← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

“အရှင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ၊ အရှင်မင်းမြတ် အစဥ်ထာဝရ တည်တံ့ပါစေ!”

“အခမ်းအနားတွေ လုပ်မနေပါနဲ့တော့!”

လင်းပိုင်ဖန် က ပြုံးလိုက်ပြီး-“အမတ်ကြီး၊ ဘာတွေများဖြစ်လို့ စိတ်ပူပန်နေရတာလဲ” ဟု မေးလိုက်သည်။

“အရှင်မင်းမြတ်အား လျှောက်တင်ပါသည်”

ဟီရှန်းက လက်အုပ်ချီ၍ ခါးသီးသော အပြုံးဖြင့် “ကျွန်တော်မျိုးလျှောက်တင်ရရင် ကျွန်တော်မျိုးတို့ရဲ့ ဘဏ္ဍာတိုက်ထဲက ငွေတွေက ကုန်သလောက်ဖြစ်နေပါပြီ။ ဝင်ငွေကို တိုးမြှင့်ပြီး အသုံးစရိတ်တွေ မလျှော့ချရင် နောက်လကျရင် လစာပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်မျိုးက အရှင်မင်းမြတ်ကို ဒီကိစ္စ လာရောက်အသိပေးတာပါ” ဟု လျှောက်တင်လိုက်သည်။

လင်းပိုင်ဖန် က အံ့သြစွာဖြင့်- “အဲ့လောက် မြန်တာလား”

“မြန်တာပေါ့!”

ဟီရှန်း က သူ့ရဲ့ မကျေနပ်ချက်တွေကို လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်၊ အရှင်မင်းမြတ် မသိပါဘူး။ အရှင်မင်းမြတ်က အလုပ်သမားခေါ်ယူမယ်လို့ ကြေညာလိုက်တဲ့ အချိန်ကစပြီး ကျွန်တော်မျိုးတို့မှာ အလုပ်သမားပေါင်း သန်းချီ စုဆောင်းမိနေပါပြီ။ လစဉ်ပေးရတဲ့ လုပ်အားခက ငွေတေး သုံးသိန်းကျော် ရှိနေပါတယ်”

“ဒါ့အပြင် နန်းတော်နဲ့ စစ်တပ် လည်ပတ်ရေးအတွက် လစဉ် ငွေတေး သုံးသိန်းကျော် ထပ်ပေးရပါသေးတယ်။ စုစုပေါင်းဆိုရင် လစဉ် ငွေတေး ခုနစ်သိန်းနီးပါး ပေးချေနေရပါတယ်”

“နှစ်လကြာပြီးတဲ့နောက်မှာ ဘဏ္ဍာတိုက်ထဲက ငွေတေး ၁.၄ သန်း သုံးစွဲပြီးသွားပြီဖြစ်လို့ ငွေတေး သုံးသိန်းတောင် မကျန်တော့ပါဘူး။ ဝင်ငွေမရှိရင် နောက်လရဲ့ လစာ ငွေ ထုတ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။ အရှင်မင်းမြတ်၊ ဒီကိစ္စကို စဥ်းစားပေးပါဦး”

လင်းပိုင်ဖန် က- “စားနပ်ရိက္ခာကိစ္စကရော” ဟု မေးလိုက်သည်။

“စားနပ်ရိက္ခာအတွက်ကတော့ လောလောဆယ် ပြဿနာမရှိပါဘူး”

ဟီရှန်းက ယောင်ယောင် ကို ဦးညွှတ် အရိုအသေပေးလိုက်ပြီး- “ မိန်းကလေး ယောင်ယောင်က စားနပ်ရိက္ခါတွေ အမြဲပို့ဆောင်ပေးနေတော့ ကျွန်တော်တို့ဆီမှာ အစားအစာတွေ ပေါများလှပါတယ်။ ငွေပဲ ကုန်နေတာပါ” ဟု လျှောက်တင်လိုက်သည်။

