အခန်း (၁၄၁)
Vol. 12 Ch. 141
သူ့ကို စိတ်မပူနဲ့ ... ။
“ မဆိုးဘူး ... ။ ”
ကူချန်တစ်ယောက် ကြက်သွန်မြိတ် ပန်ကိတ်ကို တစ်ကိုက်စားကြည့်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။
လူစည်းကားသော လမ်းမအတိုင်း လျှောက်လှမ်းလျက် ရုတ်တရက် အတွေးများ ဝင်ရောက်လာသည်။
“ အချိန် ... ။ ”
အဆုံးတွင် ထိုစကားလုံးသည် စွမ်းအားကြီးလွန်းချေ၏။ သက်ပြင်းချလျက် ခေါင်းခါပြီး ကူအိမ်တော်ထံ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
အချိန်ကာလဟူသည် တစ်ခါတစ်ရံ အလွန်နှေးကွေးသည်ဟု ခံစားရသည်။ သို့သော် သတိထားမိချိန်၌ မြန်နေချေ၏။
ဥပမာအားဖြင့် ရေမီးဆေးပြားကို သန့်စင်ရန်အတွက် အချိန်တစ်လမျှ ကြာသည်။ ထိုပမာဏသည် သာမန်လူများအတွက် များပြားလှ၏။ ဘဝသည် တိုတောင်းကာ ဆောင်းရာသီ အနည်းငယ်မျှသာရှိသည်။
ယွမ်ဖူနယ်ပယ် သက်တမ်းသည် နှစ်(၃၀၀)ဖြစ်ပြီး ခရမ်းရောင် နေမင်းနယ်ပယ် သက်တမ်းသည် နှစ်(၅၀၀)ဖြစ်၏။
သူသည် အခြားသူများထက် သက်တမ်းဆယ်ဆ ပိုရှည်မည်။ ဆိုလိုသည်မှာ ယွမ်ဖူနယ်ပယ်၏ဆယ်ဆ နှစ်(၃၀၀၀)သည် သူ့သက်တမ်းဖြစ်၏။
ခရမ်းရောင်နေမင်းနယ်ပယ်ကို ဖြတ်ကျော်သောအခါ နှစ်(၅၀၀၀)ပိုင်ဆိုင်မည် ဖြစ်သည်။ ထို့ကြောင့် တစ်လဟူသည် သူ့အတွက် အရေးမကြီးချေ။
ယနေ့ သားအမိနှစ်ယောက်ဖြင့် ဆုံတွေ့ချိန်သည် လွန်ခဲ့သော ရှစ်နှစ်လောက်က ဖြစ်နိုင်ပေမည်။
ထိုစဉ်က အငတ်ဘေးကြုံစဉ် သူမသည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးမျှသာ ဖြစ်ပြီး ကောင်မလေးသည် ကလေးငယ်ပေပင်။
အဆိုပါ သားအမိနှစ်ယောက်အတွက် ပန်ကိတ်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရန် အချိန်(၈)နှစ် ကုန်လွန်ခဲ့ရသည်။
သူမတို့ဘဝ၏ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်သော်လည်း ပေးဆပ်ရသည်မှာ တန်ကြေးကြီးချေသည်။
ကျင့်ကြံသူများသည် ကိစ္စအချို့ကို သာမန်အတိုင်း ဖြေရှင်းနိုင်မည်။ သာမန်လူများ အတွက်မူ အလျင်အမြန် လုပ်ဆောင်ရ၏။
နောက်တစ်ကြိမ် ဆေးပြားအချို့ကို သန့်စင်ပြီးနောက် ဤအမေနှင့် ဤသမီးသည် သည့်ထက်ပို၍ ပြောင်းလဲလာပေမည်။
ထိုအမေအိုသည် ပို၍ အိုမင်းကာ ဤကောင်မလေးသည် အိမ်ထောင်ကျနိုင်ပြီး သားသမီးများ ရရှိနိုင်၏။
အတွေးဖြင့် သက်ပြင်းချလိုက်သည်။ အကြင်သူသည် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင်နေသည်လော။
ထိုသူပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အဆုံး၌ ကွယ်ပျောက်သွားနိုင်၏။ ဘဝဟူသည် ခရီးတစ်ခုသာဖြစ်သည်။
