← Chapters

အခန်း (၁၇၁၇-၁၇၁၉)

Vol. 115 Ch. 1717-1719

အခန်း (၁၇၁၇-၁၇၁၉)

Vol. 115 Ch. 1717-1719

အခန်း(၁၇၁၇)

မဟာမြေရိုင်းနယ်မြေသည် နတ်ဘုရားနယ်မြေ၏ တောင်ဘက်အစွန်ဆုံးတွင်ရှိပြီး နတ်ဘုရင်အဆင့် အင်အားစုရှိသော အထူး နယ်မြေတစ်ခု ဖြစ်သည်။

ရှေးဟောင်းနဂါး ကုန်းမြေနှင့် သွေးလမင်းကုန်းမြေတို့သည် မဟာမြေရိုင်းနယ်မြေ ပတ်ဝန်းကျင်ရှိ အစွန်အဖျားမှ နယ်မြေငယ်လေးများသာ ဖြစ်ပြီး မဟာမြေရိုင်းနယ်မြေနှင့် သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ဝေးကွာလွန်း၏။

အရှင်သွေးလ၏ ရှင်းပြမှုအရဆိုလျှင် သူသည် သွေးလမင်းကုန်းမြေကနေ မဟာမြေရိုင်း နယ်မြေကို သွားရောက်ရန်အတွက် နယ်မြေလေးခုကို အနည်းဆုံး ဖြတ်သန်းရမည်ဖြစ်သည်။

ထိုအထဲတွင် ကျန်းချန် ပထမဆုံး ဖြတ်ကျော်ရမည့် နယ်မြေမှာ ကျီလင်နယ်မြေ ဖြစ်သည်။

ကျန်းချန်က သွေးလမင်းကုန်းမြေကို ဖြတ်ကျော်ကာ တိတ်ဆိတ်သည့် ထာဝရဟင်းလင်းပြင်ကို ခရီးဆက်ခဲ့သည်။

ထာဝရဟင်းလင်းပြင်သည် တစ်ချိန်က ကျန်းချန် တည်နေရာရွှေ့ပြောင်းခဲ့ဖူးသည့် နေရာလွတ်လမ်းကြောင်းနှင့် အနည်းငယ် ဆင်တူသည်။

သို့ရာတွင် ထိုနေရာလွတ် လမ်းကြောင်းကို အစီအရင်နှင့်နေရာလွတ် ဥပဒေသ စွမ်းအားကို အသုံးပြုကာ ဖန်တီးထားခြင်း ဖြစ်ပြီး ထာဝရဟင်းလင်းပြင်ကမူ နတ်ဘုရားနယ်မြေ၏ နယ်မြေများကြားတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် ဧရိယာ တစ်ခု ဖြစ်သည်။

ပကတိနတ်ဘုရား အဆင့်သည် ထာဝရဟင်းလင်းပြင်ကို ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

အကြောင်းအရင်းမှာ နေရာလွတ်စွမ်းအား လှုပ်ခတ်မှု၊ နေရာလွတ်မုန်တိုင်းနှင့် တခြားသော ဘေးအန္တရာယ်များ အပြင် အလွန်တရာ အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ် သတ္တဝါများ ရှိနေသောကြောင့်ပင်။

ထို့အပြင် ထာဝရဟင်းလင်းပြင်တွင် ဟင်းလင်းပြင် ဓားပြတချို့လည်း လှုပ်ရှားနေခဲ့သည်။

၎င်းတို့က ထာဝရဟင်းလင်းပြင်ကို ဖြတ်ကျော်နေသည့် ခရီးသွားများကို ဓားပြတိုက်ကြ၏။

အတိုချုပ်ပြောရလျှင် ထာဝရဟင်းလင်းပြင်တွင် အန္တရာယ်အများအပြား ရှိနေခဲ့သည်။

သာမန်ကောင်းကင်နတ်ဘုရား တစ်ပါးပင် ထာဝရဟင်းလင်းပြင်တွင် ခရီးသွားခြင်းသည် အန္တရာယ်များသောကိစ္စ ဖြစ်သည်။

အနည်းငယ် ပေါ့ဆမိခြင်း သို့မဟုတ် ကံဆိုးမိုးမှောင်ကျသည်နှင့် တစ်ပြိုင်နက် ကျဆုံးနိုင်သည့် အန္တရာယ်ရှိနေခဲ့၏။

ထိုအကြောင်းကြောင့်ပင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ အများစုသည် သူတို့၏ အချိန်များစုကို နယ်မြေတစ်ခုတည်းမှာသာ နေထိုင်ရန် ရွေးချယ်ကြပြီး တခြားသောနယ်မြေများကို လွယ်လွယ်ကူကူ ဖြတ်ကျော်လေ့မရှိကြပေ။

ကျန်းချန်က တည်ငြိမ်စွာဖြင့် ထာဝရဟင်းလင်းပြင်တွင် ရက်ပေါင်းများစွာ ခရီးဆက်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ဆန်းကြယ်သော သတ္တဝါအများအပြားကို ကျန်းချန်က တွေ့ခဲ့ရသည်။

ထိုနေရာလွတ် သတ္တဝါများ၏ စွမ်းအားသည် တစ်ကောင်နှင့်တစ်ကောင် မတူညီကြပေ။

တချို့က ပကတိနတ်ဘုရားအဆင့် စွမ်းအားရှိပြီး တချို့ကမူ ကောင်းကင်နတ်ဘုရားအဆင့်နှင့်ပင် ယှဥ်နိုင်သောစွမ်းရည် ရှိသည်။

လမ်းတစ်လျှောက် ကျန်းချန် တွေ့ခဲ့ရသည့် အစွမ်းအထက်ဆုံးနေရာလွတ် သတ္တဝါသည် သာမန် ကောင်းကင်နတ်ဘုရား တတိယအဆင့်နှင့် ယှဥ်နိုင်သောစွမ်းရည် ရှိသည်။

သို့သော်လည်း ဤကဲ့သို့သော တည်ရှိမှုသည် ကျန်းချန်အတွက် ခြိမ်းခြောက်မှု မရှိခဲ့ပေ။

သူက သူ့ကို နှောင့်ယှက်လာသည့် နေရာလွတ်သတ္တဝါ အားလုံးကို တစ်ချက်တည်းဖြင့်ပင် အလွယ်တကူ သတ်ပစ်ခဲ့၏။

ထာဝရဟင်းလင်းပြင်တွင် ကျန်းချန်သည် တစ်ကိုယ်တည်း အေးအေးဆေးဆေး ခရီးဆက်နေစဥ်မှာပင် ရုတ်တရက် သူ၏ရှေ့တွင် နေရာလွတ်လှုပ်ခတ်မှု အနည်းငယ် ဖြစ်ပေါ်လာခဲ့ပြီး ကြီးမားသောအနက်ရောင်အရိပ်တစ်ခုသည် ကျန်းချန်၏ ရှေ့တွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာခဲ့သည်။

