← Chapters

ငါ ယင်ရွှယ်ကျဲက ရှန်မို့ကို မကြောက်ဘူး

Vol. 9 Ch. 131

ငါ ယင်ရွှယ်ကျဲက ရှန်မို့ကို မကြောက်ဘူး

Vol. 9 Ch. 131

ချင်းရွှမ်ဂိုဏ်း တောင်တန်းဂိတ်။

လျှိုယွမ်ဖုန်၏ တင်ပြချက်ကို နားထောင်ပြီးနောက် မူယုံးယွဲ့ ရုတ်တရက် မတ်တပ်ထရပ်မိသည်။

သူ့မျက်ဝန်းများမှာ တောက်၍ ပြုံးပျော်နေ၏။

“အံ့ဩစရာကောင်းလိုက်တာ… ရှန့်ရဲ့အင်အားတွေ ဒီလောက်တောင် ကြီးနေမယ်လို့ မထင်ထားဘူး”

“လက်ထောက်ခေါင်းဆောင်လျှို မြုတေဖွဲ့စည်းခြင်း အကြီးအကဲတွေကိုခေါ်ပြီး သွေးမြစ်ဂိုဏ်း ပိုင်ဆိုင်မှုတွေ သွားသိမ်းပါ… ရသလောက် အကုန်သာ ယူခဲ့”

“ကျွန်မတို့ကြာနေရင် အနီးအနားက တခြားဂိုဏ်းတွေ ခွဲဝေယူသွားလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

လျှိုယွမ်ဖုန် ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွားလေသည်။

မူယုံးယွဲ့ သူ ထွက်သွားသည်ကိုကြည့်ရင်း ရယ်မောမိ၏။

လျှိုယွမ်ဖုန်တစ်ယောက် အရင်လို ကလန်ကဆန်ပုံ မဟုတ်ဘဲ ပို၍ စကားပြောဆိုရ အဆင်ပြေကာ နာခံတတ်လာသည်ဟု ခံစားမိလေသည်။

ရှန်မိုနှင့် သွေးမြစ်ဂိုဏ်းခေါင်းဆောင် ဖုန်လဲ့ရှန်တို့၏ တိုက်ပွဲကြောင့် ဖြစ်နိုင်၏။

နောက်တစ်နေ့တွင်

မူယုံးယွဲ့၏ အမိန့်ဖြင့် ချင်းရွှမ်တစ်ဂိုဏ်းလုံး သတင်းများ ပျံ့သွားသည်။

တပည့်များအားလုံး ထိုဖြစ်စဉ်အကြောင်း စိတ်ဝင်တစား ပြောဆိုကြ၏။

“ခေါင်းဆောင်ငယ်က အရမ်း အင်အားကြီးတာပဲ… ပထမအဆင့်ဂိုဏ်းခေါင်းဆောင်ကိုတောင် သတ်နိုင်တယ်”

“ခေါင်းဆောင်ငယ်က အခု ဘယ်အဆင့်လဲ… မြုတေဖွဲ့စည်းခြင်း အလယ်အဆင့်လား”

“သေချာတော့ မသိပေမဲ့… မှတ်မိသလောက် သူ ရွှေအမြုတေ ဖွဲ့စည်းနိုင်တာ လပိုင်းလောက်ပဲ ရှိသေးတယ်”

“ဟုတ်တယ် ဒီလောက်လပိုင်းဆိုရင် အလွန်ဆုံး အလယ်အဆင့်ပဲ ရောက်မှာပေါ့”

“အစပိုင်းအဆင့်တောင် ဖြစ်နိုင်သေးတယ်… ဘာပဲဖြစ်ဖြစ် တကယ် အထင်ကြီးစရာပဲ… ငါတော့ ဆုံးဖြတ်လိုက်ပြီ… ခေါင်းဆောင်ငယ်ရဲ့ တာအိုလက်တွဲဖော် ဖြစ်ရမယ်လို့”

“ဟင်… ခေါင်းဆောင်ငယ်က ယောက်ျားတွေကို ကြိုက်မယ် မထင်ဘူးနော်”

…

နတ်ရေစင်ဂိုဏ်း။

တောင်တန်းဂိတ်၏ အရှေ့ဘက် မိုင် (၁၀၀) အကွာတွင်။

တလက်လက်တောက်ပ လင်းလက်နေသော ရေကန်တစ်ခု ရှိလေသည်။ ပတ်ဝန်းကျင်၌ ဝါးဖြင့် ဆောက်လုပ်ထားသော တဲအနည်းငယ် ရှိ၏။

ထိုရေကန်ကို ဝါးတစ်ထောင်ရေကန်ဟု အသိများသည်။

ထိုစဉ် အရပ်ရှည်ရှည် ဝတ်ရုံပြာ ဝတ်ဆင်ထားသော တပည်မှာ ရေပြင်ပေါ်၌ မျက်လုံးများ မှိတ်လျက် ကျင့်ကြံနေ၏။

