← Chapters

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား

Vol. 18 Ch. 241

ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား

Vol. 18 Ch. 241

အခန်း (၂၄၁) ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား

"ဝှစ်…"

ကြီးမားလှသည့်စွမ်းအားကြီးက ဝဲဂယက်တစ်ခုပမာ ထွက်ပေါ်လာပြီး တောအုပ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ အနက်ရောင်မြူခိုးများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ `

ကျန်းလန်၏စွမ်းအားက သူတို့မျှော်လင့်ထားသည်ထက်ကျော်လွန်နေလေရာ လုကျန်းတို့အုပ်စုမှာလည်း အတော်လေး အံ့အားသင့်သွားကြသည်။

ဘာကြောင့်မှန်းမသိ သူတို့ထံသို့ ဘေးအန္တရယ်ကြီးတစ်ခု ချဉ်းကပ်လာသည့်ပမာ ထူးဆန်းစွာ ခံစားလိုက်ကြရသည်။

တစ္ဆေချီစွမ်းအားများကို အပြည့်အ၀ ထိန်းချုပ်သွားနိုင်ပြီ ဖြစ်သည်။

ပေဖန်းက…

"အနက်ရောင်မြူခိုးတွေ  မရှိတော့ဘူး ၊ ကျုပ်တို့ အခု တောင်ပေါ်ကို စစ်ကူတောင်းလို့ရပြီ"

သူတို့အားလုံး တုံ့ဆိုင်းမနေကြတော့ဘဲ ချက်ချင်းပင် တတ်ကျွမ်းရာနည်းလမ်းပေါင်းစုံဖြင့် စစ်ကူရရှိရန် ဆက်သွယ်လိုက်ကြသည်။

လုကျန်းတို့ (၄)ယောက်ထံမှ တန်ခိုးစွမ်းအား (၄)မျိုး ထွက်ပေါ်လာပြီး ခွန်လွန်တောင်ရှိရာသို့ အလင်းတန်း (၄)ခု ပျံသန်းထွက်ခွာသွားကြသည်။

စစ်ကူရောက်လာရန်မှာတော့ အနည်းငယ် ကြန့်ကြာနိုင်သေးသည်။

လုကျန်းက အဝေးတစ်နေရာမှ တစ္ဆေတံခါးကို လှမ်းကြည့်လိုက်ရင်း…

"ကျုပ်တို့ စစ်ကူတောင်းတာ နောက်မကျလောက်ဘူး ထင်ရတာပဲ"

ထိုစဉ်…

"ဘုန်း…"

"ခရက်…"

တစ်စုံတစ်ခု အက်ကွဲပြိုကျသွားသည့်အသံကို ကြားလိုက်ရသည်။

တစ္ဆေတံခါးကြီးတစ်ခုလုံး အက်ကြောင်းများထင်နေပြီး တဖြည်းဖြည်း ပြိုကျလာသည်ကို တွေ့လိုက်ကြရသည်။

လင်အန်းက…

"တစ္ဆေတံခါး ပြိုကျတော့မယ် ၊ အမြန်နောက်ဆုတ်ကြ"

ဘာကြောင့်မှန်းမသိ သူတို့အားလုံးစိတ်ထဲ မသက်မသာ ခံစားလိုက်ကြရပြီး ချက်ချင်းပင် နောက်ဆုတ်လိုက်ကြသည်။

"ခရက်…"

"ခရက်… ခရက်… ခရက်"

အက်ကြောင်းများက ပိုမိုများပြားလာသည်။

ကျန်းလန်၏ လက်သီးချက်ကြောင့် တစ္ဆေတံခါးက အရှိန်အဟုန်ဖြင့် ပြိုကျလာပြီ ဖြစ်သည်။

တစ္ဆေတံခါးပြိုကျသွားသည်နှင့် အမျက်ဒေါသအငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး အားလုံးကို စိတ်မသက်မသာ ခံစားရစေသည်။

တစ္ဆေတံခါးက ထူးခြားသည်ကတော့ အမှန်ပင် ဖြစ်သည်။ သို့သော် ယခုမှတော့ ကျန်းလန်လည်း နောက်ပြန်လှည့်၍ မဖြစ်နိုင်တော့ပေ။

ထိုအမျက်ဒေါသအငွေ့အသက်က မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို ရှာဖွေရမည် ဖြစ်သည်။

