← Chapters

ဟိုတယ်တွေမှာ တည်းနေကျမဟုတ်ဘူး

Vol. 29 Ch. 423

ဟိုတယ်တွေမှာ တည်းနေကျမဟုတ်ဘူး

Vol. 29 Ch. 423

ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံသို့‌ ရောက်လာသည့်သတင်းက တစ်ကမ္ဘာလုံးအနှံ့ ဗိုင်းရပ်ပိုးတစ်ခုလို ကူးစက်ပျံ့နှံ့သွားပြီးနောက် ကိုင်ဘွန်နိုင်ငံသေးသေးလေးကို တစ်ကမ္ဘာလုံးမှ မျက်လုံးပေါင်းများစွာက စောင့်ကြည့်နေကြလေသည်။ နိုင်ငံတော်တော်များများကလည်း ဤဖြစ်ရပ်နှင့်ပတ်သက်၍ အထူးတလည် သတင်းရေးနေကြသည်။

ကိုင်ဘွန်၏မြို့တော်ရှိ လမ်းမထက်တွင် ပြိုင်ကားအမြောက်အများ မောင်းနှင်နေချေသည်။ အမှန်ဆိုလျှင် ထိုလမ်းမများမှာ ပြည့်ကျပ်နေသင့်သော်ငြား လမ်းတစ်လျှောက်တွင် မီးပွိုင့်များက မီးနီနေသည့်တိုင် သူတို့အတွက် အထူးလမ်းကြောင်းတစ်ခုကို ဖွင့်ပေးထားသည်။

အခြားလူများ၏ ကားများကသာ လမ်းပိတ်ချင်ပိတ်မည်။ ကျန်းမုန့်လောင်ကတော့ လုံးဝလမ်းမပိတ်ပေ။ သူ့ကား လမ်းပိတ်နေသောကြောင့် ကျန်းမုန့်လောင် ဒေါသထွက်ပါက သူတို့ကြိုးစားထားသမျှလည်း သဲထဲရေသွန်ဖြစ်ရပေလိမ့်မည်။

ကျန်းမုန့်လောင်၊ ဟုန်းရီနှင့် သူ့အတန်းဖော်များမှာ Rolls-Royceကားထဲ ထိုင်နေကြချိန်တွင် နိုကီကီမူရာကတော့ စိတ်လှုပ်ရှားစွာဖြင့် ထောင့်နားတွင် ကပ်နေပြီး ကျန်းမုန့်လောင်၏အမူအရာကို တစ်ချိန်လုံးကြည့်ရှုစစ်ဆေးနေသည်။

"သိပ်မိုက်တာပဲ။ ငါ့ကိုယ်ငါ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်လို ခံစားရတာ ဒါက ပထမဆုံးအကြိမ်ပဲ"

ရှုလီ တအံ့တဩရေရွတ်လိုက်လေသည်။ သူ၏ပထမဆုံးနိုင်ငံခြားခရီးစဉ်မှာ ယခုလိုဗီအိုင်ပီအကျိုးခံစားခွင့်မျိုး ခံစားရခြင်းမှာ သူ ဘယ်တုန်းကမှ အိပ်မက်မမက်ရဲသော ကိစ္စတစ်ခုပင်။

"အမှန်ပဲ"

စွန်းယွီလဲ့က ရယ်မောလိုက်၏။

"မုန့်လောင်.. မင်းကောင်မလေးက ဘယ်မှာလဲ။ သူ့ကိုရော ဘာလို့ခေါ်မလာတာလဲ"

"ဪ သူလား။ သူက အခု "အနာဂတ်ရဲ့ကြယ်ပွင့်"အစီအစဉ်မှာ လူရွေးပွဲဖြေနေတယ်။ အခုလောက်ဆိုရင် လေ့ကျင့်ရေးစခန်းထဲကို ရောက်နေလောက်ရောပေါ့"

"သေစမ်း! မင်းလိုရည်းစားမျိုး ရထားတာပဲကို.. သူက ဘာကိစ္စနဲ့ လူရွေးပွဲသွားဖြေနေသေးတာလဲ"

