တစ်ထရီလီယံဆုလာဘ်
Vol. 28 Ch. 417
"ဆရာကျိုး ဖြစ်ပုံကတော့ ဒီလိုပါပဲ"
ကုယွမ်ဝူက ဆရာကျိုးကို ထိုဖြစ်ရပ်အကြောင်း အသေးစိတ်အစီရင်ခံတင်ပြခဲ့သည်။
"ကြောက်ဖို့ကောင်းတဲ့ ဒီလိုလူရှစ်ယောက်က ကိုင်ဘွန်နိုင်ငံမှာပေါ်ပေါက်လာတာ အံ့သြစရာပဲ"
ဆရာကျိုး၏အမူအရာမှာ လေးနက်သွားလေသည်။ ထို့နောက် သူ့ဘေးရှိ သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဘက်ကို လှည့်လိုက်၏။ ထိုလူမှာ လုံရှားအဖွဲ့အစည်း၏ လက်ရှိခေါင်းဆောင်ဖြစ်သော ဟွာရှားနိုင်ငံ၏ အစွမ်းအထက်ဆုံးစိတ်စွမ်းအားရှင် မုန့်ထျန်းဟယ်ပင်။
"ထျန်းဟယ်.. မင်းသာဆိုရင် ဒီအုပ်စုကိုအနိုင်ယူဖို့ဘယ်လောက်အထိ ယုံကြည်မှုရှိလဲ"
"ဆရာကျိုး...နောက်နေတာမဟုတ်လား"
မုန့်ထျန်းဟယ်ခမျာ ခါးသက်သက်ပြုံးလျက် ပြောလိုက်သည်။
"စွမ်းအင်ပြင်းအား ၃၀ယူနစ်နီးနီးရှိတဲ့ သူတို့ဆီက လေလည်သံတစ်ချက်ကတင် ကျွန်တော့်ကို သေအောင် သတ်နိုင်တယ်"
"ကျန်းမုန့်လောင်ရဲ့နောက်မှာ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ အင်အားတစ်ရပ်ရှိလိမ့်မယ်လို့ လုံးဝထင်မထားဘူး"
ဆရာကျိုးလည်း မအံ့သြဘဲ မနေနိုင်ပေ။ သူသည် နှစ်ပေါင်းများစွာကြာအောင် ဤရာထူးကို ဆက်ခံထားခဲ့သော်ငြား ဟွာရှားနိုင်ငံတွင် ယခုလိုအစွမ်းထက်လှသော မိသားစုတစ်ခု ပုန်းကွယ်နေခြင်းကိုမူ သူ လုံးဝမသိခဲ့ပေ။
ကျန်းမုန့်လောင်နှင့်သာ မတွေ့ခဲ့ရလျှင် သူလည်း ဤအကြောင်းများကို သိဦးမည်မဟုတ်ချေ။
သို့သော် ကျန်းမုန့်လောင်က သုန်းဟွမ်းစနစ်ဌာနချုပ်၏ တည်နေရာကိုပင် အလွယ်တကူစုံစမ်းနိုင်ပြီး အထဲတွင် လူဘယ်နှယောက်ရှိလဲဆိုသည်ကိုပါ သိနေသည့်အတွက် ရှောင်လွှဲ၍မရနိုင်သောကိစ္စပင်။ သူ၏သတင်းအချက်အလက်စုဆောင်းနိုင်စွမ်းမှာ လုံရှားအဖွဲ့အစည်းထက် များစွာသာလွန်နေသည်ဖြစ်ရာ လုံရှားအဖွဲ့အစည်း၏စူးစမ်းရှာဖွေမှုကို ရှောင်ရှားနိုင်သည်မှာလည်း အံ့သြစရာတော့မဟုတ်ပေ။
"လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ကျွန်တော် အဲဒီအဘိုးကြီးယင်ဝူယိနဲ့ ဆုံခဲ့သေးတယ်"
မုန့်ထျန်းဟယ်က ဆိုလာချေသည်။
"လွန်ခဲ့တဲ့နှစ်ပေါင်း၇၀တုန်းက ဟိုနိုင်ငံခြားစိတ်စွမ်းအားရှင်အုပ်စုကို သတ်ပစ်ခဲ့တဲ့လူက ကျွန်တော်နဲ့ ယင်ဝူယိမဟုတ်ဘဲ အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်လို့ ပြောခဲ့တာကို မှတ်မိသေးလား"
