← Chapters

အခန်း (၁၄၄)

Vol. 12 Ch. 144

အခန်း (၁၄၄)

Vol. 12 Ch. 144

ကျောက်တုံးထက်မာသော နှလုံးသား ... ။

“ ကူချန် ... ။ ”

ရှောင်ယွင်စကားကိုကြားသောအခါ မုဝေတစ်ယောက် ထိုအမည်ကို ပြန်သတိရ လာတော့သည်။

ချင်းဖန်ထံမှ တာအိုဘုန်းကြီးအမည်ကို သိခဲ့သည်မှာ ကြာပြီဖြစ်သည်။ ကူမိသားစုဖြင့် ဆက်စပ်တွေးမကြည့်ဘူးချေ။

ကူမိသားစု၏ သခင်ငယ်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး လူအများရှေ့တွင် တစ်ကြိမ်မျှ ပေါ်မလာသောကြောင့် မမြင်ဖူးခြင်း ဖြစ်သည်။

အရေးအကြီးဆုံးမှာ ကူမိသားစု၏ သားကြီးသည် သူ့အရည်အချင်းများကြောင့်သာ နာမည်ကြီးသည်။ ရုပ်ရည်နှင့် ပတ်သတ်ပြီး ထူးထူးခြားခြား မပြောကြချေ။

သူမ တာအိုဘုန်းကြီးနှင့် တွေ့စဉ်က ချီလင်သားတော်၏ သတင်းမှာ ငြိမ်သက်နေပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နာမည်တူ မျိုးရိုးတူ အများအပြားရှိ၏။ ယင်းကြောင့် ကူမိသားစု၏ သားအကြီးဆုံးအဖြစ် မထင်မိခြင်းပေပင်။

ရုတ်တရက် ဖခင်ပြောခဲ့သော အကြောင်းအရာတစ်ခုကို သတိရလာသည်။ ကူမိသားစုသည် ဤရက်များအတွင်း လှပပြီး အရည်အချင်းရှိသော အမျိုးသမီးများကို ရွေးချယ်နေ၏။

ထိုသူများအနက်တစ်ဦးဖြင့် သူ့တို့၏အကြီးဆုံးသားကို အိမ်ထောင်ချပေးရန် သတင်းပြေးနေသည်။ သူမသည် ယင်းအတွက် ရွေးချယ်ခံထားရ၏။

သို့သော် သူမသည် ထိုအရာကို ငြင်းဆန်လိုက်သည်။ သူမတွင် တာအိုဘုန်းကြီး ရှိနေပြီ ဟူ၍ဖြစ်သည်။ ကူမိသားစုသည် သဘောထားကြီးပြီး ရိုးသားသည်။

သူမအတွက် အခက်အခဲ ဖြစ်အောင် ဆက်မလုပ်တော့ချေ။ တစ်ဖက်တွင် သူမသည် အခွင့်အရေးကို လက်လွှတ်လိုက်ရ၏။

ယင်းသည် အဓိပ္ပါယ်မဲ့ချေပြီ။ ထိုစဉ်က ကူမိသားစုသည် အဘယ့်ကြောင့်အိမ်ထောင်ရေး ကိစ္စကို အတင်းအကြပ် မလုပ်ဆောင်သနည်း။ မုဝေတစ်ယောက် ခေါင်းရမ်းကာ၊

“ အဲဒီအချိန်တုန်းက ... ငါ သဘောတူခဲ့ရင်တောင် အခွင့်အရေးဆိုတာ ရှိလာမှာ မဟုတ်ပါဘူး ... သူက ငါ့ကို မော့တောင်ကြည့်ခဲ့တာ မဟုတ်ဘူး။ ”

-ဟု ညည်းညူလိုက်သည်။

အဆုံးတွင် သူမသည် တာအိုဘုန်းကြီးနှင့် နှစ်ပေါင်းများစွာ သိကျွမ်းခဲ့ရပြီး တစ်ယောက်၏ ဆန္ဒကို တစ်ယောက်နားလည်၏။

“ အစ်မမု မင်းဘာတွေ ပြောနေတာလဲ ... ဘာကို အခွင့်အရေး မရှိရတာလဲ။ ”

“ ဘာမှ မဟုတ်ဘူး။ ”

မုဝေက ခေါင်းရမ်းလျက် သူမ အင်္ကျီလက်များကိုခေါက်တင်ကာ စားပွဲပေါ်ရှိ စုတ်တံကောက်ကိုင်လိုက်၏။ ရှောင်ယွင်မှ သည်းမခံနိုင်တော့ဘဲ။

“ အစ်မမု မင်းတာအိုဘုန်းကြီးကို ဘာလို့ ကြိုက်တာလဲ။ ”

-ဟု မေးမြန်းသည်။

ထိုမေးခွန်းကြောင့် မုဝေက စာရွက်တစ်ရွက်ကို လှမ်းယူလျက်ဖြင့် ပြန်မော့ကြည့်ကာ ပြုံးပြ၏။

“ လူတစ်ယောက်ကို ချစ်မိတာ အကြောင်းပြချက် လိုသေးလို့လား ကောင်းပြီ ... ဒီကမ္ဘာပေါ်မှာရှိတဲ့ အချင်းအရာတွေအတွက် အကြောင်းပြချက်တစ်ခုကို ...

... မဖြစ်မနေ ပေးရမယ်ဆိုရင် ... တစ်စုံတစ်ယောက်အပေါ် သဘောကျနေတဲ့ ခံစားချက်က အကြောင်းပြချက်တစ်ခုပါပဲ ...

... ဒါဆို ဘာလို့သဘောကျတာလဲဆိုတဲ့ မေးခွန်းအတွက် ငါ ... ရှင်းပြစရာ မလိုတော့ဘူး ထင်တယ် ... ဒါကို မြင်မြင်ခြင်း ချစ်တာလို့ ခေါ်နိုင်ပါတယ်။ ”

“ ဟားဟားဟား ... ။ ”

မုဝေစကားကို ကြားပြီးနောက် ရှောင်ယွင်မှ ရယ်လေသည်။ မုဝေမှ မျက်မှောင်ကြုတ်ကြည့် တော့၏။

“ နင်ဘာရယ်တာလဲ ... ငါ့စကားက ရယ်စရာပါနေလား။ ”

“ တာအိုဘုန်းကြီးပြောတာ ချင်းဖန်ကနေတဆင့် ... ငါကြားဖူးတယ်။ ”

“ ဘာလဲ ... ။ ”

“ မြင်မြင်ချင်း အချစ်ဆိုတာ ... တပ်မက်မှုပဲတဲ့ ကြည့်ရတာ ... တာအိုဘုန်းကြီး စကားက မှန်နေပုံရတယ် ... ။ ”

မုဝေတစ်ယောက် တိတ်ဆိတ်သွား တော့သည်။ ထိုစဉ်က ကူချန်နှင့် ပထမဆုံးတွေ့ အချိန်ကို ပြန်သတိရလာ၏။

သူမသည် အလွန်ငယ်သေးကာ ထိုတာအိုလူငယ်သည်လည်း အထွတ်အထိပ်၌ အားမာန်အပြည့်ရှိသော အရွယ်ပေပင်။

ချောမောလှပပြီး ငယ်ဂုဏ်ကြောင့် အားမာန်အပြည့်ဖြင့် သူရဲကောင်းတစ်ယောက် ကဲ့သို့ အမျိုးသမီးများ၏ ဗဟိုချက်ဖြစ်၏။

ထိုကဲ့သို့ကျက်သရေရှိသော လူငယ်ကို မည်သည့်မိန်းကလေးမျှ ငြင်းဆန်ရန် ခံနိုင်ရည် မရှိသည်မှာ သဘာဝပေပင်။ ဤလူများအတွင်း သဘာဝအားဖြင့် သူမလည်း ပါဝင်ခဲ့၏။

ယခု ဆယ်နှစ်နီးပါး ကြာသွားချေပြီ။ တာအိုဘုန်းကြီးသည် ယခင်ကဲ့သို့ နုပျိုနေဆဲ ပေပင်။ အနည်းငယ်မျှသာပင် ကွဲပြားသည်။

ဆိုလိုသည်မှာ ယခင်က နုပျိုပြီး အားမာန်အပြည့်ရှိသော တာအိုဘုန်းကြီးသည် ယခုအချိန်၌ ကျောက်စိမ်းကဲ့သို့ နူးညံ့နေ၏။

ထိုအတွေးကြောင့် ထိတ်လန့်စွာဖြင့် ပါးပြင်ကို ပြန်စမ်းလိုက်သည်။ ဤမျက်နှာသည် ထိုစဉ်ကကဲ့သို့ နုပျိုနေသေးသည်လော။

အချိန်သည် မြန်လွန်းချေပြီ။ ယခု သူမအသက်သည် (၃၀)ရှိနေပြီဖြစ်၏။ အသက် (၂၀) အရွယ်ထက် အနည်းငယ် ရင့်လာနိုင်မည်။

ရှောင်ယွင်က မုဝေ၏အပြုအမူနှင့် အမူအရာများကို ကြည့်ပြီး ခံစားချက်များအပေါ် နားလည်လာ၏။ ထို့ကြောင့် ဒေါသဖြင့် လက်သီးများဆုပ်ကာ၊

“ အစ်မမု ... မင်းဘဝရဲ့ နုပျိုလွန်းတဲ့ ဆယ်နှစ်တာအချိန်ကို တာအိုဘုန်းကြီးအတွက် ပေးလိုက်ရပြီးပြီ ... ရေစက်တွေ ကျပါများရင် ကျောက်တုံးတစ်တုံးတောင် ...

