← Chapters

ကျွန်တော်တို့က ငါးသန်းတန်အောက်ပဲပေးရတဲ့ ကားကိုစီးရင် ခေါင်းမူးတတ်တယ်

Vol. 29 Ch. 421

ကျွန်တော်တို့က ငါးသန်းတန်အောက်ပဲပေးရတဲ့ ကားကိုစီးရင် ခေါင်းမူးတတ်တယ်

Vol. 29 Ch. 421

"ကျွန်တော့်နာမည်က ဆူချီယာဟာရူခါအီပါ"

"ကျွန်တော်ကတော့ အိမ်ခြံမြေအကျိုးဆောင်ပါ"

"ကျွန်တော်က အိုရှီမာနီရှီအိုပါ"

"ကျွန်တော်ကတော့ ဒါဆာအိဟာချီကိုပါ"

……

နိုကီကီမူရာလည်း ကိုင်ဘွန်နာမည်အခုနှစ်ရာနီးပါးကို တစ်ချီတည်းနားထောင်လိုက်ရသဖြင့် ခေါင်းများပင် ကိုက်လာသည်။

သူက ကိုင်ဘွန်လူမျိုးရော ဟုတ်ရဲ့လား? ဒီကိုင်ဘွန်နာမည်တွေအားလုံးက အသံထွက်ကတော့ မှန်ပေမဲ့ တော်တော်လေးမရင်းမနှီးဖြစ်နေသလိုပဲ…

နိုကီကီမူရာလည်း ဟွာရှားဘာသာစကားကို နားလည်သော်ငြား ထိုနာမည်များ၏ အဓိပ္ပာယ်ကို နားလည်ရလောက်အောင်အထိတော့ မကျွမ်းကျင်ပေ။

"မစ္စတာကျန်း…ခင်ဗျားရဲ့သူငယ်ချင်းတွေအကုန်လုံးက ကိုင်ဘွန်မှာ ပညာသင်ခဲ့ကြတာလား"

နိုကီကီမူရာ မေးကြည့်လိုက်သည်။

"မဟုတ်ပါဘူး။ ခင်ဗျားတို့ကိုင်ဘွန်ယဉ်ကျေးမှုက ကျုပ်တို့ဟွာရှားမှာ တော်တော်တွင်ကျယ်လို့ လူတိုင်း နားလည်ထားကြတဲ့အထိဖြစ်နေတာ"

ကျန်းမုန့်လောင် ရယ်မောလိုက်ချေသည်။

"ကျွန်တော်တို့က နိုင်ငံခြားကို မကြာခဏထွက်ရတော့ နိုင်ငံခြားမှာ အဆင်ပြေအောင် နာမည်ပြောင်လေးတွေ ပေးထားကြတာလေ"

"နာမည်ပြောင်လား။ ဂီတတူရိယာကိုပြောတာလား"

နိုကီကီမူရာ နားမလည်နိုင်ဖြစ်သွားရသည်။

"မဟုတ်ဘူး။မဟုတ်ဘူး။ ကျုပ်တို့ရဲ့နိုင်ငံခြားနာမည်ကို ပြောတာ"

ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်၏။

"အခုခေတ်မှာ ခင်ဗျားတို့ကိုင်ဘွန်နာမည်က တစ်ကမ္ဘာလုံးအနှံ့ နာမည်ကြီးနေတာလေ"

"တကယ်လား"

နိုကီကီမူရာ ကျေနပ်ပျော်ရွှင်သွားလေသည်။ တစ်စုံတစ်ယောက်က ကိုယ့်နိုင်ငံကို ချီးကျူးလာချိန်တွင် မပျော်မရွှင်ဖြစ်စရာအကြောင်းမရှိပေ။

"ကြည့်ရတာ မစ္စတာကျန်းက ကျွန်တော်တို့ကိုင်ဘွန်နိုင်ငံရဲ့ ယဉ်ကျေးမှုကို အသိအမှတ်ပြုပုံပဲ"

"ဒါပေါ့။ ကျုပ်တင်မကဘူး။ ကျုပ်သူငယ်ချင်းတွေလည်း သဘောကျတာပဲ။ ဟုတ်တယ်မလား"

ကျန်းမုန့်လောင်က အနီးအနားရှိ သူ့သူငယ်ချင်းကို မေးလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်"

"ကျုပ်တို့ ခင်ဗျားတို့ယဉ်ကျေးမှုကို သေချာပေါက်သဘောကျတာပေါ့"