လင်းပိုင်ဖန် ကထပ်ပြီး- “အခွန်ဘဏ္ဍာ ဝင်ငွေကရော” ဟု မေးမြန်းလိုက်သည်။

ဟီရှန်း က ချက်ချင်းလျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်၊ အခွန်ဘဏ္ဍာ ဝင်ငွေက လစဉ် ငွေတေး နှစ်သိန်းခန့် ရှိပါတယ်”

လင်းပိုင်ဖန်က မျက်မှောင်ကြုတ်လိုက်ပြီး-“ဘာလို့ ပြောင်းလဲမှု မရှိရတာလဲ။ ငါ ဒီလောက်တောင် ငွေတွေ ထုတ်ပေးခဲ့တာ၊ စီးပွားရေးကို ဘာမှ လှုံ့ဆော်မှု မဖြစ်စေခဲ့ဘူးလား”

ဟီရှန်း က ညည်းတွားလိုက်သည်။ “အရှင်မင်းမြတ်က ဖြန့်ဝေပေးခဲ့ပေမဲ့ သူတို့က အဲ့ဒီငွေတွေကို သုံးချင်စိတ် မရှိကြဘူး၊ အကုန်လုံး စုဆောင်းထားကြတယ်။ ငွေတွေ မသုံးစွဲရင် စီးပွားရေး ဘယ်လိုဖြစ်နိုင်မှာလဲ။ စီးပွားရေးမရှိရင် အခွန်ဘဏ္ဍာ ဝင်ငွေ ဘယ်ကရနိုင်တော့မှာလဲ”

လင်းပိုင်ဖန် က သူ့ နဖူးကိုရိုက်လိုက်မိသည်။ “မှန်တာပေါ့။ သူတို့က ရိုးသားတဲ့ သာမန်အရပ်သားတွေပဲ၊ ငွေကို ခြွေတာပြီး နေထိုင်တတ်ကြသူတွေ။ ငွေရရင် ပထမဆုံးလုပ်တာက သုံးစွဲတာမဟုတ်ဘဲ စုဆောင်းတာပဲ”

“မိုက်မဲတဲ့ ဧကရာဇ်လေး၊ ကျွန်မ ရှင့်ကို ပြောသားပဲ။ ရှင့်ရဲ့နည်းလမ်းက အလုပ်မဖြစ်ဘူး။ အခုတော့ ဘာလုပ်ရမှန်းမသိဖြစ်နေပြီ မဟုတ်လား” ယောင်ယောင် က သဘောကျစွာ ရယ်မောလိုက်သည်။

“အရှင်မင်းမြတ်၊ ဘဏ္ဍာတိုက်မှာ တကယ်ကို ငွေမကျန်တော့ပါဘူး။ အခု အကောင်းဆုံး ဖြေရှင်းနည်းကတော့ ဒုက္ခသည်အားလုံးကို ဖျက်သိမ်းလိုက်ပြီး ငွေပိုများလာမှ စိုက်ပျိုးမြေတွေ ပြုပြင်ခြင်းနဲ့ တူးမြောင်း စီမံကိန်းတွေကို ဆက်လုပ်ရပါလိမ့်မယ်။ သူတို့ကို မဖျက်သိမ်းဘူး ဒါပေမယ့် လုပ်အားခတော့ မပေးဘဲနဲ့ အစားအစာတစ်မျိုးပဲ ထောက်ပံ့ပေးတာမျိုးလည်း ရွေးချယ်နိုင်ပါတယ်။ ဒီလိုဆိုရင်တောင်မှ ဒုက္ခသည်တစ်ချို့က ဆက်နေဖို့ ရွေးချယ်ကြလိမ့်မယ်လို့ ကျွန်တော်မျိုး ယုံကြည်ပါတယ်” ဟီရှန်း က အခွင့်ကောင်းယူကာ အကြံပေးလိုက်သည်။

