အခန်း (၁၇၂၃-၁၇၂၅)
Vol. 115 Ch. 1723-1725
အခန်း(၁၇၂၃)
ကျန်းချန်သည် နတ်ဘုရားနယ်မြေသို့ ရောက်ရှိသည်မှာ ၁၀နှစ်ကြာ ရှိပြီဖြစ်သည်။
ဤနှစ်များတစ်လျှောက်တွင် သူသည် ရှေးဟောင်းနဂါးမျိုးနွယ်စုတွင် နတ်ဘုရားနယ်မြေနှင့် ပတ်သက်သည့် မှတ်တမ်းတချို့ကို ဖတ်ရှုခဲ့ဖူး၏။
ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေသည် ပြီးပြည့်စုံသော ကုန်းမြေတိုက်တစ်ခု ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် နတ်ဘုရားနယ်မြေက ကွဲကြေသွားခဲ့ပြီး ယခုကဲ့သို့ ကမ္ဘာအသစ် တစ်ခုအသွင် ဖြစ်သွားခဲ့သည်။
ကမ္ဘာသစ်တွင် အဓိကအားဖြင့် ပုံစံနှစ်မျိုး ရှိ၏။
ပထမတစ်မျိုးမှာ အဆုံးမဲ့ ထာဝရဟင်းလင်းပြင် ဖြစ်ပြီး ထိုနေရာတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများက အလွန်ပါးလွှာ၏။
ထိုနေရာက လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ် သတ္တဝါများ မွေးဖွားခြင်းမှအပ မည်သည့်မျိုးနွယ်စု အတွက်မှ ရှင်သန်ရန် မသင့်တော်ပေ။
ဒုတိယတစ်မျိုးမှာ ကြီးမားသော နယ်မြေများနှင့် သေးငယ်သော နယ်မြေလေးများ ဖြစ်ပြီး ၎င်းတို့ကို နတ်ဘုရားနယ်မြေ၏ နယ်မြေ ၃၀၀၀ ဟုလည်း ခေါ်ဆိုကြသည်။
ဤနယ်မြေများသည် လူသားများနှင့် သက်ရှိအားလုံး၏ နေထိုင်ရာနေရာဖြစ်ပြီး ခမ်းနားသော ယဥ်ကျေးမှုကို မွေးဖွားခဲ့သည်။
ကျူးရှင်းယွီက ပြုံး၍ ရှင်းပြလိုက်၏။
"ရှေးခေတ်ကာလမှာ ကောင်းကင်နဲ့ မြေကြီးက ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ခဲ့ပြီး ထာဝရဟင်းလင်းပြင် ပေါ်ထွက်လာခဲ့တယ်.. နတ်ဘုရားနယ်မြေက ပြိုကွဲသွားခဲ့ပြီး ဘီလီယံနဲ့ ချီတဲ့ ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားခဲ့တယ်.. နတ်ဘုရားနယ်မြေကနေ ကွဲထွက်သွားတဲ့ ဖုန်မှုန့်အသီးသီးက နယ်မြေတွေဖြစ်လာခဲ့ပြီး အဲဒါကို နတ်ဘုရားနယ်မြေ ၃၀၀၀လို့ ခေါ်ဆိုကြတယ်.. နတ်ဘုရားနယ်မြေ ပျက်စီးတဲ့အခါမှာ ပိုမိုသေးငယ်တဲ့ဖုန်မှု့န်တွေက ပိုဝေးဝေးကို လွင့်စင်သွားတယ်လို့ ဆိုကြတယ်.. နတ်ဘုရားနယ်မြေရဲ့ ဗဟိုနဲ့ ပိုပြီးဝေးသွားလေလေ ကောင်းကင်ဥပဒေသရဲ့လွှမ်းခြုံမှုက ပိုလို့တောင် အားနည်းလာပြီး စွမ်းအားတွေလည်း ကျဆင်းသွားကြတယ်.. ဆန့်ကျင်ဘက်အားဖြင့်တော့ ပိုမိုကြီးမားတဲ့ ဖုန်မှုန့်အချို့က နတ်ဘုရားနယ်မြေရဲ့ ဗဟိုနဲ့ ပိုမို နီးကပ်တဲ့အတွက် အထွတ်အထိပ် နယ်မြေတွေ ဖြစ်လာခဲ့တယ်"
"လက်စသတ်တော့ ဒီလိုကိုး"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
နတ်ဘုရားနယ်မြေ၏ လက်ရှိအခြေအနေသည် မြို့ကြီးတစ်မြို့နှင့်ဆင်တူသည်။
မြို့စွန်ဧရိယာနှင့် နီးကပ်လေလေ၊ အခြေအနေက ပို၍ ဆိုးရွားလေလေ ဖြစ်ပြီး ထိုနေရာတွင် နေထိုင်သောသူများသည် အဆင့်အတန်း နိမ့်ကျသော သူများ ဖြစ်ကြသည်။
မြို့၏ ဗဟိုနှင့် ပိုမို နီးကပ်လာလျှင်မူ ပိုမို ဖွံ့ဖြိုး စည်းကားလေ ဖြစ်ပြီး နေထိုင်သူများ၏ အဆင့်အတန်းသည် ပိုမို၍ အဆင့်မြင့်လာကြသည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ထိုအကြောင်းကို တွေးတောခြင်းအား ရပ်တန့်လိုက်သည်။
သူက အနည်းငယ် စဥ်းစားလိုက်ပြီးမှ ကျူးရှင်းယွီကို ကြည့်ကာ မေးလိုက်သည်။
"ငါတို့ ကျီယွင်ဂိုဏ်းကို ရှောင်ရှားဖို့ ဘယ်လိုသွားရင် ကောင်းမလဲ"
ကျူးရှင်းယွီနှင့် ကျူးချင်းတို့သည် ကျန်းချန်၏ စကားကိုကြားလျှင် အနည်းငယ်အံ့အားသင့်သွားကြသည်။
သူတို့ရှေ့မှ လူငယ်သည် ကျီယွင်ဂိုဏ်းနှင့် ပတ်သက်မှုရှိနေပုံရ၏။
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ကျီလင်နယ်မြေရဲ့ နယ်မြေနတ်ဘုရားအဆင့် အင်အားစုနှစ်ခုက တောင်အရပ်နဲ့ မြောက်အရပ်မှာ တည်ရှိပြီး သူတို့ရဲ့ကြားမှာ နယ်နိမိတ်စည်း သတ်မှတ်ထားတယ်.. တောင်ပိုင်းဒေသကို ကျီယွင်ဂိုဏ်းက ထိန်းချုပ်ထားပြီး အခု ငါတို့ရောက်ရှိနေတဲ့ နေရာက တကယ်တော့ ကျီယွင်ဂိုဏ်းရဲ့ နယ်မြေပေါ်မှာပဲ"
"အကြီးအကဲကျူး.. ပွင့်ပွင့်လင်းလင်းပြောရရင် သိပ်မကြာသေးခင်က ကျွန်တော် ကျီယွင်ဂိုဏ်းရဲ့ ပါရမီရှင်တပည့်ကို သတ်ဖြတ်ခဲ့တယ်.. ကျွန်တော်နဲ့အတူ ရှိနေရင် အကြီးအကဲတို့ကိုပါ ဒုက္ခပေးမိမှာ စိုးရိမ်မိတယ် အခု ကျီလင်နယ်မြေကို ရောက်နေပြီ ဆိုတော့ အကြီးအကဲတို့ ကျွန်တော်နဲ့ လမ်းခွဲချင်ရင် လမ်းခွဲလို့ ရပါတယ်"