၎င်းက ကြောက်မက်ဖွယ်ရာကောင်းသော နေရာလွတ်မုန်တိုင်းကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ အပြေးအလွှား ချဥ်းကပ်လာခဲ့သည်။

ထိုသတ္တဝါသည် မီတာ၁၀၀ခန့် ရှိသည့် မြွေပုံသဏ္ဌာန် မွန်းစတား ဖြစ်ပြီး ထာဝရဟင်းလင်းပြင်ရှိ နေရာလွတ်သတ္တဝါဖြစ်သည်။

ထာဝရဟင်းလင်ပြင်မှ နေရာလွတ်သတ္တဝါများသည် ပုံစံအမျိုးမျိုးနှင့် စွမ်းရည်အမျိုးမျိုး ရှိကြသည်။

၎င်းတို့၏ တူညီသော အချက်မှာ နေရာလွတ် သတ္တဝါအားလုံးသည် နေရာလွတ်စွမ်းအားကို အလွန်တရာ ကျွမ်းကျင်ပြီး ထာဝရဟင်းလင်းပြင်တွင် ရုတ်တရက် ထွက်ပေါ်လာတတ်ခြင်းဖြစ်သည်။

ထို့ကြောင့် ထာဝရဟင်းလင်ပြင်မှ ခရီးသွားများသည် အငိုက်မိကာ ၎င်းတို့၏အန္တရာယ်ကို အလွယ်တကူ မကာကွယ်နိုင်ကြပေ။

ကျန်းချန်က နေရာလွတ်မုန်တိုင်းနှင့်အတူ သူ့ကို သတ်ဖြတ်ရန်ရောက်လာသည့် မြွေပုံသဏ္ဌာန် နေရာလွတ်သတ္တဝါကို ကြည့်လိုက်ပြီး သူ၏ လက်တစ်ဖက်ကိုမြှောက်ကာ ဓားစွမ်းအားဖြင့်ပစ်ခတ်လိုက်သည်။

သူ၏ဓားစွမ်းအားက အချိန်နှင့် နေရာလွတ်ကို ထိုးဖောက်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မြွေပုံသဏ္ဌာန်နေရာလွတ် သတ္တဝါ၏ ဦးခေါင်းကို ထိုးဖောက်သွားခဲ့ရာ မြွေပုံသဏ္ဌာန်နေရာ လွတ်သတ္တဝါသည် ပေါက်ကွဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ပြင်းထန်သော နေရာလွတ်စွမ်းအားများ ထွက်ပေါ်နေပြီး လက်သီးဆုပ် အရွယ်အစားရှိ ငွေရောင်သလင်းကျောက် တစ်ခုသည် မြွေပုံသဏ္ဌာန် နေရာလွတ်သတ္တဝါ ပေါက်ကွဲသွားသည့် နေရာကနေ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ ငွေရောင် သလင်းကျောက်ကို ဆုပ်ကိုင်လိုက်၏။

ထိုငွေရောင်သလင်းကျောက်သည် ထာဝရဟင်းလင်းပြင်ရှိ နေရာလွတ်စွမ်းအားများ ပေါင်းစပ် ပါဝင်နေသည့် စွမ်းအင်သလင်းကျောက် ဖြစ်ပြီး သားရဲများ၏ ခန္ဓာကိုယ်ထဲမှ သားရဲအမြုတေနှင့် ဆင်တူသည်။

ကျန်းချန်က နေရာလွတ်သတ္တဝါကို ပထမဦးဆုံး အကြိမ် သတ်ဖြတ်လိုက်သည့်အခါက စမ်းသပ်ကြည့်ခဲ့ပြီးပြီ ဖြစ်သည်။

ထိုစွမ်းအင်သလင်းကျောက်သည် သူ၏ နေရာလွတ်ဥပဒေသစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် နေရာလွတ်လမ်းစဥ်ဥပဒေသကို ကျင့်ကြံသူများအတွက် အဖိုးတန် ရတနာတစ်ပါးဖြစ်၏။

ကျန်းချန်က နေရာလွတ်သတ္တဝါကို သတ်ဖြတ်ပြီး ဆက်လက် ခရီးဆက်လာသော အချိန်မှာပင် ကျန်းချန်၏ ညာဘက် မိုင်၁၀၀ အကွာတွင် အမည်မသိ ပစ္စည်းများဖြင့် ပြုလုပ်ထားသော အနက်ရောင် လှေတစ်စင်းသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုလှေက ပေဆယ်ဂဏန်းခန့် ရှည်လျားပြီး အရောင်က ထာဝရဟင်းလင်းပြင်၏ အရောင်နှင့် ဆင်တူနေသည့် အတွက် ထာဝရဟင်းလင်းပြင်နှင့် ရောနှောနေကာ ရုတ်တရက် ကြည့်လျှင် ထိုလှေ၏ တည်ရှိမှုကို သိရှိရန် ခက်ခဲသည်။

"ခေါင်းဆောင် ရှေ့မှာ တစ်ယောက်ယောက် ရှိနေပုံပဲ.. ကျွန်တော်တို့ သူ့ကို ဓားပြတိုက်ကြမလား"

အနက်ရောင်လှေပေါ်တွင် ရုန့်ရင်းကြမ်းတမ်းသောအသွင်အပြင်ရှိသည့် လူတချို့ လိုက်ပါလာကြသည်။

၎င်းတို့ထဲမှ သိမ်းဌက်မျက်လုံးလို စူးရှသော မျက်ဝန်းပိုင်ရှင် အမျိုးသား တစ်ဦးသည် ကျန်းချန်ကို ကြည့်ကာ သတ်ဖြတ်လိုသောစိတ်ဆန္ဒဖြင့် ပြောလိုက်သည်။

"ဒါက မလောက်လေးမလောက်စား ကောင်လေးတစ်ယောက်ပါပဲ.. သူ့ကို ဓားပြတိုက်ပြီး ဘာရနိုင်မှာမို့လဲ.. ဒါ့အပြင် ဒီတစ်ခေါက်က ကိစ္စကြီးကို လုပ်ဆောင်ဖို့အတွက် ငါတို့ ဒီကိုရောက်လာတာ မင်းမမေ့နဲ့.. ဒီကောင်လေးကို ဓားပြသွားတိုက်လိုက်ရင် ငါတို့ရဲ့ တည်ရှိမှုကို ဖော်ထုတ်လိုက်သလို ဖြစ်သွားလိမ့်မယ်"