ကျန်းလန် ချက်ချင်းပင် ရွှေခန္ဓာဆေးလုံးကို မျိုချလိုက်သည်။ ထိုအခါ သူ၏ အန္တရယ်ကိုးသွယ်စွမ်းအားက ရုတ်ချည်း မြင့်တက်လာသည်။

ထို့နောက်…

"ဘုန်း…"

"ခရက်…"

ကျန်းလန်က ပြင်းထန်လှသည့် လက်သီးတစ်ချက်ဖြင့် တစ္ဆေတံခါးကို ထပ်မံထိုးနှက်လိုက်သည်။

ဧရာမနွားရိုင်းကြီးတစ်ကောင်က တောင်များကိုနင်းချေလိုက်သည့်အလား စွမ်းအားက ပြင်းထန်လွန်းလှသည်။

"ဘုန်း"

"ဘန်း"

ကြီးမားလှသည့် စွမ်းအားသက်ရောက်မှုကြီးအောက်တွင် တစ္ဆေတံခါး အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

တစ္ဆေတံခါး ပြိုကျသွားသည်နှင့် အတွင်းထဲတွင် နက်မှောင်နေသည့် အရာတစ်ခုကို ကျန်းလန် တွေ့မြင်လိုက်ရသည်။ ထိုအရာက ကျောက်တိုင်တစ်ခု ဖြစ်နိုင်၏။

အမျက်ဒေါသအငွေ့အသက်များက ထိုအရာမှ ထွက်ပေါ်နေခြင်း ဖြစ်ပြီး ကျန်းလန်ကို စိတ်မသက်မသာ ခံစားရစေသည်။

အန္တရယ်ကိုးသွယ်စွမ်းအားက ချက်ချင်းပင် ပြန်လည်ပြည့်ဝလာပြီး ကျန်းလန်၏ သွေးကြောများထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားသည်။

ထို့နောက် ကျန်းလန်က တစ္ဆေတံခါးအတွင်းမှ နက်မှောင်သည့်ကျောက်တိုင်ကို လက်သီးဖြင့် ထိုးနှက်ပစ်လိုက်သည်။

"ဘုန်း"

"ဘန်း"

စွမ်းအားရိုက်ခတ်မှုကြီး ဖြစ်ပေါ်သွားပြီး နက်မှောင်သည့်ကျောက်တိုင် ကွဲကြသွားမည်လား ထင်မှတ်ရသည်။

ထို့နောက် ကျန်းလန်က စိတ်အာရုံစူးစိုက်ကာ ထိုနက်မှောင်သည့်ကျောက်တိုင်ကို အာရုံခံကြည့်လိုက်သည်။

***

ကောင်းကင်ဟင်းလင်းပြင်ထက်…

အနက်ရောင်မြူခိုးများကြားမှ တစ္ဆေမျက်နှာကြီးက တစ္ဆေတံခါးရုတ်တရက် ကွဲအက်သွားရသည့်အကြောင်းရင်းကို တွေးတောလျှက် ရှိသည်။

သူတို့၏ နောက်ဆုံးခံစစ်ကို ရှာဖွေတွေ့ရှိသွားတော့မည်ဟု သူ သဘောပေါက်လိုက်သည်။

"လူသားတွေ… မင်းတို့က တကယ်ပဲ တစ္ဆေတိုင်းပြည်ရဲ့ အခြေတည်ကျောက်တိုင်ကို တိုက်ခိုက်ချင်တာလား"

အနက်ရောင်မြူခိုးများထဲမှ တစ္ဆေမျက်နှာကြီးက ဒေါသတကြီးဖြင့် ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ ကစားပွဲကို ပြောင်းပြန်လှပစ်ရတော့မှာပဲ ၊ ကျုပ်ကို အပြစ်မတင်နဲ့တော့"

သူ စကားပြောနေစဉ်မှာပင် အနက်ရောင်တစ္ဆေချီစွမ်းအားများက ချက်ချင်းမြင့်တက်လာပြီး မော့ကျန်းသုန့်နှင့် တောင်သခင် (၃)ပါးရှိရာသို့ ဝင်ရောက်လာသည်။

မြောင်ယွဲ့က…

"သူ ထွက်ပြေးတော့မယ်"