"အင်း"
ဆရာကျိုးက ခေါင်းညိတ်ပြလေသည်။
"အဲဒီလူငယ်လေးက ကျန်းမုန့်လောင်ရဲ့ဆွေမျိုးတစ်ယောက်ယောက်များလား"
"ဟုတ်ပါတယ်"
မုန့်ထျန်းဟယ် ခေါင်းညိတ်ပြလိုက်၏။
"ကျန်းမုန့်လောင်က အဲဒီလူငယ်လေးရဲ့မျိုးဆက်တဲ့။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ရှာမတွေ့သေးပါဘူး"
"ဒါပေမဲ့ သူက ငါတို့နေရာကို မျက်စိမကျတာ အသိသာကြီးပဲ"
ဆရာကျိုးက ပြုံးလျက် ပြောလိုက်လေသည်။
"နောက်နောင် ဒီလူငယ်လေးနဲ့ ဆက်ဆံရမဲ့ အခွင့်အလမ်းတွေ အများကြီးရှိလာမှာဆိုတော့ သူနဲ့ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားဖို့က အရေးကြီးဆုံးပဲ"
...
ထိုညအပြီး ရက်ပေါင်းများစွာ ကုန်လွန်ပြီးနောက် ဖမ်းဆီးခံထားရသော ကိုင်ဘွန်လူမျိုးများလည်း သတိရလာကြလေပြီ။ သူတို့ခမျာ ရုန်းကန်ခဲ့ကြသော်ငြား ဆေးစွမ်းပြလာသည်နှင့် သိုးသူငယ်လေးများနှယ် ဖြစ်သွားလေသည်။
"အပူထပ်ပေးဦး! မင်း ဘာမှမစားရသေးဘူးလား။ ငါ့ကို ခဲသေသွားအောင် လုပ်နေတာလား"
ကျန်းမုန့်လောင် အော်ဟစ်လိုက်လေသည်။
ဤမီးတောင်သေ၏ ရေပူစမ်းအောက်ခြေရှိ ကိုင်ဘွန်လူမျိုး အမျိုးသားငယ်တစ်ယောက်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားရှာလေသည်။ ထို့နောက် ထုတ်လုပ်သော မီးတောက်ပမာဏကို တိုးမြှင့်လိုက်လေရာ ရေပူစမ်း၏အပူချိန်မှာ ချက်ချင်းပင် မြင့်တက်သွားလေသည်။
"မင်း ငါ့ကို အရှင်လတ်လတ်မီးကင်ဖို့ ကြိုးစားနေတာလားကွ။ အပူချိန်ကို ဘယ်လိုထိန်းချုပ်ရမှန်းတောင် မသိဘူးလား"
ကျန်းမုန့်လောင် ဒေါသတကြီး ဆဲရေးလိုက်လေသည်။
"ရေကိုတောင် ကောင်းကောင်းအပူမပေးနိုင်ရင် မင်းရဲ့ချော်ရည်ပူအစွမ်းက ဘာသုံးစားလို့ရမှာလဲ။ မင်း အဲဒီအစွမ်းကို မထိန်းချုပ်နိုင်ရင်လည်း သွားသေလိုက်တော့"
ထိုကိုင်ဘွန်လူမျိုးတွင် ပြောမပြနိုင်သည့် မကျေနပ်ချက်များရှိနေသည်။ သူသည် တစ်ခါတုန်းက One Pieceကမ္ဘာမှာ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပြီး Luffyကဲ့သို့ ဇာတ်ကောင်များကိုပင် တိုက်ခိုက်ခဲ့သူပင်။ အတိတ်တုန်းက သူ့ဂုဏ်သရေများမှာ ပျောက်ကွယ်သွားရပြီး ယခုတော့ဖြင့် ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်အတွက် မီးမွှေးပေးနေရသည်။ သူ့ကံကြမ္မာက ယခုလိုဖြစ်လိမ့်မည်ဟုသာ ကြိုသိခဲ့လျှင် အရှက်ကွဲရခြင်းထက် သေခြင်းတရားကပင် ပိုကောင်းမည့် ပင်မနတ်ဘုရားကမ္ဘာမှာပင် နေခဲ့မိမည်ဖြစ်၏။