တစ်စုံတစ်ဦးသည် ဘေး၌ အတူယှဉ်တွဲလိုက်ပါနိုင်ရန် ရာခိုင်နှုန်းသည် မရှိသလောက် ပေပင်။
မြို့တော်အတွင်း ခရီးသွားများဖြင့် သက်ဝင်တက်ကြွနေသည်။ အမျိုးသမီးတိုင်းက လက်ရှိမြင်ကွင်းနှင့် တသားတည်းဖြစ်နေသော တာအိုဘုန်းကြီးတစ်ပါးထံ ခိုးကြည့်ကြ၏။
ဖူစုနိုင်ငံ အရပ်ရပ်ရှိ လူငယ်များ၊ သူရဲကောင်းများ၊ ကျွမ်းကျင်သူများစသည်တို့မှာ နတ်နဂါးမြို့တော်၌ လာရောက်စုရုံးကြသည်။
ဤသည်မှာ မြို့တစ်မြို့ ဖွံ့ဖြိုးလာခြင်း၏ ကောက်ကြောင်းပေပင်။ လမ်းမပေါ်တွင် ကူချန် တစ်ယောက် သစ်ရွက်တစ်ရွက်လို လွင့်မျောနေတော့၏။
***
“ ဘာလို့ မိန်းမတွေက ... ဒီလောက်အထိ စိတ်ဝင်စားနေကြတာလဲ။ ”
မျက်နှာဝိုင်းဝိုင်းဖြင့် မိန်းကလေး တစ်ယောက်က စပ်စုလိုသောအသွင်ဖြင့် ရှေ့သို့ ကြည့်ရန် ခြေဖျားထောက်လိုက်သည်။ သို့သော် မမြင်ရချေ။
“ ဟမ့် ... တကယ်ပဲ ဒီမြို့ကလူတွေ ဘာတွေမှားနေကြတာလဲ ... ဒီလိုအသက်ဝင်ပြီး လှပတဲ့မြင်ကွင်းက ဘာဖြစ်နိုင်မလဲ။ ”
ဤကမ္ဘာကြီးတွင် သူမ အမုန်းဆုံးလူ နှစ်မျိုးရှိ၏။ တစ်မျိုးသည် ရှေ့မှပိတ်ဆို့ထားသူ ဖြစ်ပြီး ကျန်တစ်မျိုးသည် သူမအပေါ် စောင့်ကြည့်နေသူ ဖြစ်သည်။
လက်ရှိအချိန်၌ သူမရှေ့မြင်ကွင်းကို မြို့တော်ရှိ မိန်းကလေးများနှင့် အမျိုးသမီးများမှ ပိတ်ဆို့ထားချေပြီ။
“ အရမ်းချောတယ် ... ။ ”
“ ဟုတ်တယ် ဒီလောက် ချောမောတဲ့ရုပ်ရည်မျိုး တခါမှ မမြင်ဖူးသေးဘူး။ ”
“ နင်တို့ ... သူကိုမသိကြဘူးလား ... ဒါအရမ်းနာမည်ကြီးတဲ့ လင်းရင်ဘုံကျောင်းက တာအိုဘုန်းကြီးပဲ။ ”
“ တကယ်ကြီးလား ... ။ ”
“ ဟုတ်တယ် ... ။ ”
“ ဟမ့် ... ဒါပေမယ့် ဘာလို့ အရမ်းငယ်ရွယ်နေရတာလဲ သူ အသက်မကြီး တော့ဘူးလား။ ”
“ ငါ့ဝမ်းကွဲတစ်ယောက် ... အဲဒီတုန်းက တာအိုဘုန်းကြီးလေးအပေါ် သဘောကျခဲ့တာ မှတ်မိနေသေးတယ် ...
... တစ်နေကုန် အစာမစားဘဲ တာအိုဘုန်းကြီးကိုမှ မရရင် ဘယ်တော့မှ အိမ်ထောင်မပြုဘူးဆိုပြီး ကြွေးကြော်ခဲ့တာ အခုတော့ သူမ ကလေးတွေတောင် ကျောင်းတက်နေပြီ။ ”
“ ဟမ့် ... ဒါကိုနားမလည်ဘူးလား ဒီတာအိုဘုန်းကြီးက သာမာန်မဟုတ်ဘူး သူသာ သာမန်လူဆိုရင် ... ဘယ်လိုလုပ်ပြီး ဒီလောက် ချောမောနေနိုင်မှာလဲ။ ”
“ မှန်တယ် ... ။ ”
‘တာအိုဘုန်းကြီး၊ လင်ရင်ဘုံကျောင်း၊ ချောလွန်းတယ်၊’ စသည့် စကားများစွာကြောင့် မျက်နှာဝိုင်းဝိုင်းဖြင့် မိန်းကလေးမှ မျက်လုံး ပြူလာတော့သည်။
ဤသည်မှာ တာအိုဘုန်းကြီးပင်လော။ မည်သည့်အတွက်ကြောင့် မြို့တော်အတွင်း၌ လျှောက်သွားနေရသနည်း။
“ ထူးဆန်းတယ် ... ။ ”
