← Chapters

အကြောက်အရွံ့ကင်းမဲ့သည့်ခွန်လွန်တောင်

Vol. 18 Ch. 242

အကြောက်အရွံ့ကင်းမဲ့သည့်ခွန်လွန်တောင်

Vol. 18 Ch. 242

အခန်း (၂၄၂) အကြောက်အရွံ့ကင်းမဲ့သည့်ခွန်လွန်တောင်

ရုတ်တရက်ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားနှင့် ရင်ဆိုင်လိုက်ရသည့်အကြည့်ကြောင့် ကျန်းလန် သတိအနေအထား ဖြစ်သွားသည်။

အန္တရယ် ၊ အကြောက်တရား။

သူ ထိုသို့တစ်ခါမှ မခံစားခဲ့ရဘူးပေ။

ဤတန်ခိုးစွမ်းအားကြီးမားသူက တောင်သခင်များနှင့် ကျင့်ကြံခြင်းအဆင့်တူသူများလားဟု ကျန်းလန် သိချင်သွားမိသည်။

သို့သော် သူ့အဆင့်ဖြင့် ဤပုဂ္ဂိုလ်နှင့်တောင်သခင်များကြား ကျင့်ကြံခြင်းအဆင့်ကွာခြားမှုရှိလျှင်လည်း သိရှိနိုင်မည် မဟုတ်ပေ။

ယခုရောက်ရှိလာသည့်ပုဂ္ဂိုလ်မျိုးသည် လက်ဖျောက်တစ်ချက် တီးလိုက်ရုံမျှဖြင့် သူ့ကို သတ်ပစ်နိုင်ပေသည်။

ထိုခဏမှာပင် ကျန်းလန် နားလည်လိုက်သည်မှာ အစစ်အမှန်အင်မော်တယ်များသည် ရှေ့တန်းစစ်သည်တော်များအဆင့်သာ ရှိကြသည်ဆိုသည့်အချက် ဖြစ်သည်။

သူက တစ်ဖက်လူက လှုပ်ရှားမှု ပြုလုပ်သည်နှင့် ထွက်ပြေးရန် အသင့်ပြင်ထားသည်။ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကို အသုံးပြုမည်ဆိုလျှင် သူ သေချာပေါက် ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။

ယခု ရောက်ရှိနေသည့်ပုဂ္ဂိုလ်သည် သူ၏ ခန္ဓာကိုယ်အစစ်ဖြင့် ရောက်လာခြင်း မဟုတ်ပေ။ တန်ခိုးစွမ်းအား အပိုင်းအစတစ်ခုကိုသာ ခွဲဖြာပြီး စေလွှတ်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူ့အနေဖြင့် လွတ်အောင်ပြေးနိုင်ရန် အခွင့်အရေးရှိသည်။

အကယ်၍…

သူ မလွတ်မြောက်နိုင်ခဲ့လျှင်…

ဆရာဖြစ်သူ သူ့ကိုပေးထားသည့် ပုလဲနက်ကို အသုံးပြုရမည် ဖြစ်သည်။ သူ ချက်ချင်းပင် သေသေချာချာ သိမ်းဆည်းထားသည့် ပုလဲနက်ကို ထုတ်ယူရန် အသင့်ပြင်ထားလိုက်သည်။

ထိုပုလဲနက်က ဂိုဏ်းတူအစ်မလုန်ယွိနှင့် မစေ့စပ်ခင် သူ အန္တရယ်ကင်းစေရန်အတွက် ဆရာဖြစ်သူပေးထားသည့် မှော်ဝင်ရတနာတစ်ခု ဖြစ်သည်။

သူ့အစွမ်းသူ့အစနှင့် လွတ်အောင်မပြေးနိုင်လျှင်တော့ ဆရာဖြစ်သူကို အားကိုးရမည် မဟုတ်ပါလား။

သို့သော် မတတ်သာမှသာ ထိုပုလဲနက်ကို သူ အသုံးပြုချင်သည်။ ပုလဲနက်ကို ထုတ်ဖော်အသုံးပြုလိုက်ခြင်းက သူ မည်သူမည်ဝါဖြစ်ကြောင်း အခြားသူများ ရိပ်မိသွားနိုင်သည်။

သူ့အကြောင်းများသာ ပေါ်သွားလျှင် ခွန်လွန်တောင်က သူ့ကို ခွင့်လွှတ်နိုင်ပါမည်လား ၊ သို့မဟုတ် ဆရာဖြစ်သူကရော သူ့ကို ကာကွယ်ပေးပါတော့မည်လား မသေချာလှပေ။

သူ ကျင့်ကြံခြင်းအဆင့်တက်သည်က ပုံမှန်မဟုတ်စွာ လျှင်မြန်လွန်းနေခဲ့သည် မဟုတ်လား။

ကျန်းလန် တစ်ဖက်လူ လှုပ်ရှားမည့်အချိန်ကို စောင့်နေစဉ် ထိုသူကလည်း အခြားတစ်ဖက်တွင် ရပ်တန့်နေ၏။ ထိုသူ၏ တန်ခိုးစွမ်းအားများက ပြောင်းလဲခြင်းမရှိ တည်ငြိမ်နေသည်။

နောက်ဆုံးတော့ ကျန်းလန်ကပင် အရင်ဆုံး စကားစပြောရန် ဆုံးဖြတ်လိုက်သည်။

"ဆရာကြီး ကျုပ်ဆီက တစ်ခုခု လိုချင်လို့လား"

တစ်ချိန်တည်းပင် ကျန်းလန်က လစ်သည်နှင့် ထွက်ပြေးရန်လည်း ပြင်ဆင်ထားသည်။ ကျန်းလန် တစ်ချက်မှ စိတ်မပျံ့လွင့်ရဲပေ။ သတိတစ်ချက်လစ်သွားသည်နှင့် သူ သေရမည် မဟုတ်ပါလား။

သို့ရာတွင် ထိုသူက သူ့ကိုအန္တရယ်မပြုဘဲ ဒီအတိုင်း ပြန်လည်ထွက်ခွာသွားလျှင်တော့ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ထိုစဉ်…

ကျယ်လောင်သည့်အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

"မင်းက ခွန်လွန်တောင်က တပည့်လား"

ကျန်းလန်က မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး မေးခွန်းကို မဖြေခဲ့ပေ။

သူက မေးခွန်းပြန်မေးလိုက်သည်။

"ဆရာကြီးက ဘယ်သူလဲ"

သူက ခွန်လွန်တောင်မှ တပည့်တစ်ယောက်ဖြစ်သော်လည်း ထိုမေးခွန်းကို ဖြေချင်စိတ်မရှိပေ။

သူက ခွန်လွန်တောင်မှ တပည့် ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ သူပြောသည့်စကားကို တစ်ဖက်လူက ယုံချင်မှလည်း ယုံပေလိမ့်မည်။

"ခွန်လွန်တောင် ၊ ရှေးဟောင်းအနောက်နန်းတော်က ဧကရာဇ်ရှီးဟယ်"

ကျယ်လောင်သည့်အသံကြီးကို ကျန်းလန် ထပ်မံကြားလိုက်ရပြန်သည်။

နာမည်က အနည်းငယ် ထူးဆန်းနေသောကြောင့် ကျန်းလန် အံ့အားသင့်သွားရသည်။

ကျန်းလန်က…

"အဲဒါ… ဆရာကြီးရဲ့ နာမည်လား"

ကျယ်လောင်သည့်အသံကြီးက သိပ်ပြီးရှင်းပြမနေဘဲ ပုံမှန်ပင် ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး"

အသံက ခဏမျှပျောက်ကွယ်သွားပြီးမှ ဆက်ပြောသည်။

"မင်း ကျင့်ကြံခြင်းအဆင့်မြင့်မားလာရင် ကျုပ်နာမည်ရဲ့ အဓိပ္ပါယ်ကို နားလည်လာလိမ့်မယ်"

ကျန်းလန် မေးခွန်းများ ထပ်မမေးတော့ပေ။

"ဒါဖြင့် ဒီတပည့်လေး သွားလို့ရပြီလား မသိဘူး"

ကျန်းလန် အတော်လေး သွားချင်နေပြီ ဖြစ်သည်။

နောက်ထပ်မည်သည့်အကြောင်းအရာများကို သိရှိရပါစေ ဤနေရာမှ အန္တရယ်ကင်းစွာ ထွက်ခွာသွားနိုင်ခြင်းလောက် ပျော်ရွှင်မိမည် မဟုတ်ပေ။

ထို့ပြင် အချို့အကြောင်းအရာများက အများကြီးသိ၍ မကောင်းပေ။ များများသိလေ ၊ သူ ဤနေရာမှ ထွက်ခွာသွားရန် အလှမ်းဝေးလေ ဖြစ်ပေလိမ့်မည်။

သို့သော်…

ကျယ်လောင်သည့်အသံကြီးက ကျန်းလန်ကိုတားဆီးလိုက်သည်။

"အလျင်မလိုပါနဲ့"

ပြီးမှ အသံကြီးက မေးခွန်းထပ်မေးလိုက်သည်။

"မင်း ခွန်လွန်တောင်မှာ နေတာလား"

ကျန်းလန်က ပြန်မဖြေပေ။

ကျန်းလန်တိတ်ဆိတ်နေသည်ကို တစ်ဖက်လူက စိတ်ထဲမထားဘဲ စကားဆက်ပြော၏။

"မင်းက ပြင်ပအင်အားစုတွေကလွှတ်လိုက်တဲ့ သူလျှိုဆိုရင်တော့… တန်ခိုးစွမ်အားပိုပြီးမြင့်မားလာအောင် ကျင့်ကြံပြီးရင် ကျုပ်ကိုလာရှာပါ ၊ မင်းသိချင်တာအကုန်လုံး ကျုပ်ပြောပြနိုင်တယ် ၊ အပြန်အလှန်အနေနဲ့ မင်း ကျုပ်မေးတဲ့ မေးခွန်းတစ်ခုကိုတော့ ဖြေရမယ်"

ခဏနားပြီးမှ အသံကြီးက စကားဆက်ပြောသည်။

"မင်းက ခွန်လွန်တောင်က တပည့်တစ်ယောက်ဆိုရင်တော့ ခွန်လွန်ဝတ်ကျောင်းတော်ကိုလာခဲ့ပါ ၊ မင်း ခွန်လွန်တောင်မှာ အန္တရယ်ကြုံတွေ့တဲ့အချိန် ကျုပ်နာမည်ကို 'တ' လိုက်တာနဲ့ မင်းရဲ့အသက်ကို ကျုပ် ကယ်တင်ပေးမယ်"

စကားသံဆုံးသွားသည်နှင့် တစ်ဖက်လူက လှုပ်ရှားလိုက်သည်ကို ကျန်းလန် သတိပြုလိုက်မိသည်။

သို့သော် သူ့ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တန်ခိုးစွမ်းအားများကို ပြန်လည်ရုတ်သိမ်းကာ နောက်ဆုတ်သွားခြင်း ဖြစ်၏။

ထိုသူ ထွက်ခွာသွားပြီလား။

ထိုအချိန် ကျယ်လောင်သည့်အသံကြီး ထပ်မံထွက်ပေါ်လာပြန်သည်။

"ကောင်လေး ၊  မင်းကို နောက်ဆုံးအနေနဲ့ အကြံပေးမယ်"

ခဏမျှတိတ်ဆိတ်သွားပြီးမှ အသံကြီးက စကားဆက်ပြောသည်။

"ခွန်လွန်တောင်နဲ့ ဘယ်တော့မှ ရန်ဘက်မပြုပါနဲ့ ၊ မင်းမှာ ပြိုင်ဘက်ကင်းတဲ့ လက်သီးစွမ်းအား ရှိတယ်ဆိုပေမယ့် ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ ခွန်လွန်တောင်က ရန်သူတွေအပေါ် မသက်ညှာတတ်ဘူး"

အသံက တဖြည်းဖြည်း ဝေးကွာသွားသော်လည်း ကျန်းလန် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

"ဆရာကြီး အကြံပေးတာ ကျေးဇူးတင်ပါတယ်"

ကျန်းလန်က လေးလေးစားစားပင် ပြန်ပြောလိုက်သည်။

ကြီးမားလွန်းသည့် တန်ခိုးစွမ်းအားကြီး ပျောက်ကွယ်သွားတော့မှ ကျန်းလန် စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက် ချလိုက်မိသည်။

သက်ပြင်းချသံမဆုံးခင်မှာပင် သူလည်း အဝေးဆုံးနေရာသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်လေတော့သည်။

