အခန်း (၁၇၁၁-၁၇၁၃)
Vol. 115 Ch. 1711-1713
အခန်း(၁၇၁၁)
စိုးရိမ်ပူပန်လွန်းရ၍ သွေးအဆိပ်အဘိုးအိုသည် သွေးအန်ချင်စိတ်ပင် ပေါက်လာခဲ့သည်။
သူ့လို ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား တစ်ပါးသည် ကောင်ကင်နတ်ဘုရား တတိယအဆင့်မလောက်လေး မလောက်စား ကောင်လေးတစ်ယောက်၏ အသာစီးတိုက်ခိုက်ခြင်းကို ခံရလိုက်မည်ဟု သူ မမျှော်ထားခဲ့ပေ။
ကျန်းချန်၏ အဆက်မပြတ် တိုက်ခိုက်မှုဖြင့် ရင်ဆိုင်နေရသောကြောင့် သွေးအဆိပ် အဘိုးအိုသည် အသက်ရှူဖို့ပင် အခွင့်အရေးမရဘဲ ကျန်းချန်၏ ရေပက်မဝင် တိုက်ခိုက်မှုများကို အသေအလဲ ခုခံနေရသည်။
မသိလိုက် မသိဘာသာဖြင့်ပင် သူတို့နှစ်ဦး တိုက်ခိုက်ခဲ့သည်မှာ ဆယ်ကွက်ပင် ကျော်သွားခဲ့ပြီ ဖြစ်သည်။
သွေးအဆိပ် အဘိုးအိုသည် စွမ်းအားများစွာကို သုံးစွဲပြီး နောက်တွင် အဆုံးသတ်၌ သူ ထုတ်ဖော်ထားသည့် ကောင်းကင်နတ်ဘုရားကမ္ဘာကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့ပေ။
"ဝုန်း…"
ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် လေထုအလယ်တွင် ပျက်စီးသွားခဲ့သည်။
သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာ ပြိုကြသွားသည်နှင့် ကျန်းချန်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို စုပ်ယူကာ ကုန်ခန်းသွားသော စွမ်းအားများကို ပြန်လည် ဖြည့်ဆည်းနိုင်ခဲ့သည်။
ထို့အပြင် အသက်သစ်ကိုင်း၏ အားဖြည့်ပေးမှုကလည်း သူ၏ နလန်ထူနိုင်စွမ်းကို ပိုမို မြန်ဆန်လာစေခဲ့သည်။
"ဟားဟား အဘိုးကြီး.. မင်းက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်တာတောင် ငါ့ကို မသတ်နိုင်ဘူးပဲ"
ကျန်းချန်က လှောင်ရယ်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်ဖော်ကာ သွေးအဆိပ် အဘိုးအိုကို တိုက်ခိုက်လိုက်သည်။
ယခင်ကထက် ပိုမို အစွမ်းထက်လာသည့် ကျန်းချန်ကို ရင်ဆိုင်ရလျှင် သွေးအဆိပ် အဘိုးအို၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက ခန္ဓာကိုယ်ထဲမှ လက်ကျန်စွမ်းအား အနည်းငယ်ကို ထုတ်ဖော်ကာ ကျန်းချန်၏ တိုက်ခိုက်မှုကို ခုခံလိုက်၏။
သွေးအဆိပ် အဘိုးအိုက ကျန်းချန်၏ တိုက်ခိုက်မှုအပေါ် ခက်ခက်ခဲခဲ ခုခံနိုင်ခဲ့သော်လည်း သိပ်မကြာခင်မှာပင် ကျန်းချန်၏ လုံး၀ အသာစီးရယူခြင်းကို ခံလိုက်ရပြီး အောက်စည်းသို့ ရောက်ရှိသွားခဲ့သည်။
"ဒီကောင်လေးက သွေးအဆိပ် အဘိုးအိုကိုတောင် အနိုင်ယူနိုင်နေပြီလား "
ကျန်းချန်နှင့် သွေးအဆိပ်အဘိုးအိုတို့၏ တိုက်ပွဲကို ကြည့်ပြီး လုံကျန့်ရှင်းသည် ခဏမျှ မှင်တက်သွားခဲ့သည်။
ကျန်းချန်က သွေးအဆိပ်အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာထဲတွင် ပိတ်မိနေသည့် အတွက် အခြေအနေဆိုးရွားလိမ့်မည်ဟု အစောပိုင်းက သူတွေးထားခဲ့သည်။
သို့သော်လည်း ကျန်းချန်သည် သွေးအဆိပ် အဘိုးအို၏ ကောင်းကင်နတ်ဘုရားကမ္ဘာရှိ သွေးမြူများ၏ သက်ရောက်မှုကို မခံရရုံသာမက အချိန်အတိုင်းအတာ တစ်ခုအထိ ကောင်းကင်နတ်ဘုရား ကမ္ဘာထဲတွင် နေထိုင်ကာ သွေးအဆိပ်အဘိုးအိုကို ခွန်အားများကို ကုန်ဆုံးစေပြီးမှ ကောင်းကင်နတ်ဘုရားကမ္ဘာကို ရုတ်တရက် ဖောက်ထွက်လိုက်သည်။
ထူးခြားသည့်အချက်မှာ သွေးအဆိပ် အဘိုးအိုးသည် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ဖြစ်သည့် အပြင် နယ်မြေ နတ်ဘုရား တစ်ပိုင်းအဆင့် စွမ်းရည် ရှိသည်။
သို့သော်လည်း ဤကဲ့သို့ အစွမ်းထက်သည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် ကျန်းချန်၏ အသာစီးယူခြင်းကို ခံလိုက်ရ၏။
ဖန်းချင်းယွမ်ကြောင့် လုံကျန့်ရှင်းသည် မြေကမ္ဘာနဂါးမြို့တော်သို့ ကျန်းချန် ၀င်ရောက်လာစဉ်ကတည်းကပင် ကျန်းချန်ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။
ယင်းအတွက်ကြောင့် ကျန်းချန် တစ်ဆင့်ပြီးတစ်ဆင့် မည်ကဲ့သို့ ကြီးထွားလာသလဲ ဆိုသည်ကို သူက မျက်မြင် တွေ့ ခဲ့ရသည်။
ဆယ်နှစ်ကျော် ကာလအတွင်း ကျန်းချန်သည် အင်ပါယာနယ်ပယ်အဆင့်ကနေ ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ပြီး တိုက်ခိုက်ရေးစွမ်းအားသည်လည်း ကောင်ကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူများကိုပင် ယှဉ်နိုင်နေပြီ ဖြစ်၏။
လုံကျန့်ရှင်းက ကျန်းချန် မည်မျှ ထူးချွန်သည်ကို သိသော်လည်း ဤမျှလောက် မြန်မြန်ဆန်ဆန် ကြီးထွားလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
"ဟားဟား ဒီကောင်လေးက ငါ့ကိုတကယ်ပဲ စိတ်မပျက်စေခဲ့ဘူး "
