← Chapters

ဘာလို့ပိုက်ဆံသုံးမှာလဲ

Vol. 28 Ch. 418

ဘာလို့ပိုက်ဆံသုံးမှာလဲ

Vol. 28 Ch. 418

"ဘယ်လိုအခြေအနေရှိလဲ။ ငါ့အတန်းဖော်တွေအားလုံးကို အကြောင်းကြားပြီးပြီလား"

"မစ္စတာကျန်း...မူလတန်းကနေ တက္ကသိုလ်အထိ ရှင့်အတန်းဖော်တွေအားလုံးကို အကြောင်းကြားထားပါတယ်။ စုစုပေါင်းအယောက်၂၀၀ကျော်ပါ။ သူတို့ထဲက ၁၈၇ယောက်က မစ္စတာကျန်းနဲ့ အတူခရီးသွားချင်တယ်လို့ အတည်ပြုပေးပြီးပါပြီ"

ဟုန်းရီက ပြောသည်။

"ရှင်စီစဉ်ထားတဲ့အတိုင်း ကျွန်မ ရှင့်အတန်းဖော်တွေအကုန်လုံးကို မနက်ဖြန်ကျရင် ကျန်းနန်မြို့မှာရှိတဲ့ ကိုယ်ပိုင်လေဆိပ်ကိုခေါ်သွားဖို့ စီစဉ်ပေးပါ့မယ်"

"အကြီးစားလေယာဉ်တွေကို စီစဉ်မနေနဲ့။ တအားစုတ်ပဲ့လို့"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ကိုယ်ပိုင်ဂျက်လေယာဉ်အစင်းနှစ်ဆယ် ပြင်ထားလိုက်။ တစ်စင်းမှာ လူဆယ်ယောက်စီးရင် ပိုသက်သောင့်သက်သာဖြစ်လိမ့်မယ်။ လေယာဉ်ဝန်ထမ်းတွေကိုလည်း အဆင့်မြင့်ဝန်ထမ်းတွေကို ထည့်ထား။ ငါ့သူငယ်ချင်းတွေကို မလေးမစားမဆက်ဆံစေနဲ့"

"စိတ်ချပါ"

ဟုန်းရီက ပြောလိုက်၏။

"ဒါပေမဲ့ ကိုင်ဘွန်နိုင်ငံထဲမှာ တည်းခိုဖို့အတွက် ကျွန်မကို ဘာမှမစီစဉ်ပေးစေချင်တာ သေချာရဲ့လား"

"မလိုဘူး"

ကျန်းမုန့်လောင် ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"အချိန်ကျရင် တစ်ယောက်ယောက်က ငါ့အတွက် စီစဉ်ပေးလိမ့်မယ်။ အခု သူတို့ အချိန်မရွေး ဖုန်းဆက်လာလိမ့်မယ်လို့ ထင်ရတာပဲ"

ဟုန်းရီခမျာ စိတ်ရှုပ်ထွေးသွားဟန်တူသည်။

"ဘာကိုဆိုလိုတာလဲ။ မစ္စတာကျန်းမှာ ကိုင်ဘွန်နိုင်ငံက လူချမ်းသာမိတ်ဆွေတွေများ ရှိလို့လား"

ကျန်းမုန့်လောင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ပွင့်ကို လှစ်ဟပြလာချေသည်။

"ငါတို့ရဲ့ထွက်ခွာခွင့်တောင်းဆိုချက်ကို တင်ပြပြီးပြီလား"

"ဟုတ်ကဲ့။ လွန်ခဲ့တဲ့နာရီဝက်ကပဲ တင်ပြပြီး အကုန်အတည်ပြုပြီးပါပြီ"

ကျန်းမုန့်လောင်၏စကား​အဆုံးမှာပင် ဖုန်းမြည်သံ ထွက်ပေါ်လာသည်။

"Kong your Qi Wa, Oh Lei Wa..."

"ကုန် ကုန် ကုန်..မင်းညီမကိုကုန်..လူလိုမပြောတတ်ဘူးလား။ မပြောတတ်ရင်လည်း လစ်လိုက်တော့"

ကျန်းမုန့်လောင် ဆဲပစ်လိုက်သည်။ ဖုန်းဆက်လာသူမှာ မည်သူဖြစ်ကြောင်း သိထားသော်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက ဖြစ်ရပ်ကြောင့် ထိုနိုင်ငံမှ လူတချို့ကို သူ မနှစ်သက်တော့ပေ။

ဖုန်းခေါ်ဆိုသူကလည်း ကျန်းမုန့်လောင် ဤမျှဒေါသထွက်လိမ့်မည်ဟု ထင်မထားသောကြောင့် အံ့အားသင့်သွားလေသည်။