သူမအသံက ရယ်သံစွက်လျှက် ရှိသည်။

မြောင်ယွဲ့၏ စကားသံအဆုံးသတ်သွားသည်နှင့် တောင်သခင်များက တစ်ပြိုင်တည်းလှုပ်ရှားလိုက်ကြသည်။

သူတို့က ချက်ချင်းပင် တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားကို ဝိုင်းထားလိုက်ကြသည်။

တောင်သခင်များ၏ အပြုအမူကြောင့် တစ္ဆေမျက်နှာကြီး စိတ်ရှုတ်ထွေးသွား၏။

"ကျုပ်က မင်းတို့ကို သတ်ချင်နေတာ ၊ ဘာကိစ္စ ထွက်ပြေးရမှာလဲ… ၊ ဒါပေမဲ့ ရုတ်တရက် ကျုပ် တန်ခိုးစွမ်းအားတွေ နည်းသွားသလို ခံစားရလို့ မင်းတို့ကို မသတ်တော့တာ"

"အဟားဟား…"

မြောင်ယွဲ့က ရယ်မောလိုက်သည်။

"တောင်းပန်ပါတယ် ၊ ကျွန် မနားလည်မှု လွဲသွားတာ"

တစ္ဆေမျက်နှာကြီးက ရယ်မောလိုက်ရင်း…

"မင်းတို့လူသားတွေက လုံး၀ ရိုးသားမှု မရှိဘူး ၊ မင်းတို့က ကျုပ်ကိုများ အရူးထင်နေသလား ၊ စောင့်ကြည့်ပေါ့ကွာ… တစ္ဆေတံခါးရှေ့ ရောက်နေတဲ့ကောင် သေရတော့မှာပါ"

***

ကျန်းလန်က နက်မှောင်နေသည့် ကျောက်တိုင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

အနက်ရောင်တစ္ဆေချီစွမ်းအားက ထိုကျောက်တိုင်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။ ထို့ပြင် အမျက်ဒေါသနှင့် အန္တရယ်အငွေ့အသက်များလည်း ပြင်းပြင်းထန်ထန်ထွက်ပေါ်နေသည်ကို ကျန်းလန် ခံစားလိုက်ရသည်။

ကျန်းလန် ချက်ချင်းပင် အန္တရယ်ကိုးသွယ်စွမ်းအားများကို စုစည်းပြီး လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

သို့သော် ရန်သူ၏ လှုပ်ရှားမှုက ကျန်းလန်ထက် လျှင်မြန်၏။

အနက်ရောင်ကျောက်တိုင်နေရာတွင် လူရိပ်တစ်ခုပေါ်လာပြီး ကျန်းလန်၏ လက်သီးချက်ကို တန်ပြန်လက်သီးချက်ဖြင့် ပြန်လည်ထိုးနှက်လိုက်သည်။

တစ်ဖက်လူ၏ လက်သီးချက်က ကျန်းလန်ရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာ၏။

"ဘုန်း"

လက်သီးချက် (၂)ခု ထိမိသည်နှင့် စွမ်းအားများက နေရာအနှံ့ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ မြေကြီးနှင့်သဲများ လွင်ပျံထွက်ကုန်သည်။

"ဂျွတ်"

"ဝုန်း"

"အား"

အရိုးကျိုးသံများ ထွက်ပေါ်လာပြီး ကျန်းလန် အဝေးသို့ လွင့်ထွက်သွားသည်။

တစ်ဖက်ရန်သူ၏ စွမ်းအားက ကျန်းလန်ထက် များစွာသာလွန်၏။

"ရန်သူက အစစ်အမှန်အင်မော်တယ်အဆင့်ထက် ကျော်လွန်နေတာပဲ"

ကျန်းလန် လွင့်ထွက်သွားရာမှ မျက်မှောင်တစ်ချက်ကြုတ်ရင်း တွေးလိုက်သည်။ သူ့လက်မှအရိုးများလည်း ကျိုးသွားပြီ ဖြစ်၏။

ရန်သူ၏ တန်ခိုးစွမ်းအားက အစစ်အမှန်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ထက် ကျော်လွန်နေသည်။ အစစ်အမှန်အင်မော်တယ် အောင်မြင်ထားသည့်အဆင့် ၊ သို့မဟုတ် မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်နိုင်သည်။

