အခန်း (၁၅၀)
Vol. 12 Ch. 150
ကွာဟချက်ကို လျော့ချခြင်း။
“ ကျီး ... ။ ”
ချန်ယွင်တစ်ယောက် အလျင်လိုနေမှန်း ခံစားမိသော မီးစာငှက်သည် သူ့အရှိန်ကို ပို၍ မြှင့်တင်လာခဲ့သည်။
သုံးနာရီအတွင်း မိုင်ပေါင်းထောင်ချီ ခရီးနှင်ပြီး နတ်နဂါးမြို့တော်သို့ ပြန်ရောက်လာ ချိန်၌ မနက်လင်းနေပြီဖြစ်၏။
သို့သော် နေရောင်ခြည်သည် တိမ်ပင်လယ်ကို မဖြတ်သန်းနိုင်သဖြင့် နတ်နဂါး မြို့တော်လေထုမှာ အုံ့မှိုင်းနေဆဲပေပင်။
“ လင်းရင်တောင်ကို သွားရအောင်။ ”
“ ကျီး ... ။ ”
ချန်ယွင်မှ ထိုမျှသာယာလှပသော မြင်ကွင်းအပေါ် စိတ်မဝင်စားနိုင်ဘဲ မြို့တော်ထံ တစ်ချက်ကြည့်ကာ ဖြတ်ပျံနေသည်။ ထို့နောက် မီးစာငှက်သည် တိမ်ပင်လယ်မှ ဆင်းသက်ကာ နှင်းမြူများအတွင်း ပျောက်ကွယ်သွားတော့၏။
“ ကျီး ... ။ ”
များမကြာခင် လင်းရင်တောင်ထိပ်၌ ပေါ်လာသည်။ ၎င်းက လေထုအလယ်ပျံဝဲလျက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ ကျီး ... ။ ”
“ ကျီး ... ။ ”
တောင်ကုန်းထိပ် တစ်နေရာမှ တုံပြန်သံနှစ်သံ ချက်ချင်း ထွက်ပေါ်လာသည်။ ချန်ယွင်က ထိုမီးစာငှက်များ နှုတ်ဆက်နေသံကို မစောင့်တော့ဘဲ ခုန်ချလိုက်၏။
ထို့နောက် မိုးပြာခြံဝင်းထံ ဦးတည်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပုံရိပ် နှစ်ခု ကောင်းကင်ပေါ်ပျံတက်သွားပြီး တကျီကျီ အော်ဟစ်လျက် ဝိုင်းပတ်နေတော့၏။
ဆွေတော်မျိုးတော်များ တွေ့ဆုံခန်းပေပင်။ ပုံမှန်အချိန်များတွင် မင်ယွဲ့မှ ဤနှစ်ကောင်ကို ပျံသန်းခွင့်မပေးချေ။
ညခင်းလူခြေတိတ်ချိန်၌သာ ပျံသန်းခွင့်ပေးသည်။ ၎င်းတို့ခန္ဓာကိုယ်သည် အရွယ်ရောက်ပြီးဖြစ်ရာ လူအများ၏ အာရုံစိုက်မှု ခံရနိုင်မည်။
ယနေ့တွင်မူ ရာသီဥတု အုံ့မှိုင်းလောပြီး နှင်းမြူများသိပ်သည်းသောကြောင့် လျစ်လျူရှု ခံထားရသည်။ ထို့ကြောင့် သုံးကောင်သား ဆူညံစွာ အော်ဟစ်ဝိုင်းပတ်နေသည်မှာ မြင်မကောင်းတော့ချေ။
“ အစ်ကိုဘယ်မှာလဲ ... ။ ”
နှင်းတောထဲ အဖြူရောင်ဝတ်လုံဖြင့် နှင်းနတ်သမီးအလား ချစ်စရာကောင်းနေသော မင်ယွဲ့ကို မြင်ချိန်၌ ချန်ယွင်မှ မေးသည်။
“ စီနီယာအစ်ကို မိုးပြာခြံဝင်းထဲမှာ ရှိပါတယ်။ ”
မင်ယွဲ့က တုန့်ဆိုင်းခြင်းမရှိ ပြန်ဖြေသည်။ တစ်ဖက်လူ၏ အသွင်အပြင်အရ အရေးတကြီး ကိစ္စရှိနေကြောင်း မြင်သာနေ၏။
