အခန်း (၁၇၂၀-၁၇၂၂)
Vol. 115 Ch. 1720-1722
အခန်း(၁၇၂၀)
"ဒီလူငယ်က အတော်လေး သတ္တိကောင်းတာပဲ"
ရွှေရောင်လှေပေါ်မှ လူများသည် မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တသြ ရေရွတ်လိုက်ကြသည်။
ကျန်းချန်က သူတို့၏ ကိစ္စကို ဝင်မစွက်ဖက်ချင်၍ ထွက်သွားခဲ့သည်ဟု ထင်ခဲ့ကြသော်လည်း ထိုလူငယ်သည် ဟင်းလင်းပြင်ဓားပြများ၏ ဟင်းလင်းပြင်လှေကို ခိုးယူလိမ့်မည်ဟု မထင်ခဲ့ပေ။
"သခင်မလေး.. ဒီကောင်လေးက ဟင်းလင်းပြင်ဓားပြတွေနဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ ထွက်သွားကြရအောင်"
သူတို့ရှေ့မှ အခြေအနေကိုကြည့်ပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုသည် ကျူးရှင်းယွီကို အလျင်အမြန်ပင် ပြောလိုက်သည်။
"ဦးလေးချင်း.. အနက်ရောင်ဝတ်စုံဝတ် လူငယ်ရဲ့ စွမ်းရည်က ထူးခြားတယ်.. ကျွန်မတို့ သူနဲ့ ပူးပေါင်းမယ်ဆိုရင် ဒီဟင်းလင်းပြင် ဓားပြတွေကို ကိုင်တွယ်နိုင်မှာပါ.. ဒါ့အပြင် ကျွန်မတို့လှေက အစောပိုင်းက တိုက်ပွဲမှာ အနည်းငယ် ထိခိုက်သွားတဲ့အတွက် ဆက်လက် ခရီးဆက်ဖို့ဆိုရင် ပြုပြင်ဖို့အချိန်ယူရလိမ့်ဦးမယ်"
ကျူးရှင်းယွီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး လက်ရှိ အခြေအနေကို တည်ငြိမ်စွာပင် ခွဲခြမ်းစိတ်ဖြာခဲ့သည်။
ယခု သူတို့၏ အကောင်းဆုံးရွေးချယ်မှုမှာ ကျန်းချန်နှင့်ပူးပေါင်းပြီး သူတို့ရှေ့မှ ဟင်းလင်းပြင်ဓားပြ အားလုံးကို ရှင်းလင်းပစ်ရန်သာ ဖြစ်သည်။
"ဟင်းလင်းပြင်လှေ ပျက်စီးရင်လည်း ဒီအတိုင်းပဲ ထွက်သွားကြတာပေါ့ သခင်မလေး"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဒီဟင်းလင်းပြင်ဓားပြတွေက သခင်မလေးဆီ လာဖို့ တစ်စုံတစ်ယောက်ရဲ့ ညွှန်ကြားမှုကို ရထားတာ အသေအချာပဲ.. သူတို့မှာ တခြားအစီအစဥ်တွေ ရှိနေမှာ ကျွန်တော် စိုးရိမ်မိတယ် ထာဝရဟင်းလင်းပြင်ထဲမှာ အချိန်ကြာနေမယ်ဆိုရင် ပိုပြီး အန္တရာယ်ရှိလာနိုင်တယ်"
"ဦးလေးချင်း ဒီလိုလုပ်လို့တော့မဖြစ်ဘူး.. အနက်ရောင်ဝတ်စုံဝတ်လူငယ်က ကျွန်မတို့ကို ကယ်တင်ပေးခဲ့တယ်.. သူ့ကို ထားခဲ့ပြီး တိတ်တဆိတ် ထွက်ပြေးသွားတာမျိုးကို ကျွန်မတို့ ဘယ်လိုလုပ်ပြီး လုပ်ဆောင်နိုင်မှာလဲ"
ကျူးရှင်းယွီက ခေါင်းခါရမ်းလိုက်သည်။
သူမ၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာတစ်ခု ရှိနေခဲ့၏။
"ဦးလေးချင်း.. ကျွန်မတို့ အနက်ရောင်ဝတ်စုံဝတ် လူငယ်နဲ့ ပူးပေါင်းပြီး ဒီဟင်းလင်းပြင်ဓားပြတွေကို အမြန်ဆုံးရှင်းလင်းရလိုက်အောင်"
ကျူးရှင်းယွီ၏ တောင်းဆိုမှုကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုသည် အနည်းငယ် သက်ပြင်းချလိုက်သည်။
သူတို့၏ သခင်မလေးသည် အမှန်တကယ်ပင် ကြင်နာတတ်သော စိတ်နှလုံးအပြည့်အဝ ရှိခဲ့သည်။
ကျူးရှင်းယွီက ဟင်းလင်းပြင် ဓားပြများကို ရှင်းလင်းရန်အတွက် ထိုကောင်လေးနှင့် ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ရာ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို ကူညီရန် အသင့်ပြင်လိုက်သည်။
---------------
"ကောင်လေး မင်းက ငါ့ရဲ့ ဟင်းလင်းပြင်လှေကို သိမ်းယူရဲမှတော့ ငါမင်းကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ပစ်မယ်"
ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ငယ်သားများကို ဦးဆောင်ကာ ဟင်းလင်းပြင်လှေပေါ်မှ ကျန်းချန်ကို ရက်စက်လိုသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဒီလှေကို ငါသိမ်းပိုက်လိုက်ပြီ...မင်းက ဘာလုပ်နိုင်မှာမို့လဲ.. ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်လောက်က ငါ့ရဲ့ရှေ့မှာ ပုရွက်ဆိတ် တစ်ကောင်ထက် ဘာမှမပိုဘူး.. ငါတစ်ခေါက်ထပ်ပြောမယ်.. ဒီဟင်းလင်းပြင်လှေက အခု ငါ့အပိုင် ဖြစ်သွားပြီ မင်းမသေချင်ဘူးဆိုရင် တတ်နိုင်သမျှ ငါနဲ့ဝေးဝေးကို ချက်ချင်း ထွက်သွားလိုက်"
ကျန်းချန်က ဟင်းလင်းပြင်လှေပေါ်ကနေ ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
"ဟမ့်.. တော်တော် လေလုံးထွားတဲ့ကောင်ပဲ သွားသေလိုက်တော့"
ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားက ချက်ချင်းဆိုသလို သူ၏ လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ကွဲပြားသောအရောင်၄မျိုးဖြင့် ဖွဲ့စည်းထားသော မိုးကြိုးမုန်တိုင်းတစ်စင်းသည် ကောင်းကင်ထက်ကနေ ကျန်းချန်ဆီသို့ တိုက်ရိုက်ကျဆင်းလာခဲ့သည်။
"ပုရွက်ဆိတ်လေးကများ ငါ့ကို ဆန့်ကျင်ရဲတယ်"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ ၇ရောင်ခြယ် ရှေးဟောင်းဓားတစ်လက်သည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။
ကျန်းချန်က ၇ရောင်ခြယ် ရှေးဟောင်းဓားကို လက်ထဲတွင် ကိုင်စွဲရင်း ဓားကွက်တစ်ကွက်ကို ပေါ့ပါးစွာ ထုတ်ဖော်လိုက်သည်။
၇ရောင်ခြယ် ဓားအလင်းသည် ချက်ချင်းဆိုသလိုပင် လေထုကို ဖြတ်ကျော်သွားခဲ့ပြီး အရာအားလုံးကို ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ်စွမ်းအားနှင့် အတူ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်ယံကနေ ကျဆင်းလာသည့် ၄ရောင်ခြယ်မိုးကြိုးကို ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက်တွင် ၇ရောင်ခြယ်ဓားအလင်း၏ အရှိန်အဟုန်သည် လျော့ကျခြင်းမရှိဘဲ ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသား ဆီသို့ပါ သက်ရောက်သွားခဲ့သည်။
"မကောင်းတော့ဘူး"
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
သူက ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော ဓားအလင်းကို ပိတ်ဆို့နိုင်ရန် အတွက် သူ၏ခန္ဓာကိုယ်မှ စွမ်းအားအလုံးစုံကို အလျင်အမြန် လှုံ့ဆော်လိုက်ပြီး ကောင်းကင်နတ်ဘုရားကမ္ဘာအဖြစ် ပြောင်းလဲလိုက်သည်။
သို့သော်လည်း ကျန်းချန်၏ ဓားချက်သည် ပဉ္စမအဆင့်ကောင်းကင်နတ်ဘုရားများပင် ခက်ခက်ခဲခဲ ခုခံရမည်ဖြစ်ရာ စတုတ္ထအဆင့် ကောင်းကင်နတ်ဘုရားတစ်ပါး ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
"ခရက်"
ဓားအလင်းက ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသား၏ ကောင်းကင်နတ်ဘုရားကမ္ဘာကို ပိုင်းဖြတ်လိုက်ရာ ရုတ်တရက် ကျယ်လောင်သော အက်ကွဲသံတစ်သံသည် ထွက်ပေါ်လာခဲ့၏။
ထို့နောက်တွင် ၇ရောင်ခြယ်ဓားအလင်းသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
"ဖူး.."