ခေါင်းဆောင်ဖြစ်သည့် ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသား တစ်ဦးက ကျန်းချန်ကို တစ်ချက် လှမ်းကြည့်ကာ ပြောလိုက်သည်။

သူတို့က ကျန်းချန်ကို ဓားပြတိုက်ရန် ရည်ရွယ်ချက်လုံးဝ မရှိသည်မှာ ထင်ရှား၏။

ခေါင်းဆောင်၏ စကားကိုကြားလျှင် စူးရှသောမျက်ဝန်းပိုင်ရှင်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ဒီကောင်လေး သွားနေတဲ့လမ်းကြောင်းက ကျွန်တော်တို့စောင့်နေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်.. ဒီကောင်လေးက ကျွန်တော်တို့ရဲ့အစီအစဥ်ကို ထိခိုက်စေနိုင်မလား မသိဘူး"

"ငါတို့အနေနဲ့ အခြေအနေကို စောင့်ကြည့်နေရုံပဲ...ငါရထားတဲ့သတင်းအရ ပစ်မှတ်က အတော်လေး နီးကပ်နေပြီ"

ခန့်ညားသော လူလတ်ပိုင်း အရွယ်အမျိုးသားက သတ်ဖြတ်လိုသော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒီကောင်လေးက ငါတို့အတွက် ဘာမှမဟုတ်ဘူး.. သူသာ ငါတို့ရဲ့အကျိုးစီးပွားကို နှောင့်ယှက်ရဲရင် သူ့ကို ငါတစ်ခါတည်းသတ်ပစ်လိုက်မယ်"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက သူ၏ လက်အောက်ငယ်သားများနှင့် ဆွေးနွေးနေသောအချိန်မှာပင် ကျန်းချန်၏ ညာဘက်ကနေ ရွှေရောင်အလင်းများဖြင့် တောက်ပနေသော လှေတစ်စင်းသည် အဝေးကနေ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

"ခေါင်းဆောင် ပစ်မှတ် ထွက်ပေါ်လာပြီ"

ထိုမြင်ကွင်းကိုမြင်လျှင် စူးရှသော မျက်ဝန်းပိုင်ရှင်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်ဝန်းတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သူက ပြတ်သားစွာ ပြောလိုက်၏။

"အားလုံးအသင့်ပြင်ထားကြ.. အနီးကိုရောက်တာနဲ့တစ်ပြိုင်နက် ငါတို့တစ်ခါတည်း တိုက်ခိုက်ကြမယ်.. ပစ်မှတ်ကို ရတာနဲ့ ငါတို့ညီနောင်တွေ ချမ်းသာပြီ"

ကျန်းချန်က အဝေးကနေ ပျံသန်းလာသည့် ရွှေရောင်လှေကို တွေ့သည်နှင့် အရှင်ကုလုံ ပြောပြခဲ့သည့် ဟင်းလင်းပြင်လှေမှန်း ကောင်းစွာသိခဲ့သည်။

ထာဝရဟင်းလင်းပြင်တွင် အန္တရာယ်များနှင့် ပြည့်နှက်နေရုံသာမက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များလည်း အလွန်တရာ ပါးလွှာသည်။

ထို့ကြောင့် ကျင့်ကြံသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ အားအင်သုံးစွဲမှုကို ပြန်လည်ဖြည့်ဆည်းရန် အလွန်တရာ ခက်ခဲကြသည်။

ဤအတွက် နတ်ဘုရားနယ်မြေတွင် ထာဝရဟင်းလင်းပြင်ကို ဖြတ်သန်းရန် အထူးဒီဇိုင်းထုတ်ထားသည့် ဟင်းလင်းပြင် လှေများရှိသည်။

သို့သော်လည်း ဟင်းလင်းပြင်လှေကို တည်ဆောက်ရာတွင် အသုံးပြုသည့် ပစ္စည်းများသည် အလွန်ရှားပါးပြီး တည်ဆောက်ရန်လည်း ခက်ခဲသောကြောင့် နယ်မြေကြီးများမှာပင် နယ်မြေနတ်ဘုရားအဆင့် အင်အားစုများသာ ပိုင်ဆိုင်ကြလေ့ရှိသည်။

အရှင်ကုလုံ၏ စကားအရ ရှေးဟောင်းနဂါး ကုန်သည်အသင်းတွင် သာမန်အရွယ်အစားခန့် ရှိသည့် ဟင်းလင်းပြင် လှေတစ်စင်း ပိုင်ဆိုင်ထားသည်ဟု သူသိခဲ့ရသည်။

စင်စစ် ထိုဟင်းလင်းပြင်လှေသည် ရှေးဟောင်းနဂါးကုန်သည်အသင်းက မဟာမြေရိုင်းဒေသမှ ပါရမီရှင်များကို သိမ်းသွင်းကာ ရှေးဟောင်းနဂါးကုန်းမြေစုသို့ ပို့ဆောင်ရာတွင် အသုံးပြုသောလှေ ဖြစ်သည်။

သို့သော်လည်း ရှေးဟောင်းနဂါးကုန်းမြေက အလွန်တရာအားနည်းပြီး အစွန်အဖျားနေရာတွင်သာ ရှိသောကြောင့် လူနည်းစုသာ ရှေးဟောင်းနဂါးကုန်းမြေကို ဝင်ရောက်ရန်ဆန္ဒရှိခဲ့ကြသည်။

ဆိုရလျှင် မဟာမြေရိုင်းနယ်မြေတွင်ရှိသည့် ရှေးဟောင်းနဂါးကုန်သည်အသင်းသည် နှစ်ရာပေါင်းများစွာအတွင်း ရှေးဟောင်းနဂါး ကုန်းမြေအတွက် ပါရမီရှင်တစ်ဦးကိုပင် မသိမ်းသွင်းနိုင်ခဲ့ပေ။

ထိုအကြောင်းကြောင့်လည်း ရှေးဟောင်းနဂါးကုန်သည်အသင်းသည် ရှေးဟောင်းနဂါးကုန်းမြေနှင့် အဆက်အသွယ်ပြတ်သလို ဖြစ်နေခဲ့သည်။

ဤအချိန်တွင် ကျန်းချန်သည် ရွှေရောင်လှေကို စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

အလွန်လျင်မြန်စွာပင် ဟင်းလင်းပြင်လှေသည် သူနှင့်နီးကပ်လာသဖြင့် လှေ၏ ကုန်းပတ်ပေါ်မှ အစွမ်းထက် အရှိန်အဝါတချို့ကို ထွက်ပေါ်နေသည့် လူတချို့ကိုမြင်တွေ့ခဲ့ရသည်။

ထိုလူများသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများဖြစ်သည်မှာ ထင်ရှား၏။

