မင်းလို (၂) ယောက်ကို နိုင်တယ်
Vol. 9 Ch. 129
ရှန်မို ဇာမဏီမီးတောက် အသုံးပြုချိန်တွင် ကျင့်ကြံသူ (၆) ဦးတို့မှာ မယုံနိုင်စွာဖြင့် မျက်လုံးများ ပြူးနေကြ၏။
မဖြစ်နိုင်တာ။
ဒီလို အားကြီးတဲ့ကျင့်စဉ်ကို ချက်ချင်း ထပ်သုံးနိုင်တာလား။
သူ့မှာ စိတ်ဝိညာဉ်စွမ်းအင်တွေ အဲ့လောက်တောင် ရှိတာလား။
သူ့ခန္ဓာကိုယ်ကရော ခံနိုင်ရည်ရှိတာလား။
ဖုန်လဲ့ရှန်လည်း မှင်တက်နေ၏။
ရှန်မို စသုံးသော ကျင့်စဉ်မှာ အနည်းဆုံး မြေအဆင့် ရှိလိမ့်မည်။
ထို့အပြင် သူ့တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်သည့် ကြေးတံခါးများလည်း ရှိ၏။
ကျင့်စဉ်အဆင့်မြင့်လေ စိတ်ဝိညာဉ်စွမ်းအင် သုံးရလေ ဖြစ်သည်။
ကောင်းကင်အဆင့်ခန္ဓာကိုယ်ဖြင့် စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝလျှင်ပင် ထိုသို့ထပ်သုံးရန် မလွယ်လှပေ။
သို့သော် ဖုန်လဲ့ရှန် နားမလည်နိုင်မီပင် ရှန်မိုမှာ အားလုံး လှုပ်ရှားပြီးလေပြီ။
ဘုံး!
ဇာမဏီမီးတောက်မှာ မြုတေဖွဲ့စည်းခြင်း (၆) ဦး၏ အင်အားများနှင့် ပေါင်း၍ အင်အား (၇) ခုမှာ လေထဲတွင် ရောထွေးတိုက်ခိုက်မိ၏။
ဘုံး!
စွမ်းအင် (၆) ခုမှာ တန်ပြန်ထိခိုက်၍ ကျင့်ကြံသူ (၆) ဦး သွေးများ အန်လာ၏။
ရှန်မိုလည်း အနောက်သို့ ခြေလှမ်း (၈) လှမ်းခန့် ဆုတ်သွားသည်။
သို့သော် ချက်ချင်း ပြန်ထိန်းလိုက်သည်။
ကြေးတံခါးကြီး (၃) ချပ်သာ တိုက်ခိုက်မှုများကို စုပ်ယူသွားသည်။
သူ့ခန္ဓာကိုယ်အား ပြန်ငုံ့ကြည့်လိုက်သောအခါ လက်မောင်းနှင့် ရင်ဘက်၌ အဝတ်များ စုတ်ပြဲ၍ ဒဏ်ရာအချို့ ရထား၏။
သို့သော် အပေါ်ယံ အနည်းငယ်မျှသာ ဖြစ်ပါသည်။
ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်း ပြန်လည် သက်သာလာ၏။
သူ ရထားသည့် ကျောက်စိမ်းလုံးများ၏ အကျိုးကျေးဇူးကြောင့်ပင်။
ထိုမြင်ကွင်းကို တွေ့သောအခါ ချင်းရွှမ်ဂိုဏ်းသားများ မှင်တက်ရပြန်၏။
တစ်ဖက်တွင် သွေးမြစ်ဂိုဏ်း တပည့်များမှာ အလွန် ထိတ်လန့်ခြောက်ခြားနေတော့သည်။
ရှန်မိုမှာ ခဏအတွင်း သူတို့၏ ဂိုဏ်းခေါင်းဆောင်နှင့် အကြီးအကဲများကို တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် သူတို့ကိုယ်တိုင်မှာတော့ စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ဆုံးခါနီးဖြစ်ကာ မည်သို့ တိုက်ခိုက်နိုင်တော့မည်နည်း။
“သူတို့စိတ်ဝိညာဉ်စွမ်းအင် ကုန်တော့မယ်… အကြီးအကဲစုန်း၊ အဆောင်သခင်ဝေ့၊ လက်ထောက် ခေါင်းဆောင်လျှို အခု အကြီးအကဲတို့ အလှည့်ပဲ”
ရှန်မို တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
စုန်းချောင်ဖုန်နှင့် ဝေ့ရှောင်းထီတို့ ချက်ချင်း ပြန်ဖြေလိုက်သည်။
လျှိုယွမ်ဖုန်မှာ နေရခက်စွာဖြင့် ခေါင်းငြိမ့်ပြ၏။
ဝှစ် ဝှစ် ဝှစ်!
