ရေခဲနဂါးသွေး
Vol. 9 Ch. 121
(၃) ရက်အကြာတွင်။
မြင့်မြတ်သော ရေတံခွန်။
ထိုနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များ ကြွယ်ဝကာ သဘာဝအင်အားများ ပြည့်နှက်နေသည်။
နတ်ရေစင်ဂိုဏ်း၏ အကြီးကျယ် အမြင့်မြတ်ဆုံး နေရာ ဖြစ်ပြီး ခေါင်းဆောင် နေထိုင်ရာလည်း ဖြစ်၏။
ထိုအချိန်တွင် တိမ်မည်းများ စုလာပြီး လျှပ်စီးလက်ကာ မိုးကြိုးမုန်တိုင်းများ ပေါ်လာသည်။
ထိုကဲ့သို့ ထူးဆန်းသော ရာသီဥတုကြောင့် နတ်ရေစင်ဂိုဏ်းအတွင်း အားလုံး လန့်ဖျပ်ကုန်၏။
“အရိုင်းအစိုင်းတွေ”
ဒေါသတကြီး အော်ဟစ်သံကြီးမှာ ကောင်းကင်ယံမှ ပျံ့နှံ့လာသည်။
တပည့်များလည်း ကြောက်လွန်း၍ တုန်ရီနေကြ၏။
ဂိုဏ်းခေါင်းဆောင် အဆောင်တွင်။
ကျန်းမို သက်ပြင်းချကာ ဒေါသကို ချိုးနှိမ်ရန် ကြိုးစားနေ၏။
သူ့အရှေ့မှ အကြီးအကဲအား စိုက်ကြည့်၍
“ဆက်ပြော”
အကြီးအကဲမှာ နဖူးမှဇောချွေးများ သုတ်ကာ
“နောက်ပြီး… သိမ်မွေ့နက်နဲခြင်းအဆင့် နှင်းဂူကို … ချင်းရွှမ်ဂိုဏ်းက လိုချင်တယ်ပြောပြီး နောက်ဆုံး မိုးမုန်တိုင်းဂိုဏ်းကလည်း ဆေး (၅) မျိုးနဲ့ သဘောတူလိုက်ကြပါတယ်”
“ပြောရရင် ဒီနေ့မှာ နှင်းပျံဂိုဏ်းနဲ့ စိတ်ဝိညာဉ်သားကောင်ဂိုဏ်းတို့ရဲ့ ပိုင်ဆိုင်မှုအားလုံး ချင်းရွှမ်နဲ့ မိုးမုန်တိုင်းဂိုဏ်းတို့ ခွဲယူပြီးပါပြီ”
ကျန်းမို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့်
“နားလည်ပြီ…မင်းက အကြီးအကဲတွေအားလုံး ဆင့်ခေါ်ပြီး အစည်းအဝေးကြီးလုပ်မယ်လို့ ပြောလိုက်”
“ဟုတ်ကဲ့ အခုပဲ လှုပ်ရှားလိုက်ပါမယ်”
အကြီးအကဲမှာ ချက်ချင်း နှုတ်ဆက်၍ ပြေးထွက်သွားတော့သည်။
“နောက်ပြီး ရွှယ်ကျဲကို ငါနဲ့ လာတွေ့လို့ ပြောလိုက်ဦး”
“ဟုတ်ကဲ့ပါ”
မကြာမီ တံခါးခေါက်သံတစ်ခု ကြားရပြီး အားအင်ဖျော့တော့သော လူငယ်လေးတစ်ဦး ဝင်လာကာ ဦးညွှတ် နှုတ်ဆက်လေသည်။
“ခေါင်းဆောင် ခေါ်တယ်ဆိုလို့ပါ”
ကျန်းမို၏တပည့် ယင်သခင်လေးဟု အသိများသော ယင်ရွှယ်ကျဲ ဖြစ်၏။
သို့သော် ဂိုဏ်းတစ်ရာစုဝေးပွဲနောက်ပိုင်းတွင် မီးတောက်သခင်လေးကိုသာ အားလုံး စိတ်ဝင်စားကြပြီး ယင်သခင်လေးမှာ နာမည်ကျသွား၏။
ကျန်းမို သက်ပြင်းချ၍
“ဝင်ခဲ့… ငါ့မှာ စိတ်ညစ်စရာတွေ အများကြီးရှိပေမဲ့ ဘယ်သူမှ မယုံရဘူး…မိသားစုဆိုတာလည်း မရှိတော့ မင်းကိုပဲ ပြောရမှာပဲ”
ယင်ရွှယ်ကျဲ တံခါးပိတ်လိုက်ပြီး ကျန်းမိုဘေး ဝင်ထိုင်၍
“ဟုတ်ကဲ့ပြောပါ ခေါင်းဆောင်”
ကျန်းမို စိတ်ရှုပ်ထွေးစွာဖြင့် စားပွဲကို တဒေါက်ဒေါက် ခေါက်နေပြီးမှ အဂ္ဂိရက်ပညာရှင်ကြီး၏ လိုဏ်ဂူအကြောင်း ပြောပြလိုက်သည်။