အောက်ဘက်မှ အခြေအနေကိုကြည့်ကာ အရှင်ကုလုံ၏ မျက်နှာထက်တွင် အပြုံးရိပ်များ ယှက်သန်းလာခဲ့သည်။
ထိုကောင်လေးသည် အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရုံသာမက ကောင်းမွန်သော ကံကြမ္မာကိုလည်း ပိုင်ဆိုင်ထား၏။
ကျန်းချန်က ရှေးဟောင်းနဂါးမျိုးနွယ်စု၏ အဖွဲ့၀င်တစ်ဦးဖြစ်၍ ကျန်းချန်၏ ကံကောင်းခြင်းသည် ရှေးဟောင်းနဂါးမျိုးနွယ်စု အပေါ်တွင်လည်း သက်ရောက်မည်မှာ သေချာ၏။
အရှင်သွေးလက ရှေးဟောင်းနဂါး မျိုးနွယ်စုနှင့် ကျန်းချန်ကို ဖျက်ဆီးချင်သော်လည်း ထင်သလောက် လွယ်ကူနိုင်ပါမည်လော။
မူလက အရှင်ကုလုံသည် ဤတစ်ခေါက် စစ်ပွဲတွင် ဖန်းလုံခံတပ်ကို ထိန်းထားရန် ခက်ခဲလိမ့်မည်ဟု တွေးထားခဲ့သည်။
သူ၏ မူလအစီစဉ်မှာ ဖန်းလုံခံတပ်နှင့် အရှေ့ပိုင်းဒေသ တစ်ခုလုံးကို စွန့်လွှတ်ကာ နယ်မြေနတ်ဘုရား အဆင့်သို့ ဖန်းချင်းယွမ် ထိုးဖောက်မည့်အချိန်ကို စောင့်ဆိုင်းရန် ဖြစ်သည်။
သို့သော်လည်း ကျန်းချန်က ရုတ်တရက် ရောက်ရှိလာပြီး သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားဆယ်ယောက်ကျော်ကို ချက်ချင်းဆိုသလို သတ်ဖြတ်လိုက်ကာ အလှည့်အပြောင်း ဖြစ်စေလိမ့်မည်ဟု မည်သူက ကြိုသိနိုင်ပါအံ့နည်း။
သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ကျင့်ကြံသူ ဖြစ်သည့် သွေးအဆိပ်အဘိုးအို ပင်လျှင် ကျန်းချန်၏ တိုက်ခိုက်မှုကြောင့် အသေအလဲ ခုခံနေခဲ့ရသည် မဟုတ်ပါလော။
ကျန်းချန် ရှိနေသမျှ သွေးလမင်းကုန်းမြေ အတွက် ဖန်းလုံခံတပ်ကို ထိုးဖောက်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဖြစ်နိုင်တော့ပေ။
"ဆဋ္ဌမအဆင့် ကောင်ကင်နတ်ဘုရားတောင် ဒီကောင်လေးကို အသာစီး မယူနိုင်တော့ပါလား"
သွေးအဆိပ်အဘိုးက ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် အဆက်မပြတ် နောက်ဆုတ်နေရသည်ကို မြင်လျှင် အရှင်သွေးလ၏ အမူအရာသည် တဖြည်းဖြည်း သုန်မှုန်လာခဲ့သည်။
ဤကောင်လေး၏ ကြီးထွားမှုနှုန်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
လွန်ခဲ့သည့် နှစ်နှစ်အကြာကတည်းက ဤကောင်လေး၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ အားကောင်းသော်လည်း ရွှယ်ယင်ထက် အနည်းငယ်သာရုံလောက်သာ ရှိသည်။
ယခုတွင်မူ နှစ်နှစ်တာ ကာလအတွင်း ကောင်းကင်နတ်ဘုရားဆဋ္ဌမအဆင့် ဖြစ်သည့် သွေးအဆိပ်အဘိုးအိုပင် ထိုကောင်လေးကို မယှဉ်နိုင်တော့ပေ။
ကျန်းချန်ကိုသာ ဤနှစ်တွင် မသတ်နိုင်လျှင် အနာဂတ်တွင် သူ့အနေဖြင့် အမှန်တကယ် မည်သည့် အခွင့်အရေးမှ မရှိတော့မည်ကို စိုးရိမ်လာမိသည်။
"အရှင်ကုလုံ.. မင်းတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုက ဒီလိုပြိုင်ဘက်ကင်း ပါရမီရှင်ကို မွေးထုတ်နိုင်တာ တကယ်ကို ကံကောင်းတာပဲ"
အရှင်သွေးလက သူ့ရှေ့မှ အရှင်ကုလုံကို စိုက်ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏ အမူအရာက အလွန်တရာပင် မှောင်မိုက်နေခဲ့၏။
ထိုကောင်လေးသည် နတ်ဘုရားနယ်မြေတွင် ဒဏ္ဍာရီသဖွယ်ဖြစ်နေပြီး အနှိုင်းမဲ့နတ်ခန္ဓာကိုယ်ကိုပင် ပိုင်ဆိုင်ထားခဲ့သည်။
နတ်ဘုရင်အင်အားစုများ ရှိသည့် အထူးနယ်မြေမှာပင် အနှိုင်းမဲ့ နတ်ခန္ဓာကိုယ်ပိုင်ရှင်များ အလွန်ပင် ရှားပါးသည်။
ရှေးဟောင်းနဂါးကုန်းမြေလို သေးငယ်သည့် နယ်မြေလေးတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင် တစ်ယောက်က အဘယ်ကြောင့် မွေးဖွားလာသည်ကို အရှင်သွေးလ အမှန်တကယ်ပင် နားမလည်တော့ပေ။
ယခင် စစ်ပွဲတုန်းကလည်း သူတို့ သွေးလမင်းကုန်းမြေဘက်မှ အရေးသာနေစဥ် ကျန်းချန်၏ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် အဆုံးသတ်တွင် စစ်တပ်ကို နောက်ဆုတ်ခဲ့ရသည်။
ဒီတစ်ခေါက်တွင်မူ သူက အင်အား အလုံးအရင်းဖြင့် ဖန်းလုံခံတပ်ကို တိုက်ခိုက်ခဲ့သော်လည်း ကျန်းချန် ထွက်ပေါ်လာသည်နှင့် အခြေအနေသည် တစ်ခဏအတွင်းမှာပင် ပြောင်းပြန်ဖြစ်သွားခဲ့သည်။
ဤကဲ့သို့ ကောင်လေး တစ်ယောက်က သူ့အတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာလိမ့်မည်ဟု အရှင်သွေးလ တစ်ခါမှမတွေးခဲ့ဖူးပေ။
"မင်းပြောတာမှန်တယ်.. ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုက တကယ်ကို ကံကောင်းခဲ့တာပဲ"
အရှင်ကုလုံက ခေါင်းညိတ်၍ ပြုံးလိုက်ပြီး အရှင်သွေးလကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"ဒါပေမယ့် မင်းရဲ့ သွေးလမင်းကုန်းမြေကတော့ အဲ့ဒီလောက်ကံကောင်းမှာ မဟုတ်ဘူးထင်တယ်"