"ကျွန်တော့်ကွန်ပျူတာထဲမှာ ခင်ဗျားတို့ယဉ်ကျေးမှုရဲ့အမွေအနှစ်တွေနဲ့ ပြည့်နေတာပဲ"

"တကယ်လား"

နိုကီကီမူရာ၏မျက်လုံးများ ဝင်းလက်လာချေသည်။

"ကျွန်တော်တို့ရဲ့ ဘယ်ယဉ်ကျေးမှုကို သဘောကျတာလဲ။ နင်ဂျာအတတ်လား။ လက်ဖက်ရည်ပွဲတော်လား။ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့အစားအသောက်လား"

"ကျွန်တော် ဆရာမမိုမိုတာမိကို သဘောကျတယ်"

"ကျွန်တော်ကတော့ ဆရာအိုဇာဝါကို သဘောကျတာ"

"ကျွန်တော်က ဆရာမကာတို"

"ကျွန်တော်ကတော့ ဆရာမအာအိုအိ"

"ကျွန်တော်ကတော့ ဆရာမနိုဇိုမီကို သဘောကျတယ်"

"ဟားဟား ညီအစ်ကိုရေ.. စကားလေးငှားပြောပါရစေ"

"အဆင်းကို ဘီးတပ်ပေးနေကြတာပဲ"

…..

နိုကိကီမူရာ၏နှုတ်ခမ်း တွန့်သွားလေသည်။ ကျန်းမုန့်လောင်က သူတို့နိုင်ငံ၏ယဉ်ကျေးမှုကို အမှန်တကယ်ချီးကျူးနေသည်ဟု ထင်ခဲ့မိသည်။

သိပ်မကြာခင်တုန်းက ချစ်ပ်ပြားနှင့်ပတ်သက်သည့် ကျန်းမုန့်လောင်၏ သတင်းစာရှင်းလင်းပွဲတွင် ကိုင်ဘွန်သတင်းထောက်များ ထောက်ပြသည့် မေးခွန်းများကို ထက်ထက်မြက်မြက်တုံ့ပြန်ခဲ့ဖူးသည်။ု

ထောင်ချောက်ထဲ ကျသွားသည့်အတွက် သူ့စိတ်ထဲမှာ ခါးသက်သက်ဖြစ်သွားရသည်။

ကိုင်ဘွန်လူမျိုးတစ်စုက ဟွာရှားစိတ်စွမ်းအားရှင်တစ်စုကို သတ်ပစ်ခဲ့သည်ဖြစ်ရာ သူတို့အား သဘောကောင်းနိုင်မည်တဲ့လား။ ပြင်းထန်စွာ အရေးမယူရုံဖြင့်ပင် တော်လှလေပြီ။

သို့သော် ဤနေရာတွင် မိန်းကလေးများလည်း ရှိနေသေးပေသည်။ လူကြီးရုပ်ရှင်များအကြောင်း သူတို့ မပြောဘဲမနေနိုင်ဘူးလား။ ကိုင်ဘွန်လူမျိုးတွေမှာ ဂုဏ်သိက္ခာမရှိတော့ဘူးလား?

"နိုကီကီမူရာ.. ခင်ဗျားရော ဘယ်သရုပ်ဆောင်ကို သဘောကျလဲ"

ကျန်းမုန့်လောင်က ခြိမ်းခြောက်နေဟန် အပြုံးတစ်ပွင့်နှင့်အတူ ပြောလိုက်၏။

"မဖြေခင် သေချာစဉ်းစားနော်။ ကျုပ်က စိတ်ဝင်စားမှုတူတဲ့လူတွေနဲ့ပဲ အပေါင်းအသင်းလုပ်တာ။ အဲလိုမှမဟုတ်ရင် ကျုပ်ဒေါသထွက်မှာ။ ကျုပ် ဒေါသထွက်ရင် ပွဲကြမ်းရော။ ကျုပ် ပွဲကြမ်းပြီဆိုရင် ရေနံဆီတွေဝယ်…"

"မစ္စတာကျန်း.. ကျွန်တော်က ဟာရှီမိုတိုကို ပိုသဘောကျပါတယ်'

နိုကီကီမူရာလည်း တောင့်ဆတ်ဆတ်ဖြင့် မှားတစ်ဝက် မှန်တစ်ဝက် အားတင်း၍ ပြောလိုက်လေသည်။

"ဟားဟားဟား အကြိုက်ချင်းတူသားပဲ မစ္စတာကီမူရာ"

"ကျုပ်တို့တွေ ပေါင်းရသင်းရအဆင်ပြေလိမ့်မယ်လို့ထင်တာပဲ"