များမကြာခင် ကျောက်စားပွဲတွင် တစ်ယောက်တည်းထိုင်နေသော ကူချန်ကို မြင်ပြီး ချန်ယွင်မှ အပြေးလှမ်းသွားသည်။
ကူချန်က ကျောက်စိမ်းပြားတစ်ခုတွင် ဝင်္ကပါတစ်ခုကို ဂရုတစိုက် ထွင်းထုနေခဲ့သည်။ ကျဆင်းလာသော နှင်းများမှာ သူနှင့် သုံးမီတာ အကွာတွင် လမ်းကြောင်းပြောင်းကုန်၏။
ထို့ကြောင့် ကူချန်အသွင်သည် တစ်ကိုယ်တည်း နှင်းစက်များမှ လွတ်မြောက် နေတော့သည်။ ကူချန်မှ မော့မကြည့်ဘဲ၊
“ ထိုင် ... ။ ”
-ဟု ပြောကြားလာ၏။
ညာလက်ညိုးမှ ဝိညာဉ်ရေး အလင်းတန်းလေးတစ်ခု ထွက်ပေါ်နေကာ ကျောက်စိမ်းပြား၌ ခြစ်ရာများပေးနေ၏။ ချန်ယွင်က စိတ်လှုပ်ရှားစွာဖြင့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
“ အစ်ကို ... ငါ ဟဲရှလမ်းပေါ်မှာ ... တော်ဝင်မိသားစုရဲ့ ဘိုးဘေးကို မြင်ခဲ့တယ် သူ ခရမ်းရောင်နေမင်းနယ်ပယ်မှာပဲ။ ”
“ ဆက်ပြောပါဦး ... ။ ”
ကူချန်က မော့မကြည့်သေးချေ။ ခေါင်းငုံ့လျက် ကျောက်စိမ်းပြားကို အာရုံစိုက် ထွင်းထုနေ၏။
ချန်ယွင်တစ်ယောက် ကြုံတွေ့ခဲ့သမျှ အသေးစိတ် ပြန်ပြောပြသည်။ စကားဆုံးသော် ကူချန်မှ ပြုံးရယ်လျက်၊
“ မင်း ထက်မြက်တယ် ... မင်းသာ နည်းနည်းလောက် တွေဝေနေရင် သူ သံသယ ဖြစ်သွားနိုင်တယ် ... ကံကောင်းစွာနဲ့ပဲ မင်းနဲ့ မီးစာငှက်က ဟန်ဆောင်ကောင်းခဲ့တယ်။ ”
-ဟု မှတ်ချက်ပေး၏။
သို့မှသာ ချန်ယွင်တစ်ယောက် ကျောရိုးတစ်လျှောက် အေးစက်သွားလေသည်။ သူတွေ့ခဲ့သော ကြာနီးမီးတောက်သည် အမှန်ပင် ကြောက်စရာကောင်း၏။
မြေပြင်တစ်ခုလုံး မီးပင်လယ်ဖြစ်ကုန်သည်။ ဤနည်းစနစ်ဖြင့် နတ်နဂါးမြို့သို့ ကျဲချခံရသော် မြို့တော်တဝက် ပျက်စီးရပေမည်။
“ အစ်ကို ... အဲဒီ ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူက ရှန့်နန်လမ်းကို ရောက်လာမယ်လို့ မင်းထင်လား။ ”
“ သေချာပေါက်ပဲ။ ”
ကူချန်က မဆိုင်းမတွ ခေါင်းညိတ်သည်။ ချန်ယွင်တစ်ယောက် မျက်ခုံးပင့်လျက် ငြိမ်သက် သွားတော့၏။ ဤအချိန်တွင် သူ့အစ်ကိုသည် အဘယ့်ကြောင့် တည်ငြိမ်နေသနည်း။
ချန်ယွင်အမူအရာကို မြင်သောအခါ ကူချန်ကပြုံးပြီး၊
“ ဒီအတွက် တွက်ချက်မှုအချို့ ပြုလုပ်ထားပြီးသားပါ ဒါကြောင့် ပြင်ဆင်မှုတွေ ငါလုပ်ထားတယ်။ ”
-ဟု နှစ်သိမ့်လိုက်၏။ ချန်ယွင်မှ သူ့အစ်ကိုထံ ပြန်ကြည့်သည်။ ကူချန်သည် ကျောက်စိမ်းပြားကို ထွင်းနေဆဲပေပင်။