"ဟမ့် အရှင်ကုလုံ မင်းအပျော်မစောပါနဲ့ဦး "
အရှင်သွေးလက နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
"တိုက်ပွဲက အခုထိမပြီးသေးဘူး.. မင်းဘက်က တကယ်ပဲ အနိုင်ရမယ်လို့ မင်းထင်နေတာလား "
ထိုစကားကို ကြားလျှင်အရှင်ကုလုံက အရေးမစိုက်ဟန်ဖြင့် တုံ့ပြန်ပြောဆိုလိုက်သည်။
"ဒီလိုဆိုလည်း မင်းမှာ ဘယ်လိုဝှက်ဖဲတွေရှိလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
"ကောင်းပြီလေ မင်းမကြာခင် သိလာရလိမ့်မယ်"
အရှင်သွေးလ၏ မျက်၀န်းထဲတွင် သွေးရောင်အလင်းတန်းများ ဖျတ်ခနဲ လက်သွားခဲ့သည်။
သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
အရှင်သွေးလ၏ စကားဆုံးသည်နှင့် ဖန်းလုံခံတပ်၏ အလယ်ဗဟိုတွင် ရုတ်တရက် "ဝုန်း" ဟူသော အသံတစ်သံ ထွက်ပေါ်လာပြီး ခံတပ်တစ်ခုလုံး တုန်ခါသွားခဲ့သည်။
သိပ်မကြာခင်မှာပင် ဖန်းလုံခံတပ်ကို လွမ်းခြုံထားသည့် ကာကွယ်ရေး အစီအရင်သည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ကောင်းကင်ယံ အထက်တွင် ခြေရာလက်ရာပင် မကျန်ရှိဘဲ ပျောက်ကွယ်သွားသည်ကို အားလုံးက တွေ့လိုက်ရ၏။
"ပြဿနာတော့တက်ပြီ.. ဖန်းလုံခံတပ်မှာ အရှင်သွေးလရဲ့ အတွင်းလူ ရှိနေတဲ့ပုံပဲ.. ဒီအတွင်းလူက ဖန်းလုံခံတပ်ရဲ့ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးလိုက်ပုံရတယ်"
ဖန်းလုံခံတပ်၏ အပြောင်းအလဲကို မြင်လျှင် အရှင်ကုလုံ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
ဖန်းလုံခံတပ်၏ အစီအရင်ကို ရှေးဟောင်းနဂါး ကုန်းမြေတစ်ခုလုံးတွင် ထိပ်တန်းအဆင့် အကြီးအကဲ အနည်းငယ်မျှသာ မည်ကဲ့သို့ ဖျက်ဆီးရမလဲ သိရှိထားကြသည်။
မည်သူက ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ပြီး သွေးလမင်းကုန်းမြေကို လျှို့ဝှက်ကူညီကာ ဖန်းလုံခံတပ်၏ အစီအရင်အား ဖျကဆီးခဲ့မှန်း အရှင်ကုလုံ မသိခဲ့ပေ။
ဖန်းလုံခံတပ်၏ ကာကွယ်ရေး အစီအရင် မရှိသည်နှင့် ရှေးဟောင်းနဂါးကုန်းမြေစု အတွက် ဖန်းလုံခံတပ်ကို ကာကွယ်ရန်မှာ မလွယ်ကူနိုင်တော့ပေ။
"ဒါ ဒါ ဘယ်လိုဖြစ်ရတာလဲ "
ဖန်းလုံခံတပ်၏ ကာကွယ်ရေးအစီအရင်က ရုတ်တရက် ပျက်စီးသွားသည်ကို မြင်လျှင် လုံကျန့်ရှင်းသည် ထိတ်လန့်သွားခဲ့သည်။
သူ၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် အကျည်းတန်သွားခဲ့၏။
အခန်း(၁၇၁၁)ပြီး၏။
အခန်း(၁၇၁၂)
သွေးလမင်းကုန်းမြေဘက်က ဖန်းလုံခံတပ်ထဲတွင် အတွင်းလူတစ်ယောက်ကို ထည့်သွင်းကာ ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ဖန်းလုံခံတပ်မှ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးလိမ့်မည်ဟု လုံကျန့်ရှင်း တစ်ခါမှ မတွေးမိခဲ့ပေ။
ယခုအခါတွင် ကာကွယ်ရေးအစီအရင် ပျက်စီးသွားပြီ ဖြစ်ရာ ရှေးဟောင်းနဂါး ကုန်းမြေစုမှ ကောင်းကင်နတ်ဘုရားအယောက် ၅၀သည် သွေးလမင်းကုန်းမြေ၏ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်နှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည် မဟုတ်ပါလား။
"ဒါ ဘယ်သူ့လက်ချက်လဲ"
လုံကျန့်ရှင်း၏ မျက်နှာအမူအရာက အလွန်တရာပင် မှောင်မိုက်သွားခဲ့သည်။
သူက အကြီးအကဲချုပ် ဖြစ်၍ အရှင်ကုလုံ ကိုယ်စား ရှေးဟောင်းနဂါး မျိုးနွယ်စုကို ဦးဆောင်ခဲ့ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ကိစ္စအဝဝကို သူတစ်ဦးတည်းသာ ကိုင်တွယ် ဖြေရှင်းခဲ့သည်။
သို့သော်လည်း သွေးလမင်းကုန်းမြေ ဘက်မှ ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် အတွင်းလူ တစ်ယောက် ထည့်သွင်းထားသည်ကို သူ သတိမပြုမိခဲ့ပေ။
ဤသည်မှာ သူ၏ပေါ့ဆမှုပင် ဖြစ်သည် မဟုတ်ပါလော။
သွေးလမင်းကုန်းမြေဘက်မှ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် နှစ်ယောက်တွင် တစ်ယောက်ကို သူက ထိန်းထားခဲ့ပြီး နောက်တစ်ယောက်ကို ကျန်းချန်က ထိန်းထားခဲ့သည်။
ထို့အပြင် ဖန်းလုံခံတပ်၏ ကာကွယ်မှုဖြင့် ဆိုလျှင် သူတို့သည် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ကောင်းစွာ တားဆီးနိုင်မည် ဖြစ်သည်။
ဖန်းလုံခံတပ်ကို အနည်းဆုံး လဝက်ခန့် ထိန်းထားနိုင်မည် ဖြစ်ပြီး နယ်မြေနတ်ဘုရား အဆင့်ကို ဖန်းချင်းယွမ်ထိုးဖောက်နိုင်သည်အထိ တောင့်ခံနိုင်ပေလိမ့်မည်။
သို့သော်လည်း ယခုအခါတွင် ဖန်းလုံခံတပ်၏ ကာကွယ်ရေးအစီအရင် ပျက်စီးသွားပြီ ဖြစ်ရာ မူလက အလွန် ကောင်းမွန်သော အခြေအနေသည် တစ်ခဏအတွင်းမှာပင် ပျက်စီးသွားခဲ့သည်။