တစ်ချိန်တည်းမှာပင် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ လူတစ်ကိုယ်လုံးသည်လည်း လေထဲတွင် လွင့်စင်သွားခဲ့သည်။
ကျန်းချန်က ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို အသက်ရှူဖို့ပင် အခွင့်အရေး လုံးဝမပေးခဲ့ပေ။
သူက ဓားကွက်တစ်ကွက်ကို ထပ်မံ ထုတ်ဖော်လိုက်သည်။
ကျန်းချန်၏ ဓားအလင်းက အချိန်နှင့် နေရာလွတ်ကို တစ်မဟုတ်ချင်း ထိုးဖောက်သွားခဲ့ပြီး ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရှေ့ကို ရောက်ရှိလာခဲ့သည်။
ဒဏ်ရာအပြင်းအထန် ရရှိထားပြီ ဖြစ်သည့် ခန့်ညားသောလူလတ်ပိုင်းအရွယ် အမျိုးသားသည် ခုခံနိုင်ခြင်း လုံးဝမရှိဘဲ ကျန်းချန်၏ ဓားအလင်း ထိုးဖောက်သွားခြင်းကို ခံခဲ့ရသည်။
"ဝုန်း.."
ဤသို့ဖြင့်ပင် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်က တိုက်ရိုက် ပေါက်ကွဲထွက်သွားခဲ့ပြီး သွေးအမှုန်များ အဖြစ်သို့ ပြောင်းလဲကာ အဆုံးသတ်တွင် ထာဝရဟင်းလင်းပြင် ထဲ၌ ပျောက်ကွယ်သွားခဲ့သည်။
"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
တစ်ခြားတစ်ဖက်တွင်လည်း ကျန်းချန်ကို ကူညီရန် ရောက်ရှိလာသော ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတို့သည် ဤမြင်ကွင်းကိုမြင်လျှင် ခန္ဓာကိုယ်များ တောင့်တင်းသွားကြသည်။
သူတို့၏ မျက်လုံးများက မှုန်မှိုင်းနေခဲ့ပြီး တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသလိုမျိုး ကိုယ့်မျက်လုံးကိုပင် ယုံကြည်ရန်ခက်ခဲနေခဲ့သည်။
ထိုကောင်လေးသည် ဓားကွက် နှစ်ကွက်တည်းဖြင့်ပင် ဓားပြခေါင်းဆောင်ဖြစ်သည့် ခန့်ညားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို သတ်ဖြတ်ပစ်လိုက်သည်။
ဤကဲ့သို့ စွမ်းအားမျိုးသည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။
"ဒီကောင်လေးရဲ့ စွမ်းရည်က တကယ်ကို နက်ရှိုင်းလွန်းတာပဲ"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တသြရေရွတ်လိုက်သည်။
သူ၏ အိုမင်းသော မျက်ဝန်းထဲတွင် ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။
သိထားရမည့်အချက်မှာ ဟင်းလင်းပြင်ဓားပြအဖွဲ့၏ ခေါင်းဆောင်သည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး သူ့ထက်ပင် တိုက်ခိုက်ရေးစွမ်းရည် များစွာ မြင့်မားသည်။
သို့သော်လည်း ဤကဲ့သို့ အစွမ်းထက်သော ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ တိုက်ကွက် နှစ်ကွက်ကိုပင် ခံနိုင်ရည်မှ မရှိဘဲ အသတ်ခံလိုက်ရသည်။
ထိုလူငယ်က ထာဝရ ဟင်းလင်းပြင်တွင် တစ်ယောက်တည်း ခရီးဆက်နေသည်မှာ အံ့သြစရာ မရှိတော့ပေ။
ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်ဖြင့် ဆိုလျှင် ပဉ္စမအဆင့် ကောင်းကင်နတ်ဘုရားပင်လျှင် ထိုလူငယ်ကို ယှဥ်နိုင်မည် မဟုတ်လောက်ပေ။
"ငါတို့ခေါင်းဆောင် အသတ်ခံလိုက်ရပြီ.. အားလုံးပဲ ပြေးကြစို့"
ကျန်းချန်က ဓားကွက် နှစ်ကွက်တည်းဖြင့် သူတို့၏ ခေါင်းဆောင်အား သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်ရှိသည့် ဟင်းလင်းပြင် ဓားပြများသည် ကြောက်လန့်သွားကြပြီး ယုန်သူငယ်များ ကဲ့သို့ ထိတ်လန့်တကြား ဖြစ်ကာ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့ကြသည်။
ကျန်းချန်က ထွက်ပြေးသွားသော ဟင်းလင်းပြင် ဓားပြများကို အာရုံစိုက်မနေဘဲ သူသိမ်းယူထားသည့် ဟင်းလင်းပြင်လှေဆီသို့ ပြန်လှည့်လာခဲ့သည်။
"ငါ့သခင်လေးကို ပစ်မှတ်ထားရဲတဲ့ ဓားပြစုတ်တွေ သေစမ်း"
ဆန့်ကျင်ဘက်မှ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ဒေါသတကြီးဖြင့် ထွက်ပြေးနေသော ဟင်းလင်းပြင်ဓားပြများကို လိုက်လံ သတ်ဖြတ်လိုက်သည်။
ဤဟင်းလင်းပြင်ဓားပြများသည် ကျူးရှင်းယွီ ဆီသို့ လာခဲ့ကြခြင်းဖြစ်သည်။
သူတို့က လွတ်မြောက်သွားခဲ့လျှင် နောက်ကွယ်မှလူကို သတိပေးလိုက်သလို ဖြစ်သွားနိုင်ပြီး ပို၍ ကြီးမားသောဒုက္ခများကို ရင်ဆိုင်ရနိုင်ခြေ ရှိ၏။
ထို့ကြောင့်ပင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ပြတ်ပြတ်သားသားပင် လုပ်ဆောင်ခဲ့ပြီး ဟင်းလင်းပြင်ဓားပြ အားလုံးကို မိုက်ဇာတ်သိမ်းရန် ပြင်ဆင်နေခဲ့သည်။
သူက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူ ဖြစ်ရာ ကောင်းကင်နတ်ဘုရား ပထမအဆင့် ဟင်းလင်းပြင်ဓားပြများကို သတ်ဖြတ်ရန်သည် သူ့အတွက် သိပ်ပြီး အားစိုက်ထုတ်စရာ မလိုအပ်ခဲ့ပေ။