ခြေဖျားထောက်လျက် ထပ်မံ ကြိုးစားကြည့်သော်မှ မအောင်မြင်ချေ။ အဝေးရှိ တာအိုဘုန်းကြီးတစ်ပါး၏ ကျောပြင်ကိုသာ မြင်လိုက်ရ၏။
ထိုတာအိုဘုန်းကြီးသည် ‘ရွှေပျံလွှားနန်းတော်’ဟူသော ခြံဝင်းအတွင်း ဝင်ရောက်သွားသည်။
ရွှေပျံလွှားနန်းတော်ဟူသည် နတ်နဂါးမြို့တော်၏ အထင်ရှားဆုံးသော အရပ် ဖြစ်၏။ အတွင်းတွင် နတ်နဂါးမြို့တော်၏ ဂုဏ်သရေရှိ အရာရှိနေအိမ်များပေပင်။
သာမာန် ပြည်သူများ ဝင်ခွင့်မရှိချေ။ ထိုကြောင့်လူတိုင်းသည် တာအိုဘုန်းကြီးနောက် လိုက်ပါဝံ့ခြင်း မရှိတော့ဘဲ လူစုခွဲ လိုက်ကြသည်။
မျက်နှာဝိုင်းဝိုင်းဖြင့် ကောင်မလေးသာလျှင် တုံ့ဆိုင်းသွားပြီး ရွှေပျံလွှားနန်းဆောင် အဝတွင် ရပ်လျက် ကျန်ရစ်ခဲ့၏။
အဆုံး၌ စူးစမ်းလိုသော သဘာဝသည် သူမကို အနိုင်ယူသွားသည်။ ခြေဖျားထောက်ပြီး ရွှေပျံလွှားနန်းတော်ထံ လှမ်းဝင်လိုက်တော့၏။
သူမရှေ့တွင် တာအိုဘုန်းကြီးသည် ခမ်းနားလှသော စံအိမ်တစ်လုံးထံ လျှောက်လှမ်း သွားနေသည်။ အစောင့်များစွာသည် သူ့အပေါ် ဦးညွှတ်နှုတ်ဆက်ကြ၏။
“ ဟမ့် ... ။ ”
ထိုမြင်ကွင်းက သူမအပေါ် ထင်ယောင်ထင်မှား ဖြစ်စေ၏။ ရုတ်တရက် တာအိုဘုန်းကြီးမှ ပြန်လှည့်ကြည့်လာသဖြင့် ချက်ချင်း ပုန်းကွယ်လိုက်ရသည်။
မျက်ဝန်းများအတွင်း ချောမောလှပသော အသွင်မှာ စွဲထင်ကျန်ရစ်ပြီး သူမရင်ဘတ်ကို တဒိတ်ဒိတ် ခုန်လာစေသည်။
အနည်းငယ်မျှပင် သည်းမခံနိုင်တော့ဘဲ ထပ်မံချောင်းကြည့်ရာ ကူအိမ်တော် ဟူသည့် အိမ်ကြီးထဲ ဝင်ရောက်သွားသည်ကို မြင်လိုက်ရတော့၏။
( ပြေး ... ။ )
ထိုစဉ် အစောင့်များသည် သူမကို သတိထားမိသွားသဖြင့် တုန့်ဆိုင်းမနေတော့ဘဲ သုတ်ခနဲ ပြန်လှည့်ပြေးလိုက်ရ၏။
“ ရပ် ... ။ ”
အစောင့်ခေါင်းဆောင်က ချက်ချင်း အေးစက်သွားပြီးနောက် သူမကို လိုက်ဖမ်းရန် ပြင်လေသည်။
“ သူ့ကို စိတ်မပူနဲ့ ... ။ ”
ရုတ်တရက် တည်ငြိမ်အေးချမ်းသော အသံက အစောင့်များ နားထဲ ဝင်ရောက်လာ၏။ အစောင့်ခေါင်းဆောင်နှင့် အဖွဲ့ခမျာ ချက်ချင်း ရပ်တန့်သွားတော့သည်။
“ ဒါ ... ။ ”
တစ်ဖက်တွင် ခြေကုန်သုတ်နေသော မိန်းကလေးခမျာလည်း မျက်နှာချင်းဆိုင်အရပ်မှ အစောင့်တစ်ဦးပေါ်လာသဖြင့် အနည်းငယ် ထိတ်လန့်သွားကာ ရပ်တန့်လိုက်၏။
သို့သော် ထိုအစောင့်သည် သူမကို လျစ်လျူရှုလျက် ဘေးမှ ဖြတ်ကျော်သွားသည်။ ဤသည်မှာ တစ်စုံတစ်ရာ မှားယွင်းနေခြင်း ပေပင်။
သို့တိုင် မစဉ်းစားနိုင်သေးဘဲ အစောင့်ဖြတ်ကျော်သွားပြီး မကြာခင် ချက်ချင်း ဆက်၍ပြေးလွှားလိုက်ရ၏။
“ ဒီအစောင့်တွေ ငါ့ကို မမြင်ဘူးလား ... ။ ”
***