ရှုလီ မှတ်ချက်ပေးလိုက်လေသည်။

"မင်းက ရည်းစားတာဝန်မကျေဘူးပဲ။ မင်း အဲဒီ"အနာဂတ်ရဲ့ကြယ်ပွင့်"အစီအစဉ်ကို ဝယ်ပစ်ပြီး မင်းရဲ့ကောင်မလေးကို ချန်ပီယံဆုပေးဖို့ ဇာတ်ညွှန်းရေးပေးလိုက်ရမှာ"

"ဟုတ်တယ်။ ဒါမှမဟုတ်ရင်လည်း မင်းကိုယ်တိုင် ပြိုင်ပွဲတစ်ခု စီစဉ်လိုက်လေ။ အဲဒီလိုပြိုင်ပွဲမျိုးမှာ သွားပြိုင်တော့ရော ဘာရမှာလဲ"

"စိတ်မပူနဲ့"

ကျန်းမုန့်လောင်က ပြုံးပြုံးကြီး ပြန်ဖြေလိုက်၏။

"ငါ အဲဒီအစီအစဉ်အတွက် မူပိုင်ခွင့်ဝယ်ထားပြီးပြီ။ တခြားဟာတွေတော့ အာမမခံနိုင်ပေမဲ့ အနည်းဆုံးတော့ ဘာကောလာဟလမှ ထွက်တော့မှာမဟုတ်ဘူး။ သူ့ချန်ပီယံဆုကို ငွေပေးပြီးဝယ်ထားမှန်းသာ ရီရီသိသွားရင် ငါ့ကို ပြောဆိုနေတော့မှာ"

"ဟားဟားဟား အကြောက်တရားကင်းတဲ့ ဘော့စ်ကျန်းလည်း ဒီလိုအမြီးကုပ်နေရလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"

"အမြီးကုပ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ"

ကျန်းမုန့်လောင် မကျေမနပ်ဖြစ်သွားလေသည်။

"ဒါက အမျိုးသမီးတွေအပေါ် လေးစားမှုရှိတယ်လို့ခေါ်တယ်။ မင်း ဘာသိလို့လဲ"

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းက ငွေရှင်ကြေးရှင်ဆိုတော့ မင်းပြောသမျှအကုန် မှန်တယ်"

စွန်းယွီလဲ့က သူ့ဖုန်းကို ကျန်းမုန့်လောင်အား လှမ်းပေးလိုက်သည်။

"ကြည့်လိုက်ဦး။ တစ်ကမ္ဘာလုံးက မင်းရဲ့လှုပ်ရှားမှုအကြောင်း သတင်းရေးနေကြပြီ"

စွန်းယွီလဲ့က နိုင်ငံတကာသတင်းဌာနတစ်ခု၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်လေရာ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံနယ်ပယ်ရှိ ကျွမ်းကျင်သူအမြောက်အများက ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံသို့ လာရောက်ရခြင်း၏ အကြောင်းပြချက်များကို ဆန်းစစ်သုံးသပ်နေကြသည်။

"ဒီနေ့ ကျွန်တော်တို့နဲ့အတူ ဟားဗတ်တက္ကသိုလ် စီးပွားရေးမေဂျာပါမောက္ခ မစ္စတာပါကင်ဆန်နဲ့ စတန်းဖို့ဒ်တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးမေဂျာပါမောက္ခ မစ္စတာဒေါ်ပလာတို့ ရှိနေပါတယ်။ ခင်ဗျားတို့ သိထားကြတဲ့အတိုင်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်က လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ကပဲ ကိုင်ဘွန်နိုင်ငံကို ရောက်ရှိလာပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ"

ပါမောက္ခဒေါ်ပလာက လည်ချောင်းရှင်းလိုက်သည်။

"အားလုံးသိထားတဲ့အတိုင်း ဒီကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်က ထင်မထားတဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့လုပ်တတ်ပါတယ်။ သူ နိုင်ငံခြားကို သွားလည်လိုက်တိုင်း ရည်ရွယ်ချက်တစ်ခုကတော့ သေချာပေါက်ရှိပြီး တစ်ခုခုကို နှောင့်ယှက်ဖျက်ဆီးတတ်ပါတယ်။ သူနဲ့ ကိုင်ဘွန်နိုင်ငံကြားမှာ ပဋိပက္ခဖြစ်ထားနိုင်တယ်ဆိုတဲ့အချက်ကိုလည်း ဖယ်ထုတ်ထားလို့မရပါဘူး"