သိပ်မကြာခင်မှာပင် ဟင်းလင်းပြင်ဓားပြ ဆယ်ယောက်သည် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ လက်ချက်ဖြင့် လုံးဝ သုတ်သင်ခံရလိုက်သည်။
ကျန်းချန်က ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ လုပ်ရပ်များကို လျစ်လျူရှုထားခဲ့သည်။
သူက ဟင်းလင်းပြင်လှေပေါ်သို့ ပြန်လည်ရောက်ရှိလာပြီးနောက်တွင် ဟင်းလင်းပြင်လှေကို ထိန်းချုပ်ကာ ရှေ့ဆက်သွားရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း မကြာခင်မှာပင် ကျန်းချန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရမ်းလိုက်သည်။
အကြောင်းရင်းမှာ ထာဝရဟင်းလင်းပြင်တွင် ခရီးဆက်ရန်အတွက် ဟင်းလင်းပြင်လှေကို မည်ကဲ့သို့ ထိန်းချုပ် ပျံသန်းရမလဲ ဆိုသည်ကို မသိရှိသောကြောင့် ဖြစ်၏။
"ဒီလိုမှန်းသိရင် ဓားပြနှစ်ယောက်လောက်ကို မသတ်ဘဲ ချန်ထားခဲ့ပါတယ်"
ကျန်းချန်က စိတ်ပျက်လက်ပျက် ရေရွတ်လိုက်သည်။
အဆုံးသတ်တွင် သူ၏ အကြည့်သည် ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုတို့ အဖွဲ့ဆီသို့ ကျရောက်သွားခဲ့သည်။
သူက အပိုစကားများ မပြောတော့ဘဲ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို တိုက်ရိုက်ပင် မေးလိုက်သည်။
"အကြီးအကဲ.. ဒီဟင်းလင်းပြင်လှေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ ပြောပြလို့ရမလား"
"ဒီလို ကြီးမားတဲ့ ဟင်းလင်းပြင်လှေကို ထိန်းချုပ်ဖို့ဆိုရင် ဟင်းလင်းပြင်လှေ အတွက် သီးသန့်အမှုထမ်းတွေ လိုအပ်တယ်.. မိတ်ဆွေလေးက ဟင်းလင်းပြင်လှေ အတွက် သီးသန့်အမှုထမ်းတွေ မရှိဘဲ ရှေ့ဆက်သွားချင်တယ်ဆိုရင်တော့ အနည်းငယ် ခက်ခဲလိမ့်မယ်.. ငါတို့ရဲ့လှေလည်း အပြင်းအထန် ပျက်စီးသွားတဲ့ အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ပြုပြင်ဖို့ လိုအပ်နေတယ်.. ဒီလိုလုပ်ပါလား ငါတို့တွေ အတူတူ ခရီးဆက်ကြရင်ရော ဘယ်လိုသဘောရလဲ"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
"အနီးအနားက နယ်မြေကို ရောက်တဲ့အခါကျရင် မိတ်ဆွေလေးအနေနဲ့ ဟင်းလင်းပြင်လှေအတွက် အမှုထမ်းတချို့ကို ငှားရမ်းနိုင်ပါတယ်"
အခန်း(၁၇၂၀) ပြီး၏
အခန်း(၁၇၂၁)
ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုက ကျန်းချန်ကို ပြုံး၍ ကြည့်ကာ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံခဲ့သည်။
နတ်ဘုရားနယ်မြေသည် စွမ်းအားကြီးမားသူများကို လေးစားသော နယ်မြေဖြစ်သည်။
သူ့ရှေ့မှ ကောင်လေးသည် ဟင်းလင်းပြင်ဓားပြခေါင်းဆောင်ကို ဓားကွက်နှစ်ကွက်ထဲဖြင့်ပင် သတ်ဖြတ်နိုင်ခဲ့သည့် အတွက် ထိုကောင်လေး၏တိုက်ခိုက်ရေး စွမ်းရည်သည် သူ့ထက် များစွာ မြင့်မားသည်မှာ ထင်ရှား၏။
ယခုအခါ သူတို့၏ ဟင်းလင်းပြင်လှေက ပျက်စီးနေခဲ့ပြီး ဤနေရာတွင် အချိန်ကြာမြင့်စွာ နေရန် မသင့်တော်၍ ကျန်းချန်နှင့်အတူ ခရီးဆက်ခြင်းသာလျှင် သံသယဖြစ်ဖွယ်ရာ မရှိ အကောင်းဆုံး ရွေးချယ်မှုပင် မဟုတ်ပါလား။
ထို့ပြင်ကျန်းချန်ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်နှင့်သာ အတူ ခရီးဆက်ရလျှင် လမ်းခရီးတွင် များစွာပို၍ လုံခြုံသွားလိမ့်မည် ဖြစ်သည်။
"အတူတူ ခရီးဆက်ဖို့က ကျွန်တော်တို့တွေ လမ်းမတူလောက်ဘူးထင်တယ်"
ကျန်းချန်က ခဏမျှ မှင်တက်သွားပြီးမှ တအံ့တသြ ပြောလိုက်သည်။
သူ၏ပန်းတိုင်မှာ မြောက်ဘက်အရပ်ရှိ မဟာမြေရိုင်းနယ်မြေဖြစ်သည်။
သို့သော်လည်း ရွှေရောင်၀တ်စုံ၀တ် အဘိုးအိုတို့ မောင်းနှင်လာသော ရွှေရောင်လေ၏ လမ်းကြောင်းအရ သူနှင့် ပန်းတိုင်ချင်း ကွဲပြားနေသည်မှာ ထင်ရှားနေ၏။
"မိတ်ဆွေလေးက ငါတို့ကို အနီးအနားက နယ်မြေတစ်ခုကို ပို့ဆောင်ပေးရင် ရပါပြီ"
ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
"ငါတို့ရဲ့ ခရီးစဉ်ပန်းတိုင်က သခင်မလေးကို မဟာမြေရိုင်းနယ်မြေဆီ ပို့ဆောင်ပေးဖို့ပါ.. မိတ်ဆွေလေးက ဘယ်နယ်မြေကို သွားမလဲဆိုတာ သိပါရစေ"
"အကြီးအကဲတို့လည်း မဟာမြေရိုင်းနယ်မြေကို သွားမလို့လား ကျွန်တော် သိသလောက် မဟာမြေရိုင်းနယ်မြေက မြောက်ဘက်အရပ်မှာ ရှိတာ မဟုတ်ဘူးလား.. ဘာလို့ အကြီးအကဲတို့က အနောက်ဘက် အရပ်ဆီကို သွားနေရတာလဲ"
ကျန်းချန်က အံ့အားသင့်ကာ မေးခွန်းထုတ်လိုက်သည်။
သူက ဤထာ၀ရဟင်းလင်းပြင်တွင် လမ်းမှား၍ သွားမိနေပါသလော။
သူက သွေးလမင်းကုန်းမြေကနေ ထွက်လာစဉ်ကတည်းကပင် မြောက်ဘက်အရပ်ကို ဦးတည်ကာ ခရီးဆက်ခဲ့သည်။
"မိတ်ဆွေလေးလည်း မဟာမြေရိုင်းနယ်မြေကို သွားမလို့ကိုး"
ကျန်းချန်၏စကားကိုကြားလျှင် ရွှေရောင်၀တ်ရုံ၀တ်အဘိုးအို၏ မျက်၀န်းများသည် တောက်ပသွားခဲ့သည်။
သူက ကျန်းချန်ကို အလျင်အမြန်ပင် ရှင်းပြလိုက်၏။
"မဟာမြေရိုင်းဒေသက မြောက်ဘက်အရပ်မှာ ရှိတာမှန်ပေမဲ့ ဒီကနေ မြောက်ဘက်အရပ်ကို တိုက်ရိုက်သွားတာက လက်တွေ့မကျဘူး"
"အကြီးအကဲ.. ကျွန်တော်က နယ်မြေဖြတ်ကျော်ပြီး ခရီးထွက်တာ ဒါပထမဆုံးအကြိမ်ပါ.. ထာ၀ရဟင်းလင်းပြင်အကြောင်းကို အနည်းငယ်လောက်သာ သိပါတယ်.. အကြီးအကဲက ရှင်းပြပေးနိုင်မယ်လို့ မျှော်လင့်ပါတယ် "
"ကောင်းပြီ မိတ်ဆွေလေး.. ဒီနေရာမှာ ငါတို့ အချိန်ကြာကြာ နေဖို့မသင့်လျော်ဘူး.. ငါတို့ ခရီးဆက်ရင်း ဟင်းလင်းပြင်လှေပေါ်မှာ အေးအေးဆေးဆေး စကားပြောကြတာပေါ့ ဘယ်လိုသဘောရလဲ"
ရွှေရောင်၀တ်ရုံ၀တ်အဘိုးအိုက ပြုံး၍ပြောလိုက်သည်။
"ကောင်းပြီ"
ကျန်းချန်က ငြင်းဆန်ခြင်းမရှိခဲ့ပေ။
သူက ထာ၀ရဟင်းလင်းပြင် အကြောင်းကို အနည်းငယ်မျှသာ သိထားခဲ့သည်။
သူသာ ယနေ့တွင် ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုတို့ လူစုကို မတွေ့ခဲ့လျှင် ဤထာ၀ရဟင်းလင်းပြင်တွင် လမ်းလွဲကာ သွားမိလိမ့်မည်ဟု သူထင်ခဲ့သည်။
ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုတို့ လူစုကလည်း တုံ့ဆိုင်းမနေခဲ့ပေ။
ကျူးရှင်းယွီ အပါအ၀င် သူတို့အားလုံးက ဟင်းလင်းပြင်လှေပေါ်သို့ တက်လိုက်ကြပြီး အတူတူ ခရီးထွက်ခဲ့ကြသည်။
မကြာခင်မှာပင် ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုတို့ လူစု၏ ထိန်းချုပ်မှုအောက်တွင် ကျန်းချန်တို့၏ ဟင်းလင်းပြင်လှေသည် ထာ၀ရဟင်းလင်းပြင်ထဲတွင် စတင်ပျံသန်းခဲ့သည်။
ကျန်းချန်က ဟင်းလင်းပြင်ဓားပြများ လက်ထဲကနေ လုယူခဲ့သော အနက်ရောင်လှေသည် သာမာန်လှေတစ်စင်း မဟုတ်ပေ။
၎င်းက ရွှေရာင်၀တ်ရုံ၀တ် အဘိုးအိုတို့လှေလို ကြီးမားခြင်းမရှိသော်လည်း ပေဆယ်ဂဏန်းခန့် ရှည်လျားသည်။
လှေကို အထပ်နှစ်ထပ်ဖြင့် တည်ဆောက်ထားပြီး အပေါ်ထပ်တွင် ဧည့်ခန်းရှိကာ အခန်းဆယ်ခန်း ခွဲထားသည်။
အောက်ထပ်ကမူ ထိန်းချုပ်ခန်းနှင့် သိုလှောင်ခန်း ဖြစ်၏။
ဟင်းလင်းပြင်လှေသည် နတ်ခရစ္စတယ်ကဲ့သို့ စွမ်းအင်ကျောက်တုံးများကို သုံးစွဲပြီး မောင်းနှင်ရသော လှေအမျိုးအစားဖြစ်သည်။
ထို့ကြောင့် လုံလောက်သော စွမ်းအင်ကျောက်တုံးများ ရှိမှသာလျှင် ထာ၀ရဟင်းလင်းပြင်ထဲတွင် အချိန်အကြာကြီး ရွက်လွင့်နိုင်မည် ဖြစ်၏။
ထိုအကြောင်းကြောင့်ပင် ယေဘုယျအားဖြင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသည် ဟင်းလင်းပြင်လှေကို ၀ယ်ယူနိုင်သည့် ကြွယ်၀မှု ရှိလျှင်ပင် အလွယ်တကူ ဝယ်ယူလေ့ မရှိပေ။
မည်သို့ပင်ဖြစ်စေကာမူ ဟင်းလင်းပြင်လှေ၏ ကြောက်မက်ဖွယ်ရာကောင်းသော သုံးစွဲမှုသည် သာမန် ကောင်းကင်နတ်ဘုရားများ တတ်နိုင်သော ပမာဏမဟုတ်ပေ။
ဟင်းလင်းပြင်လှေကို ထိန်းချုပ်မောင်းနှင်ပြီးနောက်တွင် ကျန်းချန်၊ ကျူးရှင်းယွီနှင့် ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုတို့သည် ဧည့်ခန်းတွင် စကားလက်စုံ ပြောဆိုခဲ့ကြသည်။
ထိုစကားပြောဆိုမှုမှ တဆင့် ကျန်းချန်သည် ထာ၀ရဟင်းလင်းပြင် အကြောင်းကို ပိုမို သိရှိလာခဲ့သည်။
ထာ၀ရဟင်းလင်းပြင်တွင် ၀င်ရောက်၍ မရသည့် အန္တရာယ်များသောနေရာ များစွာရှိပြီး စိတ်ထင်တိုင်း လျှောက်သွား၍မရပေ။
ကျန်းချန်သာ သူရည်ရွယ်ထားသည့်အတိုင်း မြောက်ဘက်အရပ်ကို ခရီးဆက်နေမည်ဆိုလျှင် တောင်ပိုင်းကောင်းကင်နယ်မြေဟု ခေါ်သည့် နယ်မြေတစ်ခုကို ရောက်ရှိသွားမည်ဖြစ်သည်။
သို့သော်လည်း တောင်ပိုင်းကောင်းကင်နယ်မြေကနေဆက်လက် ဖြတ်သန်းမည်ဆိုလျှင် အလွန်တရာ နာမည်ကျော်ကြားသည့် တားမြစ်နယ်မြေတစ်ခု ရှိသည်။
ထိုနေရာက အလွန်အမင်း အန္တရာယ်များပြီး နယ်မြေနတ်ဘုရားအဆင့် မဟုတ်လျှင် မည်သူမဆို ၀င်ရောက်ပါက သေဆုံးရမည်မှာ ၉၉ ရာခိုင်နှုန်း သေချာ၏။
ထိုအကြောင်းကြောင့်ပင် တောင်ပိုင်းကောင်းကင်နယ်မြေမှ လူများသည်ပင် မဟာမြေရိုင်းနယ်မြေသို့ သွားချင်လျှင် လမ်းလွှဲဖြစ်သည့် ကျီလင်နယ်မြေမှ တစ်ဆင့် သွားကြသည်။