“ အရင်က ပြဿနာတွေ ဘယ်ကလာမယ်ဆိုတာ ငါမသိခဲ့ဘူး အခုတော့ မင်းကြောင့် တိကျတဲ့ ရန်သူကိုရှာတွေ့ပြီ ... ဒါက စိတ်သက်သာစရာပါပဲ ... ။ ”
“ အစ်ကို ... ငါတို့မှာ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူ မရှိဘူး မဟုတ်လား။ ”
ချန်ယွင်မှ မျက်မှောင်ကြုတ်လိုက်၏။
“ ငါအခု ယွမ်ဖူနယ်ပယ်မှာ ဆိုပေမယ့် ခရမ်းရောင် နေမင်းနယ်ပယ် ကျင့်ကြံသူအပေါ် ကိုင်တွယ်ဖို့ မခက်ပါဘူး။ ”
“ ဟမ့် ... ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူကို မင်းကိုင်တွယ်မို့လား။ ”
ဤတစ်ကြိမ်တွင် ချန်ယွင်ခမျာ အံအားသင့် ရှုပ်ထွေးလာချေပြီ။ ကူချန်မှ မော့မကြည့်ဘဲ ပြုံး လေသည်။
“ ဒီနယ်ပယ်နှစ်ခုကြား ကွာခြားချက်က စစ်မှန်သောချီကို သိမ်းဆည်းထားတဲ့ ပမာဏ ပါပဲ ... ခရမ်းရောင်နေမင်းနယ်ပယ်က ချီကို သိမ်းဆည်းထားနိုင်တဲ့ ပမာဏ ...
... အနည်းငယ်ပိုများပြီး အမြန်နှုန်းနဲ့ ခံနိုင်ရည်ပိုမြင့်တယ် ... စင်ကြယ်ခြင်းနယ်ပယ် ဆိုရင်တော့ ကိုင်တွယ်ရခက်လိမ့်မယ်။ ”
စင်ကြယ်ခြင်းနယ်ပယ် အသျှင်များသည် ဦးခေါင်းမပျက်စီးသရွေ့ သူ၏ခြေလက်အင်္ဂါများ လျင်မြန်စွာ ပြန်လည်ပေါက်လာနိုင်၏။
ထို့ကြောင့် စင်ကြယ်ခြင်းနယ်ပယ်နှင့် ခရမ်းရောင်နေမင်းနယ်ပယ်သာဆိုသော် များစွာ ခြားနားချက် ဖြစ်နိုင်ပေမည်။
“ ဒါပေမယ့် ယွမ်ဖူနယ်ပယ်နဲ့ ခရမ်းရောင်နေမင်းနယ်ပယ်က ကွာဟချက် တစ်ခု ရှိနေသေးတာပဲ မဟုတ်လား။ ”
ထိုနယ်ပယ်နှစ်ခုကြား ကြီးမားသော ကွာခြားချက် မရှိသော်လည်း တိုက်ပွဲအတွင်း၌ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူ ဆယ်ယောက်ကို ထိန်းချုပ်ကာ ပင်ပန်းနွမ်းနယ်စေနိုင်၏။
“ တစ်ခါတစ်ရံမှာ လူနှစ်ယောက်ကြား ကျင့်ကြံမှု ကွာဟချက်အပေါ် ပြင်ပအရာတွေနဲ့ ချိန်ညှိလို့ရတယ်။ ”
ထိုစကားကြောင့် ချန်ယွင်မှ တစ်စုံတစ်ရာ သတိထားမိလာပြီး ကူချန်ရေးထွင်းနေခဲ့သော ကျောက်စိမ်းပြားထံ ကြည့်လိုက်လေသည်။
“ ဒါက ... ။ ”
“ သတ္တမတန်း ပြိုင်ဘက်ကင်းဝင်္ကပါ။ ”
ကူချန်က ပြန်ဖြေပြီး ကျောက်စိမ်းပြားကို ကျောက်စားပွဲ ပေါ်ချလိုက်သည်။ ဝင်္ကပါပြား ရေးထွင်းခြင်း ပြီးဆုံးသွားချေပြီ။
“ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးရဲ့ စွမ်းအင်က တိုက်ပွဲဝင် စွမ်းအားကို ကြာရှည်ထောက်ပံ့နိုင်တယ် ...
