← Chapters

ရေခဲနဂါးချပ်ဝတ်ဖြင့် တိုက်ခိုက်ခြင်း

Vol. 9 Ch. 130

ရေခဲနဂါးချပ်ဝတ်ဖြင့် တိုက်ခိုက်ခြင်း

Vol. 9 Ch. 130

ထိုစကားကို ကြားသောအခါ ဖုန်လဲ့ရှန်တစ်ယောက် အရယ်ရဆုံးဟာသကို ကြားရသကဲ့သို့ ဖြစ်သွား၏။

သူ ရယ်ရလွန်း၍ ကိုယ်ကို အရှေ့သို့ကိုင်းကာ မျက်ရည်များပင် ထွက်လာသည်။

“ဒီလောက် ယုံကြည်မှုမြင့်လွန်းတဲ့သူမျိုး တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”

ထို့နောက် ဖနောင့်တစ်ချက်ပေါက်ကာ အရှေ့သို့ ခုန်ဝင်လာသည်။ သူ ခုနက ရယ်နေစဉ်တည်းက ချီအားဖြည့်ဆေးကို သောက်လိုက်ပြီး ဖြစ်၏။

ယခုအချိန်တွင် စိတ်ဝိညာဉ်စွမ်းအင်မှာ အတိုင်းအဆမဲ့ ဖြစ်နေသည်။

ခုနက ရယ်မောခြင်းမှာ တမင် ဟန်ဆောင်ခြင်းသာ ဖြစ်လေသည်။

ရှန်မို့တွင် ဝှက်ဖဲတစ်ခုခုရှိမည်ဟု တွေးထားပြီးသားပင်။

ထိုကောင်လေးမှာ နဂိုတည်းက ထူးခြားလွန်း၏။

နတ်ရေစင်ဂိုဏ်းခေါင်းဆောင် ကျန်းမိုမှ သေစေရန်အမိန့်ပေးထားရသူ ဖြစ်သည်။

ထိုကဲ့သို့ ကျင့်ကြံသူတွင် အစီအစဉ်ကောင်းများ မရှိဘဲ မည်သို့နေမည်နည်း။

ဖုန်လဲ့ရှန်သည် ဒဏ်ရာရထားပြီးဖြစ်၍ ရှန်မို့ဝှက်ဖဲနှင့် တွေ့လျှင် ချက်ချင်း ပျက်စီးသွားနိုင်သည်။ သူ့ဘက်မှစ၍ အခွင့်အရေးယူမှ ဖြစ်လိမ့်မည်။

ယခုအချိန်မှာ ရှန်မို့ကို တစ်ချက်တည်းဖြင့် အသေ တိုက်ခိုက်ရန် အကောင်းဆုံးပင်။

“သားကောင်ပြောင်းလဲခြင်း ကျင့်စဉ် ကျားပုံစံ”

ဖုန်လဲ့ရှန် အော်၍ သွေးကဲ့သို့ နီရဲသော စွမ်းအင်များ လက်ထဲမှ ထွက်လာကာ ချက်ချင်း ကြောက်စရာ ကျားခေါင်းပုံစံ ဖြစ်လာသည်။

ထိုကျင့်စဉ်မှာ ဂိုဏ်းခေါင်းဆောင်၊ ခေါင်းဆောင်ငယ်နှင့် တပည့်အစစ်များသာ သင်ယူခွင့် ရှိ၏။

အင်အားကြီးသလောက် စိတ်ဝိညာဉ်စွမ်းအင်လည်း အလွန် သုံးရသည်။ ထို့ကြောင့် သာမာန်တိုက်ပွဲမျိုးတွင် မတွေ့ရတတ်ပေ။

“သေပေတော့”

ဖုန်လဲ့ရှန် အေးစက်စွာပြုံးလျက် ထိုးချလိုက်သည်။

ထိုကဲ့သို့ နီးကပ်သောအကွာအဝေး၊ တိုတောင်းသော အချိန်အတွင်း ရှန်မို ရှောင်နိုင်မည်မဟုတ်။

သေချာပေါက် ချောင်ပိတ်မိမည်ဟု ထင်လိုက်သည်။

သို့သော် ရှန်မိုမှာ တည်ငြိမ်စွာဖြင့် ညာဘက်လက်အား ခပ်ဖြည်းဖြည်း မြှောက်လိုက်သည်ကို တွေ့ရ၏။

ခရမ်းရင့်ရောင် သံချပ်ကာသည် ရှန်မို့ ညာဘက်လက်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ဖုန်လဲ့ရှန် ကြောက်စရာအရှိန်အဝါကို ခံစားမိကာ လန့်သွားသည်။

ထိုမျှမကသေး။

ရှန်မိုမှာ ရေခဲပြာသွေးတစ်စက်ကို သံချပ်ကာပေါ် ချလိုက်သည်။

ဂျစ် ဂျစ်!

ခရမ်းရင့်ရောင် သံချပ်ကာမှ အေးစက်သော အရှိန်အဝါဖြင့် အကြေးခွံများ ပြောင်းလဲသွားသည်။

ရှန်မိုမှာ ရေခဲအရှင်သခင်ကဲ့သို့ ထင်ရ၏။

ဒါက ဘာလဲ။

ဖုန်လဲ့ရှန် နားမလည်နိုင်သော်လည်း စဉ်းစားနေရန် အချိန်မရှိပါ။

သေရေးရှင်ရေးအတွက် အရေးကြီးနေလေပြီ။

သူ ရှန်မို့ကို သေချာပေါက်သတ်၍ ထွက်ပြေးရမည်။

“သေပေတော့”

ရှန်မိုသည် ညာဘက်လက်မှ စွမ်းအင်ကို ခံစားလာရပြီး ရုတ်တရက် ထိုးချလိုက်၏။

ရေခဲပြာသံချပ်ကာသည် သွေးနီရောင်ကျားခေါင်းအား ဖျက်ဆီးလိုက်၏။

ဘုံး!

စွမ်းအင်ပေါက်ကွဲကာ အနီးအနားမှ သစ်ပင်များ အပိုင်းပိုင်း ပြတ်ကုန်သည်။

ထိုအနီးတွင် လူသာရှိနေပါက မြုတေဖွဲ့စည်းခြင်းအဆင့်ပင် ဒဏ်ရာရနိုင်သည်။

ဘုံး ဘုံး ဘုံး!

ထိခိုက်ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ကာ ခပ်လှမ်းလှမ်းအထိ ကြားနေရ၏။

စုန်းချောင်ဖုန်တို့ဘက်မှလည်း ကြားရလေသည်။

“ဘာဖြစ်တာလဲ… ခေါင်းဆောင်ငယ်နဲ့ ဖုန်လဲ့ရှန် တိုက်ခိုက်နေတာလား”

အကြီးအကဲများ အံ့ဩစွာ ရေရွတ်မိ၏။

“ဟုတ်လောက်မယ်… ဒီကလူတွေကို ရှင်းပြီးရင် မြန်မြန် သွားကူညီကြတာပေါ့”

လျှိုယွမ်ဖုန်မှ အားတက်သရော ဆိုသည်။

ထိုအချိန်တွင် ရှန်မိုတို့တိုက်ပွဲ ပြီးဆုံး၍ သွေးနီကျားခေါင်းမှာ အခိုးအငွေ့အဖြစ် ပျောက်ပျက်သွားလေသည်။

ရှန်မို့ညာဘက်လက်မှာလည်း ဖုန်လဲ့ရှန် ရင်ဘက်ကို ထိုးလျက်သား ဖြစ်၏။

ထို့ကြောင့် ဖုန်လဲ့ရှန်နှလုံးသား တစ်စစီ ပျက်စီးကာ ရေခဲတုံးလေးများသဖွယ် ဖြစ်နေသည်။

“မင်း…”

ဖုန်လဲ့ရှန်မှာ လက်ကျန်အင်အားဖြင့် အံ့ဩစွာ လှမ်းကြည့်နေ၏။

ပါးစပ်မှ သွေးများလည်း စီးကျနေသည်။

မည်သည့်အရာမှန်းမသိသော ရတနာကြောင့် ရုတ်တရက် သေဆုံးရလေပြီ။

ရှန်မိုမှာ လက်ကိုပြန်ရုတ်၍ အလောင်းအား အဝေးဆုံးသို့ ကန်လိုက်၏။

တစ်ချက်တွေးလိုက်ရုံဖြင့် ညာဘက်လက်မှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

ထိုအချိန်တွင် လေထုလှုပ်ရှားကာ လူ (၃) ယောက် ရောက်လာသည်။

“ခေါင်းဆောင်ငယ် ကျွန်တော်တို့ ကူညီပေးဖို့ လာတာပါ…”

