အခန်း (၁၄၃)
Vol. 12 Ch. 143
တိုက်ဆိုင်မှုဆိုတာ အများကြီးမရှိဘူး။
“ ယဲ့ဖန် ... ။ ”
ကူချန်က အစောင့်လူငယ်ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်လိုက်၏။ ထိုအကြည့်ကြောင့် အစောင့်လူငယ်မှ နားမလည်စွာ ပြန်ကြည့်ပြီး၊
“ ခွင့်လွှတ်ပါ သခင်ငယ် ... ငါ့နာမည်နဲ့ ပတ်သက်ပြီး ထူးဆန်းတာတစ်ခုခုရှိလို့လား။ ”
-ဟု မေးမြန်းလိုက်သည်။
“ မရှိဘူး ... ။ ”
ကူချန်က အစောင့်လူငယ် ပခုံးကိုပုတ်လျက်၊
“ နာမည်ကောင်းပဲ ... မင်းအနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ လူတစ်ယောက် ဖြစ်လာ လိမ့်မယ်လို့ ငါယုံကြည်တယ်။ ”
-ဟု မှတ်ချက်ပေးသည်။
ထိုမှတ်ချက်ကြောင့် ယဲ့ဖန်သာမက ပတ်ဝန်းကျင်ရှိ အစောင့်များ၏ အမူအရာများ အနည်းငယ် ပြောင်းသွား၏။ ဤနာမည်သည် ထူးခြားသည်လော။ သာမာန်မျှသာ ပေပင်။
သခင်ငယ်၏ ချီးမွမ်းခြင်းကို အမှန်တကယ်ခံထိုက်သည်ဟု မထင်ချေ။ သူတို့ နာမည်ကို အခုပြောင်းလျှင်ပင် ထိုနာမည်ကို ရရှိနိုင်၏။
အတွေးများဖြင့် အချင်းချင်း တိတ်တဆိတ်ပြန်ကြည့်၏။ တစ်ဖက်တွင် ယဲ့ဖန်သည် ကူချန်စကားကြောင့် စိတ်လှုပ်ရှား နေခဲ့သည်။
“ သခင်ငယ် ... ငါမင်းကို စိတ်မပျက်စေရပါဘူး။ ”
ကူချန်ပြုံးပြီး လှည့်ထွက်သွားသည်။ ဤကမ္ဘာကြီးတွင် ယဲ့ဖန်ဟူသော အမည်ပေါင်း ထောင်ပေါင်းများစွာရှိသော်လည်း သူတို့အနက် မည်သူများ ယဲ့ဖန်ဖြစ်လာနိုင်မည်နည်း။
ဆိုလိုသည်မှာ ယဲ့ဖန်သည် သာမန်လူများအနက်မှ ထူးခြားသော လူတစ်ယောက်ဟု အဓိပ္ပါယ်ရ၏။
ယဲ့ဖန်။ အမှန်ပင် နာမည်ကောင်း တစ်ခုပေပင်။ သို့သော် ထိုအမည်သည် သာမန် လူတစ်ယောက် အမည် မဟုတ်ချေ။
နတ်နဂါးမြို့တွင် နေထိုင်သူ နှစ်သန်းကျော်ရှိသည်။ မြို့တော်အတွင်း စီမံခန့်ခွဲမှုများ အဆင်ပြေစေရန်အတွက် မြို့ကို နယ်နိမိတ်များစွာ ပိုင်းခြားထား၏။
၎င်းတို့အနက် မြို့တော်၏ ဂုဏ်သိက္ခာအရှိဆုံးသော အရာရှိများနေထိုင်ရာ ဒေသသည် အနောက်မြောက်ဘက်တွင်ရှိသည့် ရွှေပျံလွှားနန်းတော်ဖြစ်သည်။
ထိုနေရာတွင် နေထိုင်ကြသူများ အားလုံးသည် ရှန့်နန်လမ်းကြီး၏ ထိပ်တန်း ဂုဏ်သရေရှိသူများ ဖြစ်ချေ၏။
ဥပမာအားဖြင့် လက်ရှိ ရှန်နန်လမ်း၌ အုပ်စိုးရှင် ကူမိသားစုအိမ်တော်သည် ထိုအရပ်၌ တည်ရှိသည်။