ကျန်းချန်က ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို ပြောလိုက်သည်။
သူ နှင်းနတ်ဘုရားနန်းတော်တွင် သတ်ဖြတ်ခဲ့သော လုရှင်းယွီသည် ကျီယွင်ဂိုဏ်းမှ ခေါင်းဆောင်၏ တပည့် ဖြစ်နိုင်ခြေ အလွန်များသည်။
ယခု ကျီယွင်ဂိုဏ်း၏ နယ်မြေသို့ ဝင်ရောက်လာခြင်း ဖြစ်ရာ အခြေအနေမှာ မှန်းဆ၍ မရပေ။
ရွှေရောင်ဝတ်ရုံဝတ် အကြီးအကဲတို့ လူစုသာ သူနှင့် ဆက်လက် ခရီးဆက်နေမည် ဆိုလျှင် ဘေးအန္တရာယ်များ ကျရောက်လာနိုင်သည် မဟုတ်ပါလော။
ကျန်းချန်က ၎င်းတို့ကို သူ၏ ကိစ္စတွင် ပါဝင်ပတ်သက်စေလိုခြင်း မရှိခဲ့ပေ။
ထို့အပြင် သူတစ်ယောက်တည်းသာဆိုလျှင် ကျီယွင်ဂိုဏ်းနှင့် ထိပ်တိုက် ရင်ဆိုင်ရသည့်တိုင် အလွန်အမင်း ကြောက်နေစရာမလိုအပ်ချေ။
သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်သည် နယ်မြေနတ်ဘုရားအဆင့် မဟုတ်သော်လည်း ကောင်းကင်နတ်ဘုရား ဆဋ္ဌမအဆင့် ကျင့်ကြံသူပင်လျှင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပေ။
"အစ်ကိုကျန်းချန်.. ကျွန်မတို့ကို သေရမှာကြောက်တဲ့ လူစားမျိုးများ မှတ်နေလား.. အစ်ကိုကျန်းချန်သာ မကူညီခဲ့ရင် ကျွန်မတို့အနေနဲ့ ကျီလင်နယ်မြေကိုတောင် လုံလုံခြုံခြုံ ရောက်ရှိနိုင်မှာ မဟုတ်ဘူး"
ကျူးရှင်းယွီ၏ မျက်နှာထက်တွင် ပြတ်သားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
"ကျွန်မတို့က အကိုကျန်းချန်နဲ့ အတူတူ ခရီးဆက်ဖို့ ဆန္ဒရှိပါတယ်.. အန္တရာယ်နဲ့ကြုံရမယ်ဆိုတာနဲ့ပဲ ထွက်သွားမှာ မဟုတ်ဘူး"
"မိတ်ဆွေလေးကျန်းချန်.. သခင်မလေးပြောတာ အမှန်ပဲ.. ငါတို့တွေ အတူတူပဲ ခရီးဆက်ရအောင်.. ဒါမှပဲ ငါတို့တွေတစ်ယောက်ကို တစ်ယောက် ဂရုစိုက်နိုင်လိမ့်မယ်.. ကျီလင်နယ်မြေရဲ့တောင်ပိုင်းကို ကျီယွင်နယ်မြေက ထိန်းချုပ်ထားတယ်ဆိုပေမဲ့ ငါတို့ နည်းနည်းလောက် သတိထားရင် အဆင်ပြေလောက်ပါတယ်.. ဒီထက် ပိုအရေးကြီးတဲ့ အချက်က ကျီယွင်နယ်မြေက အခုလတ်တလောမှာ အခြေအနေတွေရှုပ်ထွေးနေတယ်.. ကျီယွင်ဂိုဏ်းက မြောက်ပိုင်းက ချီလင်ဂိုဏ်းနဲ့ တိုက်ပွဲမှာ အထိနာခဲ့တယ်လို့ ဆိုကြတယ်.. ဒါကြောင့် ကျီယွင်ဂိုဏ်း အနေနဲ့ တခြားကိစ္စတွေကို အာရုံစိုက်နိုင်မှာ မဟုတ်လောက်ဘူး"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်သည် ကျီယွင်ဂိုဏ်းမှ ပါရမီရှင်တပည့်ကို သတ်ဖြတ်ခဲ့သော်လည်း ကျီယွင်နယ်မြေတွင် မသတ်ခဲ့သည်မှာ ထင်ရှား၏။
ထို့ကြောင့် ကျီယွင်ဂိုဏ်းပင်လျှင် သူတို့ဂိုဏ်း၏ တပည့်ကို သတ်ဖြတ်ခဲ့သူမှာ မည်သူမည်ဝါမှန်း ရှင်းရှင်းလင်းလင်း သိနိုင်မည် မဟုတ်ပေ။
ထို့အပြင် သူတို့၏ အခြေအနေသည် ကျန်းချန်ထက်ပင် ပိုကောင်းချင်မှ ကောင်းပေလိမ့်မည်။
ထာဝရဟင်းလင်းပြင်တွင် သူတို့ တွေ့ကြုံခဲ့ရသည့် ဟင်းလင်းပြင်ဓားပြများသည် သူတို့ ကျူးမိသားစု၏ ပြိုင်ဘက်များက သူတို့ကို ဟန့်တားရန်အတွက် ငှားရမ်းထားသည်မှာ ထင်ရှား၏။
(ယခင်က bamboo familyကို ဝါးမိသားစုလို့ ဘာသာပြန်ထားတာကို ကျူးမိသားစုလို့ ပြောင်းလဲဘာသာပြန်ပါမည်)
ကျူးမိသားစု၏ ပြိုင်ဘက်က ဟင်းလင်းပြင်ဓားပြများကို သူတို့အား ဟန့်တားခိုင်းကာ ကျူးရှင်းယွီအား ပြန်ပေးဆွဲရန် ကြံစည်ရဲသဖြင့် ဤကျီလင်နယ်မြေတွင်လည်း သူတို့နှင်ပတ်သက်သည့် အစီအစဥ်များ ချမှတ်ထားနိုင်ခြေ ရှိသည်။
မည်သို့ပင်ဖြစ်စေ ကျီလင်နယ်မြေသည် မဟာမြေရိုင်းနယ်မြေကို သွားရန်အတွက် သူတို့ မဖြစ်မနေ ဖြတ်သန်းရမည့် နေရာဖြစ်၏။
ထို့ကြောင့် ကျန်းချန်နှင့် ကျီယွင်ဂိုဏ်းတို့ ကြားတွင် ပြဿနာများ ရှိနေသော်လည်း ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ကျန်းချန်နှင့်အတူ ရှိနေသည်က သူတို့အတွက် ပိုမိုလုံခြုံသည်ဟု ယူဆခဲ့သည်။
"ဒီလိုဆိုရင် အခုချက်ချင်း ခရီးဆက်ပြီး ကျီယွင်ဂိုဏ်းရဲ့နယ်မြေကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြရအောင်"
ကျန်းချန်က ပြောဆို ဆွေးနွေးပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကို ပြောလိုက်သည်။
သူက ထာဝရဟင်းလင်းပြင်တွင် ခရီးသွားသည့် အတွေ့အကြုံ အလွန်တရာ နည်းပါးသည်။
သူတစ်ယောက်တည်း ခရီးသွားနေလျှင် လမ်းလွဲများသို့ ရောက်သွားနိုင်ခြေ ရှိ၏။