စုန်းချောင်ဖုန်မှ လှမ်းအော်၏။

သို့သော် တွေ့ရသောမြင်ကွင်းကြောင့် စွံ့အသွားရလေသည်။

ကူညီမယ်။

ဘာကို ကူညီမှာလဲ။

တိုက်ပွဲက ပြီးသွားပြီလေ။

ဖုန်လဲ့ရှန်မှာ မြုတေဖွဲ့စည်းခြင်းထိပ်ဆုံး ကျင့်ကြံသူ ဖြစ်၏။ ဒဏ်ရာရထားသော်လည်း ချီအားဖြည့်ဆေးကဲ့သို့ ဝှက်ဖဲရှိသူလည်း ဖြစ်သည်။

ထိုသို့သောပုဂ္ဂိုလ်မှာ ရှန်မို့ကြောင့် သေသွားသည်လား။

အကြီးအကဲ (၂) ဦး ခေါင်းကုတ်၍ နားမလည်နိုင် ဖြစ်နေကြ၏။

လျှိုယွမ်ဖုန်မှာတော့ ကြောက်ရွံ့ထိတ်လန့်စိတ် ပိုများနေသည်။

သူ ဖုန်လဲ့ရှန်၏ အင်အားကို ကောင်းကောင်းသိ၏။

ရှန်မို့တွင် ရတနာကောင်းတစ်ခုခု ရှိရမည်။

“သွေးမြစ်ဂိုဏ်းအကြီးအကဲ (၃) ယောက်ကို ရှင်းခဲ့ပြီလား”

ရှန်မိုမှ ခပ်အေးအေး မေးလိုက်သည်။

“ဟုတ်ကဲ့ (၃) ယောက်သေပြီး (၁) ယောက်ကတော့ အညံ့ခံလာပါတယ်”

စုန်းချောင်ဖုန်မှ ဖြေလိုက်၏။

“ကောင်းပါပြီ ပြန်ကြတာပေါ့… သွေးမြစ်ဂိုဏ်းတပည့်တွေ ဖမ်းရဦးမယ်”

“ဒီအလောင်းကိုလည်း ပြန်ယူခဲ့ဦး… သူတို့အင်အားကို လေ့လာလို့ ရတယ်”

“ဟုတ်ကဲ့ပါ”

ဝေ့ရှောင်းထီ အမြန်ဖြေ၍ ဖုန်လဲ့ရှန်အလောင်းအား သိုလှောင်လက်စွပ်ထဲ သိမ်းလိုက်သည်။

မကြာမီ တပည့်များကိုလည်း အားလုံး ရှင်းပြီးသွားသည်။

အများစု သေဆုံးသွားပြီး ခြေတည်အဆင့် (၁၀) ယောက်ကျော်မှာ မလွှဲသာ၍ အညံ့ခံလိုက်ကြ၏။

“ဒီတိုက်ပွဲအသေးစိတ်ကိုတော့ လက်ထောက်ခေါင်းဆောင်လျှိုပဲ ခေါင်းဆောင်ကို ကိုယ်တိုင် သွားပြောပြလိုက်ပါ… ကျွန်တော် အပ်ပါတယ်”

ရှန်မို ပြုံး၍ ပြောလိုက်၏။

လျှိုယွမ်ဖုန် မငြင်းရဲဘဲ ချက်ချင်း ခေါင်းငြိမ့်ပြ၍

“စိတ်ချပါ ခေါင်းဆောင်ငယ် ကျွန်တော် အသေးစိတ်ကျကျ အကုန် ပြန်ပြောလိုက်ပါမယ်”

ထို့နောက် ရှန်မို ကျောက်ထင်တို့ဘက်လှည့်ကာ ကျေနပ်စွာပြုံး၍

“ငါတို့ နိုင်သွားပြီ”

တပည့်များလည်း တိတ်ဆိတ်၍ နားထောင်နေရာမှ အားလုံး ပျော်ရွှင်စွာ အော်ဟစ်အောင်ပွဲခံလေသည်။

“နိုင်သွားပြီ”

“ချင်းရွမ်ဂိုဏ်း အကောင်းဆုံး”

“ခေါင်းဆောင်ငယ် အတော်ဆုံး”

သွေးမြစ်ဂိုဏ်း၏ အလုံးအရင်း တိုက်ခိုက်မှုကြောင့် ယနေ့ ချင်းရွှမ်ဂိုဏ်း မြေမြှုပ်ရတော့မည် ထင်ထားသော်လည်း အပြောင်းအလဲကြီး ဖြစ်ပေါ်ခဲ့သည်။

အားလုံး ရှန်မို့ကြောင့် ဖြစ်၏။

All Chapters