အခန်း (၁၄၉)
Vol. 12 Ch. 149
ကူမိသားစုအတွက် အကျပ်အတည်း။
ကောင်းကင်တခွင် တိမ်တိုက်များ လွင့်မျောနေသည်။ ဆောင်းလေပြင်းများက အေးစက်စွာ တိုက်ခတ်နေ၏။
တိမ်တိုက်များမှ ကြွေကျနေသည့် နှင်းပွင့်များသည် နူးညံ့သော အဖြူရောင်များဖြင့် မြေပြင်ပေါ် ဖုံးလွှမ်းလာသည်။
သို့သော် ကူချင်ယွင်တစ်ယောက် မအေးချမ်းနိုင်ချေ။ ကြောက်စရာကောင်းသော အငွေ့အသက်ကို ရရှိသကဲ့သို့ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ လှုပ်ရှားလာချေပြီ။
ရုတ်တရက် တိမ်ပင်လယ်ကြီး အက်ကွဲနီရဲလျက် ပတ်ဝန်းကျင်ရှိ အပူချိန်သည် လျင်မြန်စွာ မြင့်တက်လာတော့သည်။
“ ဝူး ... ။ ”
တိမ်ပင်လယ်အတွင်း အနီရောင် မီးတောက်ပေါ်လာကာ ဥက္ကာပျံကြီးအလား ကမ္ဘာမြေပေါ်သို့ ချက်ချင်းပြုတ်ကျသွား၏။
“ ရွှီး ... ။ ”
ချန်ယွင်တစ်ယောက် ထိတ်လန့်စွာ ကြည့်နေ၏။ သူ့မျက်လုံးများနှင့် အမူအရာတွင် တည်ငြိမ်နေသော်လည်း စိတ်နှလုံးမှာ တုန်ခါနေတော့သည်။
သူ့အထောက်အထားကို ဖော်မပြသည်မှာ ကံကောင်းချေပြီ။ မဟုတ်သော် တစ်ဖက်လူမှာ သူ့ကိုဖမ်းကာ မိသားစုထံ ခြိမ်းခြောက်နိုင်၏။
ထိုစဉ် ကျေးရွာအတွင်းရှိ တစ်စုံတစ်ယောက်သည် အိမ်ထဲမှလှမ်းထွက်ပြီး ကောင်းကင်ပေါ် မော့ကြည့်သည်။ သူ့ဘေး၌ အခြားနှစ်ယောက်လိုက်ပါလာ၏။
သုံးယောက်သား ဥက္ကာပျံကြီး ပြုတ်ကျသကဲ့သို့ လေခွင်လာသော မီးတောက် တစ်စကြောင့် ထိတ်လန့်စွာဖြင့် ချက်ချင်း လေထဲပျံတက်ကာ ဟန့်တားရန်ပြင်သည်။
“ ခရစ် ... ။ ”
သူတို့နှင့်အတူ ကြီးမားသောနွယ်ပင်အချို့ မြေပြင်မှတိုးထွက်လာပြီး မျက်စိတမှိတ်အတွင်း (၁၀)ပေကျော် ကြီးထွားလာသည်။
၎င်းတို့သည် ရောယှက်လိမ်တွန့်လျက် ကျေးရွာအပေါ် စက်ဝိုင်းခြမ်းအသွင် ချက်ချင်း ဖုံးအုပ်လိုက်တော့၏။
“ ဘန်း ... ။ ”
ပေါက်ကွဲမှုများ ဖြစ်ပေါ်လာ၏။ အမြင့်ပေထောင်ပေါင်းများစွာမှ ပြုတ်ကျလာ သဖြင့် နွယ်ပင်များ ဖြတ်ကျော်လောင်မြိုက်ကာ မြေပြင်သို့ ထိုးဖောက်ဝင်ရောက်သွားချေပြီ။
“ ဝုန်း ... ။ ”
လေထုအလယ်၌ပင် မီးတောက်မှ မီးပွားများစွာ ပွင့်ထွက်လာရာ မြေပြင်အနှံ့တွင် မီးလောင်ချိုင့်ဝှမ်းများဖြင့် ပြည့်နှက်ကုန်၏။
