← Chapters

အခန်း (၁၇၁၄-၁၇၁၆)

Vol. 115 Ch. 1714-1716

အခန်း (၁၇၁၄-၁၇၁၆)

Vol. 115 Ch. 1714-1716

အခန်း(၁၇၁၄)

ကျန်းချန်နှင့် တခြားသူများသည် ဖန်းလုံခံတပ်ကနေ လွင်ပြင်အဆုံးအထိ လိုက်လံတိုက်ခိုက်ခဲ့ကြသည်။

အဆုံးသတ်တွင် သွေးလမင်းကုန်မြေ၏ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်တွင် သုံးပုံတစ်ပုံအောက်သာ ရှေးဟောင်းနဂါးကုန်းမြေကနေ လွတ်မြောက်နိုင်ခဲ့ကြသည်။

အရှင်သွေးလသည်ပင် အရှင်ကုလုံနှင့် ဖန်းချင်းယွမ်တို့၏ ဝိုင်းရံတိုက်ခိုက်မှုအောက်၌ ထိတ်လန့်တုန်လှုပ်စွာဖြင့် ထွက်ပြေးခဲ့ရသည်။

အရှင်ကုလုံသည် သွေးလမင်းကုန်းမြေကို တစ်ဖန် ခေါင်းထောင်လာမည့် အခွင့်အရေးပေးရန် လုံး၀ ရည်ရွယ်ချက် မရှိခဲ့ပေ။

ထို့ကြောင့် သူနှင့်ဖန်းချင်းယွမ်က ကောင်းကင်နတ်ဘုရားများစွာကို ဦးဆောင်ကာ နယ်နိမိတ်စည်းကို ကျော်ဖြတ်၍ သွေးလမင်းကုန်းမြေကို တန်ပြန်တိုက်ခိုက်ခဲ့ကြသည်။

သွေးလမင်းကုန်းမြေတွင်မူ အရှင်သွေးလသည် သွေးလမင်းကုန်းမြေ၏ မူလစွမ်းအားကို ထိန်းချုပ်ထား၍ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် များစွာ တိုးတက်လာခဲ့သည်။

ထို့အတွက် သူက အရှင်ကုလုံနှင့် ဖန်းချင်းယွမ် တို့ကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

သို့သော်လည်း နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရသဖြင့် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အောက်စည်းသို့ ရောက်လာခဲ့၏။

ဤတစ်ကြိမ်စစ်ပွဲတွင် သွေးလမင်းကုန်းမြေ၏ ကောင်းကင်နတ်ဘုရား သုံးပုံနှစ်ပုံခန့် သတ်ဖြတ်ခံလိုက်ရပြီး အကြီးအကဲချုပ်များ ဖြစ်သည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် နှစ်ဦးပင် ကျဆုံးခဲ့ရသည်။

လုံကျန့်ရှင်းနှင့် ကျန်းချန်တို့၏ ဦးဆောင်မှုအောက်တွင် ရှေးဟောင်းနဂါးကုန်းမြေသည် မရှုံးနိမ့်‌နိုင်လောက်သည်အထိ တာဆီးလို့မရသော အခြေအနေတွင် ရှိနေခဲ့သည်။

တစ်ရက်အတွင်းမှာပင် ရှေးဟောင်းနဂါးကုန်းမြေသည် သွေးလမင်းကုန်းမြေကို ကျူးကျော် တိုက်ခိုက်ခဲ့ပြီး သွေးလမင်းကုန်းမြေမှ အင်အားစု တစ်ဒါဇင်ကျော်ကို ရှေးဟောင်းနဂါးကုန်းမြေ၏ ခြေရင်းအောက်တွင် လက်နက်ချစေခဲ့သည်။

ထို့နောက်တွင် ကျန်းချန်တို့ လူစုသည် သွေးတောင်ကုန်းနိုင်ငံဆီသို့ ဆက်လက်၍ ကျူးကျော်လာခဲ့ကြသည်။

သွေးတောင်ကုန်းနိုင်ငံသည် သွေးလမင်းကုန်းမြေ၏ အနောက်ဘက်အရပ်တွင် တည်ရှိသည့် ကောင်းကင်နတ်ဘုရား အင်အားစု ဖြစ်သည်။

ဆိုရလျှင် သွေးတောင်ကုန်းနိုင်ငံသည် သွေးလမင်းကုန်းမြေတွင် တည်ထောင်ထားသည့် မြင့်မြတ်သော နိုင်ငံ‌လေးနိုင်ငံ ထဲမှ တစ်နိုင်ငံ ဖြစ်သည်။

အရှင်သွေးလသည် သွေးလမင်းကုန်းမြေကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် အရပ်လေးမျက်နှာတွင် မြင့်မြတ်သော နိုင်ငံ လေးနိုင်ငံကို တည်ထောင်ခဲ့သည်။

ထိုမြင့်မြတ်သော နိုင်ငံလေးနိုင်ငံသည် အရှင်သွေးလအတွက် အရပ်လေးမျက်နှာကို ထိန်းချုပ်ပေးထားခဲ့၏။

ထို့ကြောင့် သွေးလမင်းကုန်းမြေတွင် ရှိသည့် အင်အားစုများစွာသည် အရှင်သွေးလ၏ အမိန့်ကို မလိုက်နာဘဲ မနေဝံ့ကြပေ။

ဤအချိန်တွင် သွေးတောင်ကုန်းနိုင်ငံ၏ မြို့တော်ရှိ နန်းတော်ထဲတွင် လူတစ်ဒါဇင်ကျော်သည် ဗဟိုခန်းမထဲ၌ စုဝေးကာ အစည်းအဝေး လုပ်နေကြသည်။

ခန်းမထဲရှိ လေထုသည် အလွန်တရာပင် လေးနက်မှု ရှိနေခဲ့၏။

"အားလုံးပဲ သွေးလမင်းကုန်းမြေက ရှေးဟောင်းနဂါးကုန်းမြေနဲ့ တိုက်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီ.. အခု ရှေးဟောင်းနဂါးကုန်းမြေက သွေးလမင်းကုန်းမြေကို တန်ပြန် တိုက်ခိုက်လာခဲ့ပြီ.. သိပ်မကြာခင်မှာ ငါတို့ သွေးတောင်ကုန်းနိုင်ငံထဲကို ၀င်ရောက်လာတော့မယ်.. ငါတို့အခု ဘာဆက်လုပ်ကြမလဲ "

ခန်းမထဲရှိ သွေးရောင်မျက်ခုံးနှင့် ချောမောသော လူငယ်တစ်ယောက်သည် ခန်းမ၏ တိတ်ဆိတ်မှုကို အဆုံးသတ်တွင် ဖြိုခွဲလိုက်သည်။

"အရှင်မင်းကြီး.. ရှေးဟောင်းနဂါးကုန်းမြေက ၀င်ရောက်လာရင် ကျွန်တော်တို့ သွေးတောင်ကုန်းနိုင်ငံ အနေနှင့် ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ဘူး "

ထိုအချိန်တွင် သွေးရောင်သံချပ်ကာ၀တ်စုံကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လေးနက်စွာ ပြောလိုက်သည်။

ကျန်းချန်သာ ထိုလူလတ်ပိုင်း အရွယ် အမျိုးသားကို မြင်လျှင် အံ့အားသင့်သွားလိမ့်မည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် တခြားသူမဟုတ်ပေ။