သူ တွေးနေစဉ်မှာပင် ထိုလူရိပ်က ဧရာမမြွေကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျန်းလန်ဆီသို့ အရှိန်ဖြင့် ဝင်ရောက်လာသည်။

ကျန်းလန်အတွက် ထွက်ပြေးရန် အချိန်မရှိတော့ပေ။

သူ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး မကျိုးသေးသည့် ဘယ်ဘက်လက်ကို အသုံးပြုကာ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်။

"ပင်လယ်တုန်လှုပ်မုန်တိုင်း"

ချက်ချင်းပင် ကျန်းလန်၏ အနောက်ဘက်မှ ပြင်းထန်သည့်မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး ဧကရာမမြွေကြီးဆီသို့ ဝင်ရောက်သွားသည်။

"ဘုန်း"

ပြင်းထန်သည့် တန်ခိုးစွမ်းအား (၂)ခု တိုက်မိပြီးနောက် 'ပင်လယ်တုန်လှုပ်မုန်တိုင်း' တန်ခိုးစွမ်းအား လွင့်ပြယ်ပျက်စီးသွားသည်။

သို့သော် ကျန်းလန်ကိုတော့ အချိန်အနည်းငယ် ရစေခဲ့၏။

"ဒီလူကို ငါမယှဉ်နိုင်ဘူး ၊ အမြန်ပြန်ဆုတ်မှ ဖြစ်မယ်"

ထိုသို့တွေးမိသည်နှင့် ကျန်းလန် ထွက်ပြေးရန် ကြံစည်လိုက်သည်။

ဤသည်က တစ္ဆေတိုင်းပြည်မှ အသုံးပြုသည့် နောက်ဆုံးလျှို့ဝှက်တိုက်ကွက် ဖြစ်နိုင်သည်။ သို့သော် ထိုအရာကို ကျန်းလန် ရင်ဆိုင်နိုင်စွမ်း မရှိပေ။

"ဘုန်း"

ဧရာမမြွေကြီးက ကျန်းလန်ကို ထွက်ပြေးခွင့်မပြုဘဲ အဝေးမှလှမ်းပြီး တိုက်ခိုက်လိုက်သည်။

ထို့နောက် အသံနက်ကြီးတစ်ခု ထွက်ပေါ်လာ၏။

"လူသား ၊ မင်းက စည်းဖောက်ပြီးတော့မှ ထွက်ပြေးချင်နေတာလား ၊ ကျုပ်တို့ တစ္ဆေတိုင်းပြည်ကလူတွေက အရမ်းသန်မာတယ် ၊ ကျုပ်တို့အရိုးတွေက မာကျောတယ် ၊ ဒါပေမဲ့ မင်းရဲ့ လက်သီးချက်ကိုတော့ မခံနိုင်ခဲ့ကြဘူး ၊ ဒီတော့ မင်း အသက်ရှင်နေသရွေ့ ကျုပ်တို့တစ္ဆေနတိုင်းပြည်အပေါ် အရိပ်မည်းကြီးပမာ လွှမ်းမိုးနေလိမ့်မယ်"

စကားသံ ခေတ္တပျောက်ကွယ်သွားပြီးမှ ထပ်မံထွက်ပေါ်လာသည်။

"ဒါပေမဲ့ စိတ်မပူပါနဲ့ ၊ ကျုပ်တို့ တစ္ဆေတိုင်းပြည်က ရိုးသားဖြောင့်မတ်တယ် ၊ ဒီတော့ မင်းကို ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားအဖြစ် ကိုးကွယ်ဆည်းကပ်ပြီး နှစ်တိုင်း ဂါရဝပြုပူဇော်မယ်"

ထိုစကားသံကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။

တစ္ဆေတိုင်းပြည်ကလူတွေက စိတ်ရောနှံ့ရဲ့လား။

"ဘုန်း"

တိုက်ခိုက်မှုက ထပ်မံဝင်ရောက်လာပြီး ကျန်းလန် နောက်သို့ လွင့်ထွက်သွားပြန်သည်။

တစ်ဖက်လူ၏ စွမ်းအားကို သံသယဝင်စရာမလိုပေ။ သူ တစ်ချက်သတိလွတ်သွားသည်နှင့် အသက်ပေးဆပ်ရမည် ဖြစ်သည်။