ယနေ့တွင်သာ ရွှေရောင်၀တ်ရုံ၀တ်အဘိုးအိုတို့ လူစုနှင့် မတွေ့ခဲ့လျှင် ကျန်းချန်သည် တောင်ပိုင်းကောင်းကင် နယ်မြေသို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
တောင်ပိုင်းကောင်းကင်နယ်မြေကို ရောက်ရှိခဲ့လျှင် ကျီလင်နယ်မြေကနေ ပတ်သွားရန်အတွက် တစ်စုံတစ်ယောက်၏ လမ်းညွှန်မှုကို ရရှိကောင်း ရရှိပေလိမ့်မည် သို့မဟုတ် အလွန်အန္တရာယ်များသော တားမြစ်နယ်မြေထဲသို့ ၀င်ရောက်မိလိမ့်မည် ဖြစ်သည်။
ကျန်းချန်က ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုနှင့် စကားများစွာ ထပ်မံ ပြောဆိုပြီးနောက်တွင် ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုတို့၏ အထောက်အထားကိုလည်း သိရှိခဲ့သည်။
ရှေးရောင်၀တ်ရုံ၀တ် အဘိုးအို၏ နာမည်က ကျူးချင်း ဖြစ်ပြီး ချင်းယဲ့နယ်မြေကနေ ကျူးရှင်းယွီနှင့် အတူ ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။
ချင်းယဲ့နယ်မြေမှ ဝါးမိသားစုသည် ရှည်လျားသော သမိုင်းကြောင်းရှိသည့် နယ်မြေနတ်ဘုရားအဆင့် အင်အားစုဖြစ်သည်။
သို့သော်လည်း မကြာသေးမီက ဝါးမိသားစု၏ နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူသည် အဆင့်ထိုးဖောက်ရန် ကြိုးစားရင်း ကျရှုံးခဲ့ရသည်။
ထိုအချက်ကို အခွင့်ကောင်းယူကာ ဝါးမိသားစု၏ ပြိုင်ဘက်မိသားစုက တိုက်ခိုက်လာခဲ့ရာ ဝါးမိသားစု၏ အခြေအနေသည် အလွန်ပင် ဆိုးရွားလာခဲ့သည်။
ထို့ကြောင့်လဲ ဝါးမိသားစုသည် ကျူးချင်းကို ကျူးရှင်းယွီအား စောင့်ရှောက်စေကာ မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား တစ်ပါးဆီ အကူအညီ တောင်းခံစေခဲ့သည်။
မဟာမြေရိုင်းနယ်မြေမှ နယ်မြေနတ်ဘုရားသည် ဝါးမိသားစု၏ ဘိုးဘေးနှင့် ဆက်စပ်မှုတစ်ချို့ ရှိသည်ဟု ဆိုကြသည်။
ရွှေရောင်၀တ်ရုံ၀တ် အဘိုးအိုနှင့် စကားခဏတစ်ဖြုတ် ပြောဆိုပြီး နောက်တွင် ကျန်းချန်သည် လှေထဲရှိ အခန်းတစ်ခန်းတွင် တံခါးပိတ် ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်
သူက ထာ၀ရဟင်းလင်းပြင်ထဲတွင် အချိန်တချို့ကို အသုံးချကာ နေရာလွတ် သတ္တဝါများကို လိုက်လံရှင်းလင်းခဲ့ပြီး နေရာလွတ် သလင်းကျောက်များကို စုဆောင်းထားခဲ့သည်။
ယခု ထိုစုဆောင်းထားသော နေရာလွတ် သလင်းကျောက်အားလုံးကို မျိုချလိုက်ရာ ကျန်းချန်၏ နေရာလွတ် လမ်းစဉ်ဥပဒေသ မူလစွမ်းအားသည် ၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
"ဒီဟင်းလင်းပြင်လှေက အချိန်နှင့် အားစိုက်ထုတ်မှုကို အများကြီး သက်သာစေတာတော့ အမှန်ပဲ.. ဒါပေမဲ့ နေရာလွတ် သတ္တဝါတွေကို လိုက်လံရှင်းလင်းပြီး နေရာလွတ် သလင်းကျောက်ကို မရနိုင်တော့တာ နှမြောစရာပဲ"
နေရာလွတ် သလင်းကျောက်ကို မျိုချပြီးနောက်တွင် ကျန်းချန်သည် စိတ်နှလုံးထဲကနေ ခံစားမိလိုက်သည်။
ထာ၀ရဟင်းလင်းပြင်မှာ နေရာလွတ်သတ္တဝါများ၏ ခန္ဓာကိုယ်ထဲရှိ နေရာလွတ်သလင်းကျောက်သည် နေရာလွတ်လမ်းစဉ်ဥပဒေသကို မြင့်တင်ရန်အတွက် အဆုံးစွန်သော ရတနာတစ်ပါး ဖြစ်သည်။
ဤထာ၀ရဟင်းလင်းပြင်တွင်သာ နေရာလွတ် သတ္တ၀ါများကို ဆက်လက် ရှာဖွေနေမည်ဆိုလျှင် သူ၏ နေရာလွတ်လမ်းစဉ် မူလစွမ်းအားသည် မကြာမီမှာပင် ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသွားနိုင်သည်။
ကျန်းချန်က ထာ၀ရဟင်းလင်းပြင်တွင် နေရာလွတ် သတ္တဝါများကို လိုက်လံ ရှာဖွေလိုသော်လည်း ဤအချိန်တွင် အပြင်ထွက်ပြီး လိုက်လံရှာဖွေရန် အစီအစဉ် မရှိခဲ့ပေ။
အကြောင်းအရင်းမှာ သူတို့ ရောက်ရှိနေသော ဧရိယာတွင် နေရာလွတ် သတ္တဝါများ ရှားပါးပြီး တစ်ခါတစ်လေမှသာ တစ်ကောင်တစ်လေမျှ တွေ့နိုင်သောကြောင့် ဖြစ်သည်။
ရွှေရောင်၀တ်ရုံ၀တ် အဘိုးအို၏ ရှင်းပြချက်အရ မဟာမြေရိုင်းနယ်မြေ၏ ပတ်၀န်းကျင်ရှိ ထာ၀ရဟင်းလင်းပြင်တွင် နေရာလွတ် သတ္တဝါများစွာ စုဝေးနေသော နေရာ အများအပြား ရှိသည်။
ထို့ကြောင့် မဟာမြေရိုင်းနယ်မြေကို ရောက်သောအခါမှသာ သူ၏ နေရာလွတ်လမ်းစဉ် ဥပဒေသ မူလစွမ်းအားကို ပြီးပြည့်စုံသောအဆင့်အထိ မြှင့်တင့်ရန် နေရာလွတ် သတ္တဝါများကို လိုက်လံရှာဖွေမည်ဟု ဆုံးဖြတ်လိုက်သည်။
နေရာလွတ် သလင်းကျောက်မှ စွမ်းအားများကို စုပ်ယူပြီးနောက်တွင် ကျန်းချန်သည် ဆက်လက် ကျင့်ကြံလိုခြင်း မရှိတော့ဘဲ ဆေးဝါးများကို စတင် သန့်စင်ရန် ပြင်ဆင်ခဲ့သည်။