(၃) ယောက်သား ရှေ့သို့ ပြေးထွက်သွားကြသည်။
ဖုန်လဲ့ရှန်လည်း မျက်စိမျက်နှာပျက်၍ သူ့ဂိုဏ်းမှ အကြီးအကဲများကို ကြည့်ကာ
“အကာအကွယ်က အားနည်းနေပြီနော်… မင်းတို့ ချီစွမ်းအင်ဆေးယူပြီး ထိန်းထားလိုက်ဦး”
(၃) ယောက်မှာ ရုတ်တရက် တွေဝေသွားသည်။
ဖုန်လဲ့ရှန်အသံသည် အေးစက်လျက်
“မင်းတို့မိသားစုတွေ ဂိုဏ်းထဲရှိနေသေးတာ မမေ့နဲ့ဦး… ဒီဆေးတွေမယူရင် သူတို့ကံကြမ္မာလည်း ကောင်းနိုင်မှာ မဟုတ်ဘူး”
အကြီးအကဲ (၃) ဦးမှာ အံကြိတ်လျက်
“ကောင်းပြီလေ… ခေါင်းဆောင် ငါတို့မိသားစုတွေကို ကာကွယ်ပေးမယ်လို့ ယုံတယ်”
အားလုံး သိုလှောင်လက်စွပ်ထဲမှ ဆေးအနီများထုတ်၍ သောက်လိုက်ကြ၏။
ရှန်မို မျက်လုံးအရောင် တောက်သွားသည်။
ချီစွမ်းအင်ဆေးကို သောက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များ အလွန် တိုးပွါးလာ၏။ သို့သော် အားနည်းချက်မှာ အနည်းဆုံး (၅) နှစ်အထိ အသက်တိုစေပါသည်။
ထို့အပြင် အင်အားသုံးပြီးသည်နှင့် အလွန် အားနည်း၍ ဘေးထွက်ဆိုးကျိုး များ၏။
အလွတ်တန်းကျင့်ကြံသူများကြားတွင်လည်း သွေးမြစ်ဂိုဏ်းမှ ထိုဆေးသည် အလွန် ဝယ်လိုအားကောင်း၏။
“သတ်ကြ”
ရှန်မို မြေပြင်ကို ဖနောင့်ဖြင့်ပေါက်၍ အရပ် (၈) မျက်နှာ မိုးကြိုးလှုပ်ရှားမှုကို သုံး၏။
ထို့နောက် လက်ထဲတွင် မိုးကြိုးဓား ပေါ်လာပြီး သွေးမြစ်ဂိုဏ်းအကြီးအကဲများထံ စွမ်းအင်များ ပျံ့နှံ့လာသည်။
သူသည် ရှေ့ဆုံးမှ ဦးဆောင်၍ သွားပြီး အနောက်မှ စုန်းချောင်ဖုန်တို့ လိုက်လာကြသည်။
သွေးမြစ်ဂိုဏ်းမှ အကြီးအကဲများလည်း ဒေါသတကြီးဖြင့် အသက်ရှင်ရေးအတွက် ခုခံရလေသည်။
ဘုံး ဘုံး ဘုံး!