ယင်ရွှယ်ကျဲမှာ မျက်လုံးများပြူး၍ အတော်ကြာအောင် စိတ်မတည်ငြိမ် ဖြစ်သွားရသည်။
“ကျွန်တော့်ကို လိုဏ်ဂူဆီ မသွားခိုင်းတာ ဒါကြောင့်ကိုး… ကုဆန်းချိုး အသက်ရှင်သေးတာကို ခေါင်းဆောင် သိနေတာပဲ”
ကျန်းမို ခေါင်းငြိမ့်ပြ၍
“ငါတင် သိတာမဟုတ်ဘူး… ဂိုဏ်းကြီး (၅) ခုရဲ့ ခေါင်းဆောင်တွေလည်း သိထားပြီးသားပဲ”
“နတ်ဓားဂိုဏ်းက လိုဏ်ဂူဆိုတာ ကုဆန်းချိုးကိုယ်တိုင် လက်ဆောင်ပေးသွားတာ”
“အဲ့အတွက် နှင်းဂူပတ်ဝန်းကျင်က ဂိုဏ်းတွေကို ငါတို့ ပြန်ရှင်းပေးခဲ့ရတယ်လေ”
ယင်ရွှယ်ကျဲ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသည်။
သူ ကျန်းမို၏ ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပါသည်။
နှင်းဂူပတ်ဝန်းကျင်မှ ဂိုဏ်းများကိုရှင်းမှ နတ်ရေစင်ဂိုဏ်းအတွက် အဆင်ပြေနိုင်၏။
ကိစ္စတစ်ခုခု ဖြစ်လာလျှင် သူတို့၏လွှမ်းမိုးမှုဩဇာကို သုံးနိုင်ပါသည်။
သို့သော် ယခုတော့ ကိစ္စများမှာ ထင်သလို မဖြစ်လာချေ။
ကုဆန်းချိုး သေသွား၏။
စိတ်ဝိညာဉ်သားကောင်ဂိုဏ်းခေါင်းဆောင်လည်း သေသွားသည်။
ဖန်လုံရှန်မှာ အရှင် အဖမ်းခံထားရ၏။
ကျန်ဂိုဏ်းသားများလည်း တကွဲတပြားစီဖြစ်ကာ သေသူသေ၊ အညံ့ခံသူခံ၊ ထွက်ပြေးသူ ထွက်ပြေး ဖြစ်နေကြသည်။
ယင်ရွှယ်ကျဲ အံ့ဩစွာဖြင့်
“နှင်းဂူက အဲ့လောက်တောင် အရေးပါတာလား… ကျွန်တော် မှတ်မိသလောက် သူ့ဆီကထွက်တဲ့ အကောင်းဆုံးရတနာက နှင်းပယင်းလေ နှင်းသွေးစက် တစ်စက်ပဲပါတာ… နောက်ပြီး နှင်းပျံဂိုဏ်းက အဲ့ကျောက်မျက်ကို (၆) လတစ်ကြိမ် ပေးနေကျပဲ ကျွန်တော့်ဆီမှာ အများကြီး ကျန်သေးတယ်”
သူ ပြောပြောဆိုဆိုနှင့် အေးစက်သော အရှိန်အဝါရှိသည့် ရတနာများ ထုတ်ပြသည်။
ကျန်းမို လှမ်းကြည့်၍ လက်ဖျောက်တစ်ချက် တီးလိုက်သောအခါ နှင်းပယင်းကျောက်၏ အပေါ်ယံ အလွှာ ကွဲကြေသွားပြီး သွေးပြာအစက်တစ်စက် လေထဲ ဝဲနေ၏။
“သွေးဆိုတော့ အရင်းအမြစ် ရှိရမယ်… အဲ့ဒါ ဘယ်ကလာလဲ သိလား”
ယင်ရွှယ်ကျဲ မျက်မှောင်ကြုတ်လျက်
“နှင်းဂူထဲမှာ အဆင့် (၅) နတ်ဆိုးသားကောင်အလောင်းတွေ မြှုပ်ထားတယ်ဆိုတာတော့ ခေါင်းဆောင် ပြောဖူးတယ်… တစ်ကိုယ်လုံးကို ပယင်းနဲ့ လွှမ်းခြုံထားတာဆိုတော့ အဲ့လိုကနေ ရတာများလား”
“ဒါပေမဲ့ အလောင်းက လုံးဝနီးပါး ပျောက်သွားပြီမလား… နှင်းပျံဂိုဏ်းကလည်း ဒီနောက်ပိုင်း သိပ်မထွက်တော့ဘူးလို့ ပြောတယ်လေ”
ကျန်းမို ခေါင်းယမ်းပြကာ