"သေစမ်း! စကားမပြောတတ်တဲ့လူ ဖြစ်နေတာကိုး! ဒါဆိုလည်း ဘိုင့်ဘိုင်"

"မဖြစ်ဘူး.. မဖြစ်ဘူး မစ္စတာကျန်း! ခဏနေပါဦး"

ဖုန်းတစ်ဖက်ရှိ အသံကား စိတ်ရှုပ်ထွေးပြီး ထိတ်လန့်နေပုံရသည်။

"သြော် ခင်ဗျားက လူစကားပြောတတ်သားပဲ"

ကျန်းမုန့်လောင် ခြေချိတ်ထိုင်လိုက်သည်။

"ခင်ဗျားက ဘယ်သူလဲ"

"မစ္စတာကျန်း..ကျွန်တော် ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပေးပါရစေ။ ကျွန်တော်က ကိုင်ဘွန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးက ကိုယ်စားလှယ်တစ်ယောက်ပါ။ ကျွန်တော့်နာမည်က ကျူးကျင်းရှုန်းပါ"

"မင်းမိဘတွေက တွင်းတူးဖို့ တော်တော်ကြိုးစားခဲ့ရတာပဲဖြစ်မယ်..."

"မစ္စတာကျန်း ဘာပြောလိုက်တာလဲ"

"သြော် ကျုပ်ရဲ့ကိုင်ဘွန်နာမည်က ခန်းမန့်ခိုင်းလဲ့လို့ ပြောတာ။ တွေ့ရတာဝမ်းသာပါတယ်"

"မစ္စတာကျန်း.. ခင်ဗျားကတော်တော်နောက်တာပဲ"

ကျူးကျင်းရှုန်းက ငတုံးမဟုတ်ချေ။ ကျန်းမုန့်လောင်က သူတို့ကို လှောင်ပြောင်နေခြင်းဖြစ်ကြောင်း သူ သိသည်။

တကယ်တော့ ကျူးကျင်းရှုန်းက လူဝင်မှုကြီးကြပ်ရေးရုံးကမဟုတ်ပါဘဲ ကျန်းမုန့်လောင်၏ ရည်ရွယ်ချက်ကို စနည်းနာဖို့ တာဝန်ပေးခံထားရသည့် ကိုင်ဘွန်နိုင်ငံရှိ 'မြေအောက်နင်ဂျာ'အဖွဲ့ဝင်တစ်ယောက် ဖြစ်သည်။

ကိုင်ဘွန်နိုင်ငံမှာ အလွန်အစွမ်းထက်သော အဖွဲ့ဝင်ရှစ်ယောက်ပါဝင်သည့် အဖွဲ့တစ်ခုရှိခဲ့သည်။ ထိုအဖွဲ့ထဲရှိ အားအနည်းဆုံးဖြစ်ဟန်တူသော အမျိုးသမီးက သူတို့၏'နင်ဂျာဘုရင်'ကို တစ်ချက်တည်းနှင့် ရိုက်သတ်နိုင်လုနီးပါးပင်။

နင်ဂျာဘုရင်၏ခွန်အားမှာ အဆင့်အမြင့်ဆုံးစိတ်စွမ်းအားရှင်နှင့် နှိုင်းယှဉ်နိုင်ပြီး လုံရှားအဖွဲ့ခေါင်းဆောင်နှင့် ဟွာရှားရှေးဟောင်းသိုင်းလောကရှိ "သိုင်းနတ်ဘုရား"တို့နှင့် လက်ရည်အတူတူပင်။

ကျန်းမုန့်လောင်သည် ချင်းချိုးနိုင်ငံ၊ ပြင်သစ်နိုင်ငံနှင့် အမေရိကတို့ကို သွားရောက်ခဲ့ပြီးလေပြီ။ သူသွားလိုက်သည့်နေရာတိုင်းတွင်လည်း မုန်တိုင်းတစ်ခု မလွဲမသွေလှုပ်ခတ်ရသည်သာ။ ပြည်တွင်းစီးပွားရေးကို ပရမ်းပတာဖြစ်စေပြီး လူတွေကိုလည်း အကြီးအကျယ်အရှက်ခွဲခြင်းမျိုး ပြုလုပ်ခဲ့သည်။

ကျန်းမုန့်လောင်မှာ နိုင်ငံတိုင်းတွင် Blacklistအသွင်းခံထားရသည်။ မည်သူကများ သူ့အား နိုင်ငံထဲသို့ ပေးဝင်ရဲမည်နည်း။

"နောက်တာမဟုတ်ဘူး..ဒီနာမည်ကို လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ရွေးထားတာ။ ကောင်းတယ်မလား"

"ကောင်းပါတယ်.. ကောင်းပါတယ်.."