သို့ရာတွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုကမူ အတွေ့အကြုံအလွန်တရာ ကြွယ်ဝသည်။
၎င်းတို့ဖြင့်သာ အတူတူ ခရီးဆက်မည်ဆိုလျှင် နောင်လာမည့်ခရီးစဥ်တွင် သူ၏ဒုက္ခကို များစွာ သက်သာစေလိမ့်မည် မဟုတ်ပါလား။
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ခေါင်းညိတ်လိုက်ပြီး ကျီလင်နယ်မြေ၏ မြောက်ဘက်အရပ် ဆီသို့ အနက်ရောင်လှေကို လျင်မြန်စွာ ရွေ့လျားစေခဲ့သည်။
ကျီလင်နယ်မြေ၏ တောင်ဘက်ရှိ ကျီယွင်နယ်မြေကနေ မြောက်ဘက်ရှိ ချီလင်နယ်မြေသို့ သွားရန် အဓိက လမ်းနှစ်သွယ်ရှိသည်။
ထိုအထဲမှ တစ်လမ်းမှာ ကျီယွင်ဂိုဏ်း၏ အနီးအနားကနေ ဖြတ်သန်းရမည် ဖြစ်၍ ကျန်းချန်တို့သည် ထိုလမ်းကနေ သွားရန် စွန့်လွှတ်လိုက်သည်။
နောက်တစ်လမ်းကမူ ကျီယွင်ဂိုဏ်းနှင့် အနည်းငယ်လှမ်းသည့် ကျီရှောင်နိုင်ငံကနေ ဖြတ်သန်းသွားရန် ဖြစ်သည်။
ကျန်းချန်တို့ လူစုသည် နေ့ရောညပါ အထူး သတိထား၍ ခရီးဆက်ခဲ့ပြီး အလျင်စလို သွားခဲ့ကြသည်။
လဝက်ခန့် ကြာပြီးနောက်တွင် သူတို့အဖွဲ့သည် အဆုံးသတ်၌ ကျီလင်နယ်မြေ၏ တစ်ဝက်ခန့်ကို ဖြတ်သန်းကာ ကျီရှောင်နိုင်ငံ၏ တောင်ဘက်အရပ်ရှိ မြို့ဂိတ်သို့ ရောက်ရှိလာခဲ့သည်။
"နောက်ဆုံးတော့ ကျီရှောင်နိုင်ငံရဲ့ တောင်ဘက်မြို့ဂိတ်ကို ရောက်လာခဲ့ပြီ"
ကျန်းချန်က မည်သည့် အတားအဆီးကိုမှ မကြုံရဘဲ ရောက်ရှိလာ၍ သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ကျီယွင်ဂိုဏ်းမှ နယ်မြေ နတ်ဘုရားသည် သူက လုရှင်းယွီကို သတ်ခဲ့သူ ဖြစ်ကြောင်း သိမသိ အသေအချာ မသိသော်လည်း သူ့အနေဖြင့် အလေးအနက် ထားရပေလိမ့်မည်။
မည်သို့ပင် ဖြစ်စေကာမူ ကျီယွင်ဂိုဏ်းသည် ရှေးဟောင်းနဂါးမျိုးနွယ်စုထက် အနည်းငယ် ပိုမို အားကောင်းသော နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သည်။
ယခုတစ်ချိန်တွင် ကျန်းချန်သည် ကျီလင်နယ်မြေကို ဖြတ်သန်းရုံသာ ဖြစ်၍ ကျီယွင်ဂိုဏ်းနှင့် ပဋိပက္ခ ဖြစ်ပွားမည်ကို မလိုလားခဲ့ပေ။
ယခုအခါတွင် သူသည် ကျီယွင်ဂိုဏ်း၏ သြဇာလွှမ်းမိုးမှုကနေ လွတ်မြောက်ရန် ကျီရှောင်နိုင်ငံ၏ တောင်ဘက် မြို့ဂိတ်ကိုပင် ရောက်ရှိလာခဲ့ချေပြီ။
ကျီရှောင်နိုင်ငံကို ဖြတ်သန်းကာ ချီလင်ဂိုဏ်း၏ နယ်မြေထဲသို့ ဝင်ရောက်နိုင်သရွေ့ သူက ကျီယွင်ဂိုဏ်းကို စိတ်ပူစရာ မလိုတော့ပေ။
"သွားကြစို့.. ကျီရှောင်နိုင်ငံကို တတ်နိုင်သမျှ အမြန်ဆုံးဖြတ်သန်းပြီး ချီလင်ဂိုဏ်းရဲ့ နယ်မြေထဲ ဝင်ရောက်ဖို့ ကြိုးစားကြတာပေါ့"
ကျန်းချန်က ပြုံး၍ ပြောဆိုလိုက်သည်။
မကြာသေးမီနှစ်များအတွင်း တောင်ပိုင်းရှိ ကျီယွင်ဂိုဏ်းနယ်မြေမှ ကျီရှောင်နိုင်ငံ နှင့်မြောက်ပိုင်းရှိ ချီလင်ဂိုဏ်းနယ်မြေမှ ထျန်းလင်နိုင်ငံတို့၏ အခြေအနေသည် ပိုမို၍ တင်းမာလာခဲ့သည်။
ထို နှစ်နိုင်ငံက တောင်ပိုင်းနှင့် မြောက်ပိုင်းကို ကန့်သတ်ထားသော နယ်စပ် နိုင်ငံများ ဖြစ်ကြ၍ မကြာခဏ ပွတ်တိုက်မှု ရှိခဲ့၏။
ထို့ကြောင့် ကျီရှောင်နိုင်ငံ၏ မြို့အားလုံးသည် အမြဲတစေ စစ်အုပ်ချုပ်ရေး အောက်တွင် ရှိနေခဲ့သည်။
သို့ဖြစ်၍ ကျီရှောင်နိုင်ငံထဲသို့ ဝင်ရောက်လာသူတိုင်းသည် တင်းကျပ်သော စစ်ဆေးမှုကို ခံယူရမည် ဖြစ်၏။
သို့ရာတွင် သူတို့က တောင်ဘက်မြို့ဂိတ်သို့ ရောက်ရှိချိန်တွင် ဂိတ်ပေါက်ရှိ အစောင့် ၁၀ဦးကျော်သည် ကျန်းချန်တို့ လူစုကို အသေအချာ အကဲခတ်နေခဲ့သည်။
သိပ်မကြာခင်မှာပင် ၎င်းတို့၏ အမူအရာများသည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
အစောင့်၁၀ဦးကျော်သည် သတ်ဖြတ်လိုသော အမူအရာများဖြင့် ကျန်းချန်တို့လူစုကို တစ်ခဏအတွင်းမှာပင် ချက်ချင်းဆိုသလို ဝိုင်းရံလိုက်ကြသည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်၏ စိတ်ထဲတွင် အနည်းငယ် လေးလံသွားခဲ့သည်။
"ကျီယွင်ဂိုဏ်းက ငါ့ကို ရှာတွေ့သွားတာများလား"
အခန်း(၁၇၂၃)ပြီး၏။
အခန်း(၁၇၂၄)
သူ့ရှေ့မှ အခြေအနေကိုမြင်လျှင် ကျန်းချန်သည် နားမလည်နိုင်သောအမူအရာဖြင့် ပြောလိုက်သည်။
"ခရီးတစ်လျှောက်လုံး ကျွန်တော့်ကို ဘယ်သူမှ မမှတ်မိကြဘူး ဒီကျီရှောင်နိုင်ငံက ဘယ်လိုလုပ်ပြီး သိသွားတာလဲ"
အသေအချာ စဥ်းစားကြည့်လျှင် သူက လုရှင်းယွီကို သတ်ဖြတ်ခဲ့သည်မှာ ကျီလင်နယ်မြေတွင် မဟုတ်ပေ။
