ရေခဲနဂါးဝတ်စုံ၏ ပြောင်းလဲမှုကြီး
Vol. 9 Ch. 125
ရှန်မို လမ်းတစ်ခုထဲ ဝင်လိုက်ပြီး အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုကို သုံး၍ လေကဲ့သို့ လျင်မြန်စွာ သွားလေသည်။
အလုပ်လုပ်နေသော တပည့်များမှာ လေအဟုန်ဟုသာ ထင်ပြီး လူတစ်ယောက် ဖြတ်သွားသည်နှင့် မတူပေ။
အချိန်ခဏကြာပြီးနောက် ရှန်မို တတိယအလွှာသို့ ရောက်လာ၏။
အချိန်ခဏအတွင်း ဒုတိယအလွှာကိုလည်း လေ့လာပြီး ဖြစ်သည်။
ကျောက်ရူပြောသကဲ့သို့ နှစ်ပေါင်းများစွာ ကြာပြီးနောက် နှင်းဂူသည် အစပြန်ဖြစ်နေလေပြီ။
အသစ်ဝင်လာသူများမှာ ပထမအလွှာဖြင့်ပင် အအေးဓာတ်ကို ခံနိုင်ရည်မရှိဘဲ ပြန်လှည့်ကြရ၏။
ရှန်မို့ခန္ဓာကိုယ်ကိုတော့ မည်သူမျှ မယှဉ်နိုင်ချေ။
နေမီးတောက်ခန္ဓာကိုယ်အစွမ်းဖြင့် နွေးထွေးနေဆဲ ဖြစ်သည်။
ဤသို့ဖြင့် ရှန်မို တတိယအလွှာပြီးသောအခါ စတုတ္ထအလွှာ၊ ပဉ္စမအလွှာဟူ၍ ရောက်လာ၏။
နှင်းဂူမှာ အလွှာ (၅) ခု ရှိလေသည်။
အအေးဓာတ်လည်း ပိုကဲလာပြီး မြုတေဖွဲ့စည်းခြင်းအဆင့်မှ အနည်းဆုံးမရှိလျှင် လုံးဝ မနေနိုင်ပေ။
ဂါး!
ရေခဲပြာနတ်ဆိုးသားကောင်ကြီး၏ ကျယ်လောင်သောအသံကြီး ပေါ်ထွက်လာသည်။
ရှန်မို လက်တစ်ဖက်တွင် မီးတောက်လျက် မျက်မှောင်ကြုတ်မိ၏။
ထိုသားကောင်မှာ အဆင့် (၄) ဖြစ်ပြီး မြုတေဖွဲ့စည်းခြင်းအဆင့်ထိပ်ဆုံး ကျင့်ကြံသူနှင့် ညီမျှလေသည်။
ထို့ကြောင့် ရှန်မိုတစ်ယောက် အလွယ်တကူ ဖြေရှင်းနိုင်၏။
သို့သော် သူ အဆင့် (၈) အထိ သားကောင်များကိုလည်း တွေ့ရသေး၍ အချိန်ကုန်၊ အင်အားကုန်မခံဘဲ အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုဖြင့်သာ ရှောင်သွားလိုက်သည်။
မကြာမီ ရေခဲကျောက်တိုင်ကြီးတစ်ခုရှေ့တွင် ရပ်လိုက်၏။
ရေခဲတိုင်ကြီးမှာ အလွန်တုတ်ပြီး လူ (၃) ယောက်ဖက်စာခန့် ရှိလေသည်။
အေးစက်သော အရှိန်အဝါများလည်း ထွက်၍ သွေးကြောများကိုပင် ခဲသွားစေနိုင်သည်အထိ သက်ရောက်နိုင်သည်။
“ဒါက ပဉ္စမအလွှာရဲ့ အလယ်အကျဆုံးဖြစ်ပြီး အအေးဆုံးနဲ့ နှင်းဂူရဲ့ အနက်ဆုံးနေရာပဲ”
“ရေခဲနဂါးအလောင်းက ဒီအောက်မှာပဲ ရှိရမယ်”
ရှန်မို ချက်ချင်း မီးတောက်ပြာကြာပွင့်ကို စတင်လိုက်၏။
ထို့နောက် နေမင်း (၉) သွယ် နတ်ဇာမဏီသိုင်း၏ လက်ဝါးတိုက်ကွက်ကိုလည်း သုံးသည်။
ဘုံး!
ရှန်မို ရေခဲတိုင်ကြီးအား အားအပြည့်ဖြင့် ရိုက်ချလိုက်သည်။
ထိုအခါ တိုင်တွင် အပေါက်ကြီး ဖြစ်သွားပြီး အနည်းငယ် ထပ်တွန်းလိုက်သောအခါ အလယ်မှ ကွဲအက်သွား၏။
ဂျွတ်!
ရေခဲနံရံတွင် ရှန်မိုတစ်ယောက် ဝင်နိုင်လောက်သည့် အပေါက်မျိုး ဖြစ်သွားပြီး သူ အထဲသို့ ဝင်လိုက်သည်။
နေမီးတောက်ခန္ဓာကိုယ်ရှိသော ရှန်မိုပင် အနည်းငယ် အေးသွား၏။
ရေခဲကမ္ဘာထဲ ရောက်သွားသကဲ့သို့ ခံစားရလေ၏။
တိုင်ထဲတွင် အေးခဲနေသော အချို့ သားကောင်အလောင်းများလည်း တွေ့ရသည်။
ပုံစံမှာ အသက်မရှိတော့သလို ထင်ရသော်လည်း နွေဦးနှင့် ထိတွေ့လျှင် အသက်ဝင်ကာ ရုတ်တရက် တိုက်ခိုက်နိုင်သေးသည်။
ရှန်မို တစ်နေရာအရောက်တွင် တိုင်များအလယ်မှ နေရာခပ်ကျယ်ကျယ်ကို တွေ့ရပြီး အလွန်ကြီးမားသော သားကောင်ကြီး ရှိနေသည်။
တစ်ကိုယ်လုံးမှာ အဖြူနှင့်အပြာ ရောယှက်၍ ကြောက်စရာ နဂါးခေါင်းကြီး ရှိ၏။
ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ အင်အားကြီးမှန်း သိသာလှသည်။
သွေးစွမ်းအင်လည်း ကြီးမား၍ ဖိအားများပြီး ဒူးထောက် ဦးညွှတ်ချင်စိတ်ကို မလွန်ဆန်နိုင် ဖြစ်စေ၏။
“ဘာမဟုတ်တဲ့ အလောင်းကများ ဖိအားလာပေးနေတယ်ပေါ့လေ”
ရှန်မို နှာခေါင်းရှုံ့ကာ စိတ်ဝိညာဉ်စွမ်းအင်များ သုံး၍ ဖ်အားကို ဖယ်ရှားလိုက်၏။
ထို့နောက် ရေခဲနဂါးကို သေချာကြည့်သောအခါ ဝမ်းဗိုက်၌ ဒဏ်ရာကြီးတစ်ခုကို တွေ့ရလေသည်။ သွေးပြာများမှာလည်း စိမ့်ထွက်နေဆဲ ဖြစ်၏။
ရှန်မို ဒဏ်ရာကို ထိုးကြည့်လိုက်စဉ် နဂါးငယ်ပုံစံ ပြောင်းကာ သူ့လက်ကို ပြန်ကိုက်လေသည်။ သို့သော် နာကျင်ခြင်း မရှိပေ။
“ဒီစွမ်းအင်ကို နတ်ဆိုးသံချပ်ကာဝတ်စုံမှာ ပေါင်းလိုက်ရင် ဘယ်လိုဖြစ်လောက်လဲ”
ရှန်မို တွေးလိုက်ရုံဖြင့် သူ့ညာဘက်လက်၌ သံချပ်ကာ ပေါ်လာသည်။
ထို့နောက် ထိုလက်ဖြင့် ရေခဲနဂါးသွေးကို ထပ်ထိကြည့်လိုက်သည်။
ချက်ချင်းပင် ခရမ်းရင့်ရောင် နတ်ဆိုးဝတ်စုံမှာ ရေခဲပြာရောင် ပြောင်းသွား၏။
ပြီးလျှင် နဂါးအကြေးခွံများလည်း ပေါ်လာပြီး ရင်သပ်ရှုမောဖွယ် ဖြစ်နေတော့သည်။
ရှန်မို မျက်လုံးပြူးကာ အံ့ဩနေမိသည်။
စွမ်းအင်ကို စိတ်တိုင်းကျ ချယ်လှယ်နိုင်သော်လည်း မီးတောက်ခန္ဓာကိုယ်ဖြစ်နေ၍ ရေခဲစွမ်းအင်သည် နဂိုအင်အားကို မမှီချေ။
မည်သို့ပင်ဖြစ်စေ ရေခဲစိတ်ဝိညာဉ်စွမ်းအင် အခြေခံတော့ ရထားလေပြီ။
ထို့နောက် အင်အားကို စမ်းသပ်ချင်လာပြီး အနီးရှိ ရေခဲနံရံအား စိတ်ဝိညာဉ်စွမ်းအင် မချိတ်ဆက်ဘဲ အရင် ထိုးချလိုက်သည်။
ဘုံး!
ရေခဲနံရံ၌ ပင့်ကူမျှင်ကဲ့သို့ အစင်းကြောင်းများ ပေါ်လာသည်။
ဘုံး ဘုံး ဘုံး!
ထိုအရှိန်ကြောင့် မြေကြီးများလည်း တုန်ခါကာ ငလျင်ငယ်ကဲ့သို့ ဖြစ်နေသည်။
ရှန်မိုမှာ ယမ်းခါနေသောမြေပေါ်၌ တည်ငြိမ်အောင် ထိန်းရင်း အလွန်ပျော်ရွှင်နေ၏။
“အရမ်း အင်အားကြီးတာပဲ”
“ငါ့ပုံမှန်အင်အားထက် (၅) ဆလောက် ပိုများသွားပြီ”
“စိတ်ဝိညာဉ်စွမ်းအင်နဲ့ပါ ပေါင်းလိုက်ရင်တော့ မြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့်လည်း လာမယှဉ်နိုင်တော့ဘူး”