လေဟာနယ်လှေထဲမှ ကျင့်ကြံသူများသည် ထာဝရဟင်းလင်းပြင်တွင် တစ်ကိုယ်တည်း ခရီးဆက်နေသည့် ကျန်းချန်ကို ကြည့်နေခဲ့ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် အလွန်တရာ သတိထားနေသည့်အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

အခန်း(၁၇၁၇)ပြီး၏။

အခန်း(၁၇၁၈)

ရွှေရောင်လှေ ပေါ်တွင် ကျင့်ကြံသူ၆ယောက် လိုက်ပါလာကြသည်။

ထိုအထဲတွင်‌ ရွှေရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အစောင့် ၄ယောက်သည် ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ရွှေရောင်သံချပ်ဝတ် အစောင့်၄ယောက်၏ အနောက်တွင် ငွေရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ယောက်နှင့် နူးညံ့သော မျက်နှာအသွင်အပြင် ရှိသည့် စိမ်းပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ယောက် ရှိနေခဲ့သည်။

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက စိမ်းပြာရောင်ဝတ်စုံဝတ်အမျိုးသမီး၏ နံဘေးတွင် ရပ်နေခဲ့၏။

ထိုအဘိုးအို၏ စွမ်းအားသည် လှေပေါ်ရှိ လူအနည်းထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ပြီး ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

သူ၏ရှေ့ရှိ ရွှေရောင်လှေကို အကဲခတ်ရင်း ကျန်းချန်သည် မျက်မှောင်ကြုတ်မိလိုက်သည်။

ထို့‌နောက်တွင် ကျန်းချန်သည် ထာဝရဟင်းလင်းပြင်တွင် မလိုလားအပ်သည့် ဒုက္ခများကို မဖြစ်စေချင်၍ ဟင်းလင်းပြင်လှေကို ရှောင်ကွင်းကာ ရှေ့ဆက်သွားရန် အသင့်ပြင်လိုက်၏။

"ဒီအသက်အရွယ်လေးနဲ့ ထာဝရဟင်းလင်းပြင်ကို တစ်ယောက်တည်း ဖြတ်ကျော်နေတာ အံ့သြစရာပဲ"

ထာဝရဟင်းလင်းပြင်တွင် တစ်ယောက်တည်း ခရီးဆက်နေသည့် ကျန်းချန်ကို ကြည့်ကာ စိမ်းပြာရောင်ဝတ်အမျိုးသမီး၏ လှပသော မျက်ဝန်းလေးထဲတွင် လေးစားကြည်ညိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

မကြာသေးခင်က သူမသည် ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီး ထာဝရဟင်းလင်းပြင်တွင် တစ်ကိုယ်တည်း ခရီးသွားရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

သူမ ဘေးမှ အဘိုးအို၏စောင့်ရှောက်မှုသာ မရှိခဲ့လျှင် သူမသည် ထာဝရဟင်းလင်းပြင်မှ နေရာလွတ် သတ္တဝါများ၏ သတ်ဖြတ်ခြင်းကို ခံရသည်မှာ ကြာပြီ ဖြစ်လောက်၏။

"ဒီကောင်လေးက တကယ်ကို သာမန်မဟုတ်ဘူး.. သူက ဒီအနီးနား နယ်မြေတစ်ခုခုက ထိပ်တန်းပါရမီရှင် တစ်ယောက်ပဲဖြစ်ရမယ်"

ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

သူ၏အမြင်အရ ကျန်းချန်က ကောင်းကင်နတ်ဘုရား တတိယအဆင့်ကို ရောက်ရှိနေပြီမှန်း သိနိုင်ရန်မခက်ခဲပေ။

ဤအသက်အရွယ်ဖြင့် ကောင်းကင်နတ်ဘုရား တတိယအဆင့်သို့ ရောက်ရှိနေခြင်းသည် နယ်မြေနတ်ဘုရား အင်အားစုများတွင် အကောင်းဆုံး ပါရမီရှင်များထဲမှ တစ်ယောက် အဖြစ် သတ်မှတ်ခံရမည် ဖြစ်သည်။

ကျန်းချန်က ရွှေရောင်လှေကို ရှောင်ကွင်းကာ သွားရန်ပြင်လိုက်ရာ လှေပေါ်ရှိ ရွှေရောင်သံချပ်ဝတ် အစောင့်၄ယောက်၏ တင်းမာသော အမူအရာများသည် အနည်းငယ် ပြေလျော့သွားခဲ့ကြသည်။

သို့သော်လည်း ထိုအချိန်မှာပင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတစ်ခုသည် ကျန်းချန်၏ အနောက်ဘက်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထိုအရှိန်အဝါသည် ရုတ်တရက် ဤနေရာကို ပျံသန်းလာသည့် အနက်ရောင်လှေပေါ်မှ လာခြင်း ဖြစ်သည်။

"အားလုံးပဲ သတိထားကြ.. ဒါက ဟင်းလင်းပြင်ဓားပြတွေပဲ"

ရွှေရောင်လှေပေါ်မှ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အနက်ရောင်လှေကို တွေ့လိုက်သည်နှင့် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ သတိပေးစကားကို ကြားလျှင် ရွှေရောင်သံချပ်ဝတ် အစောင့်၄ယောက်သည် သူတို့၏ လက်နက်များကို ကိုယ်စီ ထုတ်ယူလိုက်ကြပြီး တိုက်ပွဲဝင်ရန် အဆင်သင့် ပြင်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် အလွန်တရာအစွမ်းထက်သော အရှိန်အဝါ တစ်ဒါဇင်ကျော်သည် အနက်ရောင်လှေကနေ တိုက်ရိုက် ပေါက်ကွဲထွက်လာခဲ့ပြီး ရွှေရောင်လှေဆီသို့ ချဥ်းကပ်လာကြသည်။

၎င်းတို့ကို ဦးဆောင်လာသည့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ ပတ်ဝန်းကျင်တွင် ကမ္ဘာ့စွမ်းအား လေးမျိုး၏ ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေခဲ့သည်။

ထို့ကြောင့် ထိုခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်သည်မှာ ထင်ရှား၏။

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား ဦးဆောင်လာသည့် ဓားပြတစ်ဒါဇင်ကျော်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေရောင်လှေကို ဝိုင်းရံလိုက်ကြသည်။

ထိုဓားပြတစ်ဒါဇင်ကျော်ထဲတွင် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားအပြင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်တစ်ပါး ပါဝင်ပြီး ကျန်ရှိသည့်သူ အားလုံးသည် ကောင်းကင်နတ်ဘုရားပထမအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ရွှေရောင်လှေပေါ်မှ ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုအပါအဝင် လူတိုင်း၏မျက်နှာထက်တွင် အလွန်တရာ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ဤဟင်းလင်းပြင်းဓားပြအဖွဲ့နှင့် နှိုင်းယှဥ်လျှင် သူတို့သည် အရေအတွက်နှင့် စွမ်းအားနှစ်မျိုးစလုံးတွင် အကြွင်းမဲ့အားနည်းချက် ရှိနေခဲ့သည်။

အနည်းငယ် ပေါ့ဆလိုက်သည်နှင့် ယနေ့တွင် သူတို့အားလုံး သုတ်သင်ခံရနိုင်ခြေရှိ၏။

"သတ်.."

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ လူများကို အမိန့်ပေးလိုက်သည်။

"မိတ်ဆွေလေး ခဏနေပါဦး"

ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး လျင်မြန်စွာ ပြောလိုက်သည်။

"ဒီအဘိုးအိုက အရင်းအမြစ်တချို့ကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်.. မိတ်ဆွေလေး အနေနဲ့ ငါတို့ကို လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

ဟင်းလင်းပြင်ဓားပြများသည် များသောအားဖြင့် ဓားပြတိုက်ကြသည်မှာ အရင်းအမြစ်များကို လုယူဖို့သာ ဖြစ်သည်။

သူတို့အနေဖြင့် ကျင့်ကြံခြင်းအရင်းအမြစ် တချို့ကို ပေးအပ်ဖို့ဆန္ဒ ရှိနေသရွေ့ ဟင်းလင်းပြင်းဓားပြများသည် သူတို့ကို အလွန်အမင်း ဒုက္ခပေးမည် မဟုတ်လောက်ပေ။

မည်သို့ပင်ဖြစ်စေကာမူ သူ့ရှေ့မှ ဟင်းလင်းပြင်းဓားပြအဖွဲ့သည် သူတို့လူစုထက် အကြွင်းမဲ့အားသာချက် ရှိနေသော်လည်း သူက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်နေဆဲပင်။

တကယ်တမ်းသာ နှစ်ဖက် တိုက်ခိုက်ကြမည်ဆိုလျှင် ဟင်းလင်းပြင်ဓားပြများသည် သူတို့ကို အနိုင်ယူနိုင်လျှင်ပင် အလွန်ကြီးလေးသည့် အဖိုးအခကို ပေးဆပ်ရလိမ့်မည် ဖြစ်၏။

"ဟားဟား အဘိုးကြီး ငါဒီတစ်ခေါက် အရင်းအမြစ်ကို မလိုအပ်ဘူး"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ပြုံး၍ပြောလိုက်သည်။

"မင်းအနေနဲ့ ကျူးရှင်းယွီကို လက်လွှဲပေးသရွေ့ ငါမင်းတို့ကို အသက်ရှင်ခွင့်ပေးနိုင်တယ်"

"မင်းက သခင်မလေးရဲ့ နာမည်ကို ဘယ်လိုလုပ်ပြီး သိတာလဲ"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ အိုမင်းသောမျက်ဝန်းထဲတွင် အဆုံးသတ်၌ မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ရှေမှ ဟင်းလင်းပြင်ဓားပြများသည် သူတို့ကို သာမန်ဓားပြတိုက်နေသည်နှင့် မတူဘဲ အထူး ပစ်မှတ်ထားနေသည်မှာ ထင်ရှား၏။

"ငါဘယ်လိုလုပ်ပြီး သိတယ်ဆိုတာ မင်းသိစရာမလိုဘူး.. နောက်ဆုံးအနေနဲ့ မင်းကို အခွင့်အရေးပေးမယ် ကျူးရှင်းယွီကို ငါတို့ လက်ထဲအပ်မှာလား မအပ်ဘူးလား"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို စူးစိုက်ကြည့်လိုက်သည်။

သူ၏မျက်ဝန်းထဲတွင် စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

"မင်းရဲ့လက်ထဲကို အပ်ဖို့နေနေသာသာ ငါအဘိုးအို ဒီနေ့ သေရမယ်ဆိုရင်တောင် သခင်မလေးရဲ့ ဆံချည်တစ်မျှင်ကို ထိခိုက်အောင် လုပ်ခွင့်မပြုဘူး"

ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုက ပြတ်သားသော အမူအရာဖြင့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။

"အဘိုးကြီး.. မင်းက အတော်ခေါင်းမာတာပဲ.. ညီနောင်တို့ အားလုံးကို သတ်ပစ်ပြီး ကျူးရှင်းယွီကို ဖမ်းလိုက်"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒက ကောင်းကင်ထိတိုင် ထိုးတက်သွားခဲ့ပြီး သူ၏ လူများကို အမိန့်ပေးလိုက်သည်။

"ဝုန်း.. ဝုန်း.. ဝုန်း.."

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခုသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က နှစ်ဖက်တိုက်ပွဲအပေါ် စိတ်ဝင်စားခြင်းမရှိခဲ့ပေ။

သူက တိုက်ပွဲကို ရှောင်ကွင်းကာ တိတ်တဆိတ် ထွက်သွားရန် ပြင်လိုက်စဥ်မှာပင် လှောင်ပြောင်သော စကားသံတစ်သံသည် သူ၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

"ဟားဟား ကောင်လေး.. ငါတို့ ကျောက်တုံးပြာ ဓားပြတွေရှေ့ကနေ ထွက်ပြေးချင်တယ်လား"

ကောင်းကင်နတ်ဘုရား ပထမအဆင့်တွင် ရှိပြီး မျက်နှာတွင်အမာအရွတ်ရှိသော ကျင့်ကြံသူတစ်ယောက်က ကျန်းချန်ကို ရန်လိုစွာဖြင့် ဝင်ရောက် တိုက်ခိုက်လိုက်သည်။

"သွားစမ်း"

ကျန်းချန်၏ မျက်နှာက အေးစက်နေခဲ့သည်။

သူ၏လက်ဖဝါးပေါ်တွင် ခရမ်းရောင်မိုးကြိုးအလင်းများ ဖြစ်ပေါ်လာခဲ့သည်။

သူ၏ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် ထိုခရမ်းရောင်မိုးကြိုးအလင်းများသည် ဧရာမခရမ်းရောင်မိုးကြိုးလက်ဝါး အဖြစ်သို့ ပြောင်းလဲကာ သူ့ကို တိုက်ခိုက်လာသောကျင့်ကြံသူကို ရိုက်ချလိုက်သည်။

ထိုခဏမှာပင် မျက်နှာတွင် အမာရွတ်ရှိသည့် ကျင့်ကြံသူသည် လှုပ်ရှား၍ မရတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားခဲ့သည်။

သူက မည်သို့မှ မတုံ့ပြန်နိုင်ခင်မှာပင် ခရမ်းရောင်မိုးကြိုးလက်ဝါးသည် သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ အတွင်းအင်္ဂါများကို ဖျက်ဆီးပစ်လိုက်သည်။