“အဲ့အောက်မှာ တခြားတစ်ခုခု ရှိသေးတယ်… ကုဆန်းချိုးကိုယ်တိုင် ငါ့ကို ပြောခဲ့တာ”
“ဘာတွေလဲ”
ကျန်းမို လက်ဝါးအရွယ်ခန့် ရေခဲပြာအကြေးခွံကို ထုတ်လိုက်သောအခါ သွေးစက်သည် သူ့အပေါ် လာတင်၏။
ထို့နောက် အသက်ဝင်လာသော သွေးစက်မှာ ကောင်းကင်ယံအထိတိုင်အောင် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
ယင်ရွှယ်ကျဲ မှင်တက်နေမိ၏။
နဂါးအကြေးခွံ ဖြစ်လေသည်။
“ရေခဲနဂါးပဲ”
“နှင်းဂူထဲကထွက်တဲ့ ရတနာတွေဆိုတာ ဒီရေခဲနဂါး အလောင်းကြောင့်ပဲ”
ယင်ရွှယ်ကျဲ မယုံနိုင်စွာဖြင့် ငေးကြည့်နေသည်။
ကျန်းမို တည်ငြိမ်စွာဖြင့် ဆက်ပြော၏။
“ရွှမ်ကျန်းဒေသရဲ့ ထိပ်တန်းဂိုဏ်း (၅) ခုမှာ ဂုဏ်သိက္ခာဆိုတာ ရှိတယ်လေ… ရတနာတွေကို လွယ်လွယ် မလုနိုင်ဘူး”
“အစက စီစဉ်ထားတာက ကုဆန်းချိုး ဒီလူတွေ အားလုံးကို သတ်ပြီးရင် နှင်းပျံဂိုဏ်းနဲ့ စိတ်ဝိညာဉ် သားကောင်ဂိုဏ်းက နယ်မြေတွေကို ငါတို့ပဲ ယူမလို့”
“မင်းသာ ရေခဲနဂါးသွေးကို သုံးရင် ခန္ဓာကိုယ်က အနည်းဆုံး ကောင်းကင် အလယ်အဆင့်လောက်တော့ ရောက်မှာ”
“နောက်ပြီး ရေခဲနဂါးသွေးက တခြား တပည့် (၅) ယောက်လောက်ပါ ပေးသုံးလို့ ရသေးတယ်… ပြီးတော့ နတ်ဆိုးကျောက်မျက်လည်း ရှိလောက်ဦးမှာ အဲ့ဒါနဲ့ဆိုရင် ငါလည်း မြေအဆင့် လက်နက်လုပ်ပြီး နတ်ဓားဂိုဏ်းကို အရမ်းကြောက်နေစရာ မလိုတော့ဘူး”
“အကုန်လုံး အကျိုးအမြတ် ရှိမှာချည်းပဲ”
“ဒါပေမဲ့ အခုတော့ အလကားဖြစ်ကုန်ပြီ”
ကျန်းမို တောင်ဘက်ပိုင်းသို့ အေးစက်စွာ လှမ်းကြည့်၏။
ယင်ရွှယ်ကျဲ မျက်မှောင်ကြုတ်ကာ
“ဒါဆို ချင်းရွှမ်ဂိုဏ်းကို စစ်ကြေညာရမှာပေါ့”
ကျန်းမို သက်ပြင်းချ၍
“စစ်ကဖြစ်လို့ရပေမဲ့ နတ်ရေစင်ဂိုဏ်းကလည်း ဝင်ပါမှာ မဟုတ်ဘူး… နောက်ပြီး မိုးမုန်တိုင်းဂိုဏ်းအနောက်မှာ အဆိပ်နွယ်ဂိုဏ်း ရှိနေတယ်… သူတို့တွေလည်း အကုန် ကြံရာပါနေမှာ”
“မလှုပ်ရှားခင် သေချာစဉ်းစားမှ ဖြစ်မယ်”
“ဒါဆိုရင် ခေါင်းဆောင်က ဘယ်လိုတွေးလဲ”
“အရင်ဆုံး သွေးမြစ်ဂိုဏ်းနဲ့ မြစ်ဖြူဂိုဏ်းကို အဆိပ်နွယ်ဂိုဏ်းအခြေအနေ မေးရမှာပေါ့”
“ငါတို့က နောက်ဆုံးမှ လှုပ်ရှားမယ်”
ထိုစဉ် ခေါင်းလောင်းသံကြီး ကြားရ၏။
“အကြီးအကဲတွေနဲ့ အစည်းအဝေး စတော့မယ်… ရွှယ်ကျဲ မင်းလည်း လိုက်ခဲ့လေ”
ယင်ရွှယ်ကျဲ လန့်သွားကာ
“ကျွန်တော်လား… ဒါပေမဲ့ ကျွန်တော်က ဘာမှ မဟုတ်ဘဲ ဘယ်လိုလုပ် တက်ခွင့်ရှိမှာလဲ”
“ငါရတယ်ဆို ရလိုက်ပေါ့… ဆန့်ကျင်တဲ့ အကြီးအကဲကို ဂိုဏ်းက ထုတ်ပစ်မယ်”
ယင်ရွှယ်ကျဲ ရင်ထဲ နွေးထွေးသွားပြီး
“ဟုတ်ကဲ့ နာခံပါ့မယ်”