"အကြီးအကဲကျန့်ရှင်း မကောင်းတော့ဘူး.. ကျွမ်းရှန့်ယန်က အစီအရင်ကို စောင့်ကြပ်နေတဲ့ နဂါးအစောင့်အရှောက် နှစ်ယောက်ကို သတ်ဖြတ်ပြီး ဖန်းလုံခံတပ်ရဲ့ ကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးလိုက်ပြီ"
လုံကျန့်ရှင်းက ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေချိန်တွင် ပုံရိပ်တစ်ခုသည် ဖန်းလုံခံတပ်ကနေ အလျင်အမြန် ထွက်လာခဲ့ပြီး လုံကျန့်ရှင်းကို အခြေအနေအား ပြောပြလိုက်သည်။
"လက်စသတ်တော့ ဒီကောင့် လက်ချက်ကိုး"
တရားခံက ကျွမ်းရှန့်ယန် မှန်းသိလျှင် လုံကျန့်ရှင်း၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားခဲ့သည်။
ဖန်းလုံခံတပ်၏ အစီအရင်ကို ဖျက်ဆီးခဲ့သူသည် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ရွှေနဂါးအဆင့်အကြီးအကဲ ဖြစ်သည့် ရှန်းယွမ်ဟိုင်၏ တပည့် ဖြစ်နေခဲ့သည်။
ရှန်းယွမ်ဟိုင်က ရှေးဟောင်းနဂါး မျိုးနွယ်စုကို သစ္စာဖောက်ပြီးနောက်တွင် လုံကျန့်ရှင်းသည် ကျွမ်းရှန့်ယန်ကို အမြဲတစေ စောင့်ကြည့်နေခဲ့ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ချုပ်နှောင်ထားခဲ့သည်။
သို့သော်လည်း ကျွမ်းရှန့်ယန်က ချုပ်နှောင်ရာကနေ ထွက်ပြေးပြီး သွေးလမင်းကုန်းမြေကို ကူညီကာ ဖန်းလုံခံတပ်၏ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးလိမ့်မည်ဟု သူတစ်ခါမှ မတွေးခဲ့ဖူးပေ။
သိထားရမည့်အချက်မျာ ဖန်းလုံခံတပ်၏ ကာကွယ်ရေးအစီအရင်ကို ကောင်းကင်နတ်ဘုရား အဆင့်ရှိ နဂါး အစောင့်အရှောက် နှစ်ဦးက စောင့်ကြပ်နေခြင်း ဖြစ်ပြီး ထိုအထဲမှ တစ်ယောက်သည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ဖြစ်သည်။
ကျွမ်းရှန့်ယန်သာ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် မဟုတ်လျှင် ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးရန်အခွင့်အရေး လုံးဝ ရမည်မဟုတ်ပေ။
ကျွမ်းရှန့်ယန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်တွင်သာ ရှိနေခဲ့သည်။
သို့ဆိုလျှင် ကျွမ်းရှန့်ယန်သည် မည်သည့် အချိန်ကတည်းက ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့ပါသနည်း။
"ဟားဟား ကုလုံ.. ငါ့ရဲ့ ဒီတစ်ကွက်ကို မင်းဘယ်လိုမှ မတွေးမိခဲ့ဘူး မဟုတ်လား"
လေထုထဲရှိ အရှင်သွေးလက ကျေနပ်အားရစွာ ရယ်မောလိုက်သည်။
ယခင် စစ်ပွဲတွင် ရှန်းယွမ်ဟိုင်သည် ကျရှုံးခဲ့သော်လည်း သူ၏ နယ်ရုပ်တစ်ရုပ် ဖြစ်သည့် ကျွမ်းရှန့်ယန်သည် ဖော်ထုတ်ခြင်း မခံခဲ့ရပေ။
ယခုတော့ အရေးပါသည့်အချိန်တွင် ကျွမ်းရှန့်ယန် ဆိုသော နယ်ရုပ်လေးသည် အဆုံးသတ်တွင် သူနှင့် သင့်လျော်သည့် အခန်းကဏ္ဍကို လုပ်ဆောင်ခဲ့ပြီ ဖြစ်သည်။
အရှင်သွေးလ၏ စကားကိုကြားလျှင် အရှင်ကုလုံသည် အနည်းငယ် မျက်နှာမသာမယာ ဖြစ်သွားခဲ့သည်။
ရှန်းယွမ်ဟိုင်က ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ရွှေနဂါးအဆင့်အကြီးအကဲတစ်ဦး ဖြစ်၍ အပြောင်းအလဲ တစ်စုံတစ်ရာ ရှိခဲ့လျှင် အရှင်ကုလုံ၏ မျက်လုံးကနေ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သို့ရာတွင် ကျွမ်းရှန့်ယန်ကမူ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်သာ ဖြစ်၍ အရှင်ကုလုံသည် ကျွမ်းရှန့်ယန်ကို အာရုံမထားခဲ့ဘဲ လုံကျန့်ရှင်း ဆီသို့သာ လွှဲပြောင်းပေးခဲ့သည်။
သို့သော်လည်း သူ၏ ပေါ့ဆမှုကြောင့် ယနေ့ကဲ့သို့ ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။
ကာကွယ်ရေး အစီအရင်မရှိဘဲ သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်ကို ရင်ဆိုင်ရမည် ဆိုလျှင် သူ့အနေဖြင့် ကြီးလေးသော အဖိုးအခကို ပေးဆပ်ရမည်ဖြစ်ပြီး ဖန်းလုံခံတပ်ကိုလည်း ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ပေါ့ဆသော ဆုံးဖြတ်ချက်တစ်ခုသည် အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့သည်။
ယနေ့တွင် သူတို့သည် ဖန်းလုံခံတပ်ကို စွန့်လွှတ်ပြီး အရှေ့ပိုင်းဒေသ တစ်ခုလုံးကို လက်လွှတ်ရတော့မည်ဟု သူထင်ခဲ့၏။
"သွေးလမင်းကုန်းမြေရဲ့ ကောင်းကင်နတ်ဘုရားအားလုံး ငါ့အမိန့်ကို သေချာနားထောင်ကြ.. ဖန်းလုံခံတပ်ကိုချေမှုန်းပြီး ရှေးဟောင်းနဂါးကုန်းမြေရဲ့ အရှေ့ပိုင်းဒေသကို ဝင်သိမ်းကြမယ်"
အရှင်ကုလုံက ဖန်းလုံခံတပ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ချက် ချလိုက်သောအခါတွင် အရှင်သွေးလ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်လာခဲ့သည်။
"သတ်ကြဟေ့.. သတ်ကြ.."