ကျန်းလန်က ဧရာမမြွေကြီးကို ရင်မဆိုင်နိုင်ဘဲ ထွက်ပြေးရန် ကြိုးစားနေသည်ကို လုကျန်းနှင့် အခြားသူများ တွေ့မြင်လိုက်ကြရသည်။

လုကျန်းက…

"ကျုပ် သူ့ကို သွားကူညီလိုက်မယ်"

ပြောပြီးသည်နှင့် လုကျန်းက ဓားကိုဆွဲထုတ်ကာ ဧရာမမြွေကြီးထံ ခုန်ဝင်သွားပြီး ခုတ်ပိုင်းချလိုက်သည်။

ပြိုင်ဘက်ကင်းဓားဝိညာဉ်ကြောင့် ဧရာမမြွေကြီး၏ ခန္ဓာကိုယ် တစ်ချက်တုန်ခါသွားသည်။ သို့သော် ထိုသတ္တဝါကြီးက လုကျန်းကို အရေးမစိုက်ဘဲ ကျန်းလန်ကိုသာ အာရုံထား တိုက်ခိုက်နေသည်။

သို့ရာတွင် လုကျန်း၏ ဓားဝိညာဉ်ကလည်း ပြင်းထန်သည်ထက် ပြင်းထန်လာသည်။

ဧရာမမြွေကြီးက လုကျန်းကို တစ်ချက်စိုက်ကြည့်လိုက်ရင်း…

"လူသား ၊ မင်းအဆင့်နဲ့ ကျုပ်ကို တိုက်ခိုက်လို့မရဘူး ၊ သောက်ပိုတွေ မလုပ်နဲ့"

ထို့နောက် ဧရာမမြွေကြီးက ကိုယ်ခွဲတစ်ခုခွဲထုတ်လိုက်ပြီး လုကျန်းကို ပိတ်ဆို့ထားလိုက်သည်။ လုကျန်းမှာ ကျန်းလန်ကို ကူညီတိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

သူ့မှာ ဧရာမမြွေကြီး၏ ကိုယ်ခွဲကိုပင် အနိုင်ရအောင် တိုက်ခိုက်နိုင်စွမ်း မရှိလေရာ အချိန်မည်မျှကြာအောင် ထိန်းထားနိုင်မည်ကို မသိရှိပေ။

ထိုခဏတွင် လင်အန်းနှင့်အခြားသူများကိုလည်း အနက်ရောင်တစ္ဆေချီစွမ်းအားများက ပိတ်ဆို့ဝိုင်းရံထားသည်ကို ခံနေရသည်။

လင်အန်းက တည်ငြိမ်သည့်လေသံဖြင့်…

"ကျုပ်က တာအိုကို နားလည်တဲ့အဆင့် မရောက်သေးတော့ ဒီတိုက်ပွဲကို မကူညီဘဲ ထွက်သွားမယ်ဆိုရင် နောင်တတရားက ကျုပ်ရဲ့ တာအိုစိတ်ထားကို ပျက်စီးသွားစေလိမ့်မယ်"

ပေဖန်းကလည်း ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ဓားရှည်ကိုဆွဲထုတ်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

ဟုန်လွမ်က…

"ကျွန်မက အဲဒီသတ္တဝါကို မန္တန်ပညာနဲ့ ထောင်ချောက်ဆင်မယ်"

ထို့နောက် သူတို့ (၄)ယောက်က ဧရာမမြွေကြီး၏ ကိုယ်ခွဲကို စတင်တိုက်ခိုက်လိုက်ကြသည်။

ကျန်းလန်က သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ထွက်ပြေးသွားတော့၏။

"ဘုန်း"

"ဘုန်း"

သို့သော် ကျန်းလန် အတော်ဝေးဝေးသို့ ပြေးသွားနိုင်သည့်တိုင် ရန်သူက သူ့ကို ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်သည်။ သူ ဘယ်လောက်ပြေးပါစေ တစ်ဖက်ရန်သူ၏ အမြင်အာရုံမှ လွတ်မြောက်နိုင်စွမ်းမရှိ ဖြစ်နေရသည်။