ကျူးကျင်းရှုန်းခမျာ ဆောင့်ကြီးအောင့်ကြီး ​လက်ခံလိုက်ရသော်ငြား စိတ်ထဲမှာတော့ ဆဲရေးနေမိသည်။

ငါ့ဖင်ကိုကောင်းရမှာလား? ဘယ်သူက မျိုးရိုးနာမည်ကို ခန်းမန့်လို့ ပေးလို့လဲ?

"ခင်ဗျား ဘာပြောချင်လို့လဲ။ ကျုပ် အထုပ်အပိုးပြင်ရင်း အလုပ်များနေတယ်"

"မစ္စတာကျန်း ကျေးဇူးပြုပြီး အထုပ်အပိုးပြင်ဖို့ လောစရာမလိုပါဘူး။ ဒီတစ်ခေါက် မစ္စတာကျန်း ကိုင်ဘွန်နိုင်ငံကို လာလည်ရတဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာအတည်ပြုဖို့ ကျွန်တော်ဖုန်းဆက်လိုက်တာပါ။ အရေးမကြီးဘူးဆိုရင်တော့ ခင်ဗျားမလာသင့်ဘူးလားလို့"

"ဘာကိုဆိုလိုချင်တာလဲ။ ခင်ဗျားက ကျုပ်ကို အထင်သေးတာလား"

ကျန်းမုန့်လောင် ပေါက်ပေါက်ဖောက်လေတော့သည်။

"ကျုပ်က နိုင်ငံတကာရာဇဝတ်သားလား။ အကြမ်းဖက်သမားတစ်ယောက်လား"

"မစ္စတာကျန်း ကျေးဇူးပြုပြီး တစ်မျိုးမထင်ပါနဲ့"

ကျူးကျင်းရှုန်းခမျာ ကျန်းမုန့်လောင်၏စိတ်ခံစားချက်ကို ဖြေသိမ့်ပေးရန် ကြိုးစားလိုက်သည်။

"ကျွန်တော်က ဒီလိုသဘောနဲ့ပြောတာမဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုချင်တာက ခင်ဗျား အထူးကိစ္စတစ်ခုအတွက်များ ကိုင်ဘွန်နိုင်ငံကို လာတာလားလို့"

"အဓိပ္ပာယ်မရှိတာ"

ကျန်းမုန့်လောင်က ​ရှင်းပြလိုက်၏။

"အလည်လာတာပါလို့ ကျုပ် သေချာရေးထားတယ်လေ"

"ခင်ဗျား တကယ်ပဲ အလည်သက်သက်လာတာလား"

ကျန်းမုန့်လောင်၏ လက်စားချေတတ်သောစရိုက်ကို သိထားသည့်အတွက် ကျူးကျင်းရှုန်း ထိုစကားကို မယုံပေ။

တိုက်လေယာဉ်ဖြင့် ကိုင်ဘွန်နိုင်ငံကို အက်တမ်ဗုံးများ လာမကြဲတာကတင် တော်တော်ကောင်းလှလေပြီ။

"အဲလိုမှမဟုတ်ရင် ကိုင်ဘွန်နိုင်ငံကို ပြားပြားဝပ်သွားအောင်လုပ်ဖို့ စစ်တပ်တစ်တပ်ခေါ်လာဖို့များ မျှော်လင့်နေတာလား"

ကျန်းမုန့်လောင်၏လေသံက ရုတ်တရက်ကြီး ခြိမ်းခြောက်နေဟန်လေသံများ ယှက်သန်းလာသည်။

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"

ကျူးကျင်းရှုန်း ထိတ်လန့်သွားရလေသည်။

"ဒီကို အလည်လာချင်တာဆိုရင်တော့ ကြိုဆိုပါတယ်။ ဒါနဲ့ ကျွန်တော် တစ်ခုလောက်အကြံပြုလို့ရမလား"

"ပြော"

ကျန်းမုန့်လောင် ပြုံးလိုက်မိသည်။

"မစ္စတာကျန်း ကိုင်ဘွန်နိုင်ငံကို လာလည်တဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံးဧည့်ခံပေးရမယ်လေ။ ဒါက မစ္စတာကျန်း ကိုင်ဘွန်နိုင်ငံကို ပထမဆုံးအကြိမ် လာလည်တာလို့ ထင်ပါတယ်။ ဒီတော့ ကျွန်တော် ခင်ဗျားအတွက် အထူးဧည့်ခံရေးအဖွဲ့တစ်ဖွဲ့ကို စီစဉ်ပေးနိုင်ပါတယ်။ အဲဒီအဖွဲ့က ခင်ဗျားရဲ့တည်းခိုရေး၊ ခရီးစဉ်၊ ပို့ဆောင်ရေးနဲ့ အခြားကိစ္စတွေကို အခမဲ့စီစဉ်ပေးပါလိမ့်မယ်။ အထူးသီးသန့်လိုအပ်ချက်တစ်ခုခုရှိရင်လည်း ကျွန်တော်တို့ဘက်က ဖြည့်ဆည်းပေးဖို့ ကြိုးစားပါ့မယ်"