တစ်ချိန်က ရွှယ်လင်ကုန်းမြေတိုက်တွင် သူ၏ကိုယ်ပွားကို ဆင်းသက်စေပြီး ကျန်းချန်နှင့် တိုက်ခိုက်ခဲ့သည့် ရွှယ်ကျုံးထျန်းပင် ဖြစ်သည်။

ယနေ့တွင် ရွှယ်ကျုံးထျန်းသည် အဆင့်မြင့် ပကတိနတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ချေပြီ။

"ဟုတ်တယ် အရှင်မင်းကြီး.. ကျွန်တော်တို့တွေ သွေးတောင်ကုန်းနိုင်ငံကို ကာကွယ်နိုင်မှာ မဟုတ်လောက်ဘူး.. ဒါကြောင့် အမြန်ဆုံး ဆုတ်ခွာသင့်တယ်"

သူ၏နံဘေးမှ သွေးရောင်၀တ်စုံ၀တ် အဘိုးအိုတစ်ယောက်ကလည်း လေးနက်စွာ အကြံပေးလိုက်သည်။

ထိုသွေးရောင်၀တ်စုံ၀တ် အဘိုးအိုသည် သွေးတောင်ကုန်းနိုင်ငံတွင် ကျန်ရှိသည့် တစ်ဦးတည်းသော ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်သည်။

သူသိထားသလောက် ဆိုလျှင် ဤတစ်ခေါက်စစ်ပွဲတွင် အရှင်သွေးလသည် သွေးလမင်း ကုန်းမြေမှ ကောင်းကင်နတ်ဘုရား ၁၀၀ကျော်ကို ဦးဆောင်ကာ တိုက်ခိုက်ခဲ့သော်လည်း ရှေးဟောင်းနဂါး ကုန်းမြေကို ရှုံးနိမ့်သွားခဲ့သည်။

ဤသည်ကပင် ရှေးဟောင်းနဂါးကုန်းမြေ၏ စွမ်းအားက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို ပြသနေခဲ့ပြီ မဟုတ်ပါလား။

ထို့ကြောင့် သူတို့ သွေးတောင်ကုန်းနိုင်ငံ အနေဖြင့် ရှေးဟောင်းနဂါးကုန်းမြေ၏ တိုက်ခိုက်မှုကို ခုခံရန် ဆိုသည်မှာ အိမ်မက်မက်နေသည်နှင့် အတူတူပင် ဖြစ်သည်။

"ကောင်းပြီ အမိန့်ထုတ်ပြန်လိုက်.. အခုချက်ချင်း သွေးလမင်းနန်းတော်ဆီ ဆုတ်ခွာကြမယ် "

သွေးရောင်မျက်ခုံးနှင့် လူငယ်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိူက်ကာ ပြောလိုက်သည်။

သွေးရောင်မျက်ခုံးနှင့် လူငယ်၏ စကားသံ အဆုံးသတ်သည်နှင့် သွေးတောင်ကုန်းနိုင်ငံ၏ မြို့တော် အပြင်ဘက်တွင် ရုတ်တရက် ကျယ်လောင်သော ဆူညံသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး မြို့တော် တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

"မြို့တော်ရဲ့ ကာကွယ်ရေးအစီအရင် ပျက်စီးသွားပြီ.. ကြည့်ရတာ ရှေးဟောင်းနဂါး ကုန်းမြေက လူတွေ ကျူးကျော်လာပြီထင်တယ်.. အရှင်မင်းကြီး အမြန်ထွက်သွားပါ.. မဟုတ်ရင် နောက်ကျသွားလိမ့်မယ်"

ရွှယ်ကျုံးထျန်း၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် သတိပေးလိုက်သည်။

သွေးရောင်မျက်ခုံးနှင့် လူငယ်ကလည်း တွန့်ဆုတ်မနေတော့ဘဲ ရွှယ်ကျုံးထျန်းတို့နဲ့ အတူ မြို့တော်၏ တခြားလမ်းကြောင်း တစ်ခုကနေ ထွက်ပြေးခဲ့ကြသည်။

သို့သော်လည်း သူတို့သည် ရှေးဟောင်းနဂါး မျိုးနွယ်စု၏ မြို့တော်ကို ကျူးကျော်သည့် အရှိန်အဟုန်ကို လျော့တွက်မိခဲ့ကြသည်။

သူတို့ သွေးတောင်ကုန်းနိုင်ငံကနေ ထွက်မပြေးနိုင်ခင်မှာပင် ကျန်းချန် ဦးဆောင်လာသော စစ်တပ်သည် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။

"အရှင်မင်းကြီး ကျွန်တော်တားထားပေးမယ်.. အရှင်မင်းကြီး လွတ်အောင်အရင်ပြေးပါ "

ရွှယ်ကျုံးထျန်းက ရှေးဟောင်းနဂါး ကုန်းမြေ၏ စစ်တပ်ကိုဦးဆောင်လာသော အနက်ရောင်ပုံရိပ်ကို ကြည့်ကာ သူ၏နံဘေးမှ စစ်သည်တစ်ချို့နှင့် အတူ တားဆီးလိုက်သည်။

"ရွှယ်ကျုံးထျန်းပါလား ဘယ်လိုလုပ်ပြီး သူဖြစ်နေရတာလဲ "

သွေးရောင်သံချပ်၀တ်စုံကို ၀တ်ဆင်ထားသည့်လူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်လျှင် ကျန်းချန်သည် ခဏမျှ အံ့အားသင့်သွားခဲ့သည်။

သူ၏ မျက်၀န်းတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူ၏ဖခင် ကျန်းဝူရ၏အကြောင်းကို သိနိုင်မလား စုံစမ်းရန်အတွက် သွေးလမင်းကုန်းမြေတွင် ရွှယ်ကျုံးထျန်းကို ရှာဖွေရန် မူလက သူစီစဉ်ထားခဲ့သည်။

သို့ရာတွင် ရွှယ်ကျုံးထျန်းနှင့် ဤမျှ မြန်မြန်‌ဆန်ဆန် တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

သူ၏ ခြောက်ကပ်ကပ်ရယ်သံသည် ပတ်၀န်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

"ရွှယ်ကျုံးထျန်း မတွေ့ရတာ အတော်ကြာပြီ.. လက်စသတ်တော့ မင်းက ဒီရောက်နေတာကိုး "

ရင်းနှီးစွာ ပြောဆိုလိုက်သော စကားသံကို ကြားလျှင် ရွှယ်ကျုံးထျန်းသည် အနည်းငယ် မှင်တက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူ၏ အကြည့်သည် ကျန်းချန်၏ မျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။

ထို့နောက်တွင် ရွှယ်ကျုံးထျန်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ကျန်းချန် လက်စသတ်တော့ မင်းဖြစ်နေတာကိုး "

ကျန်းချန်က သွေးလမင်းကုန်းမြေ၏ နံဘေးရှိ ရှေးဟောင်းနဂါးကုန်းမြေတွင် ရှိနေလိမ့်မည်ဟု ရွှယ်ကျုံးထျန်း တစ်ခါမျှမတွေးမိခဲ့ပေ။

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"ရွှယ်ကျုံးထျန်း ငါတို့က တော်တော် ရေစက်ပါတာပဲ.. ငါသွေးလမင်းကုန်းမြေမှာ မင်းကို ရှာဖွေဖို့ စီစဉ်ခဲ့ပေမယ့် မ‌မျှော်လင့်ဘဲ မင်းနဲ့ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး "

"ကျန်းချန် မင်းငါ့ရှေ့မှာ မာန်တက်မနေနဲ့ "

ရွှယ်ကျုံးထျန်းက အေးစက်စက်ပြုံး၍ ပြောလိုက်သည်။

"ဒီတစ်ခေါက် ရွှယ်လင်ကုန်းမြေတိုက်မှာလို ထွက်ပြေးလို့ လွတ်မယ်လို့ မင်းထင်နေလား"

ရွှယ်လင်ကုန်းမြေတိုက်မှ သွေးဝိညာဉ် မျိုးနွယ်စု၏ သွေးအင်ပါယာ အနေဖြင့် ရွှယ်ကျုံးထျန်း၏ ကိုယ်ခံပညာပါရမီသည် အားမနည်းပေ။

နတ်ဘုရားနယ်မြေကို တိုက်ခိုက်လာပြီးနောက်တွင် ရွှယ်ကျုံးထျန်းသည် အခွင့်အလမ်းတစ်ခုကို ရရှိခဲ့သည်။

ထို့ကြောင့်ဆယ်နှစ်ကျော် ကာလအတွင်းမှာပင် အဆင့်နိမ့်ပကတိနတ်ဘုရားအဆင့်ကနေ အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။

သူက ကျန်းချန်၏ အရှိန်အဝါကို မမြင်နိုင်သော်လည်း ကျန်းချန်က အရှိန်အဝါကို သိုဝှက်ထားရန်အတွက် နည်းလမ်းတစ်ချို့ကို အသုံးပြုခဲ့ခြင်းသာ ဖြစ်ရမည်ဟု တွေးခဲ့သည်။

ထိုကောင်လေးက ဆယ်နှစ်ကျော် ကာလအတွင်း သူ့ကို ကျော်လွန်သွားလိမ့်မည်ဟု သူအမှန်တကယ် မယုံကြည်ခဲ့ပေ။

"ဒီနေရာက ရွှယ်လင်ကုန်းမြေတိုက် မဟုတ်တာအမှန်ပဲ.. ဒါပေမဲ့ ငါကလည်း လွန်ခဲ့တဲ့ဆယ်နှစ်က ကျန်းချန် မဟုတ်တော့ဘူး.. လက်ရှိမှာ မင်းလို ပကတိနတ်ဘုရားက ငါနဲ့ ယှဉ်ပြိုင်ဖို့ အရည်အချင်း မပြည့်မှီတော့ဘူး.. မင်းက ငါနဲ့ပတ်သက်ဖူးတဲ့အတွက် ငါ့အဖေအကြောင်း ငါ့ကို ပြောပြမယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်"

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေရင်း ရွှယ်ကျုံးထျန်းကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

"ဟမ့် ကျန်းချန် မင်းအတော် လေလုံးထွားလှချည်လား.. သွားသေလိုက်စမ်း "

ရွှယ်ကျုံးထျန်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးစွမ်းအားများကို ထုတ်ဖော်လိုက်ရာ မီတာ၁၀၀ အရွယ်အစားရှိသည့် ဧရာမသွေးလက်ဝါးကြီးသည် ကောင်းကင်ယံကနေ ကျဆင်းလာခဲ့သည်။

ကျန်းချန်က သူ၏လက်ချောင်းကို အသာအယာ လှုပ်ရှားလိုက်သည်နှင့် မမြင်ရသော ဓားစွမ်းအင် တစ်ခုသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး ရွှယ်ကျုံးထျန်း၏ ဧရာမသွေးလက်ဝါးကို မျက်စိတစ်မှိတ်အတွင်း ဖောက်၀င်သွားခဲ့သည်။

ဧရာမ သွေးလက်ဝါးကို ထိုးဖောက်သွားပြီးနောက်တွင် ဓားစွမ်းအင်သည် ရွှယ်ကျုံးထျန်းဆီသို့ သက်ရောက်သွားခဲ့၏။

အခန်း(၁၇၁၄)ပြီး၏။

အခန်း(၁၇၁၅)

"ဖူး.."

ရွှယ်ကျုံးထျန်းက တုံ့ပြန်မှုပင် အချိန်မရလိုက်ဘဲ ကျန်းချန်၏ဓားစွမ်းအင်ဖြင့် ထိမှန်ခံလိုက်ရပြီး ပါးစပ်ကနေသွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူက လေထုထဲတွင် ပေဒါဇင်ပေါင်းများစွာအထိ နောက်ဆုတ်သွားခဲ့ရသည်။

ဤအချိန်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်တွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

"ကောင်း.. ကောင်းကင်နတ်ဘုရားအဆင့်.. မင်းက ကောင်းကင်နတ်ဘုရား အဆင့်ကိုတောင် ထိုးဖောက်သွားခဲ့ပြီလား "

သူ့လို ထူးခြားသော တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် အဆင့်မြင့်ပကတိနတ်ဘုရား တစ်ပါးကို ကျန်းချန်သည် တိုက်ကွက် တစ်ကွက်ထဲဖြင့်ပင် သွေးအန်အောင် ပြုလုပ်ခဲ့သည်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားသည် ကောင်းကင်နတ်ဘုရား အဆင့် ကျင့်ကြံသူများမှာပင် ရှိနိုင်လောက်မည်ဟု သူထင်ခဲ့၏။

တစ်ချိန်က သူ၏ ကိုယ်ပွားလက်ချက်ဖြင့် ရုန်းကန်နေရသော မလောက်လေး မလောက်စား ကောင်လေးသည် ယခုအခါတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်လာလိမ့်မည်ဟု ရွှယ်ကျုံးထျန်း တစ်ခါမှ မတွေးမိခဲ့ပေ။

ကျန်းချန်က တည်ငြိမ်သော အမူအရာဖြင့် ရွှယ်ကျိုးထျန်းကို ပြောလိုက်သည်။

"နောက်ဆုံးအနေနဲ့ ငါမင်းကို အခွင့်အရေးပေးမယ်.. ငါ့အဖေရဲ့သဲလွန်စကို ပြောပြရင် မင်းအသက်ကို ချမ်းသာပေးမယ် "

"ကျန်း.. ကျန်းချန် ငါတကယ်ပဲ မင်းအဖေဘယ်နေရာမှာလဲ ဆိုတာမသိဘူး"

ရွှယ်ကျုံးထျန်းက ခါးသီးစွာ ပြုံးလိုက်သည်။

ကျန်းချန်က ကောင်းကင်နတ်ဘုရားအဆင့်ကိုထိုးဖောက်သွားခဲ့ပြီဖြစ်၍ သူ့ကိုသာ အမှန်တကယ် သတ်ချင်လျှင် သူ့အနေဖြင့် လုံး၀ ခုခံနိုင်စွမ်းမရှိပေ။

ဤအချိန်တွင် သူ့အနေဖြင့် ခေါင်းငုံ့ရုံသာ တက်နိုင်ခဲ့၏။

ကျန်းချန်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်သည်။

"မင်းနဲ့ငါ့အဖေက နတ်ဘုရားနယ်မြေကို အတူတူ တက်လာခဲ့တာမဟုတ်လား.. ငါ့အဖေရဲ့သဲလွန်စကို မင်းက ဘာလို့မသိရတာလဲ"

