ဝှက်ဖဲက ဒီမှာလေ
Vol. 9 Ch. 127
“ငလျင်ငယ်ကြောင့် ဖြစ်လာတဲ့ နေရာ…”
“ဒီနေရာပဲ”
ရှန်မို တွေးတောရင်း တတိယအလွှာသို့ ပြန်ရောက်လာသည်။
ထို့နောက် အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုကို သုံး၍ လျင်မြန်စွာသွားရင်း ကျောက်နံရံတစ်ခု၌ ထူးခြားမှုရှိနေသည်ကို သတိထားမိသွား၏။
ဒီနားမှာ တကယ်ရှိတာပဲ။
“ရှန်မို ရေခဲအပေါ်ယံလွှာကို ဖယ်ရှားကာ အထဲသို့ ဝင်သွားသည်။
အထဲ၌ အလောင်း (၂) ခု ရှိနေ၏။
တစ်ခုမှာ ကျင့်ကြံသူဖြစ်ပြီး အခြားတစ်ခုမှာ နတ်ဆိုးသားကောင် ဖြစ်လေသည်။
သေဆုံးပြီးဖြစ်သော်လည်း တိုက်ခိုက်နေသည့် ပုံစံ ဖြစ်၏။
စွမ်းအင်တစ်ခုခုကြောင့် သေဆုံးသွားပုံ ပေါ်ပြီး အချိန်ကြာလာသောအခါ ရေခဲများဖြင့် ခဲ၍ မည်သူမျှ ရှာမတွေ့ကြတော့ခြင်းပင်။
ယခု ရှန်မိုကြောင့် ငလျင်ငယ် ဖြစ်လာသောအခါ အလောင်းများ ပြန်ပေါ်လာကြ၏။
သူ ကျင့်ကြံသူအလောင်းအား စစ်ဆေးကြည့်သောအခါ အလယ်အဆင့် သိုလှောင်လက်စွပ်အား တွေ့ရလေသည်။
အထဲတွင် အဝါအဆင့်ဆေးများစွာနှင့် အဆင့်နိမ့်နှင့် အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရှိနေသည်။
ထိုပစ္စည်းများမှာ အလွန်သာမာန်ကျပြီး ရှန်မို့အတွက် စိတ်ဝင်စားစရာမကောင်းချေ။
သူ ဂရုတစိုက် ထပ်ရှာရင်းမှ ထင်ထားသည့်အတိုင်း သိုလှောင်လက်စွပ်ထောင့်ဘက်တွင် အကာအကွယ်အလံတိုင်လေးများ တွေ့ရသည်။
အားလုံးပေါင်း (၄၈) ခုရှိပြီး လက်ဝါးအရွယ်မျှသာ ဖြစ်၏။
ထိုအလံများကို မြေပြင်တွင်စိုက်ကာ စိတ်ဝိညာဉ် ကျောက်တုံးနှင့် ပေါင်း၍ ကျောက်စိမ်းအကာအကွယ်ဖြင့် စတင်နိုင်ပါသည်။
ထိုထိုက်ရိနှင်းအကာအကွယ်ကိုသာ ရလျှင် သွေးမြစ်ဂိုဏ်းမှ အလစ်တိုက်ခိုက်ခြင်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။
“အခုချိန်တော့ စလို့မရသေးဘူး… အားလုံး ပြန်နားတဲ့အချိန်မှ ဆင်ရမယ်”
ထိုည သန်းခေါင်ယံအချိန်။
တပည့်များ မောပန်း၍ အိပ်မောကျနေကြသည်။
ရှန်မိုသည် ထိုညအချိန်ကို အခွင့်ကောင်းယူကာ အဆောင်မှ တိတ်တဆိတ်ထွက်၍ နှင်းဂူပတ်လည်၌ အကာအကွယ်များ ချလေ၏။
အလံများကို မြေမျက်နှာပြင်တွင် မပေါ်စေဘဲ သေချာစွာ မြှုပ်ထားသည်။
ရှန်မိုတစ်ဦးတည်းသာ နေရာအတိအကျကို သိလေ၏။
မျက်စိတစ်မှိတ်အတွင်း ရောင်နီသန်းကာ မိုးလင်းလေပြီ။
ယခုညမှာ သွေးမြစ်ဂိုဏ်းမှ လာတိုက်ခိုက်မည့်ည ဖြစ်၏။