အကယ်၍ ကျီယွင်ဂိုဏ်းက သူသတ်ဖြတ်ခဲ့သည်ကို သိလျှင် ကျီလင်နယ်မြေ၌ သူ့ကို အလိုရှိ ရာဇဝတ်သား အဖြစ် ကြေညာထားနိုင်သည်။
ထိုသို့ ကျီယွင်နယ်မြေက ကြေညာခဲ့လျှင် ကျီလင်နယ်မြေရှိ အင်အားစု အားလုံးသည် သူ့ကို သိနေနှင့်မည် ဖြစ်၏။
သို့သော် သူက ကျီလင်နယ်မြေ၏ အင်အားစု အများအပြားကို ဖြတ်ကျော်ခဲ့သည့်တိုင် မည်သူမှ သတိမထားမိခဲ့ပေ။
သို့ဖြစ်ရာ ကျီရှောင်နိုင်ငံမှ လူများသည် သူ့ကို အဘယ်ကြောင့် သိရှိသွားပါသနည်း။
"မိတ်ဆွေလေး ကျန်းချန်.. သူတို့က မင်းအတွက် လာတာမဟုတ်ဘူး ထင်တယ်"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီး သူ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာလေးနက်သွားခဲ့သည်။
ဟင်းလင်းပြင် ဓားပြများ၏ တိုက်ခိုက်ခြင်းကို ကြုံတွေ့ရပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် မဟာမြေရိုင်းဒေသသို့ ကျူးရှင်းယွီ သွားရောက်မည်ကို တားဆီးရန်အတွက် ကျူးမိသားစု၏ ပြိုင်ဘက် မိသားစုများမှ လူများသည် ကျီလင်နယ်မြေတွင် သူတို့ကို ဟန့်တားကာ သတ်ဖြတ်ရန် စီစဥ်ထားမည်ကို ကြိုတင်မှန်းဆမိခဲ့သည်။
ယခုတော့ သူထင်ထားသည့်အတိုင်း ဖြစ်လာခဲ့ချေပြီ။
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အသက်ကိုခ ပ်ပြင်းပြင်းရှူရှိုက်ကာ ခရမ်းရောင်သံချပ် ဝတ်စုံဝတ် ခေါင်းဆောင်ကို လက်သီးဆုပ်ကာ ဂါဝရပြု၍ ပြောလိုက်သည်။
"ဗိုလ်ချုပ်.. ကျွန်တော်တို့က ကျီယွင်နိုင်ငံကို ဖြတ်သန်းရုံပါ.. ဘာလို့ ကျွန်တော်တို့ကို တားဆီးထားတာလဲ ဆိုတာ သိပါရစေ"
"ဟမ့်.. သေခြင်းတရားနဲ့ နီးစပ်နေတာတောင် ဟန်ဆောင်ရဲသေးတယ်"
ခရမ်းရောင်သံချပ် ဝတ်စုံဝတ် ခေါင်းဆောင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သူ၏ လက်ထဲတွင် ပုံတူပန်းချီကားတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုပန်းချီကားထဲတွင် စိမ်းပြာရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦးနှင့် ရွှေရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး၏ ပုံကို ရေးဆွဲထားသည်။
ထိုနှစ်ယောက်မှာ ကျူးရှင်းယွီနှင့် ကျူးချင်းတို့ပင် ဖြစ်၏။
ခရမ်းရောင်သံချပ် ဝတ်စုံဝတ် ခေါင်းဆောင်၏ လက်ထဲမှ ပုံတူပန်းချီကားကို ကြည့်လိုက်ပြီးသည့်နောက်တွင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ဤကျီရှောင်နိုင်ငံသည် သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ကျူးရှင်းယွီတို့ နှစ်ဦးကို ပစ်မှတ်ထားခြင်း ဖြစ်နေခဲ့သည်။
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၊ ကျူးရှင်းယွီနှင့် တခြားသူများ၏ အမူအရာများသည် အပြင်းအထန်ပင် ပြောင်းလဲသွားခဲ့သည်။
ကျူးမိသားစု၏ ပြိုင်ဘက် အင်အားစုသည် ဟင်းလင်းပြင်ဓားပြများဖြင့် သူတို့ကို ဟန့်တားရန် စီစဥ်ခဲ့သည့် အပြင် ထိုအစီအစဥ် မတော်တဆ ကျဆုံးခဲ့လျှင် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ကျီရှောင်နိုင်ငံတွင် နောက်ထပ် အစီအစဥ်တစ်ခုကို ပြင်ဆင်ထားခဲ့ပုံရ၏။
"ဟမ့် မင်းတို့တွေက ငါတို့ ကျီရှောင်နိုင်ငံက အလိုရှိနေတဲ့ရာဇဝတ်ကောင်တွေပဲ.. ဒါတောင် ကျီရှောင်နိုင်ငံကို လာရဲသေးတယ်.. အားလုံးကို ဖမ်းလိုက်ကြစမ်း"
ခရမ်းရောင်သံချပ် ဝတ်စုံဝတ် ခေါင်းဆောင်က သူ၏ လက်ကိုဝှေ့ယမ်းလိုက်ကာ သူ၏ ငယ်သားတစ်ဒါဇင်ကို အမိန့်ပေးလိုက်သည်။
သူက ကျူးရှင်းယွီ တို့ကို ကောက်ကျစ်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။
ထိုနှစ်ယောက်သည် ကျီရှောင်နိုင်ငံကနေ ထုတ်ပြန်ထားသည့် အလိုရှိ ရာဇဝတ်သားများ ဖြစ်သည့်အပြင် ဆုလာဘ်များလည်း ရက်ရက်ရောရော ထုတ်ပြန်ထားသည်။
သူ့အနေဖြင့် သူ့ရှေ့မှ လူစုကို ဖမ်းနိုင်သည်နှင့် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်ကနေ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ရန် အရင်းအမြစ်များကို လက်ခံရရှိမည် ဖြစ်သည်။
သို့ရာတွင် ခရမ်းရောင်သံချပ် ဝတ်စုံဝတ် ခေါင်းဆောင်သည် လောဘဇောကြောင့် အလိုရှိ ရာဇဝတ်သား၏ စွမ်းအားများက မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းသည်ကို မေ့လျော့နေခဲ့သည်။
"အားလုံးကို ရှင်းပစ်လိုက်"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အေးစက်စက် အမူအရာဖြင့် ရွှေရောင်ဝတ်ရုံဝတ် အစောင့်လေးဦးကို အမိန့်ပေးလိုက်သည်။
ရွှေရောင်ဝတ်စုံဝတ် အစောင့်လေးဦးသည် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့ရှေ့ရှိ ကျီရှောင်နယ်မြေမှ အစောင့်များသည် ပကတိနတ်ဘုရား အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။
ထို့ကြောင့် မျက်စိတစ်မှိတ် အတွင်းမှာပင် ရွှေရောင်ဝတ်စုံဝတ် အစောင့်လေးဦးသည် ကျီရှောင်နိုင်ငံမှ အစောင့်များစွာကိုသတ်ဖြတ်နိုင်ခဲ့သည်။
ခေါင်းဆောင်ဖြစ်သည့် ခရမ်းရောင်သံချပ် ဝတ်စုံဝတ် ကျင့်ကြံသူပင်လျှင် ရွှေရောင်ဝတ်စုံဝတ် အစောင့်တစ်ဦး၏ တိုက်ခိုက်မှုအောက်တွင် ချက်ချင်းဆိုသလို အသတ်ခံလိုက်ရသည်။
"မိတ်ဆွေလေးကျန်းချန်.. ဒီတစ်ကြိမ်လည်း ငါတို့ကြောင့် မင်းအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပြီ"
ရွှေရောင်ဝတ်ရုံဝတ်အဘိုးအိုက သူ၏ငယ်သားများကို ကျီရှောင်နိုင်ငံမှ အစောင့်များအား သတ်ဖြတ်ခိုင်းလိုက်ပြီးနောက်တွင် တောင်းပန်သောအမူအရာဖြင့် ကျန်းချန်ကို ပြောလိုက်သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ တုံ့ပြန်ပြောဆိုလိုက်သည်။
"ရပါတယ်.. ကျွန်တော်တို့ မြို့ထဲဝင်ကြစို့"
"မြို့ထဲဝင်မယ် ဟုတ်လား"
ကျန်းချန်၏ စကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အံ့အားသင့်သွားခဲ့သည်။
သူတို့က ယခုအခါတွင် အစောင့် စစ်သည် များစွာကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် မြို့ထဲမှ ကျင့်ကြံသူများ သိပ်မကြာခင် တုံ့ပြန်လာမည်ကို စိုးရိမ်နေမိ၏။
ဆိုရလျှင် ယခုအချိန်၌ မြို့ထဲဝင်ခြင်းသည် ထောင်ချောက်ထဲသို့ ကိုယ်တိုင် သက်ဆင်းခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
"မြို့ထဲကို မဝင်ရင် ကျီယွင်ဂိုဏ်းကို ရှောင်ကွင်းလို့ရမှာ မဟုတ်လောက်ဘူး.. ဒါ့အပြင် အကြီးအကဲတို့ကို ဟန့်တားနေတဲ့သူတွေက ကျီရှောင်နိုင်ငံကိုပဲ အကူအညီတောင်းတာလား ဒါမှမဟုတ် ကျီယွင်ဂိုဏ်းကိုပဲ တိုက်ရိုက် အကူအညီတောင်းတာလားဆိုတာ အသေအချာ မသိနိုင်ဘူး.. အကယ်၍ ကျီယွင်ဂိုဏ်းကပါ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ် ဆိုရင် ကျွန်တော်တို့ တခြားလမ်းက သွားရင် ပိုပြီး ဒုက္ခများသွားလိမ့်မယ်"
ကျန်းချန်က တွေးတွေးဆဆ ပြောလိုက်သည်။
"အခုအချိန်မှာ ကျွန်တော်တို့အတွက် အကောင်းဆုံးနည်းလမ်းက ကျီရှောင်နိုင်ငံကနေ အတင်းဖောက်ထွက်ပြီး အမြန်ဆုံး အရှိန်အဟုန်နှင့် ချီလင်ဂိုဏ်း သြဇာလွှမ်းမိုးထားတဲ့ နယ်မြေထဲကို ဝင်ရောက်ဖို့ပဲ"
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်ပြောသလိုပင် ဤကိစ္စ၌ ကျီယွင်ဂိုဏ်းက ပါဝင်ပတ်သက်နေမည် ဆိုလျှင် သူတို့ တခြားဂိုဏ်းက သွားသည်နှင့် ပို၍ အန္တရာယ် ကြုံရနိုင်ခြေ ရှိသည်။
ဆိုရလျှင် ကျီယွင်ဂိုဏ်းနှင့် ရင်ဆိုင်ရမည့်အစား ကျီရှောင်နိုင်ငံကနေ ထိုးဖောက်ထွက်သွားသည်က ပိုကောင်းသည် မဟုတ်ပါလား။
ကျီရှောင်နိုင်ငံသည် ကျီယွင်နယ်မြေ အတွင်းရှိ နာမည်ကျော်ကောင်းကင်နတ်ဘုရားအဆင့် အင်အားစု ဖြစ်သော်လည်း အစွမ်းထက်ဆုံးဖြစ်သည့် ကျီရှောင်နိုင်ငံ၏ ဧကရာဇ်သည်ပင် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။
သူနှင့် ကျန်းချန်၏ စွမ်းရည်ဖြင့်ဆိုလျှင် ကျီရှောင်နိုင်ငံကနေ အတင်းဖောက်ထွက်ရန်မှာ ပြဿနာများစွာ ရှိမည်မဟုတ်ပေ။
"ကောင်းပြီလေ.. ဒါဆို ငါတို့ အားကုန်ထုတ်ပြီး ကျီရှောင်နိုင်ငံကနေ အတင်းဖောက်ထွက်သွားကြတာပေါ့"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက သူ၏စိတ်ထဲတွင် ခဏမျှ ချိန်ဆလိုက်ပြီးနောက်တွင် ကျန်းချန်၏ ဆုံးဖြတ်ချက်က အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ခံစားလိုက်ရ၍ သဘောတူလိုက်သည်။
"ရန်သူတွေ တိုက်ခိုက်နေပြီဟေ့"
ထိုအချိန်မှာပင် မြို့ရိုးပေါ်ရှိ အစောင့်တချို့သည် မြို့ဂိတ်ပေါက်ဝရှိ အခြေအနေကြောင့် သတိပေး တပ်လှန့်လိုက်သည်။
"ဒေါင်.. ဒေါင်.. "
ချက်ချင်းဆိုသလိုပင် မြို့ရိုးပေါ်ရှိ ခေါင်းလောင်းသံသည် မြို့၏ ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားကြ၏။
"ဝှစ်.. ဝှစ်.."