"နတ်ဘုရားနယ်မြေက အကန့်သတ်မဲ့ ကျယ်ပြန့်တယ်.. ငါနဲ့မင်းအဖေက တစ်ချိန်တည်းမှာ နတ်‌ဘုရားနယ်မြေဆီ တက်လာခဲ့ပေမယ့် တူညီတဲ့နယ်မြေမှာ ပေါ်လာနိုင်ရုံလောက်ပဲ.. ဒါပေမယ့် တူညီတဲ့နေရာမှာတော့ ပေါ်လာချင်မှ ပေါ်လာလိမ့်မယ် "

ရွှယ်ကျုံးထျန်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

"ငါနတ်ဘုရားနယ်မြေကို တက်လာတဲ့အခါ မဟာမြေရိုင်းနယ်မြေလို့ ခေါ်တဲ့ နယ်မြေတစ်ခုမှာ ပေါ်လာခဲ့တယ်.. မင်းအဖေကို ရှာချင်ရင် မဟာမြေရိုင်း နယ်မြေကို သွားရင်တွေ့နိုင်မယ်လို့ ထင်တယ်"

"မဟာမြေရိုင်းနယ်မြေ ဟုတ်လား"

ရွှယ်ကျိုးထျန်းက ခေါင်းညိတ်လိုက်သည်။

"မဟာမြေရိုင်းနယ်မြေက အဲဒီပတ်၀န်းကျင်က နယ်မြေ ဒါဇင်ပေါင်းများစွာထဲမှာ အစွမ်းထက်ဆုံး နယ်မြေပဲ.. အဲဒီနယ်မြေမှာ နတ်ဘုရင်အဆင့် အင်အားစု ရှိတယ်လို့ ပြောကြတယ်"

"မင်းက မဟာမြေရိုင်းနယ်မြေမှာ ပေါ်လာတာဆိုရင် ဘယ်လိုလုပ်ပြီး သွေးလမင်းကုန်းမြေကို ရောက်နေရတာလဲ "

ကျန်းချန်က နားမလည်နိုင်သော အမူအရာဖြင့် ရွှယ်ကျုံးထျန်းကိုကြည့်ကာ မေးလိုက်သည်။

နတ်‌ဘုရားနယ်မြေတွင် ကောင်းကင်နတ်ဘုရားအဆင့်အောက်မှ ကျင့်ကြံသူများသည် ထာ၀ရဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

ရွှယ်ကျုံးထျန်းက မဟာ‌မြေရိုင်းနယ်မြေတွင် ပေါ်လာခဲ့သည်ဆိုလျှင် သွေးလမင်း‌ကုန်းမြေသို့ မည်ကဲ့သို့ ရောက်ရှိလာပါသနည်း။

"မဟာမြေရိုင်းနယ်မြေက ပတ်၀န်းကျင်နယ်မြေ ဒါဇင်ပေါင်းများစွာထဲမှာ နတ်ဘုရင်အဆင့် အင်အားစုရှိတဲ့ တစ်ခုတည်းသော နယ်မြေပဲ.. မဟာမြေရိုင်းနယ်မြေကို ဗဟိုပြုပြီး ပတ်၀န်းကျင်မှာရှိတဲ့ နယ်မြေဒါဇင်ပေါင်းများစွာက မဟာမြေရိုင်းနယ်မြေမှာ သူတို့ရဲ့ ဌာနခွဲတွေကို ဖွင့်လှစ်ထားကြတယ်.. ငါ့ကို မဟာမြေရိုင်းနယ်မြေမှာ ရှိတဲ့ သွေးလမင်းကုန်းမြေရဲ့ ဌာနခွဲက ရှာတွေ့ခဲ့တယ်.. သွေးလမင်းကုန်းမြေရဲ့ သွေးတောင်ကုန်းနိုင်ငံက ရွှယ်လင်ကုန်းမြေတိုက်က သွေးဝိညာဉ်မျိုးနွယ်စုဘိုးဘေးတွေနဲ့ ပတ်သက်မှု ရှိနေတော့ ငါဒီကို ရောက်လာရတာပဲ"

ရွှယ်ကျုံးထျန်းက ကျန်းချန်ကို ရှင်းပြလိုက်သည်။

ကျန်းချန်၏ မျက်၀န်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး သွေးလမင်းကုန်းမြေ၏ ပြဿနာကို ဖြေရှင်းပြီးနောက်တွင် မဟာမြေရိုင်းနယ်မြေကို ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန်တွင် ကျန်းချန်က လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ပြီး ရွှယ်ကျုံးထျန်းကို ပြောလိုက်သည်။

"ကောင်းပြီ မင်းသွားလို့ရပြီ...ဒီတစ်ခေါက် သွေးလမင်းကုန်းမြေကို ရှေးဟောင်းနဂါးမျိုးနွယ်စုက ဖျက်ဆီးတော့မယ်.. မင်းမသေချင်ဘူးဆိုရင် သွေးလမင်းကုန်းမြေနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ "

ထို့နောက်တွင် ရွှယ်ကျုံးထျန်းသည် စကားများစွာ မပြောတော့ဘဲ သူ၏ လက်အောက်ငယ်သား တစ်ချို့ကို ခေါ်ဆောင်ကာ ကျန်းချန်ရှေ့ကနေ အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

ရွှယ်ကျုံးထျန်းထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်တို့ လူတစ်စုသည် သွေးတောင်ကုန်းနိုင်ငံကို အလျင်အမြန် သိမ်း‌ပိုက်ခဲ့ပြီး ရှေ့ဆက်တိုးခဲ့ကြသည်။

အရှင်သွေးလက သွေးလမင်းကုန်းမြေမှ ကောင်း‌ကင်နတ်ဘုရားကျင့်ကြံသူ ၉၀ရာခိုင်နှုန်းကို စုစည်းကာ ရှေးဟောင်းနဂါးကုန်းမြေကို တိုက်ခိုက်ခဲ့သော်လည်း ဖန်းချင်းယွမ်က နယ်မြေနတ်ဘုရားအဆင့် ထိုးဖောက်သွားပြီးနောက်တွင် သွေးလမင်းကုန်းမြေ၏ ကောင်းကင်နတ်ဘုရား သုံးပုံနှစ်ပုံသည် ရှေးဟောင်းနဂါးကုန်းမြေတွင် ကျဆုံးခဲ့ရသည်။

ထို့ကြောင့် သွေးလမင်းကုန်းမြေတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ သိပ်မရှိတော့ပေ။

ကျန်းချန်နှင့် လုံကျန့်ရှင်းတို့က ရှေးဟောင်းနဂါးကုန်းမြေမှ ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူများစွာကို ဦးဆောင်ကာ သွေးလမင်းကုန်းမြေကို တောက်လျှောက် သိမ်းပိုက်ခဲ့၏။

လ၀က်မပြည့်မီမှာပင် ကျန်းချန်တို့ လူစုသည် သွေးလမင်းကုန်းမြေ၏ အနောက်ဘက်ဒေသရှိ နယ်မြေအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး သွေးလမင်းနန်းတော် အထိ ရောက်ရှိလာခဲ့ကြသည်။

ကျန်းချန်တို့က သွေးလမင်းကုန်းမြေ၏ နယ်မြေများကို သိမ်းပိုက်လာသည်နှင့်အမျှ သွေးလမင်းကုန်းမြေ၏ နယ်မြေနှလုံးသား မူလစွမ်းအားကလည်း တဖြည်းဖြည်း အားနည်းလာခဲ့သည်။