ကျန်းမုန့်လောင်က စိတ်ရင်းစစ်မှန်စွာဖြင့် ပြောလိုက်သည်။

"ကျွန်တော် ဟွာရှားကိုပြန်ရောက်ရင် ခင်ဗျားအတွက် ရီဗျူးကောင်းကောင်းလေး ပေးပါ့မယ်"

"မစ္စတာကျန်း.. ကျွန်တော်တို့ ဟိုတယ်ကို သွားကြတော့မလား"

"သွားတာပေါ့"

ကျန်းမုန့်လောင်လည်း ပြောလိုက်၏။

"အားလုံးပဲ.. ပစ္စည်းတွေချထားကြတော့… ဟိုတယ်ကိုသွားကြမယ်။ ပြီးမှ နောက်ရက်တွေ ငါတို့ ဘာလုပ်ကြမလဲဆိုတာ စီစဉ်ကြမယ်"

"ကောင်းပြီ"

"မစ္စတာကျန်း ဒီဘက်ကိုကြွပါ"

နိုကီကီမူရာက ယဉ်ကျေးသောကိုယ်နေဟန်ထားကို ပြင်လိုက်သည်။

"ကျွန်တော် အားလုံးအတွက် သွားရေးလာရေးစီစဉ်ပေးထားပြီးပါပြီ"

"အင်း ကျေးဇူးပါပဲ မစ္စတာကီမူရာ"

ကျန်းမုန့်လောင်က ရှေ့ဆုံးမှ ဦးဆောင်၍ ထွက်လာခဲ့လိုက်သည်။

"နေဦး"

ကျန်းမုန့်လောင်၏အမူအရာက ရုတ်ခြည်းပျက်ယွင်းသွားလေသည်။

"မစ္စတာကျန်း.. မစ္စတာကျန်း ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား"

နိုကီကီမူရာခမျာ စိုးရိမ်သောကရောက်သွားလေသည်။ သူ့အထက်လူကြီးများက ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံတွင် နေထိုင်နေစဉ် အရာအားလုံးကို စိတ်ကျေနပ်အောင် လုပ်ပေးရမည်ဟု သူ့အား အထပ်ထပ်အခါခါ မှာထားသည်။

"မဟုတ်ဘူး။ ကျုပ် ရုတ်တရက်ကြီး တစ်ခုသတိရလိုက်လို့ စိတ်အခြေအနေမကောင်းဘူးဖြစ်သွားတာ"

"ခင်ဗျား.. ကျွန်တော်တို့ စီစဉ်ထားတာကို စိတ်တိုင်းမကျလို့လား"

နိုကီကီမူရာက ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်ငြား ဘာပြဿနာတစ်စုံတစ်ရာမှ မတွေ့မိပေ။

"ခင်ဗျားက ကျုပ်တို့ကို ကြိုဆိုဖို့အတွက် ဒီလိုကားမျိုး ပြင်ဆင်ထားတာလား"

ကျန်းမုန့်လောင်က Maybachကားအတန်းလိုက်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါ..ဒါက တစ်ခုခုများ ပြဿနာရှိလို့လား"

နိုကီကီမူရာခမျာ အကြောင်သားမေးခွန်းထုတ်လိုက်လေသည်။ ဤကားများမှာ တစ်စီးကို ၂သန်းကျော် တန်ဖိုးရှိပြီး ဤမျှအစီးရေအမြောက်အများကို စီစဉ်ရန်ပင် အချိန်အကြာကြီးယူလိုက်ရသည်။ ကိုင်ဘွန်နိုင်ငံ၏ နိုင်ငံ့ခေါင်းဆောင်များပင် ဤမျှအဆင့်မြင့်သောကားများနှင့် ခရီးထွက်ဖူးခြင်းမရှိချေ။

"အာ!'

"အား!"

"အား!"

ကြိုတင်သတိထားပေးခြင်းမရှိပါဘဲ ကျန်းမုန့်လောင်၏အတန်းဖော်များက ရုတ်တရက်ကြီး အပြင်းအထန်ပျို့အန်ကုန်ကြသည်။

"ဘာ..ဘာတွေဖြစ်နေတာလဲ"

နိုကီကီမူရာခမျာ လုံးဝအံ့ဩဘနန်းဖြစ်သွားရသည်။ ကျန်းမုန့်လောင်၏မျက်နှာက အလွန်ညှို့မှိုင်းလာသည်ကို မြင်နေရသည့်အတွက် ဘာပြောရမှန်း မသိတော့ပေ။

"ဘာပြဿနာလဲတဲ့လား။ ခင်ဗျားက ဘာပြဿနာရှိလို့လဲလို့တောင် မေးရဲသေးတယ်ပေါ့"

ကျန်းမုန့်လောင်၏လေသံထဲတွင် ပြစ်တင်ဝေဖန်လိုဟန်များ ယှက်သန်းနေသည်။

"ဒီလိုကားမျိုးနဲ့ ကျုပ်တို့ကို လာကြိုတယ်ဆိုတော့ ခင်ဗျားက ကျုပ်တို့ကို အထင်သေးတာလား"

"ဘယ်လို?"