... ဒါကြောင့် ဒီအားသာချက်ကို ဖျက်ဆီးပြီးရင် ... ငါတို့ကြားက ကွာဟချက်တွေ လျော့ပါးလာလိမ့်မယ်။ ”
ထို့နောက် ကူချန်တစ်ယောက် ဖူစုအင်ပါယာမြို့တော်တည်ရှိရာ အရပ်ထံ မျှော်ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ သူသာ ... ဒီထက်နည်းနည်း နောက်ကျမှလာရင် အခက်အခဲ ကြီးကြီးမားမား ရှိတော့မှာ မဟုတ်ဘူး။ ”
လက်ရှိကျင့်ကြံမှုသည် ခရမ်းရောင်နေမင်းနယ်ပယ်သို့ တက်ရောက်ရန် ခြေတစ်လှမ်းမျှသာလိုတော့၏။
ထိုကြောင့် ဆိတ်ကွယ်ရာသွားရောက် ကျင့်ကြံရန် စီစဉ်နေခဲ့သည်။ သို့သော် ရန်သူမှာ ရောက်ရှိလာပြီဖြစ်၏။
တစ်ဖက်တွင် အဆိုပါကျင့်ကြံသူသည် သွေးဝိညာဉ်ဂိုဏ်းကို ကိုယ်တိုင်အရေးယူနေခဲ့ သည်မှာ အနည်းငယ်ထူးစမ်းနေပြန်သည်။
တော်ဝင်မိသားစုတွင် ကျင့်ကြံသူများ ဆယ်ဂဏန်းခန့်ရှိနေရာ ကိုယ်တိုင်ထွက်စရာ မလိုချေ။
ဤမတိုင်မီ သူလျှိုများမှ ပေးပို့လာသော သတင်းများဖြင့် ပေါင်းစပ်ကောက်ချက်ချသော် တော်ဝင်မိသားစု အလျင်လိုနေပြီဟူသော အဓိပ္ပါယ်ကို တိကျစွာပြသနေသည်။
တစ်ဖက်အင်အားစုသည် ပြဿနာဖြေရှင်းရန် အရှိန်မြှင့်တင်တော့မည် ဖြစ်၏။
“ ဒါက ... နည်းနည်းတော့ အလျင်လိုနေသလိုပါပဲ ဒီလူက သူ့သက်တမ်း ကုန်သွားတာများလား။ ”
ကူချန်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။ လူအများသည် မသေခင် သူတို့အတိတ်များကို ဖြေရှင်းရန် ဆန္ဒရှိကြ၏။
“ အစ်ကို ... သူတို့မှာ ယွမ်ဖူနယ်ပယ် ကျင့်ကြံသူတွေလည်း အများကြီးရှိသေးတယ် ဒီလူတွေကိုရော ငါတို့ဘယ်လိုလုပ်မလဲ။ ”
“ ခရမ်းရောင်နေမင်းနယ်ပယ် ကျင့်ကြံသူကိုသာ ငါကိုင်တွယ်နိုင်ရင် ဒီလူတွေ အတွက် စိုးရိမ်နေစရာမရှိပါဘူး မင်းပြန်သွားရင် ငါ့အတွက် ကိစ္စတစ်ခုဆောင်ရွက်ပေးပါ။ ”
“ ပြောပါ ... ။ ”
“ ငါ့အထောက်အထားကို မြို့တော်မှာ သတင်းလွှင့်လိုက် ... အရေးအကြီးဆုံးက ငါဒီမှာ ရှိနေတယ်ဆိုတာ လူတိုင်းသိပါစေ ...
... မတော်တဆ ဉာဏ်အလင်းရပြီး ကျင့်ကြံဖို့ ဘုံကျောင်းဆီဝင်ရောက်ခဲ့တယ်လို့ သတင်းပေါက်ကြားပါစေ။ ”
ကူချန်စကားကြောင့် ချန်ယွင်ခမျာ မျက်ဝန်းများ ချက်ချင်း တောက်ပလာတော့၏။ ထို့နောက် ခေါင်းညိတ်ပြကာ၊
“ နားလည်ပြီ ... ။ ”
-ဟုဆိုလျက် နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။
***
( ၁။ တည်ဆောက်ခြင်းအဆင့်ကိုးဆင့်- စစ်သည်တော်။
၂။ ချီစုစည်းခြင်းနယ်ပယ်-သခင်။
၃။ ရှန်ရှင်းနယ်ပယ်- ကျွမ်းကျင်သူ။
၄။ ယွမ်ဖူနယ်ပယ်- ကျင့်ကြံသူ။
၅။ ခရမ်းရောင်နေမင်းနယ်ပယ် -ကျင့်ကြံသူ။
၆။ စင်ကြယ်ခြင်းနယ်ပယ်- အသျှင်။
၇။ စိတ်ဝိညာဉ်နန်းတော်သခင်နယ်ပယ် -စိတ်ဝိညာဉ်သခင်။ )