"ကျွန်တော်လည်း ဒီလိုပဲမြင်ပါတယ်"

ပါမောက္ခပါကင်ဆန်က ဝင်ပြောလာသည်။

"ကျွန်တော်တို့ရထားတဲ့ လက်ရှိအချက်အလက်တွေအရ ကျန်းမုန့်လောင်ရဲ့ပိုင်ဆိုင်မှုကို အတိအကျမသိရသေးပါဘူး။ ဒါပေမဲ့ သူ့မှာ ငွေသား၂ထရီလီယံကျော်ရှိတယ်ဆိုတာကို သိထားပြီးပါပြီ။ ဒီလောက်များတဲ့ငွေပမာဏနဲ့တင် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးစနစ်ကို အနှောင့်အယှက်ပေးဖို့ လုံလောက်နေပါပြီ"

"ဒီတော့ ခင်ဗျားရဲ့အမြင်အရ ကိုင်ဘွန်နိုင်ငံ ဘယ်လောက်တောင့်ခံနိုင်မယ်ထင်ပါသလဲ"

"စီးပွားရေးအရ ပြောရမယ်ဆိုရင် အလွန်ဆုံးတစ်ပတ်ပေါ့။ ကိုင်ဘွန်နိုင်ငံအနေနဲ့ ဒါကို ကျော်လွှားနိုင်မယ်လို့ ဆုတောင်းပါတယ်။ သူ့ဘက်က တခြားနည်းလမ်းတွေကို‌ ထုတ်သုံးလာရင်တော့ ကျွန်တော်တို့လည်း အခုလတ်တလောမှာ ခန့်မှန်းလို့မရနိုင်ပါဘူး"

"သူ့လုပ်ရပ်တွေကို တားဆီးနိုင်မဲ့ နည်းလမ်းတစ်ခုခုများရှိမယ်လို့ ထင်လားဗျ"

အစီအစဉ်တင်ဆက်သူက ဆက်မေးလိုက်လေသည်။

ကျွမ်းကျင်သူနှစ်ယောက်ကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ သက်ပြင်းတချချဖြင့် ခေါင်းခါယမ်းလိုက်ကြသည်။

"အခုအချိန်အထိတော့ သူ့လုပ်ရပ်တွေထဲက တစ်ခုမှ ဥပဒေတို့ စည်းမျဉ်းတို့ကို ချိုးဖောက်ထားခြင်းမရှိသေးဘူး။ ဒီကမ္ဘာပေါ်က ကိစ္စတော်တော်များများကို ငွေနဲ့စီမံခန့်ခွဲနိုင်တယ်လေ။ ကံဆိုးချင်တော့ လက်ရှိအချိန်အထိ သူလုပ်ခဲ့သမျှကိစ္စတိုင်းကလည်း ငွေကြေးနဲ့ ထိန်းချုပ်ခဲ့တာချည်းပဲ"

"အဲဒါ အမှန်ပါပဲ။ ဥပမာအနေနဲ့ ကမ္ဘာ့လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးဥပဒေကိုပဲ ကြည့်လိုက်ပါ။ ကျွန်တော်တို့ဘက်က အပြင်းထန်ဆုံးပြစ်ဒဏ်တွေကို ချမှတ်ခဲ့ပေမဲ့ သူကတော့ ငွေနဲ့ အသာလေးဖြေရှင်းနိုင်ခဲ့တယ်။ ပြီးတော့ တရားဥပဒေအရလည်း ဘာအပြစ်မှ ရှာလို့မရဘူး။ ကျွန်တော်သိသလောက်ဆိုရင် နိုင်ငံတကာလက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးအဖွဲ့အစည်းက ဥပဒေပြင်ဆင်ရေးဆွဲဖို့ ပြင်နေကြပြီ"

"ဟားဟားဟား.. ကမ္ဘာအဖွဲ့အစည်းတစ်ခုက လူတစ်ယောက်တည်းအတွက်နဲ့ ဥပဒေမူကြမ်းကို အသစ်ရေးဆွဲနေတယ်ဆိုတာ အခုမှ ပထမဆုံးအကြိမ်ကြားဖူးတာပဲ"