နှင်းဂူအပြင်ဘက် တောအုပ်ထဲတွင် လူရှင်းနေသည်။
လျှိုယွမ်ဖုန်မှာ ဆက်သွယ်ရေးကျောက်စိမ်းပြားကို ထုတ်၍ စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေသည်။
ထိုအခါ တစ်ဖက်မှ အသံဩဩတစ်ခု ထွက်လာ၏။
သွေးမြစ်ဂိုဏ်းခေါင်းဆောင် ဖြစ်ပါသည်။
“လျှိုယွမ်ဖုန် အခြေအနေ ဘယ်လိုလဲ”
လျှိုယွမ်ဖုန် တည်ငြိမ်စွာဖြင့်
“နှင်းဂူထဲက အကာအကွယ်တွေတော့ ဆင်ပြီးပေမဲ့ အနောက်တောင်ထောင့်က အလံ (၃) ခုက ပျက်စီးနေပါတယ်”
“ကောင်းပြီ”
ထိုလူမှာ အားရပါးရ ရယ်မောလျက်
“ကိစ္စပြီးရင် မင်းအတွက် ယွမ်အားဆေးတစ်ပုလင်း ပို့ခိုင်းလိုက်မယ်”
လျှိုယွမ်ဖုန် ပြုံးရွှင်လျက်
“ကျွန်တော့်သားလည်း နှင်းဂူထဲ ရောက်နေပါတယ်… သူ့ရုပ်ကို သိတယ်မလား သေချာပေါက် လွှတ်ပေးရမယ်နော်”
“ဘာမှစိတ်မပူနဲ့ နားလည်ပါတယ်”
“ဟုတ်ကဲ့ပါ ပူးပေါင်းမှုအောင်မြင်စေဖို့ မျှော်လင့်ပါတယ်”
…
ညမှာ အလွန်တိတ်ဆိတ်နေသည်။
လရောင်သည် ငွေဇာပုဝါပါးကဲ့သို့ လောကကြီးကို လွှမ်းခြုံထား၏။
နှင်းဂူပတ်ဝန်းကျင်မှ လေအေးများသည် အရိုးထဲအထိ ထိုးဖောက်လုမတတ် အေးစက်နေသည်။
ဂိတ်စောင့်တပည့်များ၊ ကင်းစောင့် တပည့်များမှာ အနွေးထည်ကို စေ့စေ့ဆွဲရင်း အအေးဒဏ်ကို အံတုနေကြသော်လည်း တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေဆဲပင်။
သူတို့အတွက် သာမာန်ညဟုသာ ထင်ထားလေသည်။
ဂိတ်စောင့်တပည့်မှာ ထိုသို့တွေးနေစဉ် အနီရောင် အလင်းတန်းတစ်ခု သူ့ဆီသို့ လာနေပြီး တဖြည်းဖြည်း ကြီးလာသည်ကို တွေ့လိုက်၏။
ဘုံး!
နှင်းဂူ၏ အကာအကွယ်မှ အလိုအလျောက် တုံ့ပြန်လေသည်။
အနီရောင်အလင်းသည် အနောက်တောင်ထောင့်ရှိ အကာအကွယ်အား တည့်တည့်တိုးဝင်လာ၏။
အကာအရံမှာ အနည်းငယ် တုန်ခါသွားသော်လည်း မပျက်စီးသေး။
ဒုတိယအကြိမ် အနီရောင်အလင်း ထပ်ကျရောက်လာပြန်သည်။
ထို့နောက် တတိယ၊ စတုတ္ထ၊ ပဉ္စမ ဆက်တိုက် တိုက်ခိုက်၏။
ထိုအခါ အကာအကွယ်လည်း အရှိန်အဝါ တဖြည်းဖြည်း လျော့လာသည်။
နောက်ဆုံးတစ်ခေါက်တွင်တော့ ဖန်နံရံကဲ့သို့ ကွဲကြေသွားတော့သည်။
ဂိတ်စောင့်တပည့်မှာ မှင်တက်နေမိ၏။
မြေအဆင့် အကာအကွယ်မလား။
ဒီလောက် လွယ်လွယ် ပျက်စီးရလား။
“အရေးပေါ် အချက်ပေးလိုက်တော့… အရူးလို ဘာရပ်လုပ်နေတာလဲ”
သူ့ဘေးမှ တပည့်သည် အရေးပေါ် အချက်ပေးရင်း လှမ်းအော်၏။
ဒင် ဒင် ဒင်!
စူးရှသော အချက်ပေးသံမှာ လေထဲတွင် ပျံ့နှံ့၍ အားလုံး လန့်နိုးလာကြသည်။
စုန်းချောင်ဖုန်၊ ဝေ့ရှောင်ထီနှင့် လျှိုယွမ်ဖုန်တို့ ပြေးထွက်လာပြီး အံ့ဩစွာ ကြည့်နေ၏။
ဝှစ် ဝှစ်!
အနီရောင်ဝတ်ရုံဖြင့် လူ (၇) ဦး ပျံသန်းလာပြီး အနောက်မှ ခြေတည်အဆင့်တပည့်ပေါင်းများစွာလည်း ပါသည်။
“အကာအကွယ်က တကယ် ပျက်စီးသွားတာလား”
ဝေ့ရှောင်ထီ မယုံကြည်နိုင် ဖြစ်နေ၏။
“သွေးမြစ်ဂိုဏ်းခေါင်းဆောင် ဖုန်လဲ့ရှန်ပဲ”
စုန်းချောင်ဖုန် သူ့ကိုကြည့်ရင်း မျက်လုံးပြူးနေ၏။
“အကာအကွယ်က ဘယ်လိုလုပ် လွယ်လွယ် ပျက်စီးရတာလဲ… သစ္စာဖောက် ရှိနေတာလား”
လျှိုယွမ်ဖုန် ဒေါသတကြီး ဆိုလေသည်။
“စုန်းချောင်ဖုန် မင်းက အကာအကွယ်တွေ တာဝန်ယူထားတာလေ မင်း သစ္စာဖောက်တာမလား”
“ပေါက်ကရတွေ မပြောနဲ့ တိတ်စမ်း”
စုန်းချောင်ဖုန် ဒေါသတကြီး ပြန်အော်၏။
“မင်းတို့ ချင်းရွှမ်ဂိုဏ်းကလူတွေက အချင်းချင်း ပြန်တိုက်ခိုက်တာ တော်တာပဲ”
ဖုန်လဲ့ရှန် အားရပါးရ ရယ်မောကာ ဆိုလေသည်။
ထို့နောက် ရုတ်တရက် လက်ဝါးဖြင့် အားအပြည့် ရိုက်ချလိုက်သည်။
အနီရောင်အလင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကျရောက်လာပြီး အကြီးအကဲ (၃) ဦး ခုခံရန် ကြိုးစားသော်လည်း တန်ပြန်ထိခိုက်ကာ သွေးများသာ အန်လာ၏။
တပည့်များ ထိုမြင်ကွင်းကို တွေ့သောအခါ အလွန် ထိတ်လန့်သွားကြလေသည်။
သွေးမြစ်ဂိုဏ်းက အဲ့လောက် အင်အားကြီးတာလား။
ဖုန်လဲ့ရှန် ပြုံး၍
“ရှန်မိုရော ဘယ်မှာလဲ ဒီတစ်ခါတော့ နှင်းဂူထက် ရှန်မို့ကို ဖမ်းဖို့လာတာ”
ဖုန်လဲ့ရှန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြော၏။
ရှန်မိုမှာ ကျောက်ထင်၊ လောင်ရှန်နန်၊ ကျောက်ရူနှင့် အခြားတပည့်များ ဝန်းရံလျက် ရှိသည်။
“ရှန်မို့ကို လွှဲပေးတဲ့သူ ဘယ်သူမဆို အသက်ရှင်ခွင့် ပေးမယ်”
“ကျန်တာကတော့ အကုန် သေရမယ်”
ဖုန်လဲ့ရှန် ပြုံးရွှင်၍
“ဘယ်လိုလဲ ငါ အရမ်းကြင်နာတတ်တယ်မလား”
တပည့်များအချင်းချင်း လှည့်ကြည့်မိသည်။
သူတို့ ရှန်မို့ကို လေးစားချစ်ခင်သော်လည်း အသက်မှာ ပိုအရေးကြီးနေ၏။
“ခေါင်းဆောင်ငယ်ကို ဘယ်သူ စတေးရဲလို့လဲ… ငါကတော့ ဒီကောင်တွေကိုပဲ ရှင်းပစ်မယ်”
ကျောက်ထင် အော်ဟစ်၍ တပည့်များအား ပြောသည်။
“တကယ်ပဲ… ခေါင်းဆောင်ငယ်သာ ခေါ်နေကြတာ အခုလို ဒုက္ခရောက်တော့ ကိုယ့်အသက်နဲ့ လဲမယ်ပေါ့လေ မရှက်ကြဘူးလား”
လောင်ရှန်နန်မှ ထပ်ပြောလေသည်။
ထိုအခါမှ တပည့်များ သတိဝင်ပြီး ပြန်တိုက်ခိုက်ရန် လှုပ်ရှားလာကြသည်။
“စိတ်ဝင်စားစရာပဲ ချင်းရွှမ်တပည့်တွေထဲမှာ သတ္တိခဲတွေ ရှိတာပဲ”
“မင်းတို့က တပည့်အစစ်ထဲပါတဲ့သူတွေမလား… ကျောက်ထင်နဲ့ လောင်ရှန်နန်”
“ငါတို့ သွေးမြစ်ဂိုဏ်းကို လာပါလား… အခုချိန် ပြောင်းလို့ မှီသေးတယ်နော်”
“ငါ့ကိုတော့ ထည့်မတွက်နဲ့ လုံးဝ စိတ်ကူးမရှိဘူး”
လောင်ရှန်နန်မှာ ထွီခနဲ တံတွေးလှည့်ထွေး၍ ပြော၏။
ဖုန်လဲ့ရှန် ပြုံးလျက်ပင်
“ငါ အကြံတစ်ခုရပြီ လောင်ရှန်နန်ကို သတ်နိုင်တဲ့ တပည့်တွေကို လွှတ်ပေးမယ်”
“ငါတို့ကို ရန်လာတိုက်မနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကြွက်လာဖမ်းတဲ့ ကြောင်ထင်နေတာလား”
တစ်ချိန်လုံး ငြိမ်နေခဲ့သော ရှန်မိုမှ စပြောလာ၏။
“ဪ ကြွက်မှာ ဘာအကြံရှိလို့လဲ ပြပါဦး”
ရှန်မိုမှ အသံကျယ်ကျယ်ဖြင့်
“အကြီးအကဲစုန်းနဲ့ အဆောင်သခင်ဝေ့ တပည့်တွေ အားလုံးကို နှင်းဂူထဲ ခေါ်သွားပေးပါ”
စုန်းချောင်ဖုန်တို့ အံ့ဩသွား၏။
ထွက်ပြေးရမှာလား။
ဒါပေမဲ့ အထဲမှာ ပိတ်မိနေမှာမဟုတ်ဘူးလား။
“ကျွန်တော့်ကို ယုံပေးပါ”
“ဟုတ်ကဲ့ပါ… ကဲ အားလုံး နှင်းဂူထဲ ဝင်ကြဟေ့”
စုန်းချောင်ဖုန် အံကြိတ်ကာ အမိန့်ပေးလိုက်သည်။
သွေးမြစ်ဂိုဏ်းအဖွဲ့မှာ စိတ်ဝင်တစား ကြည့်နေကြ၏။
“ထွက်ပေါက်မရှိတဲ့ဆီကို ပြေးတယ်လား… ငါတို့အတွက် ပိုလွယ်တာပေါ့”
ဖုန်လဲ့ရှန် ရယ်မောနေ၏။
“ကဲ ပြပါဦး မင်းရဲ့ဝှက်ဖဲကို”
ရှန်မို အကာအကွယ်ကျောက်စိမ်းပြားထုတ်၍ စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းစေသောအခါ ရုတ်တရက် အေးစက်သော အရှိန်အဝါများ လွှမ်းခြုံလာသည်။
ရှန်မိုပြုံးလျက်
“ဒီမှာလေ”