လူရာပေါင်းများစွာသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်သောအရှိန်အဟုန်ဖြင့် မြို့တွင်းကနေ မြို့ရိုးပေါ်သို့ ပျံသန်း၍ ရောက်လာခဲ့ကြသည်။
ရှေ့ဆုံးကနေ ဦးဆောင်လာသည့် ခရမ်းရောင် သံချပ်ဝတ်စုံကို ဝတ်ဆင်ထားသော ဗိုလ်ချုပ်သည် ကျန်းချန်တို့ကို အပေါ်စီးကနေ ကြည့်ရှုနေခဲ့၏။
သူ၏ အေးစက်စက်အသံသည် ပတ်ဝန်းကျင်တစ်ခွင်ကို ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့သည်။
"ငါတို့ ကျီရှောင်နိုင်ငံရဲ့ ဂိတ်ဝမှာ ဘယ်သူ အတင့်ရဲ့ဝံ့တာလဲ"
ကျန်းချန်က ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကို အသေအချာအကဲခတ်လိုက်သည်။
ထိုလူက ကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ကောင်းကင်နတ်ဘုရား ပထမအဆင့်သာ ရှိပြီး ကျူးရှင်းယွီ၏ နံဘေးရှိ ရွှေရောင်ဝတ်စုံဝတ် အစောင့်လေးယောက်ထက်ပင် သိပ်မသာပေ။
ကျန်းချန်က အပိုစကားများပြောရန် အလွန်တရာ ပျင်းရိနေ၍ ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတို့ လူစုကို ဦးဆောင်ကာ ခရမ်းရောင်သံချပ် ဝတ်စုံဝတ် ဗိုလ်ချုပ်တို့ အဖွဲ့ကို သတ်ဖြတ်ရန်အတွက် ကောင်းကင်ယံ ဆီသို့ ပျံသန်းသွားခဲ့သည်။
ကျန်းချန်နှင့် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတို့အပြင် ကောင်းကင်နတ်ဘုရားအဆင့် အစောင့် လေးဦး၏ ရှေ့တွင် ကျီရှောင်နိုင်ငံမှ စစ်သည်များသည် ပုရွက်ဆိတ်နှင့် မခြားနားပေ။
ကျန်းချန်က လက်ချောင်းကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ခရမ်းရောင်သံချပ် ဝတ်စုံဝတ်ဗိုလ်ချုပ်ကို ဘာမှမကျန်ရှိတော့သည် အထိ ပေါက်ကွဲထွက်သွားစေခဲ့သည်။
ကျန်ရှိသည့် ကျီရှောင်နိုင်ငံမှ အစောင့်စစ်သည် ရာပေါင်းများစွာကိုလည်း ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုတို့ လူစုသည် အညှာအတာ ကင်းမဲ့စွာ သုတ်သင်လိုက်သည်။
သူတို့၏ ဗိုလ်ချုပ်နှင့် စစ်သည် ရာပေါင်းများစွာကို ကျန်းချန်တို့က တစ်ခဏအတွင်း သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်ရှိသည့် အစောင့် စစ်သည်များသည် မျက်နှာများ ဖြူဖျော့သွားခဲ့ကြ၏။
သူတို့၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။
သူတို့ရှေ့မှ လူစုသည် နတ်ဆိုးအုပ်စု ကဲ့သို့ ဖြစ်နေခဲ့သည်။
သို့ဖြစ်ရာ သူတို့အနေဖြင့် ရှေ့ဆက် တိုက်ခိုက်ရန် မည်ကဲ့သို့သတ္တိရှိပါတော့မည်နည်း။
သူတို့အားလုံးက ထိတ်လန့်တကြားဖြင့် ထွက်ပြေးလိုက်ကြသည်။
မြို့တစ်မြို့လုံးသည် ချက်ချင်းဆိုသလို ကမ္ဘာပျက်မတတ် အလွန်အမင်း ရှုပ်ထွေးသွားခဲ့၏။
"အားလုံးကိုသတ်.. ဘယ်သူ့ကိုမှ လွတ်ထွက်မသွားစေနဲ့"
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
ထိုအချင်းအရာကို မြင်လျှင် ကျန်းချန်က အလျင်အမြန်ပင် တားဆီးလိုက်သည်။
"အကြီးအကဲကျူး.. ကျွန်တော်တို့ ဒီမှာအချိန်ဖြုန်းလို့ မဖြစ်ဘူး.. ခပ်မြန်မြန်သွားကြစို့"
ထိုစကားကိုကြားလျှင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုက အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။
"ဒါပေမဲ့ ဒီလူတွေအားလုံးကို မသတ်ဘူးဆိုရင် ကျီရှောင်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေက သိပ်မကြာခင်မှာပဲ သတင်းရရှိသွားလိမ့်မယ်.. အဲဒီအခါ ပြဿနာဖြစ်လာမှာကို ငါစိုးရိမ်မိတယ်"
"သူတို့ကို သတ်လည်း အသုံးမဝင်ဘူး"
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အလေးအနက် ပြောလိုက်သည်။
"ကျွန်တော်တို့က ကောင်းကင်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ပြီးပြီ.. ဒီကအဖြစ်အပျက်ကို ကျီရှောင်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင်တွေ မသိအောင် ဖုံးကွယ်ထားနိုင်မယ်လို့ အကြီးအကဲ ထင်လား"
အခန်း(၁၇၂၄)ပြီး၏။
အခန်း(၁၇၂၅)
ရွှေရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကျီရှောင်နိုင်ငံ ကဲ့သို့ ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုတွင် ကောင်းကင်နတ်ဘုရား အရေအတွက်သည် သိပ်မများပေ။
ထို့ကြောင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတိုင်းသည် ကျီရှောင်နိုင်ငံ၏ အရေးပါသော ရာထူးများကို ရရှိထားကြ၏။
ထိုကဲ့သို့သော ပုဂ္ဂိုလ်တိုင်းသည် ကျီရှောင်နိုင်ငံ၏ အင်ပါယာမြို့တော်တွင် ဝိညာဥ်ကဗ္ဗျည်းတိုင်များကို ထားရစ်ကြဖွယ် ရှိသည်။
ယခု သူတို့က ကောင်းကင်နတ်ဘုရား တစ်ပါးကို သတ်ဖြတ်လိုက်ပြီ ဖြစ်ရာ ကျီရှောင်နိုင်ငံသည် ဤနေရာတွင် တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်ကို သိနှင့်ပြီးသား ဖြစ်နိုင်လောက်၏။
ဤနေရာတွင် အချိန်ကြာမြင့်စွာ နေခဲ့လျှင် သူတို့သည် ကျီရှောင်နိုင်ငံ၏ တိုက်ခိုက်ခြင်းကို ရင်ဆိုင်ရနိုင်ခြေ ရှိသည်။