"ဒါဆို အဓိကအကြောင်းအရာကို ပြန်ပြောကြရအောင်ဗျာ။ မစ္စတာကျန်းမုန့်လောင်က ကိုင်ဘွန်နိုင်ငံကို ဘယ်လိုနည်းလမ်းမျိုးသုံးလာလိမ့်မယ်လို့ ထင်ပါသလဲ"

"အရင်အတွေ့အကြုံအရဆိုရင် သူတို့ကို စွမ်းအင်အရင်းအမြစ်ထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတစ်ခုကိုဝယ်ဖို့ ဘီလီယံရာဂဏန်းလောက် ထုတ်သုံးဖို့ပဲလိုတာပါ"

"စိတ်ဝင်စားဖို့ကောင်းတဲ့အချက်အလက်ကတော့ ဒီမှာပါ။ ကိုင်ဘွန်နိုင်ငံက ဟွာရှားနိုင်ငံကနေ အိမ်သာသုံးတစ်ရှူးအပါအဝင် နှစ်စဉ် တစ်ရှူးအမြောက်အများကို တင်သွင်းနေရတာ။ ကျန်းမုန့်လောင်ကသာ သူတို့ရဲ့တစ်ရှူးတင်သွင်းမှုကို ပိတ်ဆို့လိုက်မယ်ဆိုရင် သူတို့နိုင်ငံခမျာ အိမ်သာသုံးတစ်ရှူး ပြတ်လပ်ရတော့မှာပဲ"

"ဟားဟားဟား… ဒီလိုဆိုရင် သိပ်သနားဖို့ကောင်းတဲ့နိုင်ငံ ဖြစ်သွားမှာပေါ့။ ကိုင်ဘွန်နိုင်ငံအတွက် ခဏလောက်ငြိမ်သက်ပေးလိုက်ရအောင်"

"အာမင်"

……

ဤကဲ့သို့သော သတင်းများမှာ အွန်လိုင်းတွင် နံပါတ်တစ်နေရာ၌ ချိတ်နေပြီး တစ်ကမ္ဘာလုံးနီးပါးကလည်း ကိုင်ဘွန်နိုင်ငံက ကျန်းမုန့်လောင်ကို ဘယ်လိုစော်ကားထားသလဲဆိုသည်ကို ဆွေးနွေးနေကြသည်။

နိုကီကီမူရာလည်း သူတို့ထုတ်လွှင့်နေသော သတင်းအကြောင်း ကြားလိုက်ရသောအခါ တွင်းတစ်တွင်းထဲ၌ ဝင်ပုန်းချင်စိတ် ပေါက်သွားသည်။

နောက်ကွယ်မှာပဲ လှောင်လို့မရဘူးလား? ငါ့ရှေ့မှာ ဒီလိုဗီဒီယိုကြီးဖွင့်ပြနေတာက ငါ့မှာရော ဂုဏ်သိက္ခာမရှိတော့ဘူးတဲ့လား။ ငါတို့ကိုင်ဘွန်လူမျိုးတွေကရော လူသားတွေမဟုတ်တော့ဘူးလား?

သို့သော် ထိုခံစားချက်များကို သူ့မျက်နှာပေါ်မှာတော့ ထုတ်မပြရဲပေ။

"ဟားဟားဟား.. နိုကီကီမူရာ.. ကြည့်စမ်းပါဦး။ သူတို့က တော်တော်တုံးတာပဲ။ ကျွန်တော်ကဖြင့် အလည်အပတ်လာတာကို။ ခင်ဗျားတို့နိုင်ငံနဲ့ စာရင်းရှင်းဖို့လာတယ်လို့ သူတို့ကထင်နေကြတာပဲ။ မရယ်ရဘူးလား"

ကျန်းမုန့်လောင်က ဖုန်းမျက်နှာပြင်ကို နိုကီကီမူရာအား တမင်တကာပြလိုက်သေးသည်။

"ဟားဟားဟား ဟုတ်တာပေါ့။ အရမ်းရယ်ရတာပဲ"

နိုကီကီမူရာခမျာ အသက်မဲ့စွာရယ်လိုက်လေသည်။

ငါ့ဖင်ကို ရယ်ရတာလား? မင်း လူ့ကျင့်ဝတ်မသိဘူးလား? တောင်ပေါ်က မျှစ်စို့တွေကို မင်း အကုန်လုသွားရင် ပန်ဒါတွေအကုန် ငတ်ကုန်မှာလေ?