အရှင်သွေးလ၏ အမိန့်ကို ရရှိသည်နှင့် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်သည် ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၅၀ကို ဝင်ရောက် တိုက်ခိုက်လိုက်ကြသည်။
သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား အရေအတွက်သည် ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရားအရေအတွက်ထက် နှစ်ဆ ရှိသည်။
ထို့ကြောင့် ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရားများသည် သွေးလမင်း ကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို နှစ်ယောက် တစ်ယောက် ရင်ဆိုင်ခဲ့ရ၏။
တစ်ခဏအတွင်းမှာပင် ရှေးဟောင်းနဂါးကုန်းမြေသည် လုံးဝအောက်စည်းသို့ ရောက်ရှိသွားခဲ့သည်။
အလွန်တရာ အားနည်းသော ကောင်းကင်နတ်ဘုရား တချို့ဆိုလျှင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
သိပ်မကြာခင်မှာပင် ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရား တစ်ပါးသည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရားများက ချက်ချင်းဆိုသလို အန္တရာယ်ထဲ ကျရောက်သွားသည်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာ အမူအရာသည် အနည်းငယ် မှောင်မိုက်သွားခဲ့သည်။
သူက သူ၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ သူ၏ရှေ့မှ သွေးအဆိပ် အဘိုးအိုကို အမြန်ဆုံး အနိုင်ယူရန် ဆုံးဖြတ်လိုက်သည်။
သို့မှသာလျှင် သူ့အနေဖြင့် ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို အကူအညီပေးနိုင်မည် မဟုတ်ပါလော။
သို့သော်လည်း သွေးအဆိပ်အဘိုးအိုသည် ကျန်းချန်၏ ဖိနှိပ်မှုကြောင့် နောက်ဆုတ်နေရသော်လည်း အဆုံးသတ်တွင် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သို့ဖြစ်၍ ကျန်းချန်သည် သွေးအဆိပ် အဘိုးအိုကို တစ်ခဏအတွင်း သတ်ဖြတ်ရန်မှာ မလွယ်ကူခဲ့ပေ။
သူက သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများက ရှေးဟောင်းနဂါး ကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို ဝိုင်းရံတိုက်ခိုက်ပြီး သတ်ဖြတ်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
"အရှင်သွေးလ မင်းဒီတစ်ပွဲတော့ အနိုင်ရသွားပြီ"
အရှင်ကုလုံက ရှေးဟောင်းနဂါး မျိုးနွယ်စု၏ အခြေအနေ မလှသော တိုက်ပွဲကို ငုံ့ကြည့်လိုက်ပြီးနောက်တွင် အရှင်သွေးလကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။
ဤတစ်ခေါက် သွေးလမင်းကုန်းမြေ၏ စစ်ချီလာမှုသည် အလွန်တရာ မြန်ဆန်လွန်း၍ ရှေးဟောင်းနဂါးကုန်းမြေ၏ ကောင်းကင်နတ်ဘုရား အားလုံးကို စုစည်းရန် အချိန်သိပ်မရခဲ့ပေ။
သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်ကို ရှေးဟောင်းနဂါး မျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား ၅၀သာ ထိပ်တိုက် ရင်ဆိုင်ရမည် ဆိုလျှင် ရှေးဟောင်းနဂါးမျိုးနွယ်စု၏ ကောင်းကင်နတ်ဘုရား ၅၀ထဲတွင် အနည်းငယ်လောက်သာ အသက်ရှင်နိုင်မည်ဟု သူထင်ခဲ့သည်။
ထိုသို့ ရင်းနှီးပြီးမှ ဖန်းလုံခံတပ်ကို ကာကွယ်နိုင်ခဲ့လျှင်ပင် ရှေးဟောင်းနဂါး ကုန်းမြေသည် အလွန်တရာ အားနည်းသွားပေလိမ့်မည်။
ဤသည်က အရှင်ကုလုံ တွေ့မြင်ချင်သောရလဒ် မဟုတ်ပေ။
အရှင်ကုလုံက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး နောက်ဆုတ်ရန် အမိန့်ပေးတော့မည့် အချိန်မှာပင် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ပျော်ရွှင်သော အရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
"နယ်မြေနှလုံးသား မူလစွမ်းအားက ပြောင်းလဲသွားခဲ့ပြီ.. ဒါက ရှေးဟောင်းနဂါးကုန်းမြေမှာ နယ်မြေနှလုံးသား မူလစွမ်းအားကို လှုံ့ဆော်နိုင်တဲ့ တခြားတစ်ယောက် ပေါ်ထွက်လာတဲ့ အဓိပ္ပါယ်ပဲ.. ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားတာများ ဖြစ်နိုင်မလား"
အရှင်ကုလုံက တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်ပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု ရှိရာသို့ လှမ်းကြည့်လိုက်သည်။
"ဝုန်း.."
အရှင်ကုလုံက ရှေးဟောင်းနဂါးမျိုးနွယ်စု ရှိရာသို့ လှမ်းကြည့်လိုက်သည့် အခိုက်မှာပင် ကုန်းမြေတစ်ခုလုံးသည် ရုတ်တရက် တုန်ခါသွားခဲ့သည်။
သိပ်မကြာခင်မှာပင် မျက်စိကျိန်းလောက်စရာ အပြာရောင် တိမ်တိုက်များသည် လေထုထဲတွင် စုဝေးသွားခဲ့ပြီး အဆုံးသတ်၌ ဧရာမ အပြာရောင်နဂါးပုံရိပ်ယောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေ၏ မည်သည့်နေရာမှာပင် ရပ်နေပါစေ မည်သူမဆို ကောင်းကင်ယံရှိ အပြာရောင်နဂါးပုံရိပ်ယောင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့၏။
"ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ"
ဤမြင်ကွင်းကိုမြင်လျှင် အရှင်ကုလုံ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရား အဆင့်ကို အောင်မြင်စွာထိုးဖောက်နိုင်ခဲ့ပြီဖြစ်ရာ ရှေးဟောင်းနဂါးကုန်းမြေနှင့် သွေးလမင်းကုန်းမြေ ကြားရှိ နှစ်ပေါင်းများစွာ မကျေလည်မှုသည် အဆုံးသတ်တွင် ရလဒ်တစ်ခု ထွက်လာသင့်ချေပြီ။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ရှေးဟောင်းနဂါး ကုန်းမြေမှာ တကယ်ပဲ နယ်မြေနတ်ဘုရား အသစ်တစ်ပါး မွေးဖွားခဲ့ပြီလား"
ကောင်းကင်ယံတွင် ရှိနေသည့် အပြာရောင်နဂါး ပုံရိပ်ယောင်ကို စိုက်ကြည့်ရင်း အရှင်သွေးလ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
အပြာရောင်နဂါး ပုံရိပ်ယောင်သည် နယ်မြေနတ်ဘုရား မွေးဖွားလာသည့် ကောင်းကင်နိမိတ် ဖြစ်သည်။
ထိုအဓိပ္ပါယ်ကို နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည့် အရှင်သွေးလသည် မည်သူ့ထက်မဆို ကောင်းစွာသိရှိခဲ့သည်။
ယခု ရှေးဟောင်းနဂါးကုန်းမြေတွင် အရှင်ကုလုံအပြင် နောက်ထပ် နယ်မြေနတ်ဘုရားတစ်ပါး မွေးဖွားလာခဲ့ချေပြီ။
ဤအချိန်တွင် အရှင်သွေးလသည် တစ်စုံတစ်ရာကို နားလည်သွားခဲ့သည်။
ဖန်းချင်းယွမ်သည် ဖန်းလုံခံတပ်တွင် ယခုအချိန်အထိ ပေါ်မလာခဲ့ပေ။
ဆိုရလျှင် ဖန်းချင်းယွမ်သည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းဒေသကို လုံးဝ မသွားခဲ့ဘဲ တံခါးပိတ် ကျင့်ကြံကာ နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်နေခဲ့ခြင်းပင်။
အခန်း(၁၇၁၂)ပြီး၏။
အခန်း(၁၇၁၃)
"ဆုတ်ခွာမယ်"
အရှင်သွေးလက သူ၏ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။
ယခုအခါတွင် ရှေးဟောင်းနဂါး ကုန်းမြေစုတွင် ဒုတိယမြောက် နယ်မြေနတ်ဘုရား မွေးဖွားလာပြီ ဖြစ်၍ အခြေအနေသည် ချက်ချင်းဆိုသလို ပြောင်းပြန်လှန်သွားခဲ့ချေပြီ။
သူတို့ သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါး ကုန်းမြေကို တိုက်ခိုက်ရန် အခွင့်အရေးကို လုံးဝ ဆုံးရှုံးသွားခဲ့ပြီး ရှေးဟောင်းနဂါးကုန်းမြေ၏ တန်ပြန် တိုက်ခိုက်လာမှုကိုပင် ရင်ဆိုင်ရတော့မည် ဖြစ်၏။
အချိန်မီသာ ဆုတ်ခွာနိုင်ခဲ့ခြင်း မရှိလျှင် ယနေ့တွင် အမှန်တကယ် အမြစ်ပြတ် ချေမှုန်းခံရနိုင်ဖွယ် ရှိသည်။
"ဟားဟား အကြီးအကဲ ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားခဲ့ပြီ.. ဒီအချိန်က ငါတို့ရှေးဟောင်းနဂါးကုန်းမြေရဲ့ သွေးလမင်းကုန်းမြေကို တန်ပြန် တိုက်ခိုက်ရမဲ့ အချိန်ပဲ.. ငါနတ်ဘုရားနဲ့အတူ အားလုံးကို သတ်ကြစို့"
အရှင်ကုလုံက ရယ်မောလိုက်ပြီး အရှင်သွေးလကို တိုက်ခိုက်လိုက်သည်။
"သတ်ကြ.."
ရင်ထဲတွင် ဒေါသများကို ထိန်းထားခဲ့ရသည့် လုံကျန့်ရှင်းသည်လည်း ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရားများနှင့်အတူ ဖန်းလုံခံတပ်ကနေ ပြေးထွက်ကာ ဆုတ်ခွာသွားသည့် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို လိုက်လံသတ်ဖြတ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံတွင် ဝဲပျံနေသည့် အပြာရောင်နဂါးပုံရိပ်ယောင်ထဲကနေ အပြာရောင်ပုံရိပ်တစ်ခုသည် လှမ်းထွက်လာခဲ့သည်။
ထိုအပြာရောင်ပုံရိပ်မှာ တခြားသူမဟုတ်ဘဲ ဖန်းချင်းယွမ်ပင် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖန်းချင်းယွမ်သည် မိုင်ထောင်ပေါင်းများစွာ ဝေးကွာသည့် လေထုကို ဖြတ်ကျော်ကာ ဖန်းလုံခံတပ် အပြင်ဘက်ရှိ စစ်မြေပြင်သို့ ရောက်ရှိလာခဲ့သည်။
သူက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်၏ ရှေ့ရှိ သွေးအဆိပ်အဘိုးအိုကို လက်ညှိုးညွှန်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သွေးအဆိပ်အဘိုးအို၏ ခန္ဓာကိုယ်သည် လက်ညှိုး၏ စွမ်းအားအောက်တွင် ထိန်းချုပ်ခံရသကဲ့သို့ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ပေ။
"မသတ်ပါနဲ့"
ဤအချိန်တွင် သွေးအဆိပ်အဘိုးအိုသည် အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
