ယောက်ျားမှန်ရင် ချမယ်
Vol. 9 Ch. 133
ရှန်မို လှမ်းကြည့်လိုက်သောအခါ စုန်းချောင်ဖုန်၊ ဝေ့ရှောင်းထီ၊ ကျောက်ထင်၊ လောင်ရှန်နန် စသဖြင့် တွေ့ရ၏။
သူ ပြုံး၍
“အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ”
ထိုအဖွဲ့မှာ အခြေအနေကို ကောင်းစွာနားလည်၍ ကိုင်တွယ်နိုင်ကြသည်။
သူ ကျင့်ကြံနေချိန်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းရင်း အနှောင့်အယှက် မဖြစ်စေရန် နေကြပြီး အောင်မြင်ချိန်တွင်လည်း ဝမ်းသာအားရ အောင်ပွဲခံကြသည်။
“ခေါင်းဆောင်ငယ် အပြင်ဂိုဏ်းတပည့်အသစ်တွေ ရောက်လာလို့ သွားခေါ်လိုက်ပါဦးမယ်”
ဝေ့ရှောင်းထီမှ ပြောသည်။
“ကောင်းပါပြီ အကြီးအကဲတို့ အလုပ်တွေ ရှိမှာပေါ့”
သူ့အတွက် စောင့်ရှောက်ပေးနေကြခြင်းကို နားလည်ပါသည်။ သူကိုယ်တိုင်လည်း အလိုလိုက်ခံထားရသည့် ခေါင်းဆောင်ငယ်ဟူ၍ မဖြစ်ချင်ပါ။
စုန်းချောင်ဖုန်တို့ ပြန်သွားပြီးနောက် ကျောက်ထင်နှင့် လောင်ရှန်နန်တို့ ရှေ့တိုးလာသည်။
ရှန်မို့ကိုလည်း လေးစားအားကျစွာ ကြည့်နေမိ၏။
“ဪ ဟုတ်သားပဲ ခေါင်းဆောင်ငယ် အရေးကြီးကိစ္စ ပြောရဦးမယ်… မြောက်ပိုင်းက သတင်းရလို့”
ကျောက်ထင်မှ ရုတ်တရက် ပြောသည်။
ရှန်မို ပြုံးကာ
“ငါတို့ချင်းဆို တလေးတစားပြောနေစရာ မလိုပါဘူး… အရင်လို ရှန်မိုလို့ပဲ ခေါ်ပါ… ဒါနဲ့ မြောက်ပိုင်းမှာ ဘာဖြစ်လို့လဲ”
“ကောင်းပါပြီ”
ကျောက်ထင် ပြုံးလျက်
“မြို့စားမင်းလေ… မင်းအတွက် လက်ဆောင်တွေ ပို့ပြန်ပြီလို့ ကြားတယ်”
ရှန်မို မျက်ခုံးပင့်မိ၏။
ကျီရှီလုံ လူထပ်လွှတ်လိုက်တာလား။
ဒီတစ်ခါတော့ ထူးဆန်းသလိုပဲ။
အားလုံးသိအောင် သတင်းလွှင့်တာလား။
“လူက ဘယ်နှစ်ယောက် လွှတ်လိုက်တာလဲ… ဘယ်ဒေသတွေကို ဖြတ်လာပြီလဲ”
ရှန်မို ပြန်မေးလိုက်သည်။
ကျောက်ထင် အသေးစိတ် ရှင်းပြပြီးနောက်
“ဒါက ကုန်သည်တွေ ပြန်သတင်းပေးတာပါ… အနည်းနဲ့အများတော့ မှားနိုင်ပါတယ်”
“ပိုတိတိကျကျ သိချင်ရင် ချင်းရွှမ်ကနေ စုံစမ်းကြည့်ပါမယ်”
ချင်းရွှမ်ဂိုဏ်းမှာ ဂိုဏ်းများစွာကို နှိမ်နင်းပြီးနောက် ပထမအဆင့်ဂိုဏ်း ဖြစ်လာလေပြီ။ တစ်ခုခု စုံစမ်းလိုလျှင် သတင်းအနည်းငယ် ဖြန့်ရုံဖြင့် အသာတကြည် သတင်းလာပေးကြမည့်သူများ ရှိ၏။
“ရပါတယ် သူတို့ရည်ရွယ်ချက်ကို ခန့်မှန်းမိပြီ”