သူတို့မိသားစုတွင် ကျယ်ပြန့်လှသော သတင်းအချက်အလက်ကွန်ယက်မျိုးရှိသော်လည်း ဟွိုက်ကျဲဟုခေါ်သော ကိုင်ဘွန်လူမျိုး၏ခြေရာလက်ရာပင် မတွေ့ရပေ။
"ဘာသတင်းမှ မရသေးဘူးလား"
ကျန်းမုန့်လောင် မျက်နှာမကောင်းပေ။
"တောင်းပန်ပါတယ် မစ္စတာကျန်း"
ယဲ့ရင်၏အသံက ကျန်းမုန့်လောင်၏နားထဲ မြည်ဟည်းသွားသည်။
"ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေအားလုံးကို ဖြန့်ကြက်ထားပေမဲ့ ဒီကိုင်ဘွန်လူမျိုးရဲ့သဲလွန်စကိုတော့ မတွေ့ရသေးပါဘူး။ ကြည့်ရတာတော့ သူ့မှာ ကျွန်တော်တို့ရဲ့ရှာဖွေမှုကို ရှောင်ရှားနိုင်တဲ့ ထူးခြားတဲ့အရာတစ်ခုခုရှိပုံရတယ်။ အခု သူ ဘယ်တိုက်နယ်မှာ ရှိနေလဲဆိုတာကိုတောင် အတည်မပြုနိုင်ပါဘူး"
"တယ်စွမ်းတာပဲ"
ကျန်းမုန့်လောင်၏အပြုံးက အေးစက်စက်အငွေ့အသက်တစ်ခုကို သယ်ဆောင်ထားသည်။
"သူ့ကိုရှာဖို့ ငါတို့အင်အားနဲ့တင် မလုံလောက်ဘူးဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ အင်အားကို လှုံ့ဆော်ကြတာပေါ့"
"မစ္စတာကျန်း ဘာလုပ်ချင်လို့လဲ"
"သူ့ပုံတူကို ကမ္ဘာအနှံ့မှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေဆီ ပို့လိုက်။ ဟွိုက်ကျဲနဲ့ပတ်သက်ပြီး သတင်းပေးနိုင်တဲ့လူတိုင်းကို အမေရိကန်ဒေါ်လာတစ်ထရီလီယံ ဆုချီးမြှင့်မယ်လို့"
"ဟုတ်ကဲ့။ ကျွန်တော် လူလွှတ်ပြီး ချက်ချင်းစီစဉ်ပေးပါ့မယ်"
ကျန်းမုန့်လောင်အတွက်တော့ အမေရိကန်ဒေါ်လာတစ်ထရီလီယံဆိုသည်မှာ နည်းပါးလှသော ပမာဏတစ်ခုသာဖြစ်သောကြောင့် ထုတ်သုံးရန် မတွန့်ဆုတ်ပေ။ ထိုကိုင်ဘွန်လူမျိုးကိုရှာပြီး လက်စတုံးပစ်ရန်အတွက် ကျန်းမုန့်လောင် ဘာမဆိုပေးဆပ်ဖို့ ဆန္ဒရှိသည်။ ဤသည်မှာ ဟွာရှားနိုင်ငံကို အကြမ်းဖက်ရဲသူများ၏ အကျိုးဆက်ပင်။
"ပြီးတော့ ကိုင်ဘွန်နိုင်ငံကိုသွားဖို့အတွက် လေယာဉ်ပြင်ထားလိုက်"
ကျန်းမုန့်လောင် ပြောလိုက်သည်။
"သူတို့ကို သင်ခန်းစာတစ်ခုလောက် ပေးထားလိုက်ရင် ခဏလောက်တော့ ဆင်ခြင်ပြီး ငြိမ်သွားလိမ့်မယ်လို့ ငါထင်နေတာ။ ဒါပေမဲ့ သူတို့က မမှတ်သေးဘူးပဲ"
"ပြင်ဆင်ထားဖို့အတွက် မိန်းကလေးဟုန်းရီကို ကျွန်တော် အသိပေးလိုက်ရမလား"
ယဲ့ရင် မေးကြည့်လိုက်သည်။
"ဒီတစ်ခါရော လျှပ်စစ် ရေနဲ့ ဓာတ်ငွေ့တွေဖြတ်တောက်ဖို့ စီစဉ်ထားတာလား"
"ငါက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့လူလို့ ထင်နေတာလား"
ကျန်းမုန့်လောင် ရယ်မောလိုက်လေသည်။
"ငါက ကိုင်ဘွန်နိုင်ငံမှာ ပျော်ပါးဖို့လောက်ပဲ စီစဉ်နေတာကွ။ ငါ ဘွဲ့လွန်တက်ရတော့မှာမလား။ အဲဒီကျရင် အတန်းဖော်တွေနဲ့ တွေ့ဖြစ်မှာမဟုတ်ဘူး။ ဒီတော့ ဒီခရီးစဉ်ကို အားလပ်ရက်အပန်းဖြေခရီးလို့ သဘောထားရမှာပဲ"
"ဒါဆို ကျွန်တော် တည်းခိုဖို့ စီစဉ်ပေးထားပါ့မယ်"
"ဘာစီစဉ်စရာရှိလဲ"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ငါ သူတို့ကိုင်ဘွန်နိုင်ငံကို သွားလည်တာကတင် သူတို့ကိုမျက်နှာသာပေးရာရောက်နေပြီ။ ဒီကိစ္စတွေကိုလည်း သူတို့ပဲ ပြင်ဆင်သင့်တာပေါ့"
...
"ကမ္ဘာ့အချမ်းသာဆုံးလူ ကျန်းမုန့်လောင်က လူသတ်သမားတစ်ယောက်ကို ဒေါ်လာတစ်ထရီလီယံဆုကြေးထုတ်ထားတယ်"
ကြေညာချက်ထုတ်ပြန်ပြီး နာရီဝက်အတွင်းမှာပင် ထိုဆုငွေအကြောင်း တစ်ကမ္ဘာလုံး သိသွားကြသည်။
"ဘုရားရေ..ဒေါ်လာတစ်ထရီလီယံတဲ့လား။ ဒါက ဘယ်လိုအမုန်းတရားမျိုးပါလိမ့်"
"မှန်ကန်တဲ့အချက်အလက်လေးပေးရုံနဲ့ ဆုငွေရမယ်ဆိုတော့ တအားမရက်ရောလွန်းဘူးလား"
"ဒါဆို ဘာလို့အလုပ်လုပ်နေဦးမှာလဲ။ ဒီလူ့ကိုသွားရှာကြ။ သူ့ကိုတွေ့လို့ကတော့ အစားအသောက်အတွက် ဘာမှပူစရာမလိုဘဲ တစ်သက်လုံး အေးဆေးနေလို့ရပြီ!"
"အစားအသောက်အတွက် စိတ်ပူစရာမလိုတော့တာတင်မကဘူး။ Forbesစာရင်းထဲက လက်ရှိဒုတိယအချမ်းသာဆုံးလူတောင် ဒေါ်လာ၂၀၀ဘီလီယံပဲ ရှိတယ်။ ဒီဆုငွေသာရရင် ကမ္ဘာ့ဒုတိယအချမ်းသာဆုံးလူတောင် ဖြစ်လာနိုင်တယ်"
...
"ဘာဖြစ်တာလဲ။ ဟွိုက်ကျဲနဲ့ အဆက်အသွယ်မရသေးဘူးလား"
ကိုင်ဘွန်နိုင်ငံရှိ မြေအောက်နင်ဂျာဌာနချုပ်မှာ နင်ဂျာဘုရင်ကျုးယွမ်ရှို့က ဝတ်စုံပြည့်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့် စကားပြောနေသည်။
"ကျွန်တော်တို့ ဆက်သွယ်ခဲ့ပေမဲ့ အခုလောလောဆယ် သူက လှုပ်ရှားနိုင်တဲ့အနေအထားမျိုးမဟုတ်လို့ပါ"
ကျူးယွမ်ရှို့က ပြောလိုက်သည်။
"ဟွာရှားနိုင်ငံမှာ သူတို့ရှစ်ယောက်လုံးကိုတောင် အညံ့ခံစေနိုင်တဲ့ ပုန်းနေတဲ့နဂါးတွေနဲ့ ဝပ်နေတဲ့ကျားတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
"ကျန်းမုန့်လောင်.."