"ငါ ရုတ်တရက်ကြီး သီချင်းဆိုချင်လာသလိုပဲ"

ကျန်းမုန့်လောင်က ရုတ်တရက်ကြီး ဆိုလာလေသည်။

"ဆိုလေ။ ငါ သီချင်းမဆိုတာတောင် တော်တော်ကြာပြီ"

"ဘလူးတုချိတ်လိုက်ဦးမယ်"

ကျန်းမုန့်လောင် သီချင်းဖွင့်လိုက်သောအခါ မြူးကြွသောတေးသံက အရင်ထွက်ပေါ်လာပြီးနောက် ခပ်စူးစူးအသံတစ်သံ ထွက်လာသည်။

"ဓားတွေ! မိစ္ဆာတွေရဲ့ခေါင်းကိုဖြတ်ချ! ငါတို့နိုင်ငံရဲ့သွေးသောက်ညီအစ်ကိုတွေ… စစ်ချီတက်မဲ့နေ့ကို ရောက်လို့လာပြီ။ စစ်ချီတက်မဲ့နေ့ကို ရောက်လာခဲ့ပြီ"

…..

"ငါ.."

နိုကီကီမူရာ၏နဖူးထက်တွင် သွေးကြောများ တဒုတ်ဒုတ်ခုန်နေချေသည်။

"ကျန်းမုန့်လောင်.. ဒီနေ့ ငါ မသတ်…"

ကျန်းမုန့်လောင်၏ သတ်ဖြတ်လိုသော အရိပ်အယောင်ပြင်းပြသည့် အကြည့်စူးစူးက နိုကီကီမူရာထံသို့ ဆိုက်ရောက်သွားသည်။ သူသည် ဒဏ္ဍာရီလာအဆင့်ကို ရောက်လုနီးနီးဖြစ်ပြီး နိုကီကီမူရာကတော့ ချူနင်အဆင့်သာ ရှိ၏။

ဤလူမှာ နင်ဂျာဧကရာဇ်ပင် ကြောက်ရွံ့ရသူဖြစ်ကြောင်း နိုကီကီမူရာ ရုတ်တရက်သတိရလိုက်သည်။

သူ စိတ်မထိန်းလိုက်နိုင်ပါက တဒင်္ဂသာ စိတ်ကျေနပ်ရမည်ဖြစ်၏။ နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကိုတော့ သည်းခံနိုင်မည်မဟုတ်ပေ။

"ကျန်းမုန့်လောင်.. ခင်ဗျားကိုသာ တူနာကောင်းကောင်းလေး သတ်မကျွေးရင် ကျွန်တော် ကျေနပ်နိုင်မှာမဟုတ်ဘူး"

နိုကီကီမူရာ၏ကျောတွင် ချွေးများ ရွှဲရွှဲစိုသွားလေသည်။ သူ့စကားကို သူပြန်ဖာထေးလိုက်နိုင်ခြင်းမှာ ကံကောင်းလှပေသည်။

"ကောင်းသားပဲ။ ဒါဆို မစ္စတာကီမူရာရဲ့ဟင်းချက်စကေးကို မျှော်လင့်နေမယ်နော်"

ကျန်းမုန့်လောင်ကလည်း ခွန်းတုံ့ပြန်လိုက်သည်။

"ဒါပေမဲ့ ကျွန်တော်နဲ့အတူ အယောက်နှစ်ရာတောင်ပါတာဆိုတော့ မစ္စတာကီမူရာတော့ အကုန်အကျများတော့မှာပဲ"

"ရပါတယ်။ ရပါတယ်"

နိုကီကီမူရာလည်း အလျင်အမြန်ခေါင်းညိတ်ပြပြီး ဦးညွှတ်လိုက်ရသည်။

"မစ္စတာကျန်း‌ ရောက်လာတာဆိုတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာ အကောင်းဆုံးဟိုတယ်ကို ပြင်ဆင်ပေးထားပါတယ်။ ဒီဇိမ်ခံဟိုတယ်ခန်းက တစ်ညကို ဟွာရှားