်းမုန့်လောင် တင်းပုတ်ဖြင့်ရိုက်နှက်ခဲ့သော ထိုကိုင်ဘွန်လူမျိုးများကို အနားသို့ ဆွဲခေါ်လာသည်။
"သူတို့ အသက်ရှူနေတုန်းပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ကုသနိုင်စွမ်းက တော်တော်ကောင်းတယ်။ ရက်ပိုင်းလောက်အနားယူပြီးရင် အပြည့်အဝပြန်သက်သာလာမှာပါ။ ကျွန်တော်တို့ သူတို့ကို သတ်လိုက်ရမလား"
"ခင်ဗျားတို့ရော ဘယ်လိုသဘောရလဲ"
ကျန်းမုန့်လောင်က လုံရှားတပ်ဖွဲ့ဝင်များကို ကြည့်လိုက်သည်။
"သတ်ပစ်! ငါတို့ရဲ့ရဲဘော်တွေအတွက် လက်စားချေမယ်!"
"ဟုတ်တယ်! ငါတို့ သူတို့ခန္ဓာကိုယ် တစ်စစီစုတ်ဖြဲပြီး ငါတို့ရဲဘော်တွေ ခံစားခဲ့ရတာထက် အဆပေါင်းများစွာနာကျင်ခံစားခိုင်းမယ်!"
သူတို့ရဲဘော်များ ခံစားခဲ့ရသည့် ဆိုးဝါးလှသော အဖြစ်အပျက်ကို ပြန်တွေးမိလျှင် ဤကိုင်ဘွန်လူမျိုးများကို တစ်ပိုင်းတစ်စီဖြစ်အောင် လုပ်ပစ်ချင်စိတ်ပေါက်သည်။
"နေဦး။ ငါ့မှာ နည်းလမ်းကောင်းတစ်ခုရှိတယ်"
ကျန်းမုန့်လောင် သရော်လိုက်လေသည်။
"တစ်ခါတလေကျရင် သေခြင်းတရားက အဆိုးဆုံးမဟုတ်သေးဘူး။ သေတာထက်ပိုဆိုးတဲ့ ကံကြမ္မာမျိုးကမှ အဖြစ်အဆိုးဆုံးပဲ"
"ဟုတ်သားပဲ.. မင်း နဂါးဘုရင်ကို ဘယ်လိုထိန်းချုပ်ခဲ့တာလဲ"
ကျန်းမုန့်လောင်က ယဲ့ရင်ကို မေးလိုက်၏။
"ရေစွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူက ငါတို့လယ်ကွင်းပေါ်မှာ မိုးအတုရွာပေးနေရတယ်မလား"
"မစ္စတာကျန်း.. ကျွန်တော်တို့မှာ လူတွေကိုထိန်းချုပ်နိုင်တဲ့ ပြဒါးရှင်လုံးတစ်မျိုးရှိပါတယ်။ သူတို့သာ မကြာမကြာဖြေဆေးမရဘူးဆိုရင် ပြင်းထန်တဲ့နာကျင်မှုတစ်ခုကို ခံစားရပြီး ဦးနှောက်တောင် ထိခိုက်သွားနိုင်ပါတယ်"
"အဲဒီဆေးကို သူတို့ပါးစပ်ထဲ ထိုးထည့်လိုက်"
ကျန်းမုန့်လောင် အမိန့်ပေးလိုက်လေသည်။
ထို့နောက် ကိုင်ဘွန်လူမျိုးတစ်ယောက်ချင်းစီကို ကြည့်လိုက်၏။
"နတ်ဘုရားစွမ်းအင်နဲ့မွေးဖွားလာတဲ့ ဟော့ခ်မျိုးဆက်"
"ဒီတစ်ယောက်ကို အာဖရိကမိုင်းတွင်းကိုခေါ်သွားလိုက်။ တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နဲ့ သောကြာနေ့မှာ စိန်တွင်းကိုတူးခိုင်းပြီး အင်္ဂါနေ့၊ ကြာသပတေးနေ့နဲ့ စနေနေ့မှာ ရွှေတွင်းတူးခိုင်း။ တနင်္ဂနွေနေ့မှာ ကျောက်မီးသွေးမှာ အလုပ်လုပ်ခိုင်း။ တစ်နှစ်ပတ်လုံး လုံးဝအနားမပေးနဲ့။ ပင်ပန်းပြီးသေတဲ့အထိ အလုပ်လုပ်ခိုင်း။ ပင်ပန်းပြီး သေမသွားဘူးဆိုရင်တော့ အသက်ကြီးလာပြီး သေတဲ့အထိ အလုပ်လုပ်ခိုင်းလိုက်"
"မီးလျှံနဲ့ ကျောက်ရည်ပူတွေကို ထိန်းချုပ်နိုင်စွမ်းရှိသူ"
"သူ့ကို ရေပူစမ်းကိုလွှတ်ပြီး နေ့တိုင်း အပူပေးခိုင်းလိုက်"
"လေစွမ်းအားရှင်? သူ့ကို လျှပ်စစ်ထုတ်လုပ်တဲ့ လေအားထုတ်လုပ်ရေးဌာနကို ပို့လိုက်"
"တိရစ္ဆာန်ထိန်းချုပ်သူတဲ့လား။ ငါတို့ဆီမှာ စားကျက်မြေတွေ အများကြီးရှိတယ်မလား။ သူ့ကို သိုးထိန်းခိုင်းလိုက်"
"ကုသရေးနဲ့သန့်စင်ရေးစနစ်? ဒီတစ်ခုက ကောင်းသားပဲ။ ငါတို့စက်ရုံတွေက ထွက်တဲ့ ရေဆိုးမြောင်းတွေအကုန်လုံးကို သူ့ကို သန့်စင်ခိုင်းလိုက်"
……
"ကြမ်းလိုက်တာ!"
ကျန်းမုန့်လောင်က ထိုကိုင်ဘွန်လူမျိုးများကို သေသေသပ်သပ်ကိုင်တွယ်ပြသွားပုံကို မြင်သောအခါ ကုယွမ်ဝူမှာ သူတို့ကို သနားပင် သနားသွားရသည်။
ဤစွမ်းအားရှင်များမှာ တိုက်ပွဲများတွင် သေရမှာကို မကြောက်ကြပေ။ သို့သော် အရှက်ကွဲခြင်းမျာ သူတို့အတွက်တော့ သေတာထက်ပင် ပိုနာကျင်ရသည်။
ဤသည်မှာ ကမ္ဘာ့ထိပ်တန်းအဆင့် တိုက်ခိုက်ရေးသမားများပင်။ သွားလေရာနေရာ၌ လူတိုင်းက သူတို့ကိုမြင်သည်နှင့် တလေးတစားဆက်ဆံရမည်သာ။
တစ်ဦးချင်းခွန်အားက နိုင်ငံတော်ခွန်အားနှင့်ယှဉ်လျှင် တန်ဖိုးမရှိဟုတော့ မပြောလေနှင့်။ ဤသည်မှာ ထိုတစ်ဦးချင်းခွန်အားက လုံလောက်အောင် မသန်မာသောကြောင့်ပင်။ လုံလုံလောက်လောက်သန်မာနေသရွေ့ စည်းမျဉ်းများကို လျစ်လျူရှုထားနိုင်သည်။
ဤလူများမှာ ထိုကဲ့သိုသောလူများပင်။
သို့သော် ယခုမူ ထိုလူများခမျာ ကျောက်မီးသွေးတွင်း၊ ရေပူစမ်း၊ စွမ်းအင်ထုတ်လုပ်ရေးဌာနနှင့် သိုးထိန်းကျောင်းရာစားကျက်မြေများသို့ စေလွှတ်ခံခဲ့ရသည်။
ဤသည်မှာ သူတို့၏နှလုံးသားနှင့် စိတ်ဝိညာဉ်ကို သတ်ပစ်လိုက်ခြင်းပင်။
"ဒီကိစ္စက မပြီးသေးဘူးနော်"
ကျန်းမုန့်လောင်က ဟွိုက်ကျဲ ထွက်ပြေးပျောက်ကွယ်သွားသော နေရာသို့ လှမ်းကြည့်လိုက်သည်။
"မြေကြီးကို သုံးပေလောက် တူးထုတ်ရမယ်ဆိုရင်တောင် ငါ မင်းကိုတွေ့အောင်ရှာပြမယ်!"
************