ထို့ကြောင့် သွေးလမင်းကုန်းမြေ၏ နယ်မြေနှလုံးသား မူလစွမ်းအားကို အားထားနေသော အရှင်သွေးလသည် အရှင်ကုလုံနှင့် ဖန်းချင်းယွမ်တို့ကို ရင်ဆိုင်ရာတွင် အစပိုင်းကလို တည်ငြိမ်ခြင်း မရှိတော့ပေ။

အဆုံးသတ်တွင် အရှင်သွေးလသည် အရှင်ကုလုံနှင့် ဖန်းချင်းယွမ်တို့၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ရှုံးနိမ့်ခဲ့ရ၏။

ဤသို့ဖြင့် အရှင်သွေးလသည် သွေးလမင်းနန်းတော်ကို စွန့်လွှတ်ကာ လက်အောက်ငယ်သား အနည်းငယ်နှင့်အတူ သွေးလမင်းကုန်းမြေကနေ ထွက်ပြေးသွားခဲ့သည်။

အရှင်ကုလုံနှင့် ဖန်းချင်းယွမ် တို့သည် ၎င်းတို့ကို လိုက်လံမဖမ်းဆီးခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ နယ်မြေနတ်ဘုရားအဆင့်သည် သတ်ဖြတ်ရန် လွယ်ကူသောအဆင့် မဟုတ်ပေ။

သူတို့နှစ်ဦးက အရှင်သွေးလကို အနိုင်ယူနိုင်ခဲ့သည့်တိုင် သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

အရှင်သွေးလကို သတ်ဖြတ်ရန်အထိ တိုက်ခိုက်မည်ဆိုလျှင် သူတို့နှစ်ဦးသည်လည်း အလွန်ကြီးလေးသော အဖိုးအခကို ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

ယခုအခါတွင် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် နယ်မြေနတ်ဘုရားနှစ်ပါး ရှိနေခဲ့ပြီ ဖြစ်သည်။

သွေးလမင်းကုန်းမြေကို ဖျက်ဆီးပြီး သွေးလမင်းကုန်းမြေ၏ နယ်မြေနှလုံးသား မူလစွမ်းအားကို ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နယ်မြေနှလုံးသား မူလစွမ်းအားနှင့် ပေါင်းစည်းလိုက်သည်နှင့် ရှေးဟောင်းနဂါး ကုန်းမြေသည် ပို၍ အစွမ်းထက်သည့် နယ်မြေတစ်ခု အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် အရှင်သွေးလသည် ရှေးဟောင်းနဂါးမျိုးနွယ်စုကို ခြိမ်းခြောက်နိုင်မည် မဟုတ်တော့ပေ။

သွေးလမင်းနန်းတော်တွင် ကျန်းချန်နှင့် လုံကျန့်ရှင်းတို့ အပါအ၀င် ကောင်းကင်နတ်ဘုရား များစွာသည် စုဝေးနေခဲ့ကြသည်။

သခင်ကုလုံနှင့် ဖန်းချင်းယွမ်တို့ အပါအ၀င် လူတိုင်း၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။

ရှေးဟောင်းနဂါး မျိုးနွယ်စုကို တည်ထောင်ခဲ့စဉ် ကတည်းကပင် ရှေးဟောင်းနဂါးကုန်းမြေသည် သွေးလမင်းကုန်းမြေနှင့် အဆက်မအပြတ် ပွတ်တိုက်မှုများ ရှိခဲ့ပြီး အမြဲတစေ သွေးလမင်း ကုန်းမြေထက် အားနည်းချက်များ ရှိခဲ့သည်။

သို့သော်လည်း ယခုအခါတွင် သူတို့သည် သွေးလမင်းကုန်းမြေကို ကျူးကျော် ၀င်ရောက်လာခဲ့ပြီး သွေးလမင်းနန်းတော်ကိုပင် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ရာ သူတို့အနေဖြင့် အဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

"ကျန်းချန် ဒီတစ်ကြိမ် စစ်ပွဲအတွက် ကျေးဇူးတင်ပါတယ်"

သူ၏ရှေ့မှ ကျန်းချန်ကို ကြည့်ကာ အရှင်ကုလုံ၏ မျက်နှာထက်တွင် အပြုံးပန်းများက ပွင့်လန်းလာခဲ့သည်။

သူတို့ ရှေးဟောင်းနဂါးကုန်းမြေတွင် ကျန်းချန်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး ရှိနေခြင်းသည် အမှန်တကယ်ကိုပင် ကံကောင်းခြင်းတစ်ခုပင်။

ကျန်းချန်က ရှေးဟောင်းနဂါး ကုန်းမြေတွင် ရှိမနေခဲ့လျှင် ယခင်စစ်ပွဲကတည်းကပင် သွေးလမင်းကုန်းမြေ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည် မဟုတ်ပေ။

ဆိုရလျှင် ကျန်းချန်သာ ရှေးဟောင်းနဂါး အမွေနစ်နယ်မြေကနေ နယ်မြေနှလုံးသား သလင်းကျောက်ကို မရရှိခဲ့လျှင် ဖန်းချင်းယွမ်သည် အထွတ်အထိပ်အခြေအနေကို ဘယ်သောအခါမှ ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်သလို ဤမျှတိုတောင်းသော အချိန်လေးအတွင်း နယ်မြေနတ်ဘုရား အဆင့်ကိုလည်း ထိုးဖောက်နိုင်မည် မဟုတ်ချေ။

ဆိုရလျှင် ရှေးဟောင်းနဂါးကုန်းမြေက သွေးလမင်းကုန်းမြေကို အနိုင်ယူရန် အခွင့်အရေးရခဲ့ခြင်းသည် ကျန်းချန် ကြောင့်သာ ဖြစ်သည်။

"အရှင်ကုလုံ ကျွန်တော့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး.. ကျွန်တော်က ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အဖွဲ့၀င်တစ်ဦးဖြစ်တဲ့အတွက် ဒါ ကျွန်တော်လုပ်သင့်တဲ့ ကိစ္စပါ "

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"အခု သွေးလမင်းကုန်းမြေကို ဖျက်ဆီးနိုင်ခဲ့ပြီး အကြီးအကဲဖန်းကလည်း နယ်မြေနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားခဲ့ပြီ.. ရှေးဟောင်းနဂါးမျိုးနွယ်မှာ ဘာပြဿနာမှ မရှိတော့ဘူးဆိုတော့ ကျွန်တော်ရှေးဟောင်းနဂါးကုန်းမြေကနေ ခဏလောက်အပြင်ထွက်သွားဖို့ စီစဉ်ထားတယ်"

"မင်းက ရှေးဟောင်းနဂါးကုန်းမြေကနေ ထွက်‌သွားတော့မလို့လား "

ကျန်းချန်၏ စကားကို ကြားလျှင် အရှင်ကုလုံသည် ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်၏ ပါရမီဖြင့်ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေလို နေရာသည် ကျန်းချန်ကို ထိန်းထားနိုင်မည် မဟုတ်မှန်း သူသိခဲ့သော်လည်း ထိုနေ့သည် ဤမျှလောက်ထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

သို့သော်လည်း ကျန်းချန်၏ တိုးတက်မှာနှုန်းကို တွေးမိလျှင် အရှင်ကုလုံသည် လျင်မြန်စွာပင် စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

ကျန်းချန်သည် ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ဆယ်နှစ်မျှသာ နေထိုင်ခဲ့သော်လည်း တိုက်ခိုက်ရေးစွမ်းအားကမူ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူကိုပင် ယှဉ်နိုင်နေပြီဖြစ်သည်။