ပြီးခဲ့သည့် တစ်ခေါက်က နှင်းနတ်ဘုရားနန်းတော်ကို ဖျက်ဆီးသည့်အခါတွင် ကျန်းချန်သည် နှင်းနတ်ဘုရား နန်းတော်က စုဆောင်းထားသည့် အရင်းမြစ်အားလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားခဲ့သည်။
တို့ကြောင့်ကျန်းချန်က ဤပစ္စည်းများကို အသုံးပြုကာ သူ၏ ကိုယ်ခံပညာဥပဒေသ မူလစွမ်းအားများကို မြှင့်တင်နိုင်သည့် ဆေးဝါးတချို့အား သန့်စင်ရန် ရည်ရွယ်ထားခဲ့သည်။
ထိုကဲ့သို့ ဆေးဝါးသန့်စင်ကာ အဂ္ဂိရတ်လုပ်ဆောင်ခြင်းသည် သူ၏ အဂ္ဂိရတ်စွမ်းရည်ကို တိုးတက်စေရုံသာမက သန့်စင်ပြီးသော ဆေးဝါးများကို မျိုချပြီးနောက်တွင် သူ၏ ကိုယ်ခံပညာဥပဒေသ မူလစွမ်းအားကိုလည်း တိုးတက်စေမည် ဖြစ်သည်။
ဤသည်မှာ ခဲတစ်လုံးတည်း ဖြင့် ငှက်နှစ်ကောင်ကို ပစ်ချသလိုပင် မဟုတ်ပါလား။
ထိုသို့တွေးမိသည်နှင့် ကျန်းချန်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။
သူက သိုလှောင်လက်စွပ်ထဲမှ ဒြပ်စင်သုံးပါး အနန္တ လေဆေးလုံး ဖော်စပ်ရန် လိုအပ်သည့် ပစ္စည်းအစုံ ၅၀၀စာကို ထုတ်ယူလိုက်သည်။
ဒြပ်စင်သုံးပါး အနန္တလေဆေးလုံးသည် စတုတ္ထအဆင့်ကောင်းကင်နတ်ဘုရား ဆေးလုံး ဖြစ်ရာ ကောင်းကင်နတ်ဘုရားများ၏ လေလမ်းစဉ်ဥပဒေသ မူလစွမ်းအားကို မြင့်တင်ပေးနိုင်သည့် ဆေးလုံးအမျိုးအစား ဖြစ်သည်။
သူသာ ဒြပ်စင်သုံးပါး အနန္တလေဆေးလုံးကို သန့်စင်ပြီး သူ၏ လေလမ်းစဉ်ဥပဒေသ မူလစွမ်းအားကို တိုးတက်စေခဲ့မည်ဆိုလျှင် သိပ်မကြာခင် အချိန်အတွင်း သူ၏ လေလမ်းစဉ်ဥပဒေသ မူလစွမ်းအားသည် ပြီးပြည့်စုံသော အခြေအနေသို့ ရောက်ရှိသွားမည်မှာ သေချာ၏။
အခန်း(၁၇၂၁)ပြီး၏။
အခန်း(၁၇၂၂)
အနက်ရောင် ဟင်းလင်းပြင်လှေသည် ထာဝရ ဟင်းလင်းပြင်ထဲတွင် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ဖြတ်သန်းနေခဲ့သည်။
လှေ၏ ဗဟိုတွင် ပေ၂၀ ပတ်လည်ပင် မပြည့်သော အခန်းငယ်တစ်ခု ပါရှိ၏။
ကျန်းချန်က အခန်း၏ အလယ်တွင် တင်ပျဥ်ခွေ၍ ထိုင်ကာ သူ၏ အရှေ့ရှိ ဆေးမီးဖိုးကို ဆန်းကြယ်သော လက်ဟန်များဖြင့် ကျင်လည်စွာ ထိန်းချုပ်ကာ ဒြပ်စင်သုံးပါး အနန္တလေဆေးလုံးကို အာရုံစူးစိုက်၍ သန့်စင်နေခဲ့သည်။
စတုတ္ထအဆင့် နတ်ဆေးလုံး (ဝါ) ကောင်းကင်နတ်ဘုရားအဆင့်ဆေးလုံး ဖြစ်၍ ဒြပ်စင်သုံးပါး အနန္တနတ်ဆေးလုံးသည် စတုတ္ထအဆင့်အောက်ရှိ ဆေးဝါးများထက် သန့်စင်ရန် ပိုမို ခက်ခဲသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
ကျန်းချန်သည် တစ်ရက်လျှင် သုံးခါသာ သန့်စင်နိုင်ခဲ့ပြီး ဆေးလုံးခွဲနည်းစနစ်ကို အသုံးပြု၍ ဆေးမီးဖိုတစ်ဖိုလျှင် ဆေးလုံး၃လုံး ထုတ်လိုက်နိုင်သောကြောင့် တစ်ရက်လျှင် ဆေးလုံး စုစုပေါင်း ၉လုံးကို ရရှိခဲ့သည်။
သို့သော်လည်း ထိုကဲ့သို့ အရှိန်အဟုန်သည် သာမန် ပထမအဆင့် နတ်အဂ္ဂိရတ်သခင်များနှင့် ယှဥ်လျှင် အလွန်တရာကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။
များသောအားဖြင့် ပထမအဆင့် နတ်အဂ္ဂိရတ်သခင်သည် တစ်နေ့လုံး အချိန်ယူလျှင်ပင် ထိုကဲ့သို့သော ဆေးလုံးတစ်လုံးကို သန့်စင်နိုင်ချင်မှ သန့်စင်နိုင်ပေလိမ့်မည်။
အနက်ရောင်လှေ၏ နေရာက ကျယ်ဝန်းမှု မရှိသောကြောင့် ကျန်းချန်သည် ဒြပ်စင်သုံးပါး အနန္တနတ်ဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီးတိုင်းတွင် ဆေးလုံး၏ ရနံ့သည် လှေတစ်စီးလုံးကို လွှမ်းခြုံသွားခဲ့သည်။
ကျန်းချန်၏ အခန်းမှ ရံဖန်ရံခါ ထွက်ပေါ်လာသော ဆေးရနံ့ကို ခံစားမိလျှင် ကျူးရှင်းယွီနှင့် အခြားသူများသည် အံ့သြတုန်လှုပ်သွားခဲ့ကြ၏။
"အစ်ကိုကျန်းချန်က မထင်မှတ်ဘဲ အဂ္ဂိရတ်သခင်တစ်ယောက်လည်း ဖြစ်နေတာလား"
ကျူးရှင်းယွီက ကျန်းချန် နေထိုင်သည့်အခန်းကို ငေးကြည့်နေရင်း ခဏအကြာမှသာ သတိပြန်ဝင်လာခဲ့သည်။
ရွှေရောင်ဝတ်စုံဝတ် အဘိုးအို ကျူးချင်းက အသက်ကိုခပ်ပြင်းပြင်း ရှူလိုက်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"သူ့ရဲ့ အဂ္ဂိရတ်သခင်အဆင့်အတန်းက မနိမ့်လောက်ဘူး.. ဆေးလုံးကနေ ထွက်ပေါ်လာတဲ့ စွမ်းအင်အရ သူသန့်စင်ထားတာက အနည်းဆုံး ကောင်းကင်နတ်ဘုရားအဆင့် ဆေးလုံး ဖြစ်လောက်တယ်"
"အစ်ကိုကျန်းချန်က ကောင်းကင်နတ်ဘုရားအဆင့် ဆေးလုံးကိုတောင် သန့်စင်နိုင်တယ်လား"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားကိုကြားလျှင် ကျူးရှင်းယွီသည် တုန်လှုပ်သွားခဲ့သည်။
