အခန်း (၁၄၈)
Vol. 12 Ch. 148
ကြာနီမီးလျှံ ... ။
အေးမြသောလေပြင်းများနှင့် မိုးနှင်းများအတွင်း အလင်းတန်းသဖွယ် အရိပ် တစ်ရိပ် လျင်မြန်စွာ ဖြတ်သန်းနေသည်။
ဤသည်မှာ ချန်ယွင်နှင့် သူ့ပိုးစုန်းကြူးဖြစ်လေသည်။ ချန်ယွင်လက်မှာ မီးစာငှက်၏ ကြက်သွေးရောင် အမွေးများ အောက်ရှိ နူးညံ့သောအရေပြားကို ဆုပ်ကိုင်ထားသည်။
မျက်နှာပြင်အပေါ် အေးစက်သော လေပြင်းများရိုက်ခတ်လျက် မြေပြင်ထံ ငုံ့ကြည့် နေ၏။ မြင့်မားသော ဤအရပ်မှ ကြည့်သော် မြေကြီးသည် အဆုံးမရှိဟု ထင်ရစေသည်။
ထူထပ်သောနှင်းပွင့်များက မြေပြင်တစ်လျှောက် ညှင်သာစွာ ကျဆင်း၏။ ကြီးမားသော တောင်တန်းများ၊ မြို့ကြီးများမှာ အလွန်သေးငယ်သွားသည်။
မြေပြင်တစ်လျှောက် တိုက်ပွဲမြေပြင်ရှိ သူရဲကောင်း လူငယ်တစ်ယောက်နှင့် လှံနက်၏ မြင်ကွင်းများ တရိပ်ရိပ်လိုက်ပါလာသည်။
ဤခံစားချက်သည် သူ့ကို ရူးသွပ်စေ၏။ အခိုက်အတန့်၌ သူ့ကိုယ်သူ ပြန်ကြည့်နေခဲ့ရ သလိုပေပင်။
“ အရမ်းကောင်းတယ် ... ။ ”
မီးစာငှက်ဖြင့် စတင်ပျံသန်းစဉ်ကပင် ဤခံစားချက်ကို ရရှိကာ စွဲလမ်းသွားခြင်းသည်။ စိတ်ရှုပ်ထွေးလာချိန်၌ ထိုကမ္ဘာကြီးမှ ထွက်ကာ သူ့ကိုယ်သူ ပြန်ကြည့်နေတတ်သည်။
ကောင်းကင်နှင့် မြေကြီးကြား ဒေသကြီးသည် ကျယ်ပြောပြီး အကန့်အသတ် မရှိချေ။ သေးငယ်သော ဒေသငယ်အတွက် မည်သို့အသက်ကို စွန့်နေရသနည်း။
ထို့ကြောင့် သူ့အစ်ကို၏ စကားအဓိပ္ပါယ်အပေါ် နားလည်လာခဲ့ခြင်း ပေပင်။ ကမ္ဘာကြီးသည် အဆုံးမဲ့၏။
ကမ္ဘာကြီးအဆုံးကို သွားရောက်လိုသော် လုံလောက်အောင် သန်မာနေရပေမည်။ တဖန် ကောင်ကင်ပေါ် မော့ကြည့်လိုက်၏။
ကောင်းကင်ကြီးအပြင်တွင် မည်သည့် မြင်ကွင်းမျိုးရှိနေသနည်း။ မီးစာငှက် အရှိန်မှာ အလွန်မြန်ချေ၏။
တစ်နာရီကြာပြီးနောက် ဟဲရှလမ်းသို့ ရောက်ရှိလာသည်။ ချန်ယွင်မှ ငုံ့ကြည့်တော့၏။ မြေပြင်တွင် ဆီးနှင်းများဖုံးလွှမ်းနေသည်။
နေရာအနှံ့ လူသူကင်းရှင်းနေသော မြို့ပျက်ရွာပျက်များကို မြင်နေရသည်။ အချို့ အပျက်အစီးများမှ မီးခိုးများထွက်နေ၏။
လူအချို့ ချက်ပြုတ်နေခြင်းပေပင်။ သို့သော်ငြားလည်း သက်ရှိအရိပ်အယောင်များ မြင်တွေ့ရန် ခက်ခဲချေပြီ။
လေထုတစ်ခုလုံး တင်းကြပ်ကာ အမြင်နိုင်သော ဆိတ်သုဉ်းခြင်းအငွေ့အသက်ကို ခံစားရစေသည်။
ဤအရာက သူ့ကို ပို၍ပင် ငြိမ်သက်လာစေသည်။ ဟဲရှလမ်းအကြောင်း ကောလဟာလများစွာ ကြားထားသည်။
ထို့ကြောင့် ဤသို့ရှင်းလင်းနေသော မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးချိန်၌ အမှန်ပင် အေးခဲသွားစေသည်။