ရှန်မို လက်ယမ်းပြလိုက်၏။
လောင်ရှန်နန် ခေါင်းကုတ်ကာ
“ရည်ရွယ်ချက်လား… ကျီရှီလုံက မင်းအရည်အချင်းကြောင့် သူ့ရုံးကို ခေါ်ထားချင်တာ မဟုတ်ဘူးလား”
လောင်ရှန်နန် နားမလည်နိုင် ဖြစ်နေသည်။
ကျောက်ထင်မှာတော့ အနည်းငယ် ရိပ်မိလာလေပြီ။
ရှန်မိုမှ ဆက်၍
“ကျီရှီလုံက တောင်ဘက်ကို အဖွဲ့ကြီး လွှတ်လိုက်တယ်ဆိုတော့ ဘယ်သွားသွား သိသာပြီး ငါ့ကို ခေါ်ချင်တဲ့အကြောင်းလည်း ပျံ့သွားတာပေါ့”
“ချင်းရွှမ်အကြောင်း၊ ငါ့အကြောင်း မသိတဲ့သူတွေကလည်း စပြီး စုံစမ်းလာလိမ့်မယ်”
“အဲ့လိုနဲ့ ငါတို့ နှိမ်နင်းခဲ့တဲ့ လူတွေ၊ ဂိုဏ်းတွေအကြောင်း သိလာမယ်”
“ငါ့သတင်းတွေ ထပ်ပျံ့ရင် အားလုံးရဲ့ ပစ်မှတ်ဖြစ်လာမယ်”
“ပတ်ဝန်းကျင်ကဂိုဏ်းတွေကလည်း ချင်းရွှမ်ကို ပိုစိုးရိမ်လာမယ်… မဟာမိတ်တွေရောပေါ့”
ရှန်မို့ သုံးသပ်ချက်ကို ကြားပြီးနောက် ကျောက်ထင်နှင့် လောင်ရှန်နန်တို့ စွံ့အနေကြသည်။
ခဏနေမှ လောင်ရှန်နန် ထဆဲလေသည်။
“ဒီကျီရှီလုံက ရည်ရွယ်ချက်ကောင်း မဟုတ်ဘူးပဲ”
“ဘယ်လိုလက်ဆောင်ဖြစ်ဖြစ် မယူတာ ကောင်းမယ်”
ရှန်မို ရယ်မောကာ
“အလကားရတာကို ဘာလို့ မယူရမှာလဲ”
“ပြီးတော့ အများအမြင်လည်းရှိသေးတော့ အရင်ထက် ပိုကောင်းမှာပဲ”
ကျောက်ထင် ခေါင်းငြိမ့်လျက်
“ရှန်မိုပြောတာ မှန်တယ်… သူတို့က ငါးစာချပြီးနေပြီ… မယူတာက အလဟဿ ဖြစ်သွားမှာ”
ထိုစဉ် လေ့ကျင့်ရေးကွင်းအပြင်၌ တပည့်လေးတစ်ဦး ရောက်လာ၏။
“ခေါင်းဆောင်ငယ် မြောက်ပိုင်းကအဖွဲ့ ရောက်လာပါတယ်… မြစ်ကြီးမြို့ အစိုးရရုံးက လွှတ်လိုက်တာလို့ ပြောပါတယ်”
ရှန်မို ရယ်မောလျက်
“ဟော ရောက်လာကြပြီ သွားကြည့်ကြတာပေါ့”
ဂိတ်တံခါးရှေ့ ရောက်သောအခါ လောင်ရွှမ်ဟန် ဦးဆောင်သည့် မြင်းတပ်အဖွဲ့ကို တွေ့ရသည်။
အားလုံး ဆိုင်းဘုတ်တစ်ခုစီကိုင်ထားပြီး “ရှန်မို”
ဟူ၍ သပ်ရပ်လှပစွာ ရေးထားလေသည်။
လမ်းတစ်လျှောက် မည်မျှ အာရုံစိုက်ခံခဲ့ရသည်အား တွေးနေစရာပင် မလိုချေ။
လောင်ရွှမ်ဟန်သည် ဝတ်ရုံဖြင့် ခန့်ညားစွာ ရှိနေ၏။ အရင်တစ်ခါကဲ့သို့ မာနများတော့ မရှိတော့ချေ။
သူ ကျီရှီလုံ၏ ရည်ရွယ်ချက်ကိုလည်း ကောင်းကောင်း သိနေသောကြောင့် ရှန်မို့ကိုပင် သနားမိသည်။
ထိုစဉ် ရှန်မိုတို့ (၃) ဦး သူ့အရှေ့သို့ ရောက်လာသည်။
လောင်ရွှမ်ဟန် ရုတ်တရက် ကြက်သီးထသွား၏။
“မြုတေဖွဲ့စည်းခြင်း ပြီးပြည့်စုံခြင်းအဆင့်ရဲ့ အရှိန်အဝါဆိုတာလား”
သူ စိတ်ထဲမှ တွေးမိ၏။
“မြို့တော်ကြီးက လာတာဆို… ဒီတစ်ခါ ဘာလက်ဆောင်တွေ ပါလဲ”
ရှန်မို ပြုံး၍ မေး၏။
သူ အယဉ်ကျေးဆုံး အပြုအမူဖြင့်
“ခေါင်းဆောင်ငယ်ရှန် မြို့စားမင်းက လက်ဆောင်ပဏ္ဍာတွေ ပို့ခိုင်းလို့ ရောက်လာတာပါ… ဒီသိုလှောင်လက်စွပ်ထဲမှာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀၀)၊ ထိပ်တန်း သိမ်မွေ့နက်နဲခြင်းအဆင့် စိတ်ဝိညာဉ်လက်နက် (၂) ခု၊ သိမ်မွေ့နက်နဲခြင်းအဆင့်ဆေးပုလင်း (၂၀) ပါ,ပါတယ်”
“ခေါင်းဆောင်ငယ်အနေနဲ့ မှန်ကန်တဲ့ဘက်ကို ရွေးချယ်နိုင်ဖို့ မျှော်လင့်ပါတယ်”
သူ တလေးတစား ဦးညွှတ်ကာ ပြောသည်။
ရှန်မိုလည်း ပြုံး၍
“ကောင်းပြီလေ အကုန် ယူထားလိုက်ပါမယ်… ကျေးဇူးတင်ကြောင်း ပြန်ပြောပေးပါဦး”
“နောက်ပြီး ထပ်မှာလိုက်ချင်တာရှိသေးတယ်”
လောင်ရွှမ်ဟန် မျက်လုံးအရောင် လက်သွားပြီး
“ပြောပါခင်ဗျ”
“သခင်က ခွေးရိုင်းတွေကို တုတ်နဲ့ မောင်းတယ်… ဒါပေမဲ့ အဲ့ခွေးရိုင်းကို အိမ်မွေးခွေးအဖြစ် ကျင့်နိုင်တဲ့အခါ တုတ်ဟာ ခွေးရဲ့ ရန်ညှိုးကြောင့် ကျိုးလိမ့်မယ်”
လောင်ရွှမ်ဟန် နားမလည်သော်လည်း ခေါင်းငြိမ့်ပြ၍
“ကျွန်တော် ပြန်ပြောလိုက်ပါ့မယ်”
ထို့နောက် ပြန်ရန် ပြင်လိုက်၏။
“မြစ်ကြီးမြို့ကို ပြန်မယ်”
“ဟုတ်ကဲ့ပါ”
ဤသို့ဖြင့် လက်ဆောင်လာပို့သောအဖွဲ့ ပြန်သွားကြလေသည်။
လောင်ရှန်နန် ခေါင်းကုတ်လျက်
“ခွေးရိုင်းတွေရော၊ အိမ်မွေးခွေးရော၊ တုတ်ရော ဘာတွေလဲ ငါ နားမလည်တော့ဘူး”
ကျောက်ထင် ရယ်မော၍ စနောက်လေ၏။
“မင်းဦးနှောက်နဲ့ နားမလည်တာ ပုံမှန်ပါပဲ… ကျီရှီလုံ နားလည်ရင် ရပြီပေါ့”
လောင်ရှန်နန် ဒေါသထွက်သွားပြီး
“ကောင်းပြီလေ… လေ့ကျင့်ရေးကွင်းမှာ တိုက်ခိုက်ကြတာပေါ့… ဘယ်သူ ဉာဏ်ပိုကောင်းလဲလို့… ငါ မင်းထက် အားကြီးတယ်နော်”
ကျောက်ထင် ချောင်းဟန့်လျက်
“အာ ဗိုက်နာလာပြီ… ခေါင်းဆောင်ငယ် ကျွန်တော် ပြန်နှင့်မယ်နော်”
သူ နှုတ်ဆက်ကာ အမြန် ပြေးသွားလေသည်။
လောင်ရှန်နန် ပိုဒေါသထွက်၍
“ထွက်ပြေးတယ်ပေါ့လေ… ယောက်ျားမှန်ရင် လာချလေကွာ”
ရှန်မိုမှာတော့ သူတို့ကိုကြည့်ရင်း ရယ်မောလျက် ကျန်ခဲ့တော့၏။