သက်လတ်ပိုင်းအရွယ် အမျိုးသားက ပျက်ယွင်းနေသောအမူအရာဖြင့် ထိုနာမည်ကို ရေရွတ်လိုက်လေသည်။
"ဒေါ်လာတစ်ထရီလီယံဆုကြေးတဲ့။ တော်တော်ခမ်းနားတဲ့အကွက်ပဲ"
"ဒီတစ်ခေါက် ဟွိုက်ကျဲ မအောင်မြင်ခဲ့ပေမဲ့ ဟွာရှားဘက်ကလည်း ငြိမ်နေမှာမဟုတ်ဘူး"
ကျူးယွမ်ရှို့ ထိုသို့ပြောလိုက်သည်။
"ဟုတ်တယ်"
သက်လတ်ပိုင်းအရွယ် အမျိုးသားက ထိုသို့ပြောပြီးနောက် အတွေးနယ်ကျွံသွားသည်။ ဒုတိယကမ္ဘာရှိ ရန်ငြိုးများကို လူသိရှင်ကြားမဖြေရှင်းနိုင်သော်ငြား ကျန်းမုန့်လောင်က စည်းမျဉ်းလိုက်နာသူတစ်ယောက် မဟုတ်ပေ။ ထို့ပြင် သူပိုင်ဆိုင်ထားသော စွမ်းအားမျိုးဖြင့်သာဆိုပါက ဒုတိယကမ္ဘာ၏ စည်းမျဉ်းများကလည်း သူ့ကို ချည်နှောင်ထားနိုင်စွမ်းမရှိပေ။
ထိုအခိုက် သက်လတ်ပိုင်းအရွယ်အမျိုးသား၏ ဖုန်းကရုတ်တရက်မြည်လာသည်။ ဖုန်းထုတ်ပြီး စာကိုတစ်ချက်ကြည့်လိုက်ချိန်မှာ သူ့အမူအရာကား ချက်ချင်းတောင့်တင်းသွားရ၏။
"ဘာဖြစ်လို့လဲ"
ကျူးယွမ်ရှို့ မေးလိုက်လေသည်။
"ဒါက...."
ထိုသက်လတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာထက်၌ ခါးသက်သက်အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
"ပြောရင်းဆိုရင်း သူပေါ်လာပြီ။ နယ်စပ်ဖြတ်ကျော်ရေးရုံးက မနက်ဖြန် ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံကိုလာတော့မယ်လို့ သတင်းပို့ထားတယ်"
"သူက ဘာလိုချင်လို့လဲ"
ကျူးယွမ်ရှို့ စိတ်ဖိစီးသွားရသည်။ နင်ဂျာဘုရင်ဟူသော ရာထူးမျိုးဖြင့်ပင် သူ့မှာ ဟွိုက်ကျဲနှင့် သူ့အဖွဲ့သားများရှေ့မှာ ဦးညွှတ်ပြီး ခယခဲ့ရသည်။ ယခုတော့ ဤအဖွဲ့ထဲမှ ခုနှစ်ယောက်က အသက်ရှင်လျက်အဖမ်းခံထားရပြီး သူတို့၏ခေါင်းဆောင်ဟွိုက်ကျဲကလည်း လမ်းဘေးခွေးတစ်ကောင်အလားပင်။ ကျန်းမုန့်လောင်သာ ပြဿနာရှာဖို့ ရောက်လာပါက သူတို့လည်း ခုခံနိုင်စွမ်းရှိမည်မဟုတ်။
"သူကတော့ အားလပ်ရက်ခရီးထွက်တာလို့ ပြောတာပဲ"
သက်လတ်ပိုင်းအရွယ် အမျိုးသားက ခပ်မဲ့မဲ့ပြုံးလိုက်မိသည်။
"ဒီကိစ္စတွေဖြစ်ပျက်ပြီးတဲ့နောက်မှာမှ ကိုင်ဘွန်နိုင်ငံကိုလာလည်တာတဲ့လား။ ငါ သူ့ကို တစ်စက်လေးတောင်မယုံဘူး"
***********