ဟဲရှလမ်းသည် ဖူစုနိုင်ငံ၏ လူဦးရေအများဆုံးနှင့် အထူထပ်ဆုံးသော ဒေသ ဖြစ်သည်။
ယနေ့ကဲ့သို့ ဆိတ်သုဉ်းနေသော အခြေအနေမျိုး ဖြစ်လာစေရန် မည်မျှဒုက္ခ ရောက်ခဲ့လေသနည်း။
“ ကျီး ... ။ ”
ပိုးစုန်းကြူးမှ ရုတ်တရက် အော်ဟစ်လာခဲ့သည်။ ချန်ယွင်တစ်ယောက် အတွေးများ ပြတ်သွားကာ ရှေ့သို့ မျှော်ကြည့် တော့၏။
မဝေးလှသော ကောင်းကင်ယံတွင် ပုံရိပ်တစ်ရိပ်ကို ရုတ်တရက် သတိပြုမိသည်။ ထိုပုံရိပ်သည် သူ့ကို မြင်ပြီးဖြစ်၏။
ထိုလူသည် ကြက်သွေးရောင် အ၀တ်အစားဖြင့် အဖိုးအိုဖြစ်ပြီး မျက်တွင်းများ ချိုင့်ဝင်နေသည်။
အသားအရေသည် သစ်ပင်ကြီးတစ်ပင်၏ အခေါက်များကဲ့သို့ ရှုံ့တွနေသည်။ ကျင့်ကြံမှုမှာ ယွမ်ဖူနယ်ပယ်ဖြစ်၏။
ချန်ယွင်တစ်ယောက် ပိုးစုန်းကြူးထံမှ သတိပေးမှုကြောင့် အနည်းငယ် ထိတ်လန့်သွား လေသည်။
“ ယွမ်ဖူနယ်ပယ်လား ... ။ ”
တစ်ဆက်တည်းမှာပင် သွေးဝိညာဉ်ဂိုဏ်းအကြောင်း အတွေးဝင်လာ ပြန်သည်။
သို့သော် ပိုးစုန်းကြူးထံ ပြန်ကြည့်ကာ အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။ ဤစာငှက်သည် ယွမ်ဖူနယ်ပယ်ဖြစ်သည်။
ဝေဟင်သားရဲတစ်ကောင် ဖြစ်သဖြင့် ယွမ်ဖူနယ်ပယ် လူသားကျင့်ကြံသူများထက် အဆများစွာ လျင်မြန်သည်။
ဆိုလိုသည်မှာ ဤအဖိုးအိုသည် သွေးဝိညာဉ်ဂိုဏ်းမှ တစ်စုံတစ်ယောက် ဖြစ်နေ လျှင်ပင် ထွက်ပြေးရန် မခက်သင့်ချေ။
သည့်ပြင် အဘိုးအိုသည် သူ့ထံ တည့်တည့်ကြည့်ခြင်း မဟုတ်ချေ။ ဘေးတိုက် အနေအထားဖြင့် ငဲ့စောင်းကြည့်ခြင်းပေပင်။
ဆိုလိုသည်မှာ သူ့အတွက် တိမ်ပင်လယ်အတွင်း ရှိနေခြင်း မဟုတ်ကြောင်း သေချာနေသည်။ ချန်ယွင်က မီးစာငှက်ကို ရပ်တန့်ရန် အချက်ပြလိုက်သည်။
အဘိုးအိုအနား သွားခြင်းသည် မကောင်းသော ရည်ရွယ်ချက်ရှိနေခဲ့သော် အခွင့်အရေးပေးခြင်းမည်နိုင်၏။
“ စီနီယာ ... ငါ့နာမည် ချောင်ယွင်ပါ ... တွေ့ရတာဝမ်းသာပါတယ်။ ”
ချန်ယွင်မှ မီးစာငှက်ပေါ်မှနေ၍ လက်သီးဆုပ်အပေါ် လက်ဖဝါးဖိကပ်ကာ နှုတ်ဆက်လိုက်သည်။ အပြင်ထွက်သည့်အခါ မည်သူသည် နာမည်အမှန်ကို သုံးမည်နည်း။ အထူးသဖြင့် ရန်သူမိတ်ဆွေ မကွဲပြားသော အခြေအနေမျိုးတွင်ဖြစ်သည်။
အဖိုးအိုက ကြည့်နေဆဲပေပင်။ တစ်ဖက်လူ၏ ငယ်ရွယ်ပြီး ရင်းနှီးနေသော ခံစားချက်ကြောင့် စဉ်းစားနေခြင်းပေပင်။
သို့သော် သူ့ မျက်ဝန်းများသည် မီးစာငှက်ထံရောက်ရှိသွားချိန်၌ အတွေးပြောင်း သွားသည်။ ဤသည်မှာ ယွမ်ဖူနယ်ပယ် ဝေဟင်သားရဲဖြစ်၏။