၎င်းတို့လက်အောက်ရှိ ဒုတိယတန်းစား အရာရှိများနှင့် ဧည့်အကြီးအကဲများသည်လည်း နေထိုင်ကြ၏။ပထမတန်းစား အရာရှိများသည် ကူမိသားစုဝင်များသာ ဖြစ်သည်။
ဟန်မြစ်သည် နတ်နဂါး မြို့အလယ်သို့ ဖြတ်သန်းစီးဆင်းကာ မြစ်ကြောင်းတလျှောက် နေထိုင်သူများသည် နတ်နဂါးမြို့တော်၏ ချမ်းသာသော သူဌေးများဖြစ်၏။
ထိုသူဌေးများတွင် ဖူစုနိုင်ငံတစ်ဝှမ်း ပိုးထည်လုပ်ငန်းများ၏ သုံးပုံတစ်ပုံနီးပါးပိုင်ဆိုင် ထားသည့် မုမိသားစုသည်လည်း အပါအဝင် ဖြစ်သည်။
ကျန်ပိုးထည်လုပ်ငန်း သုံးပုံ-နှစ်ပုံသည် အင်ပါယာရုံးတော်နှင့် ကူမိသားစုမှ ပိုင်ဆိုင်ပြီး အနည်းငယ်ကို အခြားသော ကုန်သည် မိသားစုငယ်များမှ ပိုင်ဆိုင်၏။
“ သခင်မလေး ... ။ ”
ရှောင်ယွင်မှ မုဝေကို မြင်သည်နှင့် အလျင်အမြန် ပြေးဝင်လာသည်။ သို့သော် သူမ ဝင်လိုက်သည်နှင့် ချက်ချင်း အေးခဲသွား၏။
မုဝေနှင့်အတူ ရုပ်ရည်ချောမောသော အမျိုးသားတစ်ဦး ရှိနေသည်။ အလျင်အမြန် ဦးညွှတ်လျက်၊
“ မင်္ဂလာပါ သခင်ကြီး ... ။ ”
-ဟု နှုတ်ဆက်လိုက်၏။
အမျိုးသားက နှုတ်ဆက်သံကြောင့် ဒေါသတကြီးလှည့်ကြည့်သည်။ ရှောင်ယွင်ကို မြင်ချိန်၌ သူ့ဒေါသကို ဖွင့်ထုတ်ရန် ဦးတည်ရာ တွေ့ရှိသွားချေပြီ။
“ ဟမ့် ... အလုပ်ကောင်းကောင်းလုပ်ဖို့ မင်းကို ငါပြောခဲ့တယ်မဟုတ်လား ... ဒါပေမယ့် မင်းဒီလိုသာ မဆင်မခြင် ဆက်လုပ်နေဦးမယ် ဆိုရင် မင်းအတွက် လစာဆုံးရှုံးနိုင်တယ်။ ”
ထို့နောက် ချက်ချင်းပင် အင်္ကျီလက်များဝှေ့ယမ်းကာ ဒေါသတကြီး ထွက်ခွာသွားတော့၏။
ရှောင်ယွင်မှ နှုတ်ခမ်းစူလျက် တံခါးဝတွင်ရပ်ကာ ကျန်ရစ်သည်။ လက်ထဲရှိ သစ်သီးများကို တင်းကြပ်စွာ စုပ်ကိုင်မိ၏။
( ငါဘယ်သူ့ကို စော်ကားခဲ့လို့လဲ။ )
တစ်ဖက်တွင် မုဝေသည် ရှောင်ယွင်ကို မြင်ပြီးနောက် ရွှင်မြူးစွာ လက်ဝှေ့ယမ်းပြပြီး၊
“ ဟေး ... ဘာရပ်လုပ်နေတာလဲ ... မြန်မြန်ဝင်လာခဲ့ ... ။ ”
-ဟု လှမ်းခေါ်လိုက်သည်။
ရှောင်ယွင်က အခန်းအတွင်း ဝင်ရောက်လာပြီး အသီးအနှံများကို စားပွဲပေါ် တင်ပေးလာ၏။
“ သခင်ကြီးက ဘာလို့စိတ်ဆိုးတာလဲ သခင်မလေးကို လှမ်းခေါ်လိုက်တာနဲ့ပဲ ဘာလို့ လစာအဖြတ်ခံရတာလဲ။ ”
“ ကောင်းပြီ၊ ငါမင်းကို လစာအပြင် ဆုလာဘ်အချို့ လစဉ်ပေးမယ် ဟုတ်ပြီလား။ ”