"အား"

အမာရွတ်နှင့်ကျင့်ကြံသူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသည့် သူ၏အဖော်နှစ်ယောက် မျက်နှာအမူအရာသည်လည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူတို့ရှေ့မှ ကောင်လေးတွင် သူတို့၏အဖော်ကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားများ ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

"ဒီ‌ကောင်လေးက သာမန်မဟုတ်ဘူး ငါတို့ သူ့ကို အတူတူတိုက်ခိုက်ကြစို့"

ထိုအချိန်မှာပင် ကောင်းကင်နတ်ဘုရား ဒုတိယအဆင့် ကျင့်ကြံသူဖြစ်သည့် စူးရှသော မျက်ဝန်းပိုင်ရှင်သည် သူ၏ဘေးမှ ကောင်းကင်နတ်ဘုရား ပထမအဆင့် အဖော်နှစ်ယောက်နှင့်အတူ ကျန်းချန်ဆီသို့ ဦးတည်လာခဲ့သည်။

"ငါ့ဘာသာ အေးဆေးခရီးသွားနေတာကို မင်းတို့က ပြဿနာလာရှာရဲမှတော့ ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"

ကျန်းချန်၏ မျက်နှာထားက အလွန်တရာပင် အေးစက်နေခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ့အနားသို့ ချဥ်းကပ်လာသည့် သုံးယောက်ကိုတိုက်ခိုက်လိုက်သည်။

ထိုသုံးယောက်၏ ပုံရိပ်များသည် ချက်ချင်းဆိုသလိုပင် လေထုထဲတွင် လှုပ်ရှား၍ မရအောင် တောင့်တင်းသွားခဲ့သည်။

ထိုအချိန်မှာပင် သူတို့ပတ်ဝန်းကျင်၌ နေရာလွတ် လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

ယင်းမြင်ကွင်းကြောင့် ဓားပြသုံးယောက်သည် ချက်ချင်းဆိုသလိုပင် ထိတ်လန့်သွားခဲ့ကြသည်။

သူတို့က အော်ဟစ်ဖို့ပင် အချိန်မရလိုက်ဘဲ ပတ်ဝန်းကျင်မှ နေရာလွတ်လှုပ်ခတ်မှုကြောင့် ဘာမှမကျန်ရှိတော့သည်အထိ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က တစ်ကွက်တည်းဖြင့်ပင် ကောင်းကင်နတ်ဘုရားအဆင့် ဓားပြသုံးယောက်စလုံးကို ချက်ချင်းဆိုသလို သတ်ဖြတ်ပစ်ခဲ့သည်။

အခန်း(၁၇၁၈)ပြီး၏။

အခန်း(၁၇၁၉)

ကျန်းချန်က ဟင်းလင်းပြင် ဓားပြသုံးဦးကို ဆက်တိုက်ဆိုသလို ခေါင်းဖြတ်လိုက်သောကြောင့် ရွှေရောင်လှေပေါ်တွင် တိုက်ခိုက်နေသည့် နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် မှင်တက်သွားခဲ့ကြသည်။

အထူးသဖြင့် ဟင်းလင်းပြင်ဓားပြဘက်မှ ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

သူ့ရှေ့မှ ကောင်လေး၏ စွမ်းအားက အားမနည်းမှန်း သိသော်လည်း ဤမျှအထိ ကြောက်မက်ဖွယ်ရာ‌ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စူးရှသော မျက်ဝန်းပိုင်ရှင်သည် သူ၏ညာလက်ရုံး ဖြစ်ပြီး ကောင်းကင်နတ်ဘုရား ဒုတိယအဆင့်ကိုပင် ရောက်ရှိနေပြီဖြစ်သည်။

ကောင်းကင်နတ်ဘုရား ပထမအဆင့် ကျင့်ကြံသူနှစ်ယောက်ကိုပါ ထည့်တွက်လိုက်လျှင် ၎င်းတို့ သုံးယောက်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့် ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်မည် ဖြစ်၏။

သို့သော်လည်း ထိုကောင်လေးက ကောင်းကင်နတ်ဘုရား သုံးပါးလုံးကို တစ်စက္ကန့်အတွင်း ပေါ့ပေါ့ပါးပါး သတ်ဖြတ်ပစ်လိုက်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"အရမ်းကို သန်မာလွန်းတာပဲ"

ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုနှင့် အစောင့်များ၏ အခိုင်အမာကာကွယ်မှုကို ရရှိထားသော စိမ်းပြာရောင် ဝတ်စုံဝတ် အမျိုးသမီး၏ လှပသော မျက်လုံးလေးတွင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

"ကောင်းကင်နတ်ဘုရား သုံးပါးကို တစ်ကွက်တည်းနဲ့ သတ်ပစ်လိုက်တယ်လား.. ဒါက အရမ်းကို ကြောက်ဖို့ကောင်းတဲ့စွမ်းရည်ပဲ"

"ကောင်လေး မင်းဘယ်သူလဲ"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်ကာ နောက်ဆုတ်အောင် လုပ်လိုက်ပြီးနောက်တွင် ကျန်းချန်ဘက်သို့ လှည့်ကာ မေးခွန်းထုတ်လိုက်သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"လမ်းသွားလမ်းလာ တစ်ယောက်ပါပဲ"

"ဒီကမိတ်ဆွေ မင်းက လမ်းသွားလမ်းလာ ဖြစ်နေမှတော့ နားလည်မှု လွဲနေတာပဲ ဖြစ်လိမ့်မယ်.. မင်းသာ ဒီကိစ္စကို ဝင်မစွက်ဖက်ဘူးဆိုရင် ငါမင်းကို ထွက်သွားခွင့်ပေးနိုင်ပါတယ်"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက အသက်ကိုခပ်ပြင်းပြင်း ရှူလိုက်ကာ ကျန်းချန်ကို အလေးအနက်ပြောလိုက်သည်။

ကျန်းချန်က သူ၏ ငယ်သားလေးယောက်ကို ဆက်တိုက်ဆိုသလို ခေါင်းဖြတ်လိုက်ရာ သူ၏ အင်အားကို များစွာ ထိခိုက်ခဲ့ရသည်။

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ကို သတ်ဖြတ်ချင်နေသော်လည်း ဤအချိန်တွင် ပေါ့ပေါ့ဆဆမလုပ်ဆောင်ရဲပေ။

မည်သို့ပင်ဖြစ်စေကာမူ ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်တရာ ကောင်းမွန်ပြီး သူ၏အဖွဲ့ထဲတွင် ကျန်းချန်ကို ခုခံနိုင်သူမရှိပေ။