ပေါက်ကွဲသံကြီးနှင့်အတူ အကြီးအကဲတစ်ဦး အသက်ကုန်သွားရ၏။
ထိုအခါ ချင်းရွှမ်ဂိုဏ်းသားများ ပို၍ စိတ်ဓာတ် တက်ကြွလာကြသည်။
ကျန် (၂) ဦးမှာ ဆေးသောက်ထားသော်လည်း ရှန်မို့ကို မယှဉ်နိုင်ပေ။
“အကာအကွယ် အင်အားလျော့လာပြီ ပြေးကြ”
ဖုန်လဲ့ရှန် ဘေးမှ အန္တရာယ်များကို ရှင်းကာ အရင်ဆုံး ထွက်ပြေးလေသည်။
ကျန်အကြီးအကဲများလည်း သူ့အနောက်မှ ချက်ချင်း လိုက်ကြ၏။
“ချင်းရွှမ်ဂိုဏ်းသားတို့ ကျွန်တော့်အမိန့်ကို နားထောင်ပါ… သူတို့ကို ဖမ်းကြ… တစ်ယောက်မှ အရှင်မထားနဲ့”
ရှန်မိုမှ အော်လိုက်သည်။
ကျောက်ထင်တိုအဖွဲ့မှ ပထမဆုံး ပြေးထွက်သွားကြ၏။
ထိုအခါ အနောက်မှ အခြားတပည့်များလည်း လိုက်လာကြသည်။
“အကြီးအကဲ (၃) ယောက်ကို အပ်တယ်နော်… ကျွန်တော် ဖုန်လဲ့ရှန်နောက် လိုက်သွားလိုက်မယ်”
ရှန်မို လှမ်းပြော၍ အရိပ်ကဲ့သို့ ချက်ချင်း ပျောက်သွားလေသည်။
ဝေ့ရှောင်ထီ အံ့ဩစွာဖြင့်
“ခေါင်းဆောင်ငယ်က သတ္တိရှိလိုက်တာ”
စုန်းချောင်ဖုန် သက်ပြင်းချ၍
“ကျွန်တော်တော့ ခေါင်းဆောင်ငယ်ကို ယုံတယ်… သူ့မှာ အကြံရှိမှာပါ”
လျှိုယွမ်ဖုန်မှာတော့ ရှန်မိုသွားသည့်ဘက် လှမ်းကြည့်ရင်း အေးစက်စွာ ပြုံး၍
“ဒီကောင်လေး… သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ”
သူ နှာခေါင်းရှုံ့ကာ ရေရွတ်မိ၏။
…
တောအုပ်ထဲ၌။
ဖုန်လဲ့ရှန်တစ်ယောက် အရှိန်ဖြင့်ပြေးလိုက်၊ နားလိုက်ဖြင့် ထွက်ပြေးနေသည်။ သူ့ရင်ဘက်၌ မီးလောင်ဒဏ်ရာလည်း မပျောက်သေးချေ။
ဂိုဏ်းသို့အမြန်ပြန်၍ ဆေးသောက်မှ ဖြစ်ပေမည်။
“တစ်ယောက်ယောက် လိုက်လာတာလား”
သူ လန့်ဖျပ်၍ အနောက်သို့ လှည့်ကြည့်၏။
“ရှန်မိုလား… ရာရာစစ လိုက်လာရဲတယ်ပေါ့လေ”
သူ လန့်လည်းလန့် ဒေါသလည်းထွက်နေ၏။
“ဘာလို့ မလိုက်ရမှာလဲ… ကိုယ့်ကိုယ်ကိုယ် တော်တော် အင်အားကြီးတယ် ထင်နေလို့လား”
ရှန်မို ရယ်မောကာ ပြော၏။
ဖုန်လဲ့ရှန်လည်း အားရပါးရ ရယ်မောကာ
“အင်အားလား… အဲ့လောက်တော့ မဟုတ်ဘူးပေါ့… တာအိုအခြေခံ ပြီးပြည့်စုံတာရယ်၊ ရွှေအမြုတေရယ်၊ ငါ့ခန္ဓာကိုယ်က မြေအလယ်အဆင့် ရှိရုံပါပဲ”
“ကျင့်စဉ်လား… ကျင့်စဉ်လည်း မြေအဆင့်အလယ်အဆင့်ပဲလေ”
“သိုင်းကွက်ကတော့ အဆင်နိမ့် မြေအဆင့်လောက်ပဲ”
“ဪ အဆင့်လား… မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးလေ”
သူ ရှန်မိုအား လှောင်ပြောင်သလိုကြည့်ကာ ပြောသည်။
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“တကယ် အထင်ကြီးစရာပဲ သာမာန် မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံးအဆင့် (၂) ယောက်လောက်တော့ နိုင်မှာနော်”
ဖုန်လဲ့ရှန် နှာခေါင်းရှုံ့ကာ
“မင်းကရော”
ရှန်မို လက် (၂) ချောင်းထောင်ပြ၍ ပြုံးကာ
“ငါလား မင်းလို (၂) ယောက်ကို နိုင်တယ်လေ”