“ ဒါသတင်းကောင်းပဲ ... ။ ”
“ ဟမ့် ... အခု တကယ်ပဲ မင်းက မဆင်မခြင်ဖြစ်လာပြီ။ ”
ထိုမှတ်ချက်ကြောင့် ရှောင်ယွင်မှ မကျေမနပ်ဖြင့် မုဝေထံ ပြန်ကြည့်လိုက်ကာ၊
“ ဒါပေမယ့် ဒါက သခင်မလေးအတွက်ပါ။ ”
-ဟု တုန့်ပြန်သည်။
“ ငါ အတွက် ... ။ ”
မုဝေတစ်ယောက် အံ့သြစွာကြည့်၏။ ရှောင်ယွင်တစ်ယောက် လမ်းတွင်တစ်စုံတစ်ရာ ကြုံခဲ့ပုံရလေသည်။ ရှောင်ယွင်က မုဝေဘေး၌ ရွှင်မြူးစွာဖြင့် ဝင်ထိုင်ပြီး၊
“ အစ်မမု ... အသီးအနှံတွေဝယ်ပြီး ပြန်လာတုန်းက ငါလမ်းမှာ ဘယ်သူ့ကိုမြင်ခဲ့လဲ မင်းသိလား။ ”
“ တာအိုဘုန်းကြီးလား ... ။ ”
မုဝေက တုန့်ဆိုင်းခြင်းမရှိ ဖြေကြားလိုက်သည်။ ရှောင်ယွင်ခမျာ စကား ဆက်ပြောရန် ပြင်နေလျက်မှ မျက်လုံးပြူး သွားတော့၏။
တစ်ဆက်တည်းမှာပင် စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မုဝေထံကြည့်ကာ၊
“ အစ်မမု ... မင်းအဲဒါကို ဘယ်လိုသိလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
မုဝေသည်လည်း အံ့အားသင့်စရာ အရိပ်အယောင်များ ပေါ်လာ၏။ တကယ်ပင် တာအိုဘုန်းကြီး ဖြစ်နေချေပြီ။
“ သူ့ အပြင် ... မင်းကို ဒီလောက် မဆင်မခြင်ဖြစ်အောင် ဘယ်သူက လုပ်ဆောင် နိုင်မှာလဲ ... ။ ”
ရှောင်ယွင်ခမျာ မျက်မှောင်ကြုတ် သွားတော့သည်။ ငြင်းခုံနိုင်စွမ်း မရှိတော့ချေ။ ခေါင်းတစ်ခုလုံး ထူပူအောင် တွေးလျှင်ပင် ဒုတိယတစ်ယောက်ကို မမြင်နိုင်။
“ ဒီကိစ္စက အစ်မမုကြောင့် ဖြစ်ရတာပဲ အစ်မမုသာ လူတွေအများကြီး သဘောကျရင် ဒီတာအိုဘုန်းကြီးကိုပဲ ... ငါဘယ်လိုလုပ် တွေးနေမိမှာလဲ။ ”
သူမစကားကြောင့် မုဝေခမျာ အနည်းငယ် ရှက်ရွံ့လာပြီး၊
“ နင်ရော ဘယ်နှစ်ယောက်ကြိုက်လဲ။ ”
-ဟု ပြန်မေးလိုက်၏။
“ အဟဲ ... ငါလား ... ။ ”
ရှောင်ယွင်မှ ပြုံးလျက်၊
“ ဟုတ်တယ် ... ငါလည်း အစ်မမုနဲ့ အတူတူပဲ ငါအစ်မမုလို တစ်ယောက်တည်းပဲ ကြိုက်ချင်တယ်။ ”
“ နင် ... နားလည်တယ်။ ”
မုဝေတစ်ယောက် ရွှင်မြူးလာပြီး၊
“ ပြောပါဦး တာအိုဘုန်းကြီးကို နင်တွေ့ခဲ့တာလား ... ။ ”
“ ဟုတ်တယ် ... မိန်မတွေများ ရေတက်ငါးစဉ်ရိုင်းတွေလိုပဲ ဝိုင်းနေကြတာ .... တတွတ်တွတ်နဲ့ ... မျက်နှာတွေကို ကြည့်ဖို့ သည်းမခံနိုင်တော့ဘူး ...