သူ၏ တိုက်ခိုက်ရေးစွမ်းရည်က ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုထက် များစွာပို၍ သန်မာသော်လည်း သူတို့ နှစ်ယောက်လုံးက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၍ တစ်ခဏအတွင်း သတ်ဖြတ်ရန် ခက်ခဲသည်။

သူက ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို ရင်ဆိုင်နေသောအချိန်တွင် သူ၏ လက်အောက်ငယ်သားများသည် ထိုလူငယ်၏ သုတ်သင်ခြင်းကို ခံရနိုင်ခြေ အလွန်များသည် မဟုတ်ပါလား။

ပြောနေစရာ မလိုလောက်အောင်ပင် ဤတစ်ခေါက် သူ၏ ရည်ရွယ်ချက်သည် ကျူးရှင်းယွီအတွက်သာ ဖြစ်သည်။

သို့ဖြစ်ရာ ဤကောင်လေး၏ ဝင်ရောက်စွက်ဖက်မှုကြောင့် အစီအစဥ် ပျက်ယွင်း၍ မဖြစ်ပေ။

ထို့ကြောင့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ဒေါသကို ဖိနှိပ်ကာ ကျန်းချန်ကို ညှိနှိုင်းရုံသာ ရွေးချယ်နိုင်ခဲ့သည်။

"မိတ်ဆွေလေး.. ဟင်းလင်းပြင်ဓားပြတွေက သူတို့ရဲ့ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ဆိုရင် လိမ်လည်ကောက်ကျစ်ဖို့ ဝန်မလေးတဲ့သူတွေပဲ.. သူတို့ဆီမှာ ဆင်ခြင်တုံတရား မရှိတဲ့အတွက် သူတို့စကားကို ယုံလို့မဖြစ်ဘူး"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားကိုကြားလျှင် ရွှေရောင်ဝတ်စုံဝတ်အဘိုးအိုသည် အလျင်အမြန်ပင် ပြောလိုက်သည်။

ကျန်းချန်က ဓားပြလေးယောက်ကို သတ်ဖြတ်ခဲ့သော်လည်း သူတို့ဘက်သည် အကြွင်းမဲ့ အားနည်းချက်ရှိနေဆဲပင်။

ကျန်းချန်သာ ထွက်သွားလျှင် သူတို့သည် သေချာပေါက်ရှုံးနိမ့်သွားမည် ဖြစ်သည်။

ဆိုရလျှင် ဤဟင်းလင်းပြင်ဓားပြများကို ကိုင်တွယ်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ ကျန်းချန်နှင့် ပူးပေါင်းခြင်းပင်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူတို့နှစ်ယောက်လုံးကို လျစ်လျူရှုလိုက်ကာ ချာခနဲလှည့်၍ ဆန့်ကျင်ဘက် လမ်းကြောင်း ဆီသို့ ထွက်ခွာသွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာထက်တွင် အပြုံးရိပ်များ ဖြစ်ပေါ်လာခဲ့သည်။

ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုနှင့် တခြားသူများ၏ မျက်နှာများကမူ အလွန်အမင်း ဖြူဖျော့သွားခဲ့ကြသည်။

"ဒီကောင်လေးက ငါတို့ကို မကယ်တင်ဘဲ လျစ်လျူရှုသွားခဲ့ပြီ"

ရွှေရောင်သံချပ်ဝတ် အစောင့်တစ်ယောက်က ထွက်သွားသည့်ကျန်းချန်ကို ကြည့်ကာ စိတ်ပျက်စွာ ရေရွတ်လိုက်သည်။

"ငါတို့နဲ့ သူက အသိအကျွမ်းလည်း မဟုတ်ဘူး.. ဒါကြောင့် ငါတို့ကို ကယ်တင်ဖို့ ဝတ္တရား သူ့မှာ မရှိဘူး.. ငါတို့ဆိုရင်လည်း ဒီလိုမျိုး အခြေအနေမှာ ဝင်မစွက်ဖက်ဖို့ ရွေးချယ်မိမှာပဲ"

စိမ်းပြာရောင်ဝတ်စုံဝတ် အမျိုးသမီးက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။

"ဦးလေးကျင်း.. ကျွန်မကို တစ်ယောက်ကို ထားပြီး ထွက်သွားလိုက်ပါ"

ဤတိုက်ပွဲတွင် သူတို့ဘက်မှ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။

ဤဟင်းလင်းပြင် ဓားပြများ၏ ပစ်မှတ်က သူမ ဖြစ်နေသည့် အတွက် သူမသာ နေရစ်ခဲ့မည်ဆိုလျှင် တခြားသူများအတွက် လွတ်မြောက်ရန် အခွင့်အရေး ရှိနိုင်သေး၏။

ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် မည်သူကမှ အသက်ရှင်လျက် ထွက်မသွားနိုင်မည်ကို သူမ စိုးရိမ်နေမိသည်။

"သခင်မလေးရှင်းယွီ စိတ်မပူပါနဲ့.. ဒီအဘိုးအို အသက်ကိုရင်းရရင်တောင် သခင်မလေးကို မဟာမြေရိုင်းနယ်မြေဆီ အန္တရာယ်ကင်းကင်းနဲ့ သေချာပေါက် ပို့ဆောင်ပေးပါမယ်"

ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုက ပြတ်သွားစွာ ပြောလိုက်သည်။

"သခင်မလေးရှင်းယွီ.. ကျွန်တော်တို့ရဲ့ အသက်ကို သခင်မလေးပေးခဲ့တာပါ.. သခင်မလေးသာ မရှိခဲ့ရင် ကျွန်တော်တို့ ဒီလောကထဲမှာ ရှိမနေတာ ကြာလောက်ပါပြီ.. ဒီနေ့သေရမယ်ဆိုရင်တောင် သခင်မလေးကို ဘယ်နည်းနဲ့မှ စွန့်ပစ်မှာ မဟုတ်ဘူး"

ရွှေရောင်သံချပ်ဝတ် အစောင့်လေးယောက်က ကျူးရှင်းယွီကို သူတို့အသက် သေဆုံးသည်အထိ ကာကွယ်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။

သူတို့က ကျူးရှင်းယွီကို ထားရစ်ကာ ထွက်သွားရန် လုံးဝရည်ရွယ်ချက်မရှိခဲ့ပေ။

"ဟားဟား မင်းတို့ရဲ့သစ္စာစောင့်ထိန်းမှုက ချီးကျူးစရာပဲ.. မင်းတို့က နေရစ်ပြီး အသေခံချင်တယ် ဆိုမှတော့ ငါမင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ စကားဆုံးသည်နှင့် သူ၏ နောက်ကျောဘက်ကနေ နာကျင်စွာအော်ဟစ်လိုက်သော အသံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် နောက်သို့လှည့်ကြည့်လိုက်သည်။