လင်းပိုင်ဖန် က ခေါင်းခါလိုက်ပြီး- “သူတို့တွေကို ဖျက်သိမ်းလို့ မရဘူး၊ လုပ်အားခကိုလည်း မလျှော့ချနိုင်ဘူး။ မဟုတ်ရင် စီမံကိန်းအမျိုးမျိုးရဲ့ တိုးတက်မှုကို ထိခိုက်စေလိမ့်မယ်။ အချိန်ဆိုတာ ငွေပဲ၊ ငါတို့ အချိန်ဆွဲလို့ မရဘူး”

“ဒါပေမဲ့ အရှင်မင်းမြတ်၊ ကျွန်တော်တို့မှာ တကယ်ကို ငွေမကျန်တော့ပါဘူး” ဟီရှန်း က စိုးရိမ်တကြီး တိုက်တွန်းပြောကြားလိုက်သည်။

ဒီအချိန်မှာ ယောင်ယောင် က လင်းပိုင်ဖန် ကို လက်ဝှေ့ယမ်းပြပြီး- “မိုက်မဲတဲ့ ဧကရာဇ်လေး၊ ရှင် ငွေလိုနေရင် ကျွန်မဆီက ချေးလို့ရတယ်။ အတိုးက အများကြီးတော့ မတောင်းပါဘူး၊ သုံးဆယ်ရာခိုင်နှုန်း လောက်ပဲ တောင်းမယ်လေ”

လင်းပိုင်ဖန် သည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားခဲ့သည်။ ဘာလို့များ သူမက အများကြီးမတောင်းဘူးလို့ ပြောနေရတာလဲ။

ဒီလောက်တောင်မှ မျက်နှာပြောင် တိုက်နိုင်တာလား။

သုံးဆယ်ရာခိုင်နှုန်းရှိတဲ့ အတိုးနှုန်းဆိုတာကို အတိုးကြီးတယ်လို့ သတ်မှတ်လို့ရနေတာကို။

သူ့ကို တကယ်ပဲ အရူးလို့ ထင်နေတာလား။

လင်းပိုင်ဖန် က ခေါင်းခါလိုက်သည်။ “ချေးစရာမလိုဘူး၊ ဒီပြဿနာ သေးသေးလေးကို ငါကိုယ်တိုင် ဖြေရှင်းနိုင်တယ်”

ယောင်ယောင် က နားမလည်နိုင်စွာနဲ့- “ဘယ်လိုဖြေရှင်းနိုင်မှာလဲ။ ရှင့်ရဲ့ ဘဏ္ဍာတိုက်က ဗလာဖြစ်နေပြီ။ ပညာအရှိဆုံး အမျိုးသမီးတောင် ဆန်မရှိဘဲ ထမင်းချက်လို့ မရနိုင်ဘူး။ ရှင်က လေထဲကနေ ငွေကို ဖန်ဆင်းလို့ မရနိုင်ဘူးလေ ဟုတ်တယ်မလား?”

“ငါ့မှာ ငွေမရှိတာတော့ အမှန်ပဲ”

လင်းပိုင်ဖန် က ပြုံးလိုက်ပြီး-“ဒါပေမဲ့ ပြည်သူတွေရဲ့ လက်ထဲမှာ ငွေမရှိပေဘူးလား။ ငါ ငွေတေး ၁.၄ သန်းကို ဖြန့်ဝေပြီးသွားပြီ၊ အခု သူတို့တွေက ချမ်းသာနေကြပြီ” ဟု ပြောလိုက်သည်။

ယောင်ယောင် ၏ စိတ်ထဲတွင် တစ်ခုခုကို တွေးမိလိုက်ပြီး- “ သူတို့ဆီကနေ လုယက်ချင်နေတာလား?”