ကျန်းချန်၏ လက်ရှိ စွမ်းအင်ဖြင့် ဆိုလျှင် ရှေးဟောင်းနဂါးကုန်းမြေစုတွင် နေထိုင်ရန်မှာ အဓိပ္ပာယ် သိပ်မရှ်ိတော့ပေ။

ဆိုရလျှင် ပြင်ပကမ္ဘာကို ထွက်ကြည့်ဖို့ အချိန်တန်နေပြီ ဖြစ်၏။

"ဟုတ်တယ် အရှင်ကုလုံ.. ကျွန်တော် မဟာမြေရိုင်းနယ်မြေကို သွားဖို့ ရည်ရွယ်ထားတယ် "

ကျန်းချန်က ခေါင်းညိတ်ကာအသက်ကို ခပ်ပြင်းပြင်းရှူ၍ ပြောလိုက်သည်။

"မဟာမြေရိုင်းနယ်မြေနဲ့ ပတ်သက်လို့ အရှင်ကုလုံ သိထားသလောက် ကျွန်တော့်ကို ပြောပြပေးလို့ရမလား "

အခန်း(၁၇၁၅)ပြီး၏။

အခန်း(၁၇၁၆)

"ငါက မဟာမြေရိုင်းနယ်မြေကို အကြိမ်ပေါင်းများစွာ သွားလာခဲ့ဖူးပေမဲ့ မဟာမြေရိုင်းနယ်မြေ အကြောင်းကိုတော့ သိပ်မသိဘူး.. ငါတို့ ရှေးဟောင်းနဂါးကုန်းမြေက နတ်ဘုရားနယ်မြေရဲ့ တောင်ဘက်အစွန်အဖျား နေရာမှာ ရှိတယ်.. မဟာမြေရိုင်းနယ်မြေက အဲဒီဧရိယာမှာ အကြီးဆုံးနယ်မြေပဲ.. မဟာမြေရိုင်းနယ်မြေမှာ မဟာမြေရိုင်းနတ်ဂိုဏ်းလို့ ခေါ်တဲ့ အင်အားစုလည်းရှိတယ်.. အဲဒီနယ်မြေမှာ ကိုယ်ခံပညာရပ် ထွန်းကားပြီး ပါရမီရှင်တွေက တိမ်တိုက်လို ပေါများတယ်.. နယ်မြေနတ်ဘုရားတွေ မရေမတွက်နိုင်အောင် ရှိပြီး အဆင့်နိမ့် နယ်မြေက ကျင့်ကြံသူတွေ စုစည်းရာ နေရာလည်း ဖြစ်တယ်.. မင်းရဲ့ပါရမီနဲ့သာ ဆိုရင် မဟာမြေရိုင်းဒေသကို သွားဖို့က အရမ်းကိုသင့်တော်တယ်"

အရှင်ကုလုံက ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

"အဆင့်နိမ့်နယ်မြေက ကျင့်ကြံသူတွေ စုစည်းရာနေရာဟုတ်လား"

အရှင်ကုလုံ၏ စကားကိုကြားလျှင် ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

"အရှင်ကုလုံ.. အဆင့်နိမ့်နယ်မြေက ကျင့်ကြံသူတွေ စုစည်းရာနေရာဆိုတာ ဘာအဓိပ္ပါယ်လဲ ရှင်းပြလို့ရမလား"

"အောက်နယ်မြေကနေ နတ်ဘုရားနယ်မြေဆီကို တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေ အများအပြား ရှိကြတယ်.. သူတို့က များသောအားဖြင့် မဟာမြေရိုင်းနယ်မြေလို အထွတ်အမြတ်နယ်မြေတွေမှာ ပေါ်လာကြတယ်"

အရှင်ကုလုံ မရှင်းပြခင်မှာပင် ဖန်းချင်းယွမ်က ကျန်းချန်ကို ရှင်းပြလိုက်သည်။

သူတို့ ရှေးဟောင်းနဂါးကုန်းမြေလို နယ်မြေငယ်လေးသည် နယ်မြေနှလုံးသား မူလစွမ်းအား အလွန်တရာ အားနည်းသည့်အတွက် အဆင့်နိမ့် နယ်မြေနှင့် တိုက်ရိုက် ဆက်သွယ်နိုင်မည့် လမ်းကြောင်းကို တည်‌ဆောက်နိုင်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ရှေးဟောင်းနဂါးမျိုးနွယ်စုသည် အဆင့်နိမ့်နယ်မြေမှ ပါရမီရှင်များကို ခေါ်ယူလိုလျှင် နတ်ဘုရားနယ်မြေနှင့် အဆင့်နိမ့်နယ်မြေ ကြားရှိ နေရာလွတ်တွင် စမ်းသပ်နယ်မြေကို တည်ဆောက်ရုံသာ တတ်နိုင်ခဲ့သည်။

ထို့အပြင် ထိုစမ်းသပ်နယ်မြေနှင့် ရှေးဟောင်းနဂါးမျိုးနွယ်စုကြားရှိ လမ်းကြောင်းသည် ခံနိုင်ရည်နှင့် တည်ငြိမ်မှု အတော်လေး နည်းပါး၏။

ယင်းကြောင့် ရှေးဟောင်းနဂါး မျိုးနွယ်စုသည် အဆင့်နိမ့်နယ်မြေမှ ပါရမီရှင် အများအပြားကို ခေါ်ယူရန် မဝံ့ရဲဘဲ ထိပ်တန်းပါရမီရှင် တချို့ကိုသာ စမ်းသပ်နယ်မြေကနေ တစ်ဆင့် ရွေးချယ်၍ နတ်ဘုရားနယ်မြေထဲကို ဝင်ရောက်ခွင့်ပေးခဲ့သည်။

သို့သော် မဟာမြေရိုင်းနယ်မြေတွင်မူ နယ်မြေနှလုံးသားမူလစွမ်းအားသည် လုံလောက်အောင် အားကောင်းသည့်အတွက် ထိုကဲ့သို့ ပြဿနာမျိုး မရှိပေ။

ဆိုရလျှင် မဟာမြေရိုင်းနယ်မြေမှာ ရှိသည့် နယ်မြေနတ်ဘုရားအဆင့်အင်အားစု အားလုံးနီးပါးသည် အဆင့်နိမ့် နယ်မြေများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်သည့် လမ်းကြောင်းများကို တည်ဆောက်ထားကြသည်။

ထို့အပြင် မဟာမြေရိုင်းနယ်မြေတွင် ရှိသည့် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသည် ရှေးဟောင်းနဂါးကုန်းမြေကဲ့သို့ နယ်မြေငယ်လေးထက် ပို၍ အစွမ်းထက်ကာ ပြီးပြည့်စုံ၏။

အဆင့်နိမ့်နယ်မြေမှ ပကတိနတ်ဘုရား အဆင့်ကို ထိုးဖောက်ခဲ့သော ကျင့်ကြံသူတချို့သည် နတ်ဘုရားနယ်မြေကို တက်လှမ်းလာသောအခါ မဟာမြေရိုင်းနယ်မြေ ကဲ့သို့ နယ်မြေကြီးများတွင် တိုက်ရိုက် ပေါ်လာခဲ့ကြသည်။