ကောင်းကင်နတ်ဘုရားအဆင့် ဆေးလုံးကို သန့်စင်နိုင်သော အဓိပ္ပါယ်သည် ကျန်းချန်က အနည်းဆုံး စတုတ္ထအဆင့်နတ်အဂ္ဂိရတ်သခင် ဖြစ်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
သူမထက် အသက် သိပ်မကြီးသော လူငယ်တစ်ဦးသည် ကိုယ်ခံပညာစွမ်းရည်တွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေခဲ့ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်များကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော စွမ်းရည်ရှိရုံသာမက အဂ္ဂိရတ်ပညာရပ်တွင်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းတွင် ရှိနေခဲ့သည်။
ကျန်းချန်နှင့် နှိုင်းယှဥ်လျှင် သူမ ယခင်က မြင်တွေ့ခဲ့ဖူးသော ပါရမီရှင်ဟု ခေါ်ဆိုသူများသည် အမှိုက်ထက်ပင် နိမ့်ကျနေခဲ့သည်။
"ဒီလူငယ်က သာမန် မဟုတ်လောက်ဘူး"
ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုက ကျန်းချန်၏ အခန်းကို စိုက်ကြည့်ရင်း စိတ်ထဲကနေ ရေရွတ်မိလိုက်သည်။
ဤကောင်လေးသည် အဂ္ဂိရတ်ပညာရပ်နှင့် ကိုယ်ခံပညာရပ်နှစ်မျိုးလုံးတွင် ပါရမီအလွန်အမင်း ထူးချွန်နေ၍ သူ၏ ဇစ်မြစ်သည် သာမန်မဟုတ်သည်မှာ သေချာသလောက်ပင်။
ဤနေရာပတ်ဝန်းကျင်ရှိ နယ်မြေငယ်လေးကို မပြောနှင့်၊ မဟာမြေရိုင်းနယ်မြေရှိ အထွတ်အထိပ် အင်အားစုများမှာပင် ထိုကဲ့သို့သော ပါရမီရှင်ကို အလွယ်တကူ မွေးထုတ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း ထိုကောင်လေးသည် ထာဝရဟင်းလင်းပြင်အကြောင်းကို နားမလည်သည်မှာ သေချာ၏။
သို့ဖြစ်ရာ အထွတ်အထိပ်နယ်မြေမှ လာသည့် ကျင့်ကြံသူ တစ်ဦး မဟုတ်ဘဲ ဇာတ်မြှုပ်နေသည့် နယ်မြေနတ်ဘုရားအဆင့်ကျင့်ကြံသူ တစ်ဦး၏ တပည့်သစ်တစ်ဦး ဖြစ်လောက်သည်။
ကျန်းချန်ကဲ့သို့ အလွန်တရာ အစွမ်းထက်သော ပါရမီရှင်ကို မွေးထုတ်နိုင်သူသည် အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့် ဖြစ်မည်ဟု သူခန့်မှန်းခဲ့သည်။
ဆိုရလျှင် နယ်မြေနတ်ဘုရားအဆင့် အထက်မှ ပုဂ္ဂိုလ်သည်ပင် ဖြစ်နိုင်ချေရှိ၏။
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုနှင့် အခြားသူများသည် ကျန်းချန်နှင့်ပတ်သက်၍ အံ့သြတုန်လှုပ်နေကြစဥ်တွင် ကျန်းချန်သည် အပြင်ဘက်မှ ကိစ္စများကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး အခန်းထဲတွင်သာ ဒြပ်စင်သုံးပါး အနန္တနတ်ဆေးလုံးကို ဆက်လက် သန့်စင်နေခဲ့သည်။
၁၀ရက် ဆက်တိုက် သန့်စင်ပြီးနောက်တွင် ကျန်းချန်သည် ဒြပ်စင်သုံးပါး အနန္တလေဆေးလုံး စုစုပေါင်း ၈၇လုံးကို ရရှိခဲ့သည်။
ဆေးမီးဖို၃၀အနက် ဆေးမီးဖို တစ်ဖိုသာလျှင် ချွတ်ချော်ခဲ့ပြီး ကျန်ရှိသော ဆေးမီးဖို ၂၉ဖိုသည် ခြွင်းချက်မရှိ အောင်မြင်ခဲ့၏။
ကျန်းချန်က ဒြပ်စင်သုံးပါး အနန္တလေဆေးလုံးကို အောင်မြင်စွာ သန့်စင်ပြီးနောက်တွင် အဂ္ဂိရတ် လုပ်ဆောင်ခြင်းကို ခဏနားလိုက်ပြီး ဆေးလုံးအားလုံးကို တစ်ခါတည်း မျိုချလိုက်သည်။
ထို့ကြောင့် ကျန်းချန်၏ အဂ္ဂိရတ်အဆင့်နှင့် လေလမ်းစဥ်ဥပဒေသ မူလစွမ်းအားသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
အထူးသဖြင့် လေလမ်းစဥ် ဥပဒေသ မူလစွမ်းအားသည် ၉၀ ရာခိုင်နှုန်းကျော်ခန့် တိုးတက်လာခဲ့ရာ ပြီးပြည့်စုံသောအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။
"ဒီအတိုင်းဆို သိပ်မကြာခင်မှာ လေလမ်းစဥ်ဥပဒေသ မူလစွမ်းအားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်တော့မယ်ထင်တယ်"
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူက ဆေးဝါးများကို ဆက်လက် သန့်စင်ပြီး လေလမ်းစဥ်ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိရန် ကြိုးစားနေချိန်မှာပင် ကျူးရှင်းယွီသည် ကျီလင်နယ်မြေကို ရောက်ရှိတော့မည်ဟု သူ့ကို လာရောက် သတင်းပို့ခဲ့သည်။
ကျန်းချန်က အခန်းထဲမှ ထွက်ကာ ကျူးရှင်းယွီနှင့်အတူ ကျီလင်နယ်မြေကို အကဲခတ်လိုက်သည်။
ထိုအခါ ထာဝရ ဟင်းလင်းပြင်ကနေ ဝေးလံသောအရပ်တွင် ခရမ်းရောင် အလင်းများဖြင့် ဝန်းရံနေသော နယ်မြေတစ်ခုကို တွေ့လိုက်ရသည်။
ထိုနယ်မြေသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ခရမ်းရောင် ယူနီကွန်းတစ်ကောင်နှင့် ဆင်တူပြီး အထူးပင် ခမ်းနားထည်ဝါလှ၏။
မဟာမြေရိုင်းနယ်မြေသို့ သွားရန် ပထမဆုံး ဖြတ်သန်းရမည့်နယ်မြေမှာ ကျီလင်နယ်မြေပင် ဖြစ်သည်။
ဤသို့ဖြင့် အနက်ရောင်လှေသည် ကျီလင်နယ်မြေ ဆီသို့ တဖြည်းဖြည်းနီးကပ်လာခဲ့သည်။