အထူးဧည့်ခံကြိုဆိုရေးအဖွဲ့ဟု ပြောထားသော်ငြား တကယ်တမ်းမှာတော့ ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံမှာ ပြဿနာမရှာနိုင်အောင် ရုပ်ဖျက်ပြီး စောင့်ကြည့်နေမည့် အဖွဲ့ပင်။ ကုန်ကျစရိတ်ကတော့ ခရီးစဉ်တစ်ခုက မည်မျှကုန်နိုင်မည်နည်း။

"ဒီလောက်ကောင်းတဲ့သဘောတူညီချက်မျိုးလည်း ရှိတာပဲလား"

"မစ္စတာကျန်း ကျွန်တော်တို့နိုင်ငံကို လာလည်တာက ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာကိစ္စတစ်ခုပါပဲ။ အဲဒါကြောင့် ကျွန်တော်တို့ကလည်း ခင်ဗျားကို အပြည့်အဝဝန်ဆောင်မှုပေးမှာပါ"

ကျူးကျင်းရှုန်း ချွေးစေးများကို သုတ်လိုက်လေသည်။ ကျန်းမုန့်လောင်၏လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်ခိုင်းထားခြင်းမှာ အထက်အမိန့်ပင်။ ကြည့်ရသည်မှာ ကျန်းမုန့်လောင်က အယုံလွယ်ပုံရ၏။

"ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း ကျုပ်က ချမ်းသာကြွယ်ဝတဲ့ပတ်ဝန်းကျင်မျိုးမှာ နေလာခဲ့တာဆိုတော့ အဲဒါကို အကျင့်ဖြစ်နေပြီ။ Rolls-Royceကားနဲ့ ခရီးထွက်ရမယ်။ စျေးအကြီးဆုံးနဲ့ အလတ်ဆတ်ဆုံး အစားအသောက်တွေကိုစားမယ်။ အနည်းဆုံး ကြယ်ခြောက်ပွင့်ဟိုတယ်ရဲ့ Presidential Suiteမှာ တည်းမယ်။ ဒါတွေမရှိရင် ကျုပ်က ဒေါသထွက်လွယ်တယ်"

"သောက်ကျိုးနည်း လူချမ်းသာအခွင့်အရေးတွေပါလား!"

ကျူးကျင်းရှုန်း အတင်းအကျပ်လုပ်ပြုံးလိုက်ရသည်။

"ရတာပေါ့။ ကျွန်တော်တို့ အဲဒါကို ကောင်းကောင်းသိပါတယ်။ မစ္စတာကျန်း...ဘာမှမပူပါနဲ့။ ခင်ဗျားရဲ့လိုအပ်ချက်တွေအတိုင်း အစစအရာရာစီစဉ်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ်"

ကျန်းမုန့်လောင် ရယ်ရင်းမောရင်းပြောလိုက်၏။

"ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျုပ် သူငယ်ချင်းတွေကိုပါ ခေါ်လာမှာနော်။ သူတို့က ငယ်ငယ်တုန်းက အတန်းဖော်တွေလေ။ ခင်ဗျားသိတဲ့အတိုင်း ကျုပ်တို့တွေအကုန်လုံးက နောက်ခံအသိုင်းအဝိုင်းတောင့်တင်းကြတဲ့လူတွေဆိုတော့ တကယ်လို့ သူတို့ရဲ့အစားအသောက်တွေနဲ့ တည်းခိုခန်းက အဆင့်မမီရင် သူတို့ စိတ်ပျော်ကြမှာမဟုတ်ဘူး။ သူတို့စိတ်မပျော်ရင် ကျုပ်လည်း ကသိကအောက်ဖြစ်ရတယ်။ အဲဒီအချိန်ကျရင် ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"နားလည်ပါတယ်။ နားလည်ပါတယ်"

ကျူးကျင်းရှုန်း ချက်ချင်းသဘောတူလိုက်သည်။

"သူငယ်ချင်းတွေက ဘယ်နှယောက်လောက် ခေါ်လာမှာလဲဆိုတာ မေးလို့ရမလား"

"သိပ်မများပါဘူး။ နှစ်ရာကျော်လောက်ပါပဲ"

ကျန်းမုန့်လောင် ထိုသို့ပြန်​ဖြေလိုက်လေသည်။

ကျူးကျင်းရှုန်း : "ငါနော်..."

***************

All Chapters