ထိုအချက်ကြောင့်ပင် မဟာမြေရိုင်းနယ်မြေကို အဆင့်နိမ့်နယ်မြေမှ ကျင့်ကြံသူများ စုစည်းရာနေရာဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။

ဖန်းချင်းယွမ်၏ ရှင်းပြမှုကိုကြားလျှင် ကျန်းချန်သည် သူ့အဖေကျန်းဝူရက မဟာမြေရိုင်းဒေသတွင် ရှိနေနိုင်မှန်း ပို၍ သေချာသွားခဲ့သည်။

သူ့အမေ ကျီဝူရွှမ်နှင့် တခြားသူများသည်လည်း နတ်ဘုရားနယ်မြေသို့ တက်လှမ်းခဲ့လျှင် ထိုနေရာမှာသာ ပေါ်လာနိုင်ခြေ အလွန်များ၏။

သို့ဖြစ်ရာ သူ့အနေဖြင့် မဟာမြေရိုင်းဒေသကို မဖြစ်မနေ သွားရပေတော့မည်။

ထိုသို့ တွေးမိပြီးသည်နှင့် ကျန်းချန်သည် မကြာခင်မှာပင် အဓိကကျသော မေးခွန်းတစ်ခုကို တွေးမိခဲ့သည်။

သူက ဖန်းချင်းယွမ်ကို ကြည့်ကာ မေးလိုက်၏။

"မဟာမြေရိုင်းဒေသမှာ ဥပဒေသက ပိုပြီး အစွမ်းထက်တယ်ဆိုရင် မဟာမြေရိုင်းဒေသက ကျင့်ကြံသူတွေ အနေနဲ့ ကပ်ဘေးကို ဖြတ်ကျော်တဲ့အခါ ရင်ဆိုင်ရမဲ့ မိုးကြိုးကပ်ဘေးကရော ပိုပြီး အစွမ်းထက်နေလောက်လား"

သိထားရမည့်အချက်မှာ ပကတိနတ်ဘုရားအဆင့်မှစ၍ နယ်ပယ်အဆင့်များ ထိုးဖောက်သောအခါ နတ်ဘုရားကပ်ဘေးကို ဖြစ်ပေါ်စေသည်။

အထူးသဖြင့် ကောင်းကင်နတ်ဘုရား အဆင့်ကို ရောက်ရှိသောအခါတွင် အဆင့်တစ်ဆင့် တက်သောအခါတိုင်း၌ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ရင်ဆိုင်ရမည်ဖြစ်သည်။

ကောင်းကင်နတ်ဘုရားကပ်ဘေးသည် ကျင့်ကြံသူ၏ စွမ်းရည်အပေါ် မူတည်၍ ပြင်းထန်လေ့ရှိသည်။

ထို့အပြင် ကောင်းကင်ဥပဒေသက ပိုပြီး အစွမ်းထက်လေ ရင်ဆိုင်ရမည့် ကောင်းကင်နတ်ဘုရားကပ်ဘေးက ပိုမိုအစွမ်းထာလာလေ ဖြစ်မည်မှာ အမှန်တရားပင်။

ဥပမာအားဖြင့် အဆင့်နိမ့်နယ်မြေတွင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ခြင်းသည် နတ်ဘုရားနယ်မြေတွင် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်သောအခါ ရင်ဆိုင်ရမည့် နတ်ဘုရားကပ်ဘေးထက် များစွာ အားနည်းသည်။

ဤအကြောင်းကြောင့်ပင် အဆင့်နိမ့်နယ်မြေမှ ပါရမီရှင်တချို့သည် နတ်ဘုရားနယ်မြေကို ဝင်ရောက်ဖို့ အခွင့်အရေးရရှိခဲ့သည့်တိုင် အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးမှသာ နတ်ဘုရားနယ်မြေကို ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။

"ဟုတ်တယ်.. နယ်မြေက ပိုပြီးအစွမ်းထက်လေလေ ရင်ဆိုင်ရမဲ့ ကောင်းကင်နတ်ဘုရားကပ်ဘေးက ပိုပြီး အစွမ်းထက်လေလေပဲ.. ဒါပေမဲ့ အရာအားလုံးမှာ‌ ကောင်းကျိုးနဲ့ဆိုးကျိုးက ဒွန်တွဲပြီးရှိကြတယ်.. မဟာမြေရိုင်းဒေသက ကျင့်ကြံသူတွေအနေနဲ့ ပိုပြီး အစွမ်းထက်တဲ့ ကောင်းကင်နတ်ဘုရား ကပ်ဘေးကို ရင်ဆိုင်ရပေမဲ့ အဆင့်ထိုးဖောက်ပြီးတာနဲ့ သူတို့ရရှိမဲ့စွမ်းအားကလည်း ပိုပြီး မြင့်မားလာမှာအမှန်ပဲ.. အဆင့်တူချင်း ရင်ဆိုင်မယ်ဆိုရင် ရှေးဟောင်းနဂါးကုန်းမြေက ကျင့်ကြံသူတွေက မဟာမြေရိုင်းနယ်မြေက ကျင့်ကြံသူတွေရဲ့အလွယ်တကူ အနိုင်ယူခြင်းကို ခံရလိမ့်မယ်"

ထိုစကားကို ပြောပြီးနောက်တွင် အရှင်ကုလုံ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ပိုမို၍လေးနက်လာခဲ့သည်။

"ဒါကြောင့် မင်းအနေနဲ့ မဟာမြေရိုင်းဒေသကို သွားရင် အထူးသတိထားရလိမ့်မယ်"

"ဟားဟား ကုလုံ...ကျန်းချန်က ဘယ်လိုပါရမီရှင်လဲ ဆိုတာ မင်းမေ့နေပြီထင်တယ်.. မဟာမြေရိုင်းနယ်မြေက ပါရမီရှင်တွေတောင် အဆင့်တူအတွင်း ရင်ဆိုင်ရမယ်ဆိုရင် ကျန်းချန်ရဲ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်"

ဖန်းချင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

"ငါက သူ့ကိုစိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားဖို့ အတွက် သတိပေးတဲ့ သဘောပါ"

အရှင်ကုလုံက လေးနက်စွာ ပြောလိုက်သည်။

"ရှေးဟောင်းနဂါးကုန်းမြေနဲ့ သွေးလမင်းကုန်းမြေတို့ ကြားက စစ်ပွဲမှာ ကျန်းချန်က သွေးအဆိပ်အဘိုးအိုလို ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူနဲ့ ယှဥ်ပြိုင်နိုင်ပေမဲ့ မဟာမြေရိုင်းနယ်မြေက ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကျင့်ကြံသူ ဆိုရင်တော့ ယှဥ်ပြိုင်နိုင်ဖို့ မသေချာဘူး"

"အရှင်ကုလုံ သတိပေးတာ ကျေးဇူးတင်ပါတယ်"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး အရှင်ကုလုံ၏အဆိုကို လက်ခံခဲ့သည်။

သူ၏လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် သွေးအဆိပ် အဘိုးအိုကဲ့သို့ ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့်ကို ရင်ဆိုင်ရန် အနည်းငယ် ခက်ခဲနေဆဲပင်။

သို့ဖြစ်ရာ မဟာမြေရိုင်းဒေသမှ ပိုမိုအစွမ်းထက်သည့် ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူဆိုလျှင် ပြောနေစရာပင်မလိုတော့ပေ။