သို့သော်လည်း မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏မျက်ခုံးအလယ်ဗဟိုသို့ အပြာရောင်ဓားစွမ်းအင် တစ်ခုသည် ထိုးဖောက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပေါက်ကွဲထွက်သွားခဲ့သည်။
သွေးအဆိပ်အဘိုးအိုကို လက်ချောင်း တစ်ချောင်းတည်းဖြင့် သတ်ဖြတ်လိုက်ပြီးနောက်တွင် ဖန်းချင်းယွမ်၏ အကြည့်သည် သွေးလမင်းကုန်းမြေမှ နောက်ထပ် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ဆီသို့ ရောက်ရှိသွားခဲ့သည်။
သူက လက်တစ်ဖက်ကို ဆန့်ထုတ်၍ အသာအယာ လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူ၏ ပတ်ဝန်းကျင်ရှိ နေရာလွတ်သည် ပြိုကျသွားခဲ့သည်။
ထို့နောက်တွင် ရေတွက်၍ မရနိုင်သော နေရာလွတ်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားကို အမှုန့်အဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။
"နယ်မြေနတ်ဘုရားအဆင့်က တကယ်ကို အစွမ်းထက်တာပဲ"
ဖန်းချင်းယွမ်က သွေးလမင်းကုန်းမြေမှ ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရား နှစ်ပါးကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်းချန်သည် တအံ့တသြ ရေရွတ်လိုက်သည်။
သူက နယ်မြေနတ်ဘုရားများ၏ တကယ့်စွမ်းအားကို မမြင်ဖူးသော်လည်း ဒသမတောင်ထွတ်ရှိ အရှင်ကုလုံ၏ နယ်မြေနတ်ဘုရား ဥပဒေသမှတစ်ဆင့် နယ်မြေနတ်ဘုရား၏ စွမ်းအားကို ခံစားခဲ့ရသည်။
သို့ရာတွင် နယ်မြေနတ်ဘုရားတစ်ပါး၏ ကြောက်မက်ဖွယ်အစွမ်းထက်ပုံကို မျက်မြင် တွေ့လိုက်ရသောအခါ သူ၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။
ဆိုရလျှင် နယ်မြေနတ်ဘုရားအဆင့်သည် ကောင်းကင်နတ်ဘုရားအဆင့်၏ အထက်တွင် လုံးဝ တည်ရှိနေသည့် အဆင့်ဖြစ်ပြီး ကောင်းကင်နတ်ဘုရားများကို ကြက်သတ်သကဲ့သို့ပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။
ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ဖြစ်သည့် သွေးအဆိပ်အဘိုးအိုသည်ပင် နယ်မြေနတ်ဘုရား တစ်ပါး၏ ရှေ့တွင် ပုရွက်ဆိတ်နှင့် ဘာမှမကွာခြားပေ။
ဖန်းချင်းယွမ်က ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် နှစ်ဦးကို တစ်ခဏအတွင်း သတ်ပစ်လိုက်သည်နှင့် သွေးလမင်းကုန်းမြေမှ ကျန်ရှိသော ကောင်းကင် နတ်ဘုရားများသည် တိုက်ခိုက်လိုစိတ်များ မရှိတော့ပေ။
သူတို့အားလုံးက အလွန်အမင်း ကြောက်ရွံ့ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးသွားခဲ့ကြသည်။
"ကျန့်ရှင်း ဒီနေရာကို မင်းဆီလွှဲပေးလိုက်ပြီ.. ငါက အရှင်ကုလုံကို ကူညီပေးလိုက်ဦးမယ်"
ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနှစ်ဦးကို ရှင်းလင်းပြီးနောက်တွင် ဖန်းချင်းယွမ်သည် ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးနေသော သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို လျစ်လျူရှုလိုက်သည်။
ထို့နောက်တွင် သူက လေထဲတွင် အနည်းငယ် လှုပ်ရှားလိုက်ရာ တစ်ခဏအတွင်းမှာပင် သူ၏ ပုံရိပ်သည် အရှင်ကုလုံနှင့်အရှင်သွေးလတို့ တိုက်ခိုက်နေသည့် လေထုဆီသို့ ရောက်ရှိသွားခဲ့သည်။
"ဟားဟား အားလုံးပဲ.. သွေးလမင်းကုန်းမြေက နှစ်ပေါင်းများစွာ ငါတို့ရှေးဟောင်းနဂါးကုန်းမြေကို အကြိမ်ကြိမ် ကျူးကျော်ခဲ့တယ်.. အခုအချိန်က ငါတို့အနေနဲ့ သွေးလမင်းကုန်းမြေကို တန်ပြန်တိုက်ခိုက်ဖို့ အချိန်ပဲ.. အားလုံးပဲ ငါနဲ့အတူ သွေးလမင်းကုန်းမြေကို ဝင်ရောက်ပြီး သွေးလမင်းနန်းတော်ကို တညီတညွတ်တည်း ချေမှုန်းကြစို့"
လုံကျန့်ရှင်းက အားပါးတရ ကြုံးဝါးလိုက်ပြီးနောက်တွင် ကျန်းချန်နှင့်အတူ ထွက်ပြေးနေသော သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရားများကို လိုက်လံသတ်ဖြတ်ခဲ့သည်။
သူတို့နှစ်ဦးက ထက်ရှသည့် ဓားနှစ်စင်း ကဲ့သို့ပင် သူတို့သွားသည့်နေရာတိုင်းတွင် မည်သူမှ တားဆီး၍မရခဲ့ပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် သွေးလမင်းကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၁၀ယောက်ကျော်သည် ကျန်းချန်၏ လက်ထဲတွင် ကျဆုံးသွားခဲ့သည်။
ရှေးဟောင်းနဂါးကုန်းမြေက ရုတ်တရက် အခြေအနေကို ပြောင်းပြန်လှန်လိုက်ပြီး သွေးလမင်းကုန်းမြေကို အနိုင်ယူလိုက်သော အချိန်မှာပင် ဖန်းလုံခံတပ် အနီးရှိ တောင်ထိပ်တစ်ခုတွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး ဖန်းလုံခံတပ်၏ အခြေအနေကို အပေါ်စီးကနေ စောင့်ကြည့်နေခဲ့သည်။
ထိုလူငယ်က တခြားသူမဟုတ်ပေ။ သိပ်မကြာခင်ကမှ ဖန်းလုံခံတပ်၏ ကာကွယ်ရေး အစီအရင်ကို ဖျက်ဆီးခဲ့သည့် ကျွမ်းရှန့်ယန် ဖြစ်သည်။
ဖန်းလုံခံတပ်၏ အစီအရင်ကို ဖျက်ဆီးပြီးနောက်တွင် ကျွမ်းရှန့်ယန်သည် ဖန်းလုံခံတပ်တွင် အချိန်အကြာကြီး မနေခဲ့ပေ။