နိုကီကီမူရာခမျာ ကြောင်အသွားလေသည်။ "ဒီလိုကားမျိုး"ဆိုတာ ဘာအဓိပ္ပာယ်လေလဲ။ ဤသည်မှာ ၂သန်းကျော်တန် Maybachကားများပင်။ နာမည်အကြီးဆုံး Rolls-Royceကားများပင် ဆယ်သန်းကျော် ပေးရသည်။ ဤကားအတန်းလိုက်ကြီးက လုံလုံလောက်လောက်ခမ်းနားနေပြီ မဟုတ်ပါလား။

"ခင်ဗျား ကျုပ်တို့ကို သေချာဧည့်ခံလိမ့်မယ်လို့ ထင်ထားတာ။ ကြည့်ရတာတော့ ကျုပ် ခင်ဗျားကို အထင်ကြီးလွန်းသွားပြီထင်တယ်"

ကျန်းမုန့်လောင် ခေါင်းခါယမ်းလိုက်လေသည်။

"ကျုပ်တို့ ကားမူးတတ်တာ ခင်ဗျားမသိဘူးလား"

"ကားမူးတာလား"

နိုကီကီမူရာ ပို၍ပင် နားမလည်နိုင်ဖြစ်သွားရသည်။

မင်းတို့က ကားထဲတောင် မဝင်ရသေးဘူး.. ပြဿနာရှာနေပြီလား?

"ခင်ဗျားမသိဘူးလား။ ကျုပ်ရဲ့သူငယ်ချင်းတွေက ငယ်ငယ်ကတည်းက အလိုလိုက်ခံထားရတာ။ ဆယ်သန်းအောက်ရှိတဲ့ ကားတွေကို တစ်ခါမှမစီးဖူးဘူး။ ငါးသန်းတန်အောက်ပဲရှိတဲ့ ကားတွေကိုစီးရင် ထိုးအန်လေရော။ ခင်ဗျားက ကျုပ်ရဲ့အတန်းဖော်တွေကို အန်ပြီးသေအောင်လုပ်နေတာလား"

"ငါသာ ဟွာရှားလို ဆဲတတ်ရင်တော့လား"

နိုကီကီမူရာသာ ဟွာရှားလို ဆဲတတ်ပါက ယခုလောက်ဆိုလျှင် ဆဲပြီးနေလောက်ပြီ။

ငါးသန်တန်အောက်သာရှိသော ကားများကိုစီးပြီး ကားမူးတတ်သူဟူ၍ သူ တစ်ခါမှမမြင်ဖူးပေ။

မင်းကိုယ်မင်း နူးညံ့တဲ့မင်းသမီးလေးများ မှတ်နေလား? ဒါက အသန့်ကြိုက်ရောဂါတစ်မျိုးလား?

"ကြည့်ရတာ ခင်ဗျားဘက်က စစ်မှန်မှုမရှိဘူးထင်ပါရဲ့"

ကျန်းမုန့်လောင် အေးတိအေးစက်ပြောလိုက်သည်။

"သွားရေးလာရေးစီစဉ်ထားတာကတောင် အဆင့်မမီတာ။ တည်းခိုမဲ့နေရာဆိုရင် ပိုတောင်ဆိုးဦးမယ်"

"မစ္စတာကျန်း.. ဘာတွေပြောနေတာလဲ။ ကျွန်တော်တို့ အစစအရာရာ ဂရုတစိုက်ပြင်ဆင်ထားတာပါ.."

