အခန်း (၁၄၆)
Vol. 12 Ch. 146
အဟမ်း ... ။
ဤတစ်ကြိမ်၌ သားအဖနှစ်ယောက် စကားစမြည်များ အချိန်ကြာမြင့်စွာ ပြောဆို ဖြစ်ကြသည်။ ညနေစောင်းသည် အထိပင်။
ကူဖုန်းက ပြတင်းပေါက်မှတဆင့် နှင်းများကျဆင်းနေသည်ကို တစ်ချက်ကြည့်ပြီး ကောင်းကင်ပေါ် ငေးကာ၊
“ နှင်းတွေ ကျလာပြီ ... ဒီနှစ်မှာ လူဘယ်နှစ်ယောက် အေးခဲသေမလဲ ဒါမှမဟုတ် ငတ်သေကြဦးမလဲ ... ။ ”
-ဟု ညည်းတွားလိုက်၏။
နှစ်အတော်ကြာသော ကပ်ဘေးသည် သန်းပေါင်းများစွာသော ဒုက္ခသည်များစွားကို ဖြစ်ပေါ်လာစေသည်။
ရှန့်နန်ပြည်နယ်သည် သာယာဝပြောသော အရပ်ဖြစ်ပြီး မြေတစ်လက်မတိုင်းကို လူတစ်ဦး တစ်ယောက်စီမှ ပိုင်ဆိုင်သည်။
ထိုကြောင့် ဒုက္ခသည်များအတွက် ဝေငှစရာမြေပို မရှိချေ။ နှင်းကျဆင်းခြင်းသည် အဆိုပါ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ဒုက္ခသည်များ အတွက် အန္တရာယ်ပေပင်။
ကူချန်က ပြတင်းပေါက်ထံ မျှော်ကြည့်လိုက်ပြီး၊
“ ဟဲရှလမ်းမှာ စွန့်ပစ်ထားတဲ့ မြေကွက်တွေရှိတယ် မြေသြဇာကောင်းပြီး စိုက်ပျိုးဖို့ ဖြစ်ထွန်းနိုင်တယ်။ ”
-ဟု အသိပေးလိုက်၏။
ဆိုလိုသည်မှာ ဒုက္ခသည်များ ဆင်းရဲသောတောင်သူများကို ထိုဒေသကြီးသို့ ရွှေ့ပြောင်းနေရာချပေးနိုင်မည်။
မိုးခေါင်ရေရှားမှုမဖြစ်မီ ဟဲရှလမ်းသည် ဖူစုနိုင်ငံ၏ သာယာဝပြောသော နယ်မြေကြီး ဖြစ်သည်။
ထိုဒေသသည် သဘာဝအရ မြေဩဇာအလွန်ကောင်းမွန်ပြီး လူများစွာကို ထောက်ပံ့နိုင်၏။
“ ဟဲရှလမ်းက ငါတို့နဲ့ အလှမ်းဝေးလွန်းတယ်။ ”
ကူဖုန်းမှ တွေဝေစွာ ပြောကြားလာ၏။
“ နောက်ဆုံးတော့ ဒီဒေသကို ဖြတ်ကျော်ရမှာပဲ မဟုတ်လား။ ”
ကူချန်က ဆက်၍ ပြောဆိုသည်။
“ သွေးဝိညာဉ်ဂိုဏ်းကိုရော ဘယ်လိုလုပ်မလဲ။ ”
“ ဖြေရှင်းလိုက်ရုံပေါ့ ... ။ ”
ထိုစကားကြောင့် ကူဖုန်းတစ်ယောက် တစ်စုံတစ်ရာတွေးတောနေသကဲ့သို့ တိတ်ဆိတ် သွားကာ၊
“ မင်းကျင့်ကြံမှု အခြေအနေ ဘယ်လိုရှိလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ နောက်လ အနည်းငယ်အတွင်းမှာ ဖြစ်နိုင်တယ်။ ”
ကူချန်မှ ပြန်ဖြေသည်။ ရေမီးဆေးပြားကို သန့်စင်ထားပြီးဖြစ်သဖြင့် အတားအဆီးအပေါ် ဖြတ်ကျော်ရန် ကြိုးစားနိုင်မည်။ ကူဖုန်းခမျာ ခဏမျှတိတ်ဆိတ်သွား၏။ ထို့နောက် ခေါင်းယမ်းပြီး သက်ပြင်းချကာ၊
“ မင်းရဲ့အရည်အချင်းက တကယ့်ကို တုနှိုင်းမဲ့ပါပဲ။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
ကူချန်ထံမှ ခွိုက်ဖူဆေးပြား(၃)ပြား သောက်သုံးခဲ့သော်လည်း ယွမ်ဖူနယ်ပယ်ကို လုံးဝ မခံစားနိုင်သေးချေ။ ဤအဆင့်သည် သူ ထင်ထားတာထက် များစွာပိုခက်ချေပြီ။
“ ရှန်ရှင်းနယ်ပယ်ကနေ ယွမ်ဖူနယ်ပယ်ကို တက်ရောက်ခြင်းက အရည်အသွေး ပြောင်းလဲမှု တစ်ခုပါ ... ဒီကမ္ဘာမှာ လူအများစုက ဒီအဆင့်မှာ ပိတ်မိနေကြတယ် ...