ရှန်းယွမ်ဟိုင်နှင့် ပူးပေါင်းပြီး ကျန်းချန်ကို သတ်ဖြတ်မည့် အစီအစဥ် ပျက်စီးသွားပြီးနောက်တွင် ကျွမ်းရှန့်ယန်သည် ပိုမို၍ ကိုယ့်ကိုယ်ကိုယ် သတိထားလာခဲ့သည်။
ထို့ကြောင့် အခြေအနေ မလှလျှင် ဆုတ်ခွာနိုင်ရန် အတွက် ဤနေရာတွင် ပုန်းအောင်းကာ တိုက်ပွဲ၏ အခြေအနေကို စောင့်ကြည့်နေခဲ့သည်။
"ဖန်းချင်းယွမ်က ဒီလိုအချိန်မှ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"
သွေးလမင်းကုန်းမြေ၏ ရှုံးနိမ့်မှုကိုမြင်လျှင် ကျွမ်းရှန့်ယန်၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလိုပင် အကျည်းတန်သွားခဲ့သည်။
ဤတစ်ခေါက် လုံကျန့်ရှင်း၏ ချုပ်နှောင်မှုကို ခံထားရချိန်တွင် သူသည် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကို လျှို့ဝှက်စွာ ထိုးဖောက်ခဲ့သည်။
အရှင်သွေးလ၏ နံဘေးတွင် ထားရစ်ခဲ့သည့် သူ၏ ကိုယ်ပွားသည် အရှင်သွေးလနှင့် သူနှင့် ဆက်သွယ်ရန်အတွက် ကြားခံ ဖြစ်လာခဲ့သည်။
ဤတစ်ခေါက် ဖန်းလုံခံတပ်ကို ဖျက်ဆီးရန် အစီအစဥ်သည် သူနှင့် အရှင်သွေးလတို့ စီစဥ်ထားသည့် အစီအစဥ်တစ်ခုဖြစ်သည်။
ဖန်းလုံခံတပ်၏ ကာကွယ်ရေးအစီအရင်ကို ဖျက်ဆီးနိုင်လျှင် ရှေးဟောင်းနဂါး ကုန်းမြေသည် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုအောက်တွင် သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု သူ မူလက တွေးထားခဲ့သည်။
သို့သော်လည်း အရေးကြီးသည့် အချိန်တွင် ရှေးဟောင်းနဂါးကုန်းမြေ၌ ဖန်းချင်းယွမ် ကဲ့သို့ နယ်မြေနတ်ဘုရား အသစ်တစ်ပါး ရုတ်တရက် မွေးဖွားလာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သိထားရမည့်အချက်မှာ လွန်ခဲ့သော ၂နှစ်၊ ၃နှစ်ခန့်က ဖန်းချင်းယွမ်သည် ကမ္ဘာ့စွမ်းအား ပျက်စီးသွားခဲ့ပြီး မည်သည့်စွမ်းအားမှ မရှိသည့် သာမန်နတ်ဘုရား တစ်ပါး အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲကနေ ထွက်လာပြီးနောက်တွင် ထိုအဘိုးအို၏ အထွတ်အထိပ် အခြေအနေသည် အလျင်အမြန် ပြန်လည်ကောင်းမွန်လာခဲ့ပြီး ယခုအခါတွင် နယ်မြေနတ်ဘုရား အဆင့်ကိုပင် တစ်ဟုန်ထိုး ကျော်ဖြတ်သွားခဲ့ချေပြီ။
ကျန်းချန်က ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေတွင် ရရှိခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ဖန်းချင်းယွမ်ကို ပေးခဲ့၍သာ ဖန်းချင်းယွမ်သည် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီး နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားမှန်း တွေးနေစရာပင် မလိုခဲ့ပေ။
"ကောင်လေး ရှေးဟောင်းနဂါးကုန်းမြေက အခုအချိန်မှာ နယ်မြေနတ်ဘုရားနှစ်ပါး ရှိသွားခဲ့ပြီ.. ဒါကြောင့် သွေးလမင်းကုန်းမြေက သေချာပေါက် ရှုံးနိမ့်တော့မယ်.. မင်းအနေနဲ့လည်း ဖော်ထုတ်ခံလိုက်ရပြီ ဆိုတော့ ရှေးဟောင်းနဂါးကုန်းမြေမှ မင်းအတွက် နေရာမရှိတော့ဘူး.. သူတို့တိုက်ခိုက်နေချိန်မှာ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားလိုက်တော့"
ထိုအချိန်မှာပင် အေးစက်သော အသံတစ်သံသည် ကျွမ်းရှန့်ယန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူ၏ စိတ်ထဲမှ အသံကိုကြားလျှင် ကျွမ်းရှန့်ယန်၏ မျက်ဝန်းထဲတွင် အလွန်တရာ မကျေနပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"တုံ့ဆိုင်းမနေနဲ့ မင်းလက်စားချေချင်တယ်ဆိုရင် အနာဂတ်မှာ မင်းအတွက် အခွင့်အရေးတွေ ရှိပါသေးတယ်.. ဒီရှေးဟောင်းနဂါးကုန်းမြေက သေးငယ်တဲ့ နယ်မြေလေးပဲ.. ပိုမိုကြီးမားတဲ့နယ်မြေကို သွားမှပဲ.. မင်းရဲ့စွမ်းရည်က ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာလိမ့်မယ်.. မင်းက လုံလောက်အောင် အစွမ်းထက်နေသရွေ့ အနာဂတ်မှာ ရှေးဟောင်းနဂါကုန်းမြေကို အနိုင်ယူဖို့ဆိုတာ အရမ်းကို လွယ်ကူလိမ့်မယ်"
ကျွမ်းရှန့်ယန်က တွန့်ဆုတ်နေသည်ကို မြင်လျှင် ထိုစကားသံက သူ့ကို ထပ်မံ တိုက်တွန်းလိုက်သည်။
နယ်မြေနတ်ဘုရားစွမ်းအားသည် အလွန်အမင်း ကြောက်မက်ဖွယ်ရာကောင်း၏။
အချိန်ကြန့်ကြာနေလျှင် သူ့အနေဖြင့် ဤနေရာကနေ ထွက်သွားနိုင်မည် မဟုတ်တော့ပေ။
"ရှေးဟောင်းနဂါးကုန်းမြေနဲ့ ကျန်းချန် ငါ့ကို ဆက်ဆက် စောင့်နေပါ.. ငါကျွမ်းရှန့်ယန် တစ်နေ့မှာ ပြန်လာပြီး မင်းတို့ကို လက်စားချေမယ်"
ကျွမ်းရှန့်ယန်၏ မျက်ဝန်းထဲတွင် ရေခဲကဲ့သို့ တောက်ပသော အလင်းရောင် တစ်ခုသည် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။
ထို့နောက်တွင် ကျွမ်းရှန့်ယန်သည် ချက်ချင်းဆိုသလို ဖန်းလုံတောင်တန်းထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့၏။
အခန်း(၁၇၁၃)ပြီး၏။