အရှင်ကုလုံ၏ သတိပေးမှုသာ မရှိခဲ့လျှင် သူ့အနေဖြင့် မဟာမြေရိုင်းဒေသမှ ကျင့်ကြံသူများကို လျှော့တွက်မိပါက အကြီးအကျယ် ရှုံးနိမ့်ရလိမ့်မည် ဖြစ်သည်။

မင်းအနေနဲ့ မဟာမြေရိုင်းနယ်မြေကို ရောက်တဲ့အခါ မဟာမြေရိုင်းနယ်မြေရဲ့ တောင်ဘက်အရပ်မှာ ရှိတဲ့ ရှေးဟောင်းနဂါးကုန်သည်အသင်းကို သွားလို့ရတယ်.. အဲဒီရှေးဟောင်းနဂါးကုန်သည်အသင်းက မဟာမြေရိုင်းနယ်မြေမှာ ရှိတဲ့ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ဌာနခွဲပဲ"

အရှင်ကုလုံ၏ စကားကိုကြားလျှင် ကျန်းချန်က တအံ့တသြရေရွတ်လိုက်သည်။

"မဟာမြေရိုင်းနယ်မြေမှာလည်း ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ဌာနခွဲရှိတယ်လား"

"အဆင့်နိမ့်နယ်မြေတွေမှာ ပြိုင်ဘက်ကင်းပါရမီရှင် တချို့ ရှိတယ်.. တေသူတို့တွေ မဟာမြေရိုင်းနယ်မြေကို ရောက်လာတဲ့အခါ အင်အားစုအသီးသီးက သူတို့ရဲ့ အင်အားစုထဲကို သိမ်းသွင်းချင်ကြတယ်.. ဒါကြောင့် ငါတို့ ရှေးဟောင်းနဂါးကုန်းမြေကလည်း မဟာမြေရိုင်းနယ်မြေမှာ ဌာနခွဲတစ်ခုတည်ထောင်ခဲ့တာပဲ.. ဒါပေမဲ့ ရှေးဟောင်းနဂါးကုန်သည်အသင်းရဲ့ အခြေအနေကြောင့် စိတ်ကူးထားသလိုတော့ ဖြစ်မလာခဲ့ဘူး"

အရှင်ကုလုံက ခေါင်းခါရမ်းလိုက်ပြီး ခါးသီးစွာပြုံးလိုက်သည်။

ထို့နောက်တွင် သူက ကျန်းချန်ကိုကြည့်ကာ‌ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ရှေးဟောင်နဂါး ကုန်သည်အသင်းက မဟာမြေရိုင်းနယ်မြေမှာ ရှိနေတာဆိုတော့.. မဟာမြေရိုင်းနယ်မြေရဲ့အခြေအနေကို ပိုမိုနားလည်ဖို့အတွက် မင်းကို အကူအညီတော့ ဖြစ်စေလိမ့်မယ်"

"ကျွန်တော် နားလည်ပါပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်သည်။

မဟာမြေရိုင်းနယ်မြေတွင် ရှေးဟောင်းနဂါး ကုန်းမြေ၏ ဌာနခွဲဖြစ်သည့် ရှေးဟောင်းနဂါး ကုန်သည်အသင်း ရှိနေခဲ့ရာ ရှေးဟောင်းနဂါး ကုန်သည်အသင်းကို အရင်သွားခြင်းသည် မဟာမြေရိုင်းနယ်မြေ၏ အခြေအနေကို သိရှိရန်အတွက် ပိုပြီးလွယ်ကူသွားစေမည် မဟုတ်ပါလော။

ထို့နောက်တွင် ကျန်းချန်သည် အရှင်ကုလုံကို ကိစ္စတချို့အား ထပ်မံ မေးမြန်းပြီး လူတိုင်းကို နှုတ်ဆက်ကာ မဟာမြေရိုင်းဒေသဆီသို့ ခရီးထွက်ရန် အသင့်ပြင်လိုက်သည်။

သို့သော်လည်း မထွက်ခွာခင် ကျန်းချန်သည် ကျွမ်းရှန့်ယန်နှင့်ပတ်သက်သည့် အကြောင်းကို အရှင်ကုလုံထံ ပြောပြခဲ့ပြီး ကျွမ်းရှန့်ယန်ကို သတိထားရန် မှာခဲ့သည်။

------------

"ကျန်းချန်က မဟာမြေရိုင်းဒေသကို ရောက်ရင် နဂါးတစ်ကောင်လို ကောင်းကင်ပေါ် ပျံတက်နိုင်တော့မှာပဲ.. နောက်တစ်ကြိမ် သူနဲ့ထပ်တွေ့တဲ့အခါကျရင် သူက ငါတို့ထက် အားမနည်းတော့ဘူး ထင်တယ်"

ကျန်းချန် ထွက်ခွာသွားသည့် လမ်းကြောင်းကို ငေးကြည့်ရင်း အရှင်ကုလုံ၏ မျက်နှာထက်တွင် ခံစားချက်တစ်ခု အလိုအလျောက် ဖြစ်ပေါ်လာခဲ့သည်။

"ဒီစကားကို ငါသံသယမရှိဘူး.. ဘာပဲဖြစ်ဖြစ် ငါတို့ရှေးဟောင်းနဂါးမျိုးနွယ်စုက ကျန်းချန်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့တယ်.. သူကြီးထွားလာတာနဲ့ ငါတို့ရှေးဟောင်းနဂါးမျိုးနွယ်စုအတွက် အကျိုးကျေးဇူး အများအပြား ရှိလာလိမ့်မယ်"

ထိုစကားကို ပြောပြီးနောက်တွင် ဖန်းချင်းယွမ်သည် စကားဝိုင်း၏ ခေါင်းစဥ်ကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး အရှင်ကုလုံကို လေးနက်စွာ ပြောလိုက်သည်။

"ကျန်းချန် ခုနက ပြောသွားတဲ့ကိစ္စကို ဘယ်လိုထင်လဲ.. အဲဒီကျွမ်းရှန့်ယန် ဆိုတဲ့ကောင်ကို ကျန်းချန်က ရှေးဟောင်းနဂါးအမွေအနှစ် နယ်မြေမှာ သတ်ဖြတ်ခဲ့တယ်.. သူက ဝိညာဥ်တစ်စိတ်တစ်ပိုင်းလောက်ပဲ ကျန်ရစ်ခဲ့ပေမဲ့ ဒီလောက်ထိမြန်မြန်ဆန်ဆန် ကောင်းမွန်လာတာ တကယ်ကို ထူးဆန်းတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်က ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့အတွက် ရှင်းလင်းပစ်ရမယ်"

"ချင်းယွမ်.. သွေးလမင်းကုန်းမြေရဲ့ကိစ္စတွေကို မင်းနဲ့လွှဲပေးခဲ့မယ် ငါက ရှေးဟောင်းနဂါးကုန်းမြေကို ပြန်ပြီး ဒီကောင်ရှေးဟောင်းနဂါး ကုန်းမြေမှာ ရှိနေသေးမလားဆိုတာ သွားပြီးကြည့်မယ်"

အရှင်ကုလုံ၏ မျက်ဝန်းတွင် အေးစက်သော အလင်းရောင်က ဖျတ်ခနဲ လက်သွားခဲ့သည်။

ထို့နောက်တွင် သူ၏ပုံရိပ်က ချက်ချင်းဆိုသလို ဖျတ်ခနဲလင်းလက်သွားကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ဖန်းချင်းယွမ်၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၇၁၆)ပြီး၏။

All Chapters