ကျီရှောင်နိုင်ငံက သူတို့ကို အလွန်အမင်း မခြိမ်းခြောက်နိုင်သော်လည်း အကယ်၍သာ ကျီယွင်ဂိုဏ်း ပါဝင်နေလျှင် သူတို့အတွက် အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။
ထိုသို့ တွေးမိပြီးနောက်တွင် ရွှေရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ထွက်ပြေးနေသော ကျီရှောင်နိုင်ငံမှ ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်ခြင်း မပြုတော့ပေ။
သူတို့လူစုက တောင်ဘက်မြို့ဂိတ်ကို လျင်မြန်စွာ ဖြတ်သန်းကာ မြောက်ဘက်အရပ် ဆီသို့ ဦးတည်၍ သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် မလိုလားအပ်သော ပြဿနာများကို လျှော့ချရန် အတွက် သူတို့လူစုသည် မဖြစ်မနေ ဖြတ်ကျော်ရမည့် အတားအဆီးများနှင့် ရင်ဆိုင်တွေ့ရလျှင် လျင်မြန်စွာ သတ်ဖြတ်၍ ခရီးဆက်ခဲ့ကြသည်။
ကျီယွင်ဂိုဏ်း၏ နယ်မြေရှိ ကောင်းကင်နတ်ဘုရားအဆင့် အင်အားစုတစ်ခု အနေဖြင့် ကျီရှောင်နိုင်ငံသည် ရှေးဟောင်းနဂါးကုန်းမြေ၏ မြောက်ပိုင်းတွင် ကျန်းချန် ဖျက်ဆီးခဲ့သော နှင်းနတ်ဘုရားနန်းတော်ထက် ပိုမို အားကောင်းသည်။
ကျီရှောင်နိုင်ငံတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ ၇ယောက်၊ ၈ယောက်ခန့် ရှိသည်။
သို့သော် ထျန်းလင်နိုင်ငံနှင့် မကြာခဏ စစ်မက် ဖြစ်ပွားနေသောကြောင့် ကျီရှောင်နိုင်ငံသည် ကောင်းကင်နတ်ဘုရား အများစုကို နယ်စပ်သို့ စစ်ကူ ပို့ဆောင်ထားခဲ့သည်။
ထို့ကြောင့် ကျီရှောင်နိုင်ငံ၏ မြို့များတွင် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများသည် လုံးဝ မရှိသလောက်ပင် ဖြစ်သည်။
ကျန်းချန်တို့ အဖွဲ့သည် လမ်းတစ်လျှောက်တွင် အတားအဆီး သိပ်မတွေ့ခဲ့ရဘဲ ကျီရှောင်နိုင်ငံ၏ မြို့တော်များကို ဖြတ်သန်းနိုင်ခဲ့ကြသည်။
ကျန်းချန်တို့ လူစုက အားကုန်ထုတ်၍ ကျီရှောင်နိုင်ငံကို ဖြတ်သန်းနေသော အချိန်တွင် ကျီရှောင်နိုင်ငံ၏ အင်ပါယာမြို့တော်ရှိ နန်းတော်အတွင်းမှ ခမ်းနားထည်ဝါသော ခန်းမကြီးတွင် ကျီရှောင်နိုင်ငံ၏ ဧကရာဇ် လဲ့ကျင်းရှောင်သည် ပုလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။
သူ၏ နံဘေးတွင် လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် မည်သည့်အရာကိုမှ အရေးမစိုက်သော အမူအရာဖြင့် သူ၏ နံဘေးတွင် ယှဥ်တွဲ၍ ထိုင်နေခဲ့သည်။
သူတို့နှစ်ဦး၏ ရှေ့တွင် အဘိုးအို သုံးဦးသည် တိတ်တဆိတ်ရပ်နေခဲ့ကြ၏။
၎င်းတို့အားလုံးသည် ကျီရှောင်နိုင်ငံ၏ ကောင်းကင်နတ်ဘုရားအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။
ခန်းမထဲရှိ လေထုသည် အပ်ကျသံကို ကြားနိုင်လောက်အောင်ပင် တိတ်ဆိတ်နေခဲ့သည်။
"အကြီးအကဲတို့.. တောင်ဘက်မြို့ဂိတ်ကို စောင့်ကြပ်တဲ့ ခေါင်းဆောင်လဲ့ရှန်းရဲ့ ဝိညာဥ်ကမ္မည်းတိုင်က ရုတ်တရက် ကွဲကြေသွားခဲ့ပြီ"
ကျီရှောင်ဧကရာဇ်က အဆုံးသတ်တွင် ခန်းမထဲရှိ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
"လဲ့ရှန်းက ကျီရှောင်နိုင်ငံရဲ့ တောင်ဘက်မြို့ဂိတ်ကို တာဝန်ယူထားတာမဟုတ်လား.. အဲဒီနေရာက စစ်ဖြစ်နေတာလည်း မဟုတ်ဘဲ ဘယ်လိုလုပ်ပြီး လဲ့ရှန်းက ရုတ်တရက် ကျဆုံးသွားရတာလဲ"
ကျီရှောင်နိုင်ငံမှ ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲသုံးဦး၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာကြသည်။
ကျီရှောင်နိုင်ငံ၏ မြောက်ဘက်တွင် စစ်ပွဲ ဖြစ်ပွားနေသောကြောင့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူ တစ်ဦး ကျဆုံးခဲ့သည်ဆိုလျှင် သူတို့ လက်ခံနိုင်ပါသေးသည်။
သို့သော်လည်း စစ်မက်မရှိဘဲ ငြိမ်းချမ်းသော တောင်ဘက်တွင် ထိုကဲ့သို့သော ကိစ္စသည် အဘယ်ကြောင့် ဖြစ်ပွားလာရပါသနည်း။
ကျီရှောင်ဧကရာဇ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ နံဘေးရှိ ခရမ်းရောင်ဝတ်စုံဝတ် အဘိုးအိုကို ကြည့်လိုက်သည်။
"အကြီးအကဲယန်.. ဒီကိစ္စကို အကြီးအကဲ ဘယ်လိုမြင်လဲ"
"တောင်ဘက်မြို့ဂိတ်က ငါတို့ ကျီယွင်ဂိုဏ်းနဲ့ သိပ်မဝေးတော့ ဘယ်သူမှ အတင့်မရဲလောက်ဘူး.. ချင်းယဲ့နယ်မြေက အင်အားစုက ငါတို့ကို ဟန့်တားခိုင်းထားတဲ့ လူတွေ လက်ချက်များ ဖြစ်နေမလား"
ခရမ်းရောင်ဝတ်စုံဝတ် အဘိုးအိုက တွေးတွေးဆဆ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ လင်းလက်သွားခဲ့၏။
မကြာသေးမီက ချင်းယဲ့ နယ်မြေမှ အင်အားစုတစ်စုသည် ကျီယွင်ဂိုဏ်းကို ချဥ်းကပ်ခဲ့ပြီး မဟာမြေရိုင်းနယ်မြေသို့ သွားမည့် လူနှစ်ဦးကို ဟန့်တား၍ သတ်ဖြတ်ပေးရန် တောင်းဆိုခဲ့သည်။
တစ်ဖက်လူက ပေးသော ဆုလာဘ်မှာ အလွန်တရာပင် ရက်ရောသောကြောင့် ကျီယွင်ဂိုဏ်းသည် ငြင်းဆန်ခြင်းမပြုခဲ့ပေ။