ထိုလူမှာ ခေါင်းဆောင် ကျန်းမို ဖြစ်လေသည်။

သူ့ဘေးတွင် ရေစက်လေးများ ခုန်ပေါက်၍ စက္ကန့်တိုင်း ပုံစံအမျိုးမျိုး ပြောင်းလဲနေသည်။

ဤသည်မှာ သူ့ကျင့်ကြံပုံ ဖြစ်၏။

ရေအလျင်ကို ထိန်းချုပ်နိုင်ပြီး ပေါ့ရာမှ လေးအောင်၊ လေးရာမှ ပေါ့အောင် ပြုလုပ်နိုင်သည်။

ဤရေကန်တစ်ခုလုံးကို မ,နိုင်သည့်အချိန်တွင် အဆင့် (၉) သို့ ရောက်ရှိပေလိမ့်မည်။

ကုန်းမြေပေါ်၌။

ဖြူဖျော့သောမျက်နှာဖြင့် လူငယ်လေးတစ်ဦးမှာ လက်ဖက်ရည်ဖျော်လျက် ရှိသည်။

မကြာမီ သင်းပျံ့သော လက်ဖက်ရည်ရနံ့များ ပျံ့လွင့်လာ၏။

ဖောက် ဖောက် ဖောက်!

ကျန်းမို မျက်လုံးပွင့်လာသည်။

ရေစက်ငယ်များလည်း ထိန်းချုပ်မှု မရှိတော့၍ ရေကန်ထဲ တပေါက်ပေါက် ကျကုန်၏။

ထို့နောက် ရေမျက်နှာပြင်ပေါ် မတ်တပ်ထရပ်လိုက်ပြီး ချက်ချင်း ကုန်းမြေပေါ် ရောက်လာ၏။

“ရွှယ်ကျဲ မင်းလက်ဖက်ရည်ဖျော်တဲ့ အရည်အချင်း တိုးတက်လာတာပဲ”

သူ ချီးကျူးလိုက်၏။

ယင်ရွှယ်ကျဲ ပြုံး၍

“အားလုံး ခေါင်းဆောင်သင်ပေးထားတာကြောင့်ပါ”

“လက်ဖက်ရည် ဆက်တိုက်နှပ်ရင်း စိတ်တွေ တည်ငြိမ်လာပြီး အခုဆို ရှန်မို့ကို လုံးဝ မကြောက်တော့ဘူး”

“ကျွန်တော့်ကို စိုးမိုးထားတဲ့ အရိပ်မည်းကြီးလည်း ပျောက်သွားပြီ”

သူ ပြုံးရွှင်၍ ပြောလိုက်၏။

သူ ဂိုဏ်းတစ်ရာစုဝေးပွဲတွင် အထိနာခဲ့ပြီး ကျန်းမိုသာ မနှိုးခဲ့လျှင် သူ့ကျင့်ကြံမှု လုံးဝ ပျက်စီးနေလောက်လေပြီ။

ယခုတော့ စိတ်ရော ကျင့်ကြံမှုပါ တည်ငြိမ်၍ ရွှေအမြုတေ ဖွဲ့စည်းကာ မြုတေဖွဲ့စည်းခြင်းအဆင့် တက်ရန် အသင့်ဖြစ်နေသည်။

ကျန်းမို လက်ဖက်ရည်တစ်ငုံ သောက်၍

“မင်း ရေအမြုတေဖွဲ့စည်းဖို့ အားလုံး ပြင်ဆင်ထားပြီးပြီ”

“မင်း အသင့်ဖြစ်တာနဲ့ စတော့”

ယင်ရွှယ်ကျဲ စိတ်လှုပ်ရှားစွာဖြင့်

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”

ကျန်းမို ခဏစဉ်းစား၍

“သွေးမြစ်ဂိုဏ်းမှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး… ပုံမှန်ဆို ဖုန်လဲ့ရှန် အခုချိန်လောက် နှင်းဂူအကြောင်း သတင်းပို့ရတော့မှာ”

ယင်ရွှယ်ကျဲ ရယ်မောလျက်

“မစိုးရိမ်ပါနဲ့ ခေါင်းဆောင်ရယ်… ခေါင်းဆောင်ဖုန်က ဒီလောက် အင်အားကြီးတာ နှင်းဂူမှာ ရှင်းရုံလောက်ကတော့ ထမင်းစားရေသောက်ပါပဲ”

“တစ်ခုခုကြောင့် နည်းနည်း ကြန့်ကြာနေလို့ သတင်း ချက်ချင်း မပို့သေးတာ နေမှာပေါ့”

ကျန်းမို ခေါင်းငြိမ့်ပြ၍ တစ်ခုခုပြောရန် ပြင်လိုက်စဉ် လူတစ်ယောက် ပျံသန်းလာသည်ကို တွေ့ရသည်။

ထိုလူသည် သူတို့အရှေ့တွင် ဆင်းသက်၍ အနားအထိ ပြေးလာသည်။

ကျန်းမို မျက်မှောင်ကြုတ်ကာ

“ငါ ဒီမှာ ကျင့်ကြံနေတာကို ဘယ်သူမှ လာမနှောင့်ယှက်ဖို့ မှာခဲ့တယ်လေ”

နတ်ရေစင်ဂိုဏ်းအကြီးအကဲမှာ ကြောက်လန့်တကြား ဦးညွှတ်၍

“တောင်းပန်ပါတယ် ခေါင်းဆောင်… ကိစ္စက အရေးကြီးနေလို့ မတတ်သာဘဲ လာခဲ့ရတာပါ… ခွင့်လွှတ်ပေးပါ”

“ကဲ ပြော”

အကြီးအကဲမှ ဆက်၍

“ဖုန်လဲ့ရှန် သေသွားပြီး သွေးမြစ်ဂိုဏ်း ပိုင်ဆိုင်မှုတွေကိုလည်း ချင်းရွှမ်ဂိုဏ်း၊ မြစ်ဖြူဂိုဏ်းနဲ့ မိုးမုန်တိုင်းဂိုဏ်းတို့က ခွဲဝေယူသွားပါတယ်”

သူ ကျန်းမိုကို မော့ကြည့်၍ ခပ်တိုးတိုးဖြင့်

“ခေါင်းဆောင် ကျွန်တော်တို့အစီအစဉ် ကျရှုံးသွားပါပြီ”

“ဂျွက်”

ကျန်းမို သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ခွဲလိုက်မိသည်။

လက်ဖက်ရည်များ သူ့လက်ပေါ်ကျကာ အနီရောင်အဖြစ် ပြောင်းသွား၏။

“ဘယ်လိုဖြစ်တာလဲ မြန်မြန် ပြောစမ်း”

အကြီးအကဲမှာ ဇောချွေးများသုတ်လျက် အသေးစိတ်ကို ပြန်ပြောပြလိုက်သည်။

“ဘာ”

“ရေခဲချီ အကာအကွယ်လား”

“ဖုန်လဲ့ရှန်ကို ရှန်မိုက သတ်လိုက်တယ်”

ကျန်းမို လုံးဝ မယုံကြည်နိုင် ဖြစ်နေ၏။

မဖြစ်နိုင်တာ။

“သတင်းပေးပြောတာတော့ ဖုန်လဲ့ရှန်က ထွက်ပြေးဖို့ လုပ်ပေမဲ့ ရှန်မိုက အတင်းလိုက်သတ်တာတဲ့… သူ့ရင်ဘက်မှာ အပေါက်ကြီး ဖြစ်သွားတယ် ပြောတယ်”

ခွမ်!

ယင်ရွှယ်ကျဲလက်ထဲမှ ခွက်လည်း လွတ်ကျ၍ မျက်နှာမှာ ဖြူဖျော့နေ၏။

ပတ်ဝန်းကျင်အမြင်များလည်း ဝေဝါးကာ ရှန်မို့မျက်နှာကိုသာ မြင်ယောင်နေတော့သည်။

ဘုံး!

ထို့နောက် လုံးဝ အားအင်မရှိတော့ဘဲ သတိလစ် မူးမေ့လဲသွားတော့သည်။

ကျန်းမို သက်ပြင်းချ၍

“သူ့ကို အဆောင် ပြန်ခေါ်သွားပြီး နားခိုင်းလိုက်ပါ”

“ဟုတ်ကဲ့”

အကြီးအကဲလည်း ယင်ရွှယ်ကျဲကို ခေါ်ကာ ပြန်သွားလေ၏။

ကျန်းမို ကောင်းကင်ယံကို စိတ်ပျက်လက်ပျက် မော့ကြည့်မိသည်။

သူ အစတည်းက မှားခဲ့၏။

ယင်ရွှယ်ကျဲမှာ ကျင့်ကြံမှုနှင့် မသင့်တော်ပေ။

“သွေးမြစ်ဂိုဏ်းက အင်အားကြီးကျင့်ကြံသူတွေ အကုန်လည်း သေကုန်ပြီ… ဘာမှ အသုံးမဝင်တော့ဘူး”

“ချင်းရွှမ်ကတော့ ဘာမှ မယုတ်လျော့သွားဘူး… နတ်ရေစင်ဂိုဏ်းက ကိုယ်တိုင် ရှေ့ထွက်ရတော့မယ် ထင်တယ်”

All Chapters