သူတို့က ကျီလင်နယ်မြေနှင့် သိမ်မဝေးတော့ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ကျန်းချန်တို့ လူစုသည် ကျီလင်နယ်မြေ၏ နယ်နိမိတ်ကို ရောက်ရှိရန် နေ့တစ်ဝက်ခန့်အချိန်ယူခဲ့ရသည်။
ဟင်းလင်းပြင်လှေသည် အထူး သတ္တုပစ္စည်းများဖြင့် ပြုလုပ်ထား၍ နယ်နိမိတ် အတားအဆီးကို တိုက်ရိုက် ဖြတ်ကျော်နိုင်သော စွမ်းရည်ရှိရာ ကျန်းချန်တို့ လူစုသည် လှေပေါ်ကနေ ဆင်းရန် မလိုအပ်ခဲ့ပေ။
မကြာမီမှာပင် ကျန်းချန်တို့ စီးနင်းလာသည့် အနက်ရောင်လှေသည် ကျီလင်နယ်မြေ၏ နယ်နိမိတ် အပြင်ဘက်ရှိ ခရမ်းရောင် အလင်းပေါက်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
လှေက ခရမ်းရောင် အလင်းပေါက်ဖြင့် ထိတွေ့မိသည်နှင့်တစ်ပြိုင်နက် ခရမ်းရောင် အလင်းပေါက်၏ မျက်နှာပြင်ပေါ်တွင် သေးငယ်လှပသော မီးဖွားများ ဖွာခနဲ ထွက်ပေါ်လာခဲ့၏။
သို့သော်လည်း အနက်ရောင်လှေသည် မည်သည့်အတားအဆီးကိုမှ မတွေ့ရဘဲ ကျန်းချန်တို့ကို ကျီလင်နယ်မြေဆီသို့ ခေါ်ဆောင်လာခဲ့သည်။
"ဒီနေရာမှာရှိတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်က ရှေးဟောင်းနဂါးကုန်းမြေနဲ့ သွေးလမင်းကုန်းမြေထက် တစ်ဆင့် ပိုမြင့်နေတယ်.. ကြည့်ရတာ ကျီလင်နယ်မြေရဲ့စွမ်းအားက ရှေးဟောင်းနဂါးကုန်းမြေထက် အများကြီး ပိုမို အားကောင်းတဲ့ပုံပဲ"
ကျီလင်နယ်မြေ၏ ကြွယ်ဝသော စွမ်းအင်ကို ခံစားမိလျှင် စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် နံဘေးရှိ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို လှည့်ကြည့်ကာ မေးလိုက်သည်။
"အကြီးအကဲကျူး.. ကျီလင်နယ်မြေမှာ ကျီလင်ဂိုဏ်းလို့ ခေါ်တဲ့ အင်အားစုတစ်စုကို အကြီးအကဲ ကြားဖူးလား"
သူက ရှေးဟောင်းနဂါး ကုန်းမြေ၏ မြောက်ပိုင်းဒေသတွင် ကျီယွင်ဂိုဏ်းမှ တပည့်တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။
ထိုကျီယွင်ဂိုဏ်းမှ တပည့်တစ်ဦးသည် အလွန် အစွမ်းထက်သည့်အပြင် နယ်မြေနတ်ဘုရား အမိန့်ပြန်တမ်းကို ပိုင်ဆိုင်ထားပြီး နယ်မြေနတ်ဘုရား အင်အားစုမှ ဖြစ်ဖွယ်ရှိသည်။
ယခု ကျီလင်နယ်မြေကို ဖြတ်သန်းရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန်အတွက် သူ့အနေဖြင့် သတိထားရမည် ဖြစ်ပြီး ကျီယွင်ဂိုဏ်းကို တတ်နိုင်သမျှ ရှောင်ရှားရန် ကြိုးစားရမည် ဖြစ်သည်။
"ကျီလင်နယ်မြေက ပတ်ဝန်းကျင် နယ်မြေတွေကြားမှာ အားကောင်းတဲ့ နယ်မြေတစ်ခုပဲ"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ပြုံး၍ ရှင်းပြလိုက်သည်။
"မင်းပြောတဲ့ ကျီယွင်ဂိုဏ်းက ကျီလင်နယ်မြေရဲ့ နယ်မြေနတ်ဘုရားအဆင့် အင်အားစု နှစ်ခုထဲက တစ်ခုပဲ"
ထိုစကားကိုကြားလျှင် ကျန်းချန်က အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။
ကျီလင်နယ်မြေတွင် နယ်မြေ နတ်ဘုရား အဆင့် အင်အားစုနှစ်ခု ရှိ၍ ကျီလင်နယ်မြေ၏ စွမ်းအားသည် ရှေးဟောင်းနဂါးကုန်းမြေစုထက် တစ်ဆင့် မြင့်မားသည်မှာ သေချာ၏။
"တကယ်တော့ နတ်ဘုရားနယ်မြေရဲ့ နယ်မြေတွေ အင်အားချင်း မတူညီရတာက အကြောင်းရင်းရှိတယ်.. ငါတို့ ရောက်ရှိနေတဲ့နေရာက နတ်ဘုရားနယ်မြေရဲ့ တောင်ဘက်မှာရှိတဲ့ အစွန်အဖျားဒေသပဲ.. ဒီကနေ မြောက်ဘက်နယ်မြေကို သွားမယ်ဆိုရင် ချွတ်ချော်မှု မရှိသရွေ့ နတ်ဘုရားနယ်မြေရဲ့ဗဟိုနယ်မြေနဲ့ နီးကပ်လာလေလေ စွမ်းအားက ပိုပြီး သန်မာလေလေ ဖြစ်လာလိမ့်မယ်"
ကျန်းချန်က စိတ်ထဲတွင် တွေးတောနေစဥ်မှာပင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အံ့အားသင့်ကာ မေးခွန်းထုတ်လိုက်သည်။
"အဲဒါ ဘယ်လိုကြောင့်လဲဆိုတာ ကျွန်တော့်ကို ရှင်းပြလို့ရမလား"
ထိုစကားကိုကြားလျှင် နံဘေးရှိ ကျူးရှင်းယွီက ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။
"နတ်ဘုရားနယ်မြေက ရှေးခေတ်က ကြီးမားတဲ့ ကုန်းမြေ တိုက်ကြီးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာ အစ်ကိုကျန်းချန် သိမယ်လို့ ထင်ပါတယ်"
"အင်း အဲဒါကိုတော့ ငါသိထားတယ်"
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
"ဒဏ္ဍာရီအရတော့ နတ်ဘုရားနယ်မြေက ကြီးမားတဲ့အပြောင်းအလဲကို ခံခဲ့ရပြီး ကွဲကြေသွားတဲ့ အတွက် နတ်ဘုရားနယ်မြေ ၃၀၀၀ကို ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုကြတယ်"
အခန်း(၁၇၂၂)ပြီး၏။