ဧရာမမြွေကြီးက ကိုယ်ခွဲတစ်ခု ခွဲထုတ်လိုက်သည့်အတွက် ကျန်းလန် အနည်းငယ် အချိန်ရလိုက်ခြင်း ဖြစ်သည်။ မဟုတ်ပါက ပို၍အခက်တွေ့မည်ပင်။

"ဒီအတိုင်းပြေးနေတာက အလုပ်မဖြစ်ဘူး ၊ ဒီလိုဆက်သွားနေရင် ငါတော့ လွတ်လမ်းမရှိတော့ဘူး"

ကျန်းလန်က မျက်မှောင်တစ်ချက်ကြုတ်ကာ စဉ်းစားလိုက်သည်။

ထို့နောက် ကျန်းလန်က ရန်သူ၏ တိုက်ခိုက်မှုကို နှေးကွေးသွားစေသည့် အင်းစက္ကူတစ်ရွက်ကို ထုတ်ယူလိုက်သည်။ သူက အစစအရာရာ ကြိုတင်ပြင်ဆင်ထားခဲ့သဖြင့် သိပ်တော့ စိတ်ပူပန်ခြင်း မရှိပေ။

သို့သော် သူ အင်းစက္ကူကို ထုတ်ယူနေစဉ်မှာပင် မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသည့် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကြီးတစ်ခုကို အာရုံခံလိုက်မိသည်။

ကျန်းလန်၏ အတွေးများ ရပ်တန့်သွားပြီး အင်းစက္ကူကို အသုံးမပြုတော့ဘဲ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုပြီး နေရာမှ ချက်ချင်းပျောက်ကွယ်သွားသည်။

ထို့နောက် အတော်ဝေးဝေးတစ်နေရာတွင် ကျန်းလန် ပြန်ပေါ်လာသည်။

သို့ရာတွင် တိုက်ပွဲဖြစ်ပွားရာနှင့် ဝေးကွာသည့်နေရာတစ်ခုသို့ ရောက်လာသည့်တိုင် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကြီးကို အာရုံခံမိနေဆဲ ဖြစ်သည်။

ထိုတန်ခိုးစွမ်းအားကြီးက နေရောင်ခြည်ပမာ နေရာတိုင်းတွင် တည်ရှိနေပြီး ကျန်းလန် မလွတ်မြောက်နိုင် ဖြစ်နေရသည်။

ထိုအချိန် ဧရာမမြွေကြီးကလည်း သူ့နောက်သို့ လျှင်မြန်သည့်အရှိန်ဖြင့် လိုက်ပါလာလေ၏။

ကျန်းလန် ဆက်ပြေးရန် ဟန်ပြင်စဉ်မှာပင် ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကြီးက ဧရာမမြွေကြီးရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

ထိုတန်ခိုးစွမ်းအားကြီးကို ရင်ဆိုင်လိုက်ရသည်နှင့် ဧရာမမြွေကြီးက ကြောက်ရွံ့တုန်လှုပ်သွားလေသည်။

"လူသားတွေ… မင်းတို့က အရှုံးသမားတွေပဲ"

"ဘုန်း"

တန်ခိုးစွမ်းအားကြီးက ဧရာမမြွေကြီးကို စုပ်ယူပစ်လိုက်သည့်အလား မြွေကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး ပြာမှုန့်အဖြစ် ပြောင်းလဲသွားသည်။

ကျန်းလန် ထိတ်လန့်သွားသော်လည်း အလျှင်အမြန်ပင် ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

ထိုစဉ် ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားကြီးဆီမှ အကြည့်တစ်ခု သူ့ထံသို့ ကျရောက်လာကြောင်း သတိပြုလိုက်မိသည်။

ထိုအကြည့်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ဖြတ်သန်းသွားပြီး ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို လာရောက်ထိတွေ့သည်။

သို့သော် တစ်ဖက်လူ၏ အကြည့်က ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကို ထိုးဖောက်နိုင်ခြင်းမရှိကြောင်း ကျန်းလန် သိလိုက်ရသည်။

တစ်ဖက်လူက မည်သူဖြစ်မှန်းမသိရသော်လည်း အလွန်အန္တရယ်များသည်ဟု နားလည်လိုက်သည်နှင့် ချက်ချင်းလွတ်မြောက်အောင်ကြိုးစားရန် ကျန်းလန် ဆုံးဖြတ်ချက်ချလိုက်တော့၏။

All Chapters