သူက နဝမတောင်ထွတ်သို့ တန်းမပြန်ဘဲ လမ်းလွှဲတစ်ခုကို ရွေးခြယ်လိုက်သည်။ တစ်ဖက်လူက သူ့အပြန်လမ်းကို ခြေရာခံမည်ဆိုလျှင် သူ့ကို ရိပ်မိမသွားစေရန် ဖြစ်သည်။

ကျန်းလန်မှာ လက်တစ်ဖက်လည်း ကျိုးနေပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများ ရရှိထားသည်။ ဆရာနှင့်မတွေ့ခင် ဒဏ်ရာများ အမြန်ဆုံး သက်သာလာအောင် ပြုလုပ်ရမည် ဖြစ်သည်။

သူ့တွင် ဆေးကောင်းဝါးကောင်းများစွာ ပိုင်ဆိုင်ထားလေရာ ပြဿနာတော့ သိပ်မရှိလှပေ။

တစ္ဆေတိုင်းပြည်ကိစ္စကလည်း အဆုံးသတ်လောက်ပြီဖြစ်ရာ တစ္ဆေစစ်သည်တော်များ ထပ်မံရောက်ရှိလာကြတော့မည် မဟုတ်ပေ။

ကျောက်စိမ်းရေကန်ပြဿနာကတော့ သူ တောင်ပေါ်ပြန်ရောက်မှ ကြည့်လုပ်ရမည် ဖြစ်သည်။ လောလောဆယ်တွင် ဖြေရှင်းရန် အချိန်မရှိသေးပေ။

***

လုကျန်းနှင့်အခြားသူများက ဧရာမမြွေကြီး၏ ကိုယ်ခွဲနှင့်တိုက်ခိုက်နေစဉ် ကျန်းလန်က ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် နောက်ထပ်တန်ခိုးစွမ်းအားရှင်တစ်ပါး ရောက်လာသည်ကို သူတို့ မသိရှိခဲ့ကြပေ။

လုကျန်းတို့အုပ်စုမှာ ဧရာမမြွေကြီး၏ကိုယ်ခွဲကို နိုင်အောင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော် တိုက်ခိုက်နေရင်းဖြင့် ထိုမြွေကြီးက တဖြည်းဖြည်း ညှိုးမှိန်ခြောက်သွေ့သွားသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူတို့ ထိုသတ္တဝါကြီးကို ထိန်းချုပ်လိုက်နိုင်ကြသည်။

မြွေကြီးက မြေပြင်ထက်လဲကျသွားပြီး အသက်ဓာတ်စွမ်းအားများ ချက်ချင်းကုန်ခမ်းသွားသည်ကို တွေ့လိုက်ရ၏။

လုကျန်းက မြွေသေကြီးရှေ့တွင် မတ်တတ်ရပ်ရင်း မျက်မှောင်များ ကြုတ်ထားသည်။

"တစ်ခုခုတော့ မှားနေပြီ"

ဟုန်လွမ်က…

"ဟုတ်တယ် ၊ သူ့မှာ ဝိညာဉ်စွမ်းအားတွေ မရှိတော့ဘူး"

ပေဖုန်းက ဧရာမမြွေကြီးအနားရောက်လာပြီး သတ္တဝါကြီး၏ခန္ဓာကိုယ်ကို ဓားဖြင့်တစ်ချက် ထိုးစွမွှေနှောက်ကြည့်လိုက်သည်။

ထိုစဉ်မှာပင် တစ်ကိုယ်လုံး နက်မှောင်နေသည့် ဧရာမမြွေကြီးသည် အနက်ရောင်ကျောက်တိုင်တစ်တိုင်းအဖြစ် ပြောင်းလဲသွားသည်။

ဘာဖြစ်သွားတာလဲ…။

လင်အန်းက…

"ထားလိုက်တော့… အရင်ဆုံး တောင်ပေါ်ပြန်ကြရအောင်"

လူထူးလူဆန်းကတော့ ဘယ်ဆီရောက်သွားသည်လဲ မသိတော့ပေ။ သေလားရှင်လားလည်း မသိရပေ။

သို့သော် ထိုလူထူးလူဆန်း၏ စွမ်းအားကြီးမားမှုကတော့ သူတို့အားလုံးစိတ်ထဲတွင် မြဲမြံစွာ မှတ်ကျောက်တင်ထားမိကြသည်။

ထိုသူက အလွန်တရာ အံ့သြစရာကောင်းလွန်းပြီး မည်သည့်တောင်ထွတ်မှ တပည့်ဖြစ်ကြောင်း သူတို့အားလုံး သိချင်နေကြသည်။

ထိုသူက ခွန်လွန်တောင်တွင် မကြာခဏတွေ့ရသည်ဆိုလေရာ ခွန်လွန်တပည့် ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ တောင်ထွတ်တစ်ခုခုတွင် သေချာပေါက် ကိုယ်ယောင်ဖျောက်နေသူတစ်ယောက် ဖြစ်ရပေမည်။

***

ကောင်းကင်ဟင်းလင်းပြင်ထက်…

တစ္ဆေမျက်နှာကြီးမှာ အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်သွားဟန် ရှိသည်။

"ထားလိုက်တော့ ထားလိုက်တော့ ၊ ကျုပ် သွားတော့မယ် ၊ ကျုပ်တို့တွေ နတ်မိစ္ဆာတွေကိုပဲ သွားတိုက်တော့မယ် ၊ မင်းတို့လူသားတွေနဲ့ကစားရတာ ပျော်စရာမကောင်းဘူး ၊ ဘာမှလည်း မသိချင်တော့ဘူး ၊ စစ်တုရင်ခုံကိုလည်း မမြင်ချင်တော့ဘူး"

စကားသံပျောက်ကွယ်သွားသည်နှင့် တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက တဖြည်းဖြည်း မြင့်တက်လာသည်။

လျိုကျင်းနှင့် တောင်သခင် (၃)ပါးက နေရာတွင်ပင် ရပ်နေရင်း ချက်ချင်းပင် တန်ခိုးစွမ်းအားများ ထုတ်လွှတ်လိုက်ကြသည်။

တိုင်းပြည်ကံကြမ္မာချီစွမ်းအား ထွက်ခွာသွားမည်ကို သူတို့က တားဆီးလိုက်ကြခြင်း ဖြစ်သည်။

တစ္ဆေမျက်နှာကြီးက ဒေါသတကြီးဖြင့်…

"မင်းတို့ကောင်တွေ ဘာဖြစ်ချင်တာလဲ"

ခဏနားပြီးမှ တစ္ဆေမျက်နှာကြီးက စိတ်လျှော့လိုက်ဟန်ဖြင့်…

"ကျုပ် ထွက်ပြေးတော့မယ်လို့များ မင်းတို့က ထင်နေတာလား ၊ ဟားဟား… ဟာသပဲ ၊ ကျုပ် ဖုန်းချွင်းပုက ရိုးသားဖြောင့်မတ်တဲ့သူ တစ်ယောက်ပဲ ၊ ရှုံးတာက ရှုံးတာပဲ ၊ မင်းတို့နဲ့ ဆက်ကစားမယ်ဆိုလည်း ရသေးတယ် ၊ လူသားတွေက သောက်ရှက်မရှိကြပေမယ့် ကျုပ်တို့က သဘောထားကြီးပါတယ် ၊ ဟွန်း… မင်းတို့အားလုံး ကျုပ်ကို ငတုံးလို့ ထင်ချင်လည်းထင်ပေါ့"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း အံ့သြသွားဟန်ဖြင့်...

"မဟုတ်သေးပါဘူး ၊ တစ္ဆေတိုင်းပြည်မှာ မတုံးတဲ့သူရော ရှိသေးလို့လား"

ကျိုးကျုန်းထျန်းစကားကြောင့် တစ္ဆေမျက်နှာကြီး အရှိုက်ထိသွားသည်။

"လူသား"

သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။

"ဒါပေမဲ့ ကျုပ်တွေ့ဖူးသမျှလူသားတွေထဲမှာ မင်းက အသိဉာဏ်အရှိဆုံးနဲ့ အပွင့်လင်းဆုံးပဲ ၊ အင်း တကယ်တော့ မင်းတို့လူသားတွေက ပိုင်းခြားသိမြင်နိုင်စွမ်းရှိကြပြီးတော့ ချစ်ရဲမုန်းရဲတဲ့သတ္တိလည်း ရှိကြတယ်"

ထို့နောက် တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက တောင်သခင် (၄) ပါးကို ဝေ့ကြည့်လိုက်ရင်း...

"ဟွန်း... နတ်မိစ္ဆာတွေကို သွားတိုက်ပြီးရင် မင်းတို့ဆီ ပြန်လာခဲ့မယ် ၊ အဲဒီအချိန်ကျ မင်းတို့ ဒုက္ခလှလှ တွေ့စေရမယ်"

ပြောပြီးသည်နှင့် တစ္ဆေမျက်နှာကြီး ပျောက်ကွယ်သွားသည်။

နောက်ကွယ်မှ ထိန်းချုပ်စကားပြောနေသူ မရှိတော့သည့်အတွက် တစ္ဆေမျက်နှာကြီးလည်း ပျောက်ကွယ်သွားလေသည်။ ဤသည်က တစ္ဆေတိုင်းပြည်၏ ထူးခြားသည့် စွမ်းအားတစ်ခုပင် ဖြစ်၏။

လျိုကျင်းက ကျန်ရှိနေသေးသည့် တစ္ဆေချီစွမ်းအားများကို လက်တစ်ဖက်ဝှေ့ယမ်းကာ ရှင်းလင်းပစ်လိုက်သည်။

"ကြည့်ရတာ ပွဲပြီးသွားပြီ ထင်တယ်"

ကျိုးကျုန်းထျန်းက...

"အောက်ကတိုက်ပွဲလည်း ဘာတွေဖြစ်ကုန်တယ်ဆိုတာ သွားမေးရအောင်"

ထို့နောက် သူတို့ (၄) ယောက် ကောင်းကင်ဟင်းလင်းပြင်ထက်မှ ပျောက်ကွယ်သွားကြသည်။

ယခုတစ်ကြိမ် တစ္ဆေတိုင်းပြည်က အတော်လေး ပြဿနာရှာခဲ့သည်။ ကံကောင်းသည်မှာ တစ္ဆေကျင့်ကြံသူများက စိတ်ထားရိုးစင်းပြီး ကလိန်ကကျစ်မကျတတ်သောကြောင့်သာ အဆင်ပြေသွားခြင်း ဖြစ်သည်။

မဟုတ်ပါက ဆယ်စုနှစ်များစွာ တိုက်ပွဲရင်ဆိုင်ရပြီး ငြိမ်းငြိမ်းချမ်းချမ်းနေရတော့မည် မဟုတ်ပေ။

တောင်သခင် (၄) ပါး ခွန်လွန်တောင် အဓိကခန်းမဆောင်ရှိရာသို့ ဆင်းသက်လာကြသည်။

ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်နှင့် တတိယတောင်ထွတ်၏တောင်သခင်မ ကျူးချင်တို့က ခန်းမဆောင်ထဲတွင် သူတို့ကို စောင့်နေကြသည်။

"တစ္ဆေတိုင်းပြည်တော့ ပြန်ဆုတ်သွားပြီ ၊ ဒါပေမဲ့ သတိလက်လွတ်နေလို့တော့ မဖြစ်ဘူး ၊ တစ္ဆေတိုင်းပြည်ရဲ့ အပြုအမူတွေက တခြားသူတွေနဲ့မတူဘူး ၊ အခု တိုက်ပွဲရှုံးသွားတာကိုလည်း သူတို့က အရေးစိုက်တဲ့ပုံ သိပ်မရှိဘူး"

လျိုကျင်းက ခန်းမဆောင်ထဲရောက်သည်နှင့် ဖုန်းယီရှောက်နှင့် ကျူးချင်ကို အဖြစ်အပျက်များ ပြောပြလိုက်သည်။

ကျူးချင်က…

"ဂိုဏ်းတူအစ်မကျူးချင်က တိုက်ပွဲအနိုင်ရမယ်လို့ နက္ခတ်ပညာနဲ့ ကြိုတင်ခန့်မှန်းထားပြီးသားပါ ၊ ကျောက်စိမ်းရေကန်ထဲဝင်နေတဲ့ တစ္ဆေချီစွမ်းအားတွေလည်း မရှိတော့ဘူး"

လျိုကျင်းနှင့် ကျန်လူများက ခေါင်းညိတ်လိုက်ကြသည်။

ပထမတောင်ထွတ်၏တောင်သခင် ဖုန်းယီရှောက်က…

"ရေခဲပုဇဉ်းရင်ကွဲတောအုပ်ထဲက တိုက်ပွဲကတော့ စိတ်ဝင်စားစရာကိစ္စတစ်ခု ဖြစ်သွားတယ်လေ"

All Chapters