တစ်ချိန်က ထိုယွမ်ဖူနယ်ပယ် ဝေဟင်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့သော် တိုက်ပွဲတစ်ခု၌ သေဆုံးသွားခဲ့ရ၏။
ထို့နောက်တွင် ထပ်မံဝယ်ယူရန် မကြိုးစားတော့ချေ။ တစ်ဖက်လူငယ်သည် ချီစုစည်းခြင်း အဆင့်ဖြင့် ယွမ်ဖူနယ်ပယ် ဝေဟင်သားရဲကို ပိုင်ဆိုင်နေ၏။
ဆိုလိုသည်မှာ ဤလူငယ်နောက်တွင် စွမ်းအားကြီးမားသော အင်အားစုတစ်ခု ရှိနေနိုင် ပေမည်။ ထိုကောက်ချက်များဖြင့် လက်ကို အနည်းငယ် ဝှေ့ရမ်းပြကာ၊
“ ငါ့နာမည်က ချင်အေ ... တွေ့ရတာ ဝမ်းသာပါတယ် မိတ်ဆွေလေး ... ။ ”
-ဟု တုန့်ပြန်လိုက်သည်။
ချင်အေဟူသော အမည်ကြောင့် ချန်ယွင်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှား သွားလေသည်။ ချင်အေက သူ့ကိုကြည့်ပြီး၊
“ မိတ်ဆွေလေး ... မင်းဘယ်က လာတာလဲ။ ”
“ ချင်းယွမ် ... ။ ”
ချန်ယွင်က ခတည်ငြိမ်စွာ ပြန်ဖြေ၏။ ချင်အေတစ်ယောက် တစ်ခုခုကို လက်ခံသွား သလို ခေါင်းညိတ်လိုက်သည်။
ချင်းယွမ်ကဲ့သို့သော နိုင်သည်သာလျှင် ဤမျှရဲရင့်သော လူငယ်မျိုးဆက်ကို မွေးထုတ် ပေးနိုင်မည်။
“ ဒီဒေသကြီးက လူသားမျိုးနွယ်ရဲ့ ဗဟိုနယ်မြေဆိုပေမယ့် ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခုတော့ မဟုတ်ပါဘူး ဘာအတွက် လာတာလဲ တွေးမိပါတယ်။ ”
“ အရေးတကြီး ကိစ္စမရှိပါဘူး ... ငါအလည်အပတ်ထွက်နေတာပါ မင်းရော ဒီမှာ ဘာလုပ်နေတာလဲ စီနီယာ။ ”
ထိုမေးခွန်းကြောင့် ချင်အေက မြေပြင်သို့ငုံ့ကြည့်ကာ၊
“ ကြာနီမီးလျှံကို ကျဲချဖို့ ပြင်ဆင်နေတာ။”
-ဟု ပြန်ဖြေ၏။
“ ကြာနီမီးလျှံ ... ။ ”
ချန်ယွင်က အဘိုးအို ကြည့်နေရာသို့ လိုက်ပါကြည့်ရှုလိုက်ရာ ရွာငယ်လေးတစ်ရွာကို မြင်လိုက်ရသည်။ ရွာအထက်လေထုထဲတွင် မီးခိုးငွေ့များ တလူလူရစ်သိုင်းနေ၏။
“ လူရှိနေတာလား ... ။ ”
ချန်ယွင်မှ မျက်မှောင်ကြုတ်သွားသည်။ ချင်အေက သူ့အတွေးကို နားလည်နေသဖြင့် ရှင်းပြရန်ပြင်၏။
“ ဒီဒေသကြီးတစ်ခုလုံးက ငါ့ဖူစုနိုင်ငံရဲ့ ပိုင်နက်ပါ မိတ်ဆွေလေး ... ဒီရွာကိုသာမန်လို့ ထင်ရပေမယ့် တကယ်တော့ လူဆိုးတွေရဲ့ အမာခံနယ်မြေပဲ။ ”
ချန်ယွင်မှ ရုတ်တရက် အံ့သြသွား၏။ ချင်မျိုးရိုးအမည်ကို သတိထားမိကတည်းက တစ်စုံတစ်ရာ သံသယဝင်ခဲ့သည်။
( တော်ဝင်မိသားစု ... ။ )
အဘိုးအို၏ ‘ငါ့ဖူစုနိုင်ငံ’-ဟူသော အသုံးအနှုန်းနှင့် ထိုချင်မျိုးရိုးကို တွဲစပ်လိုက် သောအခါ သေချာသွားချေပြီ။
“ ငါ့ဖူစုနိုင်ငံလေးက အားနည်းပြီး ချင်းယွမ်လို ထာဝရမင်းဆက်နဲ့ မယှဉ်နိုင်ပါဘူး မိတ်ဆွေလေးရဲ့ ချင်းယွမ်နိုင်ငံမှာ နတ်မုဆိုးဌာနရှိတယ် ...