... ကွဲကြေရတယ် မဟုတ်လား ဒီတာအိုဘုန်းကြီးက ကျောက်တုံးထက်မာတဲ့ နှလုံးသား တကယ်ရှိနေတယ်။ ”

-ဟု ဒေါသဖြင့် ရေရွတ်သည်။

“ ဒါက ငါ့အကြောင်းပဲလေ ... သူနဲ့ ဘာမှမဆိုင်ပါဘူး ... လူတစ်ယောက်အတွက် တစ်စုံတစ်ရာအပေါ် အာရုံတစိုက်လုပ်နေရုံနဲ့ လိုချင်တဲ့ရလဒ်မျိုးသာ ရနိုင်မယ်ဆိုရင် ...

... ဒီကမ္ဘာကြီးဟာ အရင်တည်းက ကမောက်ကမတွေ ဖြစ်ကုန်ကြတော့မှာပေါ့ သူတောင်းစားတွေပဲ ကြည့်ပါ ... သူတို့မှာ အလိုဆန္ဒတွေရှိကြတယ် ...

... ဘုရင်ဖြစ်ဖို့ လမ်းဘေးမှာအိပ်ပြီး နေ့တိုင်းအိပ်မက်မက်နေလိမ့်မယ် သူကြွယ်တွေ မင်းသားတွေ အစရှိသဖြင့်ပေါ့ ... ဒါပေမယ့် ဒီကမ္ဘာမှာ သူတောင်းစား ဘယ်နှစ်ယောက်များ ဘုရင်ဖြစ်လာတာ မြင်လဲ ...

... အထက်တန်းစားတွေမှာရော ... ဘယ်နှစ်ယောက်ရှိလဲ လူတိုင်းက ဧကရာဇ်မင်း ဖြစ်ချင်သလို ... အမတ်တစ်ယောက်၊ သူရဲကောင်းတစ်ယောက် ဖြစ်လာဖို့ ...

... စိတ်ကူးတွေယဉ်နေကြတယ် ... ဒါပေမယ့်လည်း အရည်အချင်းရှိတိုင်း သူတို့က ဒီလိုရာထူးတွေရခဲ့လား ဆန္ဒတွေပြည့်ဝလား။ ”

ဤတစ်ကြိမ်တွင် ရှောင်ယွင်ခမျာ နားမလည်တော့ချေ။ အစ်မမုသည် မည်သည့် အချိန်မှ စကာ လေးနက်လာသနည်း။ အဆုံး၌ မေးစေ့ကို လက်ထောက်လိုက်ပြီး။

“ ဘာပဲဖြစ်ဖြစ် ... အစ်မမုနဲ့ တာအိုဘုန်းကြီးမှာ အကြောင်းပြချက်တွေ ရှိနေတယ် ... ဒါဆို အစ်မမုက ဘာလို့ မစွန့်လွှတ်ရတာလဲ။ ”

“ လူတစ်ယောက်က မင်းနှလုံးသားထဲမှာ နေရာအပြည့်ယူထားတယ် ဒါဆို မင်းလွှတ်ချလို့ ရမလား ... ။ ”

ထိုမေးခွန်းကြောင့် ရှောင်ယွင်မှ သူမပါးပြင်နှစ်ဘက်ကို လက်ဖဝါးဖြင့် အုပ်ကာ၊

“ ဟမ့် ... ဒါဆို နေ့ရောညပါ ... ငါ သူ့အကြောင်းပဲတွေးနေမိမှာ အရမ်းမိုက်တယ်။ ”

-ဟု စိတ်ကူးယဉ်လိုက်၏။

“ ဘာအရမ်းမိုက်တာလဲ ... ။ ”

မုဝေက သူမလက်ထဲရှိ စုတ်တံကို ပြန်ချလိုက်ပြီး ရှောင်ယွင်ထံ လှည့်ကြည့်သည်။

“ ဘာလဲ ... နင်ရော အချစ်ကို စိတ်ဝင်စားနေတာလား ကောင်းပြီ တကယ်လို့ နင့်မှာ စိတ်ကူးထားတာရှိရင် ပြောပါ ခန်းဝင်ပစ္စည်း ငါပြင်ပေးမယ် ...

... ဒီနေ့ကစပြီး နင်က ငါ့ရဲ့မိသားစုဝင်ပဲ နင့်အပေါ် ... သူ အနိုင်ကျင့်ရင် ငါ့ကိုလာပြောပါ ငါနင့်အတွက် ရှိနေမယ်။ ”

“ ကောင်းပြီ ... ။ ”

ရှောင်ယွင်မှ ပြုံးရွှင်လျက် ရှက်ရွံ့သွားသည်။ သို့သော် ရုတ်တရက် သတိရလာပြီး ချက်ချင်း ထရပ်ကာ၊

“ မဟုတ်ဘူး ... မလိုချင်တော့ဘူး ... အစ်မမုနဲ့ ငါတစ်သက်လုံးနေမှာပါ။ ”

-ဟု ဆိုလျက် မုဝေကို ပြေးဖက်လိုက်၏။

“ ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ အစ်မမုကို မထားခဲ့ချင်ဘူး ဘယ်သွားသွား ... ရှောင်ယွင် လိုက်နေမှာ။ ”

“ ဒါဆို ... ငါဒီဘဝမှာ လက်မထပ်တော့ရင် နင်ဘယ်လိုလုပ်မလဲ။ ”

“ ဘာဖြစ်လဲ ... ဒီဘဝမှာ ငါအိမ်ထောင်မပြုရလဲ မသေနိုင်ပါဘူး ငါ ... အစ်မမုနဲ့ အတူတူနေလို့ရပါတယ်။ ”

“ ဟားဟားဟား ... ။ ”

မုဝေက ရယ်မောလိုက်သည်။ မဝေးလှသောအရပ်တွင် ထိုစကားဝိုင်းအပေါ် နားထောင်နေခဲ့မိသော မုကျန့်တစ်ယောက် တိတ်ဆိတ်သွားချေပြီ။

“ ဒါဆို ဒီကောင်မလေး ... ။ ”

မယုံနိုင်ဖွယ် အံ့ဩနေသော အရိပ်အမြွက်များဖြင့် ကူကယ်ရာမဲ့နေသော အပြုံးတစ်ပွင့် ပေါ်လာတော့သည်။

သူ့သမီးသည် တခြားလူများအပေါ် ငြင်းဆန်နေသည်မှာ မထူးဆန်းတော့ချေ။ သူမ အနေဖြင့် အမျိုးကောင်းသားကို ရွေးထားပြီး ဖြစ်ချေပြီ။

မုဝေသည် သူ့အမြင်၌ ပုလဲတစ်လုံး ဖြစ်သည်။ သူမ အိမ်ထောင်မပြုသော် မုမိသားစု ကြွယ်ဝမှုသည် မည်သို့ဖြစ်မည်နည်း။

ပြန်လှည့်ဝင်လိုသော ဆန္ဒများကို ချုပ်တည်းထားလိုက်သည်။ ထိုအချင်းအရာကို သူမနှင့် ဆက်လက်ဆွေးနွေးလိုသော်လည်း အဖြေရမည် မဟုတ်ချေ။

အဆုံး၌သက်ပြင်းချကာ လှည့်ထွက် လာသည်။ ဤကိစ္စအပေါ် ကူဖုန်းသည်လည်း သူ့ကဲ့သို့ စိတ်ပူနေပုံရသည်။ ထိုစဉ် မုဝေက တံခါးဝထံ မော့ကြည့်လိုက်၏။

ထိုအရပ်၌ တစ်ယောက်ယောက် ပုန်းနေပုံပေပင်။ သို့သော် မည်သူသည် သူမ အခန်းဝ၌ ဤသို့ပုန်းနေဝံ့သနည်း။

အတွေးများဖြင့် ခေါင်းယမ်းကာ ရှောင်ယွင်ကို စနောက်ရန်ပြင်လိုက်တော့သည်။ ‌ရှောင်ယွင်၏ အမည်မှာ ရှောင်တျန်းဖြစ်၏။

ကလေးဘဝတည်းကပင် သူမ အနားရောက်ရှိလာသဖြင့် ညီအစ်များအလား ရင်နှီးချေပြီ။ ထို့ကြောင့် ဤမိန်းကလေးကို ‘ယွင်ကလေး’ (ရှောင်ယွင်)အဖြစ် ခေါ်ဆိုခဲ့ခြင်းပေင်။

***

All Chapters