မျက်စိတစ်မှိတ်အတွင်း ရွာလေးသည် မီးပင်လယ်ကဲ့သို့ ပြောင်းလဲပျောက်ကွယ်သွား လေသည်။ မီးပင်လယ်အတွင်း လူရိပ်များစွာမှာ ထိတ်လန့်တကြား ထွက်ပြေးနေကြ၏။
ကြာနီမီးတောက်ဟူသည် အပြစ်များကိုလောင်ကျွမ်းရန် အထူးပြုသည်။ ထို့ကြောင့် မကောင်းဆိုးရွား ကျင့်ကြံသူများ အတွက် ကြီးစွာသော အန္တရာယ်ပေပင်။
အပြစ်များကို လောင်မြိုက်နေသဖြင့် လေထုအတွင်း နာကျင်စွာ အော်ဟစ်နေသံများ ညံနေတော့သည်။ အစောပိုင်း လေထုအလယ် ပြေးတက်လာသော လူရိပ်သုံးရိပ်သည်လည်း ချက်ချင်းထွက်ပြေးတော့၏။
သူတို့သုံးဦး ပေါင်းစပ်ဖန်တီးထားသော နွယ်ပင်များသည် လောင်မြိုက် ပြိုကျကုန်သည်။ ရည်ရွယ်ချက် မအောင်မြင်ချေ။
ထိုမြင်ကွင်းကို ချင်အေက လက်နှစ်ဖက်နောက်ပို့ကာ မလှုပ်မယှက်ကြည့် နေခဲ့သည်။ ကမ္ဘာမြေကို တရားစီရင်နေသော နတ်ဘုရားကဲ့သို့ပေပင်။
ချန်ယွင်တစ်ယောက် မေးခွန်းများ ဖြစ်ပေါ်နေသော်လည်း ထုတ်ဖော်မေးမြန်းရန် မဝံ့ချေ။ သူ့အချက်အလက်များသည် အတုများသာဖြစ်သည်။
စကားများများပြောခြင်းဖြင့် အထောက်အထား ထွက်ပေါ်သွားနိုင်မည်။ ထိုစဉ် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ သုံးဦးသည် မြေပြင်၌ ထွက်ပေါ်လာသည်။
မီးပင်လယ်မှ ဖြတ်ကျော်လာသော ရွာသားများကို လိုက်လံ သုတ်သင်တော့၏။ လေထဲပျံတက်လာသော လူသုံးဦးသည်ပင် မလွတ်မြောက်ချေ။
“ ဘိုးဘေး ... ။ ”
မိနစ်အနည်းငယ်အကြာတွင် ထိုယွမ်ဖူနယ်ပယ် ကျွမ်းကျင်သူသုံးဦးသည် တိမ်ပင်လယ်အတွင်း ပျံတက်လာသည်။
သုံးယောက်သား မီးစာငှက်ပေါ်တွင် ဝံ့ကြွားထည်ဝါစွာရပ်သော ချန်ယွင်ကို မြင်ချိန်၌ အံ့အားသင့်ကုန်ကြသည်။
( ဒါ ဘယ်သူလဲ ... ။ )
တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကာ မျက်ဝန်းများဖြင့် မေးမြန်း လေသည်။ သို့သော် အချင်းချင်း ခေါင်းယမ်း ပြလိုက်ကြ၏။
ချင်အေက သူတို့သုံးယောက်ကို လျစ်လျူရှုူလျက် ချန်ယွင်ထံ မော့ကြည့်ပြီး၊
“ မိတ်ဆွေလေ ... ဒီကြာနီမီးတောက်ကို ဘယ်လိုသဘောရလဲ။ ”
-ဟု စူးစမ်းလိုက်သည်။
“ အထင်ကြီးစရာပါပဲ ... ။ ”
ဤမှတ်ချက်သည် ချီးမွမ်းခြင်း၊ နှိမ့်ချခြင်းမျိုးမရှိဘဲ ယေဘူယျဆန်နေချေပြီ။ စိတ်ထဲ၌မူ တုန်လှုပ်နေ၏။
တစ်ဖက်တွင် ချန်ယွင်အဖြေသည် ယွမ်ဖူနယ်ပယ် ကျွမ်းကျင်သူသုံးဦးကို ဒေါသ ထွက်လာစေသည်။
သို့သော် ချင်အေက သူတို့သုံးယောက်ထံ လှည့်ကြည့်လိုက်သဖြင့် စကားမပြောဝံ့ကြချေ။ ချင်းအေမှ ချန်ယွင်ကို ပြန်ကြည့်သည်။
ဝေဟင်သားရဲတစ်ကောင် ပေးနိုင်သော အင်အားစုတစ်ခု၏ သားစဉ်မြေးဆက်အနေဖြင့် ဤသည်မှာ သာမန်ဖြစ်ချေပြီ။ ထို့ကြောင့် အထင်ကြီးစရာဖြစ်လာ၏။
“ ဒီနေရာက အင်ပါယာမြို့တော်နဲ့ သိပ်မဝေးဘူး ရေနွေးကြမ်းသောက်ဖို့ ... မင်း လိုက်မလား မိတ်ဆွေလေး ... ။ ”
ချင်းအေမှ မိတ်ဖွဲ့လိုသော ဆန္ဒပြင်းပျလာ၏။ ဤလူငယ်၏ နောက်ခံသည် ခရမ်းရောင်နေမင်းနယ်ပယ် အထက်မှ ကျင့်ကြံသူများပင် ရှိနိုင်မည်။
“ ငါအရှေ့ဘက်ကို သွားရမယ် တိမ်လွှာတောင်တန်းမှာ နေထိုင်တဲ့ အသျှင်ယန်ရှကို ပင့်ဖိတ်ဖို့ ... အကြီးအကဲတွေရဲ့ အမိန့်နဲ့လာတာ ...
... လမ်းခရီးမှာ ရှုခင်းတွေကို ငေးမောမိခဲ့တာကြောင့် နည်းနည်းအချိန်ဖြုန်းမိ နေပြီ ... ဒါကြောင့် ခွင့်ပြုပါစီနီယာ။ ”
( ဆရာတော် ယန်ရှ။ )
ချင်အေတစ်ယောက် မျက်ဝန်းများ မှေးစင်းသွား၏။ ထိုလူအကြောင်း သူ တစ်ခါမှ မကြားဖူးချေ။ သို့သော် ထိုအသျှင်ဘွဲ့ကို ရရှိနိုင်သောကြောင့် စင်ကြယ်ခြင်းနယ်ပယ် ကျင့်ကြံသူ ဖြစ်ရပေမည်။
( ဒီကောင်လေး နောက်ခံကဘာလဲ။ )
ချင်မိသားစု ကျင့်ကြံသူများမှာ အံ့သြလာတော့၏။ ‘အသျှင်’သည် မည်သို့သော ဖြစ်တည်မှုကို ရည်ညွှန်းကြောင်းသိထားချေပြီ။
“ ကောင်းပြီ ... ဒါဆို မိတ်ဆွေလေးရဲ့ ခရီးစဉ်ကိုလေးဖင့်မိစေပြီ လမ်းခရီးဂရုစိုက်ပါ အခွင့်အရေးရရင် ဖူစုတော်ဝင်မြို့တော်ဆီကို အချိန်မရွေး လာနိုင်ပါတယ်။ ”
“ ကောင်းပြီ ... နှုတ်ဆက်ပါတယ်။ ”
“ နှုတ်ဆက်ပါတယ် ... ။ ”
ချန်ယွင်က မီးစာငှက်ပေါ်မှ နေပြီး လက်သီးကိုလက်ဖဝါးဖြင့် ဖိကပ်ကာ နှုတ်ဆက် လိုက်လေသည်။ ချင်အေမှလည်း အလားတူ ပြန်၍ နှုတ်ဆက်လာ၏။
“ ကျီး ... ။ ”
ထို့နောက် မီးတောက်တစ်စလို မီးစာငှက်သည် အဝေးသို့ ပျံသန်းသွားတော့၏။ မိုးကုပ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားသည့် အနီရောင်အစက်လေးထံ ချင်းအေမှ ငေးကြည့်နေခဲ့သည်။
“ ဘိုးဘေး ... သူက ဘယ်သူလဲ။ ”
ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများက မေးမြန်းလိုက်သည်။ ချင်အေမှ အကြည့်များ ပြန်ရုတ်ကာ၊
“ သူက ချမ်ယွင်နိုင်ငံမှာရှိတဲ့ မိသားစုကြီးတစ်ခုက သခင်လေးတစ်ယောက် ဖြစ်နိုင်တယ် ... သူ ဒီကိုဖြတ်သွားတာ အဲဒီ ဝေဟင်သားရဲက ယွမ်ဖူနယ်ပယ်။ ”
-ဟု ဖြေကြားလိုက်၏။
“ ယွမ်ဖူနယ်ပယ် ဝေဟင်သားရဲ တစ်ကောင်လား ... ဒါနဲ့ သူက အသျှင်တစ်ပါးကို ဖိတ်ကြားဖို့လာတာဆိုတော့ ... သူ့မိသားစု ခေါင်းဆောင်က အနိမ့်ဆုံး စင်ကြယ်ခြင်း နယ်ပယ်မှာရှိရမယ်။ ”
“ ကောင်းပြီ ... ။ ”
ချင်းအေက ထိုအကြောင်းကို ဆက်မပြေချင်တော့သဖြင့် မြေပြင်ထံ ငုံ့ကြည့် လိုက်လေသည်။
“ ဟဲရှလမ်းက မကောင်းဆိုးဝါးတွေကို မြန်မြန်ရှင်းပစ်ပါ ... ပြီးရင် ရှန်နန်လမ်းအပေါ် ကိုင်တွယ်ရအောင်။ ”
“ ဟုတ်ကဲ့ ... ။ ”
ယွမ်ဖူနယ်ပယ် ကျင့်ကြံသူသုံးယောက်က အချင်းချင်း ပြန်ကြည့်ကာ ရိပ်ခနဲပျောက်ကွယ် သွားချေပြီ။ များမကြာခင် ဟဲရှလမ်းအနှံ့ သတ်ဖြတ်ပွဲများ ဖြစ်ပေါ်လာ၏။
ထိုအချိန်တွင် ချန်ယွင်သည် မီးစာငှက်ကို အရှေ့ဘက်သို့ မိုင်သုံးထောင်ကျော်ခန့် ပျံသန်း စေလိုက်သည်။ သူ့နောက် မည်သူမျှ လိုက်မလာမှန်း သေချာချိန်၌၊
“ တော်ဝင်မိသားစုရဲ့ဘိုးဘေးက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာကို ငါ့အစ်ကို သိဦးမယ်မထင်ဘူး ... ။ ”
-ဟု ရေရွတ်တော့၏။
“ သွားရအောင် ... တောင်ဘက်ကို ဦးတည်ပြီ မိုင်နှစ်ထောင်ပျံသန်းပါ ... ပြီးမှ ငါတို့ နောက်ပြန်လှည့်မယ်။ ”
“ ကျီး ... ။ ”
စိုးရိမ်ပူပန်မှုများ ပြေလျော့လာပြီး မီးစာငှက်ပေါ် ထိုင်ချလိုက်သည်။ မီးစာငှက်မှ ကျယ်လောင်စွာ အော်ဟစ်လျက် သူ့အမိန့်ကို လိုက်နာချေပြီ။
မီးစာငှက်သည် ယွမ်ဖူနယ်ပယ်သို့ ရောက်ရှိပြီးနောက် စကားမပြောနိုင်သော်လည်း ဉာဏ်ရည်ဉာဏ်သွေးသည် သာမန်လူတစ်ဦး နီးပါး ထက်မြက်လာခဲ့သည်။
***