... ဒါကြောင့် ဒီလို မကောင်းဆိုးရွား အင်အားစုတွေက ပေါ်မလာဝံ့ဘူး ... ပြီးတော့ ယွမ်ဖူနယ်ပယ်ကျင့်ကြံသူတွေ မှိုလိုပေါများပြီး ခရမ်းရောင်နေမင်းနယ်ပယ်နဲ့ စင်ကြယ်ခြင်း နယ်ပယ်တွေတောင် ရှိနေပါတယ် ... ။ ”
ချင်အေမှ တစ်ချက် ငြိမ်သက်သွားကာ သက်ပြင်းချလျက်၊
“ ငါ့ရဲ့ ဖူစုနိုင်ငံအတွက်တော့ . အားနည်းလွန်းတာမို့ သူ့တို့လိုနတ်ဆိုးတွေကို အပြီးတိုင် ဖြေရှင်းပစ်ဖို့ ခက်ခဲနေတုန်းပါပဲ။ ”
-ဟု ရေရွတ်လိုက်၏။
သူ့လေသံတွင် ချန်ယွင်နှင့် မိတ်ဖွဲ့လိုကြောင်း ပေါ်လွင်နေ၏။ အမြင်အရ ဤလူငယ်လေးသည် ထူးထူးခြားခြား နောက်ခံမျိုးရှိရပေမည်။
မိတ်ဖွဲ့နိုင်သော် သူ သေဆုံးပြီးနောက် ဖူစုနိုင်ငံတော်ဝင်မိသားစုသည် ဤလူငယ်ထံမှ အကူအညီဖြင့် မြင့်တက်လာနိုင်၏။
အနည်းဆုံးတော့ အိမ်နီးချင်းနိုင်ငံများ ကျားကျော်လာမှု ရန်စွယ်ကို ဟန့်တားနိုင်မည်။ ချန်ယွင်မှ ထိုအရာကို မြင်၏။ ထို့ကြောင့် ပို၍ သတိထားလာကာ၊
“ ဒါတော့အမှန်ပဲ ... ဒါပေမယ့် နိုင်ငံငယ်လေးတွေမှာ ဝမ်းနည်းစရာတွေရှိသလို နိုင်ငံကြီးတွေမှာလည်း ဒုက္ခတွေရှိပါတယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
ထိုအဖြေသည် ချင်အေမျက်ဝန်းများကို မှေးစင်းသွားစေ၏။ အဆုံး၌ ပြန်လည်ပြေလျော့ သွားကာ သက်ပြင်းချပြီး ခေါင်းညိတ်သည်။
“ ဒါက အဓိပ္ပာယ်ရှိတယ် ... မင်းစိတ်ဝင်စားရင် အခုကြည့်နိုင်ပါတယ် မိတ်ဆွေလေး။ ”
“ စီနီယာ ... မင်း ... ကြာနီမီးလျှံအကြောင်း ပြောနေတာလား။ ”
ချန်ယွင်မှ စိတ်ဝင်စားသွားသည်။ သို့သော် ချင်အေက တောက်ပသောအပြုံးဖြင့် မေးခွန်းကို တုန့်ပြန်ဖြေကြားခြင်း မပြုတော့ချေ။
***