လင်းပိုင်ဖန် က ခေါင်းခါလိုက်သည်။ “ငါ ဘယ်လိုလုပ် အဲ့ဒီလို ယုတ်မာတဲ့ လုပ်ရပ်မျိုး လုပ်နိုင်မှာလဲ။ ငါ သူတို့ရဲ့ ငွေတွေကို ဆန္ဒအလျောက် နဲ့ စိတ်အားထက်သန်စွာ လွှဲပြောင်းပေးလာအောင် လုပ်နိုင်မယ့် နည်းလမ်းရှိတယ်”

ယောင်ယောင် နဲ့ ဟီရှန်းတို့ နှစ်ဦးစလုံး အံ့သြတုန်လှုပ်သွားခဲ့သည်။

ဒီလိုမျိုး နည်းလမ်းက ဘယ်လိုလုပ် ရှိနိုင်မှာလဲ။

လင်းပိုင်ဖန် က- “အမတ်ကြီး၊ ပန်းပဲလုပ်ငန်းက ထွက်တဲ့ သံချေးဖတ် အကျန်တွေကို သိမ်းထားသေးလား” ဟု မေးလိုက်သည်။

ဟီရှန်း က ဦးညွှတ်လိုက်ပြီး- “ကျွန်တော်မျိုးက အရှင်မင်းမြတ်ရဲ့ အမိန့်ကို လိုက်နာခဲ့ပါတယ်။ ပန်းပဲလုပ်ငန်းက ထွက်တဲ့ သံချေးဖတ် အကျန်တွေကို ပေါ့ပေါ့ဆဆ စွန့်ပစ်ခြင်းမရှိဘဲ အချိန်တိုင်း သိမ်းဆည်းထားခဲ့ပါတယ်။ အခုဆိုရင် တောင်ပုံရာပုံ ဖြစ်နေပါပြီ”

“ကောင်းပြီ!” လင်းပိုင်ဖန် က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “ထုံးကျောက် ကရော ဘယ်လိုလဲ”

“အရှင်မင်းမြတ်အား လျှောက်တင်ပါသည်၊ ထုံးကျောက် များကိုလည်း ဆက်တိုက်တူးဖော်နေခဲ့ရာ အခုဆိုရင် တောင်ပုံရာပုံ ဖြစ်နေပါပြီ”

“အလွန်ကောင်းတယ်!”

လင်းပိုင်ဖန် သည် ကျေနပ်စွာ ထပ်မံ ခေါင်းညိတ်လိုက်ပြန်သည်။ ရွှံ့မြေ နဲ့ နုံးမြေ တို့နဲ့ဆိုရင် အရာရာတိုင်းက အဆင်သင့် ဖြစ်နေပြီဖြစ်သည်။

လင်းပိုင်ဖန်က ထရပ်လိုက်ပြီး- “ကလောင်တံ၊ မှင်၊ စက္ကူ နဲ့ မှင်ကျောက် တို့ကို ယူလာကြ” ဟု အော်လိုက်သည်။

ခဏအကြာတွင် မိန်းမစိုးများက စာရေးကိရိယာများကို ယူဆောင်လာကြသည်။

လင်းပိုင်ဖန်က ကလောင်တံကို ကောက်ယူပြီး စက္ကူပေါ်တွင် အားမာန်အပြည့်ဖြင့် လှပစွာ စတင်ရေးသားတော့သည်။

ယောင်ယောင် နှင့် ဟီရှန်း တို့သည် မနေနိုင်လောက်အောင်ပင် စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

ခဏအကြာတော့ ဟီရှန်း က မနေနိုင်တော့ဘဲ “အရှင်မင်းမြတ်၊ ဘာလုပ်နေတာလဲ” ဟု မေးလိုက်သည်။

လင်းပိုင်ဖန်က ကလောင်တံကို ချလိုက်ပြီး ပြုံးကာ- “ဘိလပ်မြေ လုပ်ပြီး အိမ်တွေဆောက်ဖို့ ပြင်ဆင်နေတာ” ဟု ပြောလိုက်သည်။

“ဘိလပ်မြေ? အိမ်တွေဆောက်ဖို့?” နှစ်ဦးစလုံး အံ့အားသင့်သွားခဲ့ကြသည်။

All Chapters