ထို့ကြောင့် ကျီယွင်ဂိုဏ်းသည် ထိုနှစ်ဦး မဖြစ်မနေ ဖြတ်သန်းရမည့် နေရာကို ဟန့်တားရန် အစွမ်းထက် ကျင့်ကြံသူများကို စေလွှတ်ခဲ့သည်။
ကျီရှောင်နိုင်ငံ ဧကရာဇ် နံဘေးရှိ ခရမ်းရောင်ဝတ်စုံဝတ်အကြီးအကဲသည် ကျီယွင်ဂိုဏ်း၏ အကြီးအကဲ ယန်စန်းကြွယ် ဖြစ်သည်။
ကျီရှောင်ဧကရာဇ်က အလေးအနက် ပြောလိုက်၏။
"သူတို့ ပေါ်လာပြီ ဆိုမှတော့ သူတို့ နေရာကို အင်အားအပြည့်အဝနဲ့ လိုက်လံရှာဖွေပြီး ကျီရှောင်နိုင်ငံရဲ့ နယ်မြေအတွင်းမှာပဲ ဟန့်တားလိုက်မယ်"
"ဒီလိုလုပ်ဖို့ မဖြစ်ဘူး...ဒီတစ်ကြိမ် ငါတို့ရဲ့ပစ်မှတ်ထဲမှာ ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့် ကျင့်ကြံသူပါနေတယ်.. သာမန် ကျင့်ကြံသူတွေကို စေလွှတ်လိုက်ရင် သတင်းပြန်ပို့ဖို့တောင် အခွင့်အရေး ရလိုက်မှာမဟုတ်ဘူး"
ခရမ်းရောင်ဝတ်စုံဝတ် အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။
"ငါတို့တွေ လုပ်ရမှာက သူတို့တွေ မဖြစ်မနေ ဖြတ်သန်းသွားရမဲ့ မိုးကြိုးမြစ်ကို ဖြတ်ကူးတဲ့နေရာမှာ ကြိုတင် သွားစောင့်နေရုံပဲ"
ကျီရှောင်နိုင်ငံ၏ မိုးကြိုးမြစ်သည် ကျီလင်နယ်မြေ၏ ဗဟိုကို ဖြတ်သန်း စီးဆင်းနေသည့် ကြီးမားသောမြစ် ဖြစ်ပြီး ကျီယွင်ဂိုဏ်းနှင့် ချီလင်ဂိုဏ်းတို့ကြားရှိ သဘာဝနယ်နိမိတ် စည်းလည်း ဖြစ်သည်။
ဆိုရလျှင် မိုးကြိုးမြစ်သည် အလွန်ပင် အန္တရာယ်များပြီး ထိုမြစ်ထဲတွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးစွမ်းအားများ ပြည့်နှက်နေခဲ့၏။
ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများပင် ထိုမိုးကြိုးမြစ်ထဲမှ မိုးကြိုးများကို အလွယ်တကူ ထိတွေ့ရန် မဝံ့ရဲပေ။
ကျီရှောင်နိုင်ငံတွင် မိုးကြိုးမြစ်ကို ဖြတ်ကူးနိုင်မည့် အထူးနေရာတစ်ခု ရှိသည်။
ထို့ကြောင့် သူတို့က မိုးကြိုးမြစ် ဖြတ်ကူးသည့် နေရာတွင် စောင့်ကြပ်ရုံဖြင့် ထိုနှစ်ဦးကို စောင့်ဖမ်းနိုင်ပေလိမ့်မည်။
"ဒါဆိုလည်း အချိန်ဆွဲမနေဘဲ မိုးကြိုးမြစ်ဆီကို သွားကြစို့"
ကျီရှောင်ဧကရာဇ်က ခေါင်းညိတ်၍ ပြောလိုက်သည်။
သူတို့အတွက် မိုးကြိုးမြစ်ကို ဖြတ်ကူးမည့် နေရာတွင် ထိုနှစ်ဦးကို ဟန့်တား၍ သတ်ဖြတ်ခြင်းသည်သာ အကောင်းမွန်ဆုံးရွေးချယ်မှု ဖြစ်သည် မဟုတ်ပါလား။
ကျန်းချန်တို့ လူစုက ကျီရှောင်ဧကရာဇ်တို့၏ ဆွေးနွေးမှုများကို လုံးဝ မသိခဲ့ကြပေ။
သူတို့က ကျီရှောင်နိုင်ငံကနေ အလျင်အမြန် ထွက်ခွာလိုသောကြောင့် အားကုန်ထုတ်သုံး၍ ခရီးဆက်ခဲ့ကြသည်။
သုံးရက်ကြာပြီးနောက်တွင် ကျန်းချန်တို့ လူစုသည် အဆုံးသတ်တွင် ကျီရှောင်နိုင်ငံ၏ မြို့များကို ဖြတ်သန်းကာ ကျီရှောင်နိုင်ငံ၏ မြောက်ဘက်ရှိ မိုးကြိုးမြစ် ဆီသို့ ရောက်ရှိလာခဲ့သည်။
"မိတ်ဆွေလေးကျန်းချန်.. မိုးကြိုးမြစ်က အရှေ့မှာပဲ.. မိုးကြိုးမြစ်ကို ဖြတ်ကူးနိုင်တာနဲ့ ကျီယွင်ဂိုဏ်းရဲ့ နယ်မြေကနေ လွတ်မြောက်ပြီ"
သူ၏ရှေ့မှ မြေပြင်ပေါ်တွင် တွားသွားနေသော နဂါးတစ်ကောင်နှင့် ဆင်တူသည့် မြစ်ကိုကြည့်ရင်း ကျူးချင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
"ငါတို့တွေ ခဏလောက် အနားယူရအောင်"
ကျန်းချန်က မိုးကြိုးမြစ်ကို ဖြတ်ကူးသည့် နေရာတွင် တည်ဆောက်ထားသော ခံတပ်ကို စိုက်ကြည့်လိုက်ပြီးနောက် ပေါ့ပါးစွာ ပြောလိုက်သည်။
"သိပ်မကြာခင် ငါတို့တွေ ကြီးမားတဲ့ တိုက်ပွဲတစ်ပွဲကို ဆင်နွှဲရနိုင်တယ်"
သူတို့က လမ်းတစ်လျှောက်တွင် အတားအဆီးများစွာနှင့် မတွေ့ကြုံခဲ့ကြပေ။
ကျီရှောင်နိုင်ငံက မလှုပ်ရှားရသည့် အကြောင်းအရင်းမှာ မိုးကြိုးမြစ်တွင် သူတို့ကို အသင့်စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်နိုင်ဖွယ် ရှိသည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ကျီရှောင်နိုင်ငံကနေ မြောက်ဘက်ရှိ ချီလင်နယ်မြေသို့ သွားလိုလျှင် မိုးကြိုးမြစ်ကို မဖြစ်မနေ ဖြတ်ကူးရပေမည်။
ဆိုရလျှင် ဤနေရာက သူတို့ကို ဟန့်တားရန် အကောင်းဆုံးနေရာဆိုသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
သူတို့က ၃ရက်ဆက်တိုက် အလျင်စလို ခရီးဆက်ခဲ့ကြ၍ ကောင်းကင်နတ်ဘုရားအဆင့် သက်တော်စောင့်(ဝါ) အစောင့်၄ဦးသည် ခွန်အား အတော်လေး ကုန်ဆုံးနေခဲ့သည်။
သူတို့ရှေ့မှ မိုးကြိုးမြစ်ကို ဖြတ်ကူးသောနေရာသည် အစကတည်းကပင် ကျီရှောင်နိုင်ငံက ထိန်းချုပ်ထားသော နေရာ ဖြစ်သည်။
ယခု သူတို့ ထွက်ပေါ်လာသောကြောင့် ထိုနေရာတွင် အစွမ်းထက် ကျင့်ကြံသူများ ပိုမို စုဝေးနေလောက်ပြီး ကျီယွင်ဂိုဏ်းမှ ကျင့်ကြံသူများပင် စောင့်ကြပ်နေနိုင်ဖွယ် ရှိသည်။
ထို့ကြောင့် ကျန်းချန်က လူတိုင်းကို အရင် အနားယူစေခဲ့ပြီး အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိစေပြီးမှသာ မိုးကြိုးမြစ်ရှိ ခံတပ်ကို ထိုးဖောက်ရန် ဆုံးဖြတ်လိုက်သည်။
အခန်း(၁၇၂၅)ပြီး၏။