ထိုအခါ အစောပိုင်းက လှည့်ထွက်သွားသော အနက်ရောင်ဝတ်စုံဝတ်လူငယ်သည် အမှန်တကယ် မထွက်ခွာဘဲ သူတို့ ဟင်းလင်းပြင်လှေပေါ်ရှိ လူများအား သတ်ဖြတ်လိုက်သည်ကို သူမြင်လိုက်ရသည်။

သူက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ခေါ်ထုတ်သွား၍ သူ၏ ဟင်းလင်းပြင်လှေပေါ်တွင် ပကတိနတ်ဘုရားအဆင့် ငယ်သားတချို့သာ ကျန်နေခဲ့ရာ ၎င်းတို့သည် ကျန်းချန်ကို မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပကတိနတ်ဘုရားအဆင့် ဓားပြဆယ်ယောက်ကျော်သည် ကျန်းချန်၏ လက်ချက်ဖြင့် သုတ်သင်ခံလိုက်ရသည်။

ကျန်းချန်က အလကားနေရင်း သတ်ဖြတ်နေရသည်ကို ကြိုက်နှစ်သက်သည့်သူ တစ်ဦးမဟုတ်ပေ။

ဤဟင်းလင်းပြင်ဓားပြများသည် သူ့ကို အရင်ရန်စ၍သာ သူက ဟင်းလင်းပြင်ဓားပြများကို ကြီးလေးသည့် အဖိုးအခအား ပေးဆပ်စေလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုမှာ ဟင်းလင်းပြင်လှေကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူ့အနေဖြင့် ဤနေရာကနေ မဟာမြေရိုင်းနယ်မြေကို သွားဖို့မှာ အလွန်တရာ ဝေးကွာနေဆဲပင် ဖြစ်သည်။

ထို့ကြောင့် ဟင်းလင်းပြင်လှေကိုသာ ရရှိလျှင် ထာဝရဟင်းလင်းပြင်တွင် ဤအတိုင်း ခရီးဆက်နေသည်ထက် အချိန်နှင့် အားထုတ်မှုများစွာ သက်သာစေမည် ဖြစ်ပြီး ဟင်းလင်းပြင်လှေထဲတွင်လည်း အေးအေးဆေးဆေး ကျင့်ကြံနိုင်မည် ဖြစ်သည်။

"ကောင်လေး မင်းငါ့ကို လှည့်ဖြားရဲတယ်"

ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဒေါသထွက်ရလွန်း၍ အဆုတ်များပင် ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။

ဤကောင်လေးသည် ထွက်မသွားရုံသာမက သူ၏ ဟင်းလင်းပြင်လှေကိုပါ လုယူလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။

ဤအချိန်တွင် ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ကောင်းကင်နတ်ဘုရားအဆင့် ဟင်းလင်းပြင် ဓားပြများသည် ထိတ်လန့်သွားခဲ့ကြသည်။

သူတို့က တစ်နေ့တာလုံး သူတို့၏ ပစ်မှတ်ကို စောင့်ဆိုင်းနေခဲ့သော်လည်း အဆုံးသတ်တွင် မြွေခြောက်ကိုက်ခံလိုက်ရပြီ မဟုတ်ပါလား။

ဟင်းလင်းပြင်ဓားပြများ အနေဖြင့် သူတို့သည်သာ တခြားသူများကို လုယက်ခဲ့သော်လည်း တစ်နေ့နေ့တွင် တခြားသူများ၏ လုယက်ခြင်းကို တစ်ဖန် ပြန်လည်ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းချန်က ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စက် ပြောလိုက်သည်။

"ငါက လမ်းသွားလမ်းလာသက်သက်ပဲ.. ဒါပေမဲ့ မင်းရဲ့လူတွေက ငါ့ကို တိုက်ခိုက်ရဲတယ်.. မင်းအနေနဲ့ ကိုယ့်အသက်ကို တန်ဖိုးထားတယ်ဆိုရင် ဒီဟင်းလင်းပြင်လှေကို ငါ့ကိုတောင်းပန်တဲ့ လက်ဆောင်အနေနဲ့ သဘောထားလိုက်ပါ"

ကျန်းချန်၏ ခြိမ်းခြောက်စကားကိုကြားလျှင် ခန့်ညားသောလူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာအမူအရာသည် အေးစက်သွားခဲ့သည်။

သူက ရွှေရောင်လှေပေါ်မှ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုနှင့် အခြားသူများကို လျစ်လျူရှုကာ သူ၏လူများကို ခေါ်ဆောင်၍ ကျန်းချန်ဆီသို့ လှမ်းလာခဲ့သည်။

ဤဟင်းလင်းပြင်လှေသည် သူ၏အဖိုးတန်ရတနာတစ်ပါးဖြစ်သည်။

၎င်းက ဇိမ်ခံလှေ အမျိုးအစား မဟုတ်သော်လည်း အမြန်နှုန်းနှင့် ကိုယ်ယောင်ဖျောက်နိုင်မှု သို့မဟုတ် ခုခံကာကွယ်ရေးတို့တွင် ထိပ်တန်းအဆင့် ဖြစ်သည်။

ဆိုရလျှင် ဤဟင်းလင်းပြင်လှေသည် ထာဝရဟင်းလင်းပြင်တွင် လှုပ်ရှားနေသည့် သူ့အတွက် ကမ္ဘာငယ်လေး တစ်ခု ဆိုလည်းမမှားပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ဟင်းလင်းပြင်လှေပေါ်တွင် သူလုယက်ခဲ့သည့် အရင်းအမြစ်များစွာ ရှိနေခဲ့သည်။

ထို့ကြောင့် ကျန်းချန်က ဟင်းလင်းပြင်လှေကို လုယူသွားခြင်းသည် သူ၏ အရင်းအမြစ်အားလုံးကို ယူဆောင်သွားသည်နှင့် အတူတူပင် မဟုတ်ပါလော။

ယင်းကြောင့်လည်း ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသားသည် သူ၏ပစ်မှတ်ကိုပင် စွန့်လွှတ်ပြီး ကျန်းချန်ကို သတ်ဖြတ်ရန် ရွေးချယ်ခဲ့သည်။

ရွှေရောင်လှေပေါ်တွင် ရှိနေကြသည့် ကျူးရှင်းယွီနှင့် တခြားသူများကမူ ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ပါးစပ်အဟောင်းသားများဖြစ်နေခဲ့ကြသည်။

အနက်ရောင်ဝတ်စုံဝတ်လူငယ်က မထွက်သွားရုံသာမက ဟင်းလင်းပြင်ဓားပြများ၏ ဟင်းလင်းပြင်လှေကို သိမ်းယူလိုက်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

အခန်း(၁၇၁၉) ပြီး၏

All Chapters