... တကယ်ပဲ ... ဖြတ်ကျော်ဖို့ လွယ်တယ်ဆိုရင် လူတိုင်းက ကျင့်ကြံသူတွေ ဖြစ်လာကြလိမ့်မယ်။ ”
“ ဒါတော့ ... မှန်တယ် ငါနည်းနည်း စိတ်မရှည် ဖြစ်သွားတယ်။ ”
ကူဖုန်းမှ ခေါင်းညိတ်ကာ သက်ပြင်းချလိုက်၏။ ထိုသို့စကားပြောနေစဉ် ကူချန်က ရုတ်တရက် အံ့အားသင့်စွာဖြင့် လင်းရင်တောင်ကို လှည့်ကြည့်သည်။
“ ဘာမှားနေလို့လဲ ... ။ ”
ကူဖုန်းမှ မေး၏။ ကူချန်တစ်ယောက် သေချာစေရန် အနည်းငယ်တွက်ချက်ကြည့်ကာ ခေါင်းပြန်မော့ပြီး၊
“ ဆရာ အဆင့်ချိုးဖြတ်နိုင်သွားပြီ။ ”
-ဟု ဖြေကြားလိုက်၏။
ထိုအဖြေကြောင့် ကူဖုန်းခမျာ အံ့အားသင့်သွားပြီး တိတ်ဆိတ်သွားတော့၏။
***
လင်းရင်ဘုံကျောင်း။
ခြံဝင်းတစ်ခုထဲရှိ အခန်းတစ်ခန်းထဲတွင် တာအိုချင်းရှသည် ကုတင်ပေါ် တင်ပျဉ်ခွေထိုင် နေသည်။
သူ့ ဦးခေါင်းအထက်တွင် ဝိညာဉ်စွမ်းအားများသည် ရေဝဲပုံသဏ္ဍာန်ဖြင့် ခန္ဓာကိုယ်ထဲ စိမ့်ဝင်နေ၏။
ဆယ်မိုင်ပတ်လည်အတွင်း ဝိညာဉ်စွမ်းအင်များအားလုံးကို စုပ်ယူနေခြင်း ဖြစ်သည်။
အချိန်အတော်ကြာသည်အထိ ထိုဖြစ်စဉ်သည် ဖြစ်ပေါ်နေပြီး သူ့ခန္ဓာကိုယ်မှ အလင်းအချို့ တောက်ပလာချိန်၌ ရပ်တန့်သွား၏။
အဆုံးတွင် တာအိုချင်းရှတစ်ယောက် စိတ်လှုပ်ရှားမှုများဖြင့် မျက်လုံးများဖွင့်လိုက် တော့သည်။ မျက်ရည်များသည်ပင် ပါးပြင်ပေါ် စီးကျလျက် နှုတ်ခမ်းများ တုန်ရင်နေ၏။
“ နှစ်ခြောက်ဆယ် ... နောက်ဆုံးတော့ ငါယွမ်ဖူနယ်ပယ် ရောက်ပြီ။”
သူသည် ဆယ်နှစ်သားအရွယ်တွင် ကျင့်ကြံမှုကို စတင်ခဲ့သည်။ အသက်သုံးဆယ်၌ ရှန်ရှင်းနယ်ပယ် ရောက်ရှိကာ အနှစ်(၄၀)ကြာ ပြီးနောက် ယွမ်ဖူနယ်ပယ် ရောက်ရှိလာ၏။
အကယ်၍သာ သူသည် နှင်းပန်းဓားကျောင်းတွင်သာဆိုသော် လက်ရှိ ကျင့်ကြံမှုအရ အတွင်းတပည့်ရာထူးရရှိပေမည်။
ရုတ်ခြည်း ဦးရေပြားများ နေရာအနှံ့ ယားယံလာပြီး လျော့ရဲသည့် အသားအရေမှာ သာမန်မျက်စိဖြင့် မြင်နိုင်သည့်အရှိန်ဖြင့် တင်းရင်းလာတော့သည်။
“ ဒါ ... ။ ”
တာအိုချင်းရှတစ်ယောက် ခဏတာ အံ့အားသင့်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားတော့၏။
“ ပြန်လည် နုပျိုခြင်း။ ”
ချက်ချင်း ထရပ်လိုက်ကာ သူ့အသွင်ကိုပြန်ကြည့်ရန် မှန်တစ်ချပ် ရှာဖွေ လိုက်တော့သည်။
အိုမင်းနေသော မျက်နှာသည် ငယ်ရွယ်နုပျိုလာပြီး အနက်ရောင်ဆံပင်များနှင့် လူငယ်တစ်ယောက်အသွင် ဖြစ်နေ၏။