... ကံကောင်းတာက တာအိုဘုန်းကြီးက ရွှေပျံလွှားနန်တော်ထဲဝင်သွားတာမို့ ဒီမိန်းမတွေ မလိုက်ရဲတော့ဘူး ... ။ ”
“ ရွှေပျံလွှားနန်းတော်။ ”
မုဝေတစ်ယောက် အမူအရာ အနည်းငယ် ပြောင်းသွားလေသည်။ ရှောင်ယွင်မှ ခေါင်းညိတ် ပြလိုက်ပြီး၊
“ ဟုတ်တယ် ... တာအိုဘုန်းကြီးက ရွှေပျံလွှားနန်းတော်ထဲ ဝင်ပြီး ဘယ်ကိုသွားမယ် တွေးလို့မရဘူး မဟုတ်လား။ ”
မုဝေမှ ခေါင်းညိတ်၏။ ထိုအကြောင်းကို မည်မျှတွေးတောကာမူ အဖြေမထုတ်နိုင်ချေ။ တာအိုဘုန်းကြီးသည် မည်သူနည်း။
“ အဟဲ ... ငါသိတယ် ဒါကြောင့် အစ်မမုအတွက် အရဲစွန့်ပြီး ဆက်လိုက်ခဲ့တယ် နောက်ဆုံးတော့ တာအိုဘုန်းကြီးက ကူအိမ်တော်ထဲ ဝင်သွားတယ်။”
“ ကူအိမ်တော် ... ။ ”
“ ဟုတ်တယ် အစ်မမု ... ကူအိမ်တော်ထဲဝင်သွားတာကို ငါသေချာပေါက် မြင်လိုက်ရတယ် ... ဒါကြောင့် အစ်မမုရဲ့ တာအိုဘုန်းကြီးက နတ်နဂါးမြို့တော်ရဲ့ အထက်တန်းစား မိသားစုကပဲ။ ”
“ ကူမိသားစုလား ... ။ ”
မုဝေခမျာ အနည်းငယ် ရှုပ်ထွေးလာတော့သည်။ ထိုအမူအရာကြောင့် ရှောင်ယွင်မှ မျက်ဝန်းများ တောက်ပလာပြီး၊
“ အစ်မမု ... ကူမိသားစုရဲ့ တစ်ချိန်က သခင်ငယ်ကြောင်း ကြားဖူးတယ် မဟုတ်လား ချီလင်သားတော်လေ။ ”
-ဟု မေးမြန်းလိုက်၏။
ဤတစ်ကြိမ်တွင် မုဝေသည် အနည်းငယ် တုန်လှုပ်သွားတော့သည်။ ချီလင်သားတော်နှင့် ဒဏ္ဍာရီသည် သူမမှတ်ဉာဏ်ထဲ ပေါ်လာ၏။
“ ဒါဆို ... ။ ”
“ မှန်တယ် ... တာအိုဘုန်းကြီးက အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ သခင်ငယ် ဖြစ်နိုင် ပါတယ် ... ။ ”
ရှောင်ယွင်တစ်ယောက် ချက်ချင်း တစ်စုံတစ်ရာကို သတိရလာပြီး မျက်ဝန်းများ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာတော့၏။
“ တစ်ခါတုန်းက စစ်သည်တော်ဝတ်စုံနဲ့ ကောင်လေးတစ်ယောက်ကို ငါတို့တောင်ပေါ်မှာ ကြုံတွေ့ခဲ့ရတာ မင်းမှတ်မိသေးလား ...
... သူက တာအိုဘုန်းကြီးကို ... အစ်ကိုလို့ခေါ်ပြီး တာအိုဘုန်းကြီးက သူ့ကို ချန်ယွင်လို့ခေါ်တယ် ... ကူမိသားစုရဲ့ ဒုတိယ သခင်လေးနာမည်က ကူချန်ယွင်ပဲ ...
... ဒီကမ္ဘာမှာ တိုက်ဆိုင်မှုတွေ အများကြီးမရှိဘူး ဒါကြောင့်တာအိုဘုန်းကြီးဟာ ကူမိသားစုရဲ့ သားအကြီးဆုံးဆိုတာ သေချာပါတယ်။ ”
***