"ဂရုတစိုက်ပြင်ဆင်ထားတာတဲ့လား။ ခင်ဗျားက ဒါကို ဂရုတစိုက်ပြင်ဆင်ထားတာလို့ ပြောတာလား"

ကျန်းမုန့်လောင်က ဈေးကြီးသော Maybachကားများကို လက်ညှိုးထိုးပြလိုက်သည်။

"ကျုပ်က အကန့်အသတ်နဲ့ထုတ်ထားတဲ့ စူပါကားတွေကို တောင်းဆိုနေတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ Rolls-Roycesကားတွေကို တောင်းဆိုတာကတော့ မလွန်ဘူးမလား"

"အဲဒါက သိပ်မလွန်ဘူးတဲ့လား"

နိုကီကီမူရာခမျာ ကမ္ဘာ့အရယ်ရဆုံးဟာသတစ်ပုဒ်ကို ကြားလိုက်ရသည့်အလားပင်။

"ခင်ဗျားက ကျုပ်တို့ကို ကိုင်ဘွန်နိုင်ငံမှာ မလည်ပတ်စေချင်ဘူးဆိုတာ သိသာနေတာပဲ"

ကျန်းမုန့်လောင် ခေါင်းတခါခါလုပ်လိုက်မိသည်။

"သူငယ်ချင်းတို့… ငါတို့ ကိုယ့်နိုင်ငံကိုယ်ပြန်ကြတာပဲ ကောင်းမယ်ထင်တယ်။ ဒီမှာ ဘာမှစိတ်ဝင်စားစရာမရှိဘူး"

"အင်း"

"ဟုတ်တယ်"

ကျန်းမုန့်လောင်၏ အတန်းဖော်များကလည်း နားလည်သဘောပေါက်ဟန်ဖြင့် ချက်ချင်းဝင်ပြောလာကြသည်။

နိုကီကီမူရာကတော့ စိတ်ထဲမှ ကျိန်ဆဲနေမိတော့သည်။ ကျန်းမုန့်လောင်ကလွဲလျှင် ကျန်လူများအားလုံး ဝတ်ထားသော အဝတ်အစားများမှာ စုစုပေါင်း ယွမ်တစ်ထောင်ကျော်မျှသာ ရှိသည်။ သို့တိုင် သူတို့က ငါးသန်းတန်အောက်သာရှိသည့် ကားများကို စီးရလျှင် ကားမူးတတ်သည်ဟု ဆိုနေပေသည်။ သူတို့၏ပုံစံအရ ငါးသိန်းကျော်တန်ကားကိုပင် စီးဖူးမည်မဟုတ်ပေ။

ဒါက သက်သက်ပြဿနာရှာနေတာမဟုတ်လား?

"ဟုန်းရီ.. ငါ စိတ်မကြည်တော့ဘူး။ တောင်အာဖရိကမှာရှိတဲ့ ရေနံဆီတွင်းကို ဝယ်လိုက်။ ငါ ပိုက်ဆံမသုံးရရင် စိတ်ကြည်မှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က သူ့ရင်ဘတ်ကိုပုတ်၍ ‌ပြောလိုက်၏။

"ကောင်းပါပြီ မစ္စတာကျန်း..ဒါပေမဲ့ အဲဒီရေနံဆီတွင်းက နိုင်ငံတော်တော်များများက ရှယ်ယာပါထားကြတာပါ။ နည်းနည်းတော့ ခက်ခဲနိုင်…"

"လျော်ကြေးဘယ်လောက်ပဲဖြစ်ဖြစ် ပေးလိုက်။ ဒေါ်လာဘီလီယံရာဂဏန်းလောက်ကတော့ စာမဖွဲ့ဘူး"

"ကောင်းပါပြီ မစ္စတာကျန်း.. ကျွန်မ ချက်ချင်းစီစဉ်လိုက်ပါ့မယ်"

"မစ္စတာကျန်း ခဏနေပါဦး"

နိုကီကီမူရာခမျာ ထိုစကားကိုကြားပြီးနောက် လန့်ဖျပ်သွားလေသည်။ ကျန်းမုန့်လောင်၏အတန်းဖော်များက ငါးသန်းအောက်သာရှိသည့် ကားများကိုစီးလျှင် ကားမူးတတ်သည်ဆိုခြင်းမှာ ဖြီးလုံးဖြန်းလုံးများသာ ဖြစ်သော်လည်း တောင်အာဖရိကရှိ ထိုရေနံဆီတွင်းကို ကျန်းမုန့်လောင် ဝယ်နိုင်တာကတော့ အမှန်ပင်။

ဤသည်မှာ ကိုင်ဘွန်နိုင်ငံ၏ ဆီအရင်းအမြစ်အတွက် နောက်ဆုံးအားထားရာပင်။ ထိုအရာကိုပါ လက်လွှတ်ဆုံးရှုံးပါက သူတို့ မည်သို့ရှင်သန်နိုင်မည်နည်း။

"ခဏလောက် အချိန်ပေးပါ။ ကျွန်တော် ချက်ချင်းစီစဉ်ပေးပါ့မယ်"

*************

All Chapters