“ ဒါ ငါပဲ ... ။ ”
ဤသည်မှာ သူ့ငယ်ရုပ်ပေပင်။ ထိန်းမနိုင်သိမ်းမရ ပျော်ရွှင်မှုများ ဝင်ရောက်လာ တော့၏။
“ ငါ အရမ်းကြည့်ကောင်းတယ်။ ”
သာမာန်လူတစ်ဦး၏ သက်တမ်းသည် နှစ်(၁၀၀) သတ်မှတ်သော် အသက်(၂၀)အထိ လူငယ်ဖြစ်သည်။
(၂၀-၃၅)သည် လူရွယ်ဖြစ်ကြပြီး (၃၅-၆၀)သည် လူလတ်ပိုင်းဖြစ်၏။ (၆၀-၉၀)သည် လူကြီးဖြစ်ကာ (၉၀-၁၀၀)သည် လူအိုများပေပင်။
သက်တမ်းသည် ရုပ်သွင်ကိုများစွာ သက်ရောက်မှုရှိသည်။ ယခု ယွမ်ဖူနယ်ပယ် သက်တမ်းသည် နှစ်(၃၀၀)ဖြစ်၏။
ထို့ကြောင့် အသက်(၇၀) သူ့ရုပ်သွင်သည် သာမန်လူအသက်(၂၀)ကျော်အရွယ်တွင် ဖြစ်ပြီး လူရွယ်အဆင့်ပေပင်။
ဆိုလိုသည်မှာ ယွမ်ဖူနယ်ပယ် ရောက်ရှိလာချိန်၌ အသက်(၂၀)ကျော်အရွယ်သို့ ပြန်လည် နုပျိုလာခြင်း ပေပင်။
နယ်ပယ်ကို ထပ်မံ မဖြတ်ကျော်နိုင်သော် အနှစ်ပေါင်းများစွာကုန်လွန်ပြီးနောက် ပြန်လည် အိုမင်းလာပေဦးမည်။
ဤနည်းဖြင့် ကူချန်သည် အသက်(၂၀)ကျော်နေသော်မှ (၁၈)နှစ်အရွယ် ကောင်လေးတစ်ယောက်အသွင် ဖြစ်နေဆဲပေပင်။
တာအိုချင်းရှတစ်ယောက် ချက်ချင်း ထွက်ခွာကာ တစ်ယောက်ယောက်ကို သူ့အသွင် ပြသလိုနေသည်။ မင်ယွဲ့ သို့မဟုတ် ချင်းဖန်ကို မြင်စေလို၏။
“ ဟား ဟား ဟား ... ငါအောင်မြင်ပြီ။ ”
အဆုံး၌ နှစ်ပေါင်း(၆၀)ကြာ ခိုအောင်းနေသော ဆန္ဒသည် ထိန်းမရတော့ဘဲ တာအိုချင်းရှတစ်ယောက် ဂျွမ်းပစ်ကာ တံခါးမှ ပြေးထွက်လိုက်သည်။
“ အဟမ်း ... ။ ”
ရုတ်တရက် သတိရသွားပြီးနောက် ချောင်းဟန့်ကာ ဟန်ချက်ကို ပြင်ယူလိုက်သည်။ ပို၍ထင်ရှားစေရန် ဓားပျံစီးကာ ကြွကြွရွရွ ပျံသန်းထွက်သင့်သည်လော။
အတွေးများဖြင့် မတ်တပ်ရပ်ကာ ကောင်းကင်ကြီးပေါ် မော့ကြည့်လိုက်တော့၏။ ကောင်းကင်အပြည့် နှင်းများကျနေသည်။
“ အဟမ်း ... ။ ”
ထိုစဉ် ချောင်းဟန့်သံနှင့်အတူ နှင်းများအတွင်း လူနှစ်ယောက် ငြိမ်သက်စွာဖြင့် ရပ်နေသည်ကို မြင်လိုက်ရ၏။
သူတို့၏ အကြည့်များတွင် အနည်းငယ် ထူးဆန်းနေသော အရိပ်အမြွက်များ ပါရှိသည်။ တာအိုချင်းရှခမျာ ဖော်မပြနိုင်သည့် ခံစားချက် အချို့ ချက်ချင်း ငြိမ်သက်သွား၏။
တစ်ဆက်တည်းမှာပင် နှလုံးသား၌ ရှက်ရွံ့မှုူအရိပ်အယောင်များ ဝင်ရောက်လာ တော့သည်။
( မင်းတို့သားအဖနှစ်ယောက် အဲဒီမှာ တစ်ချိန်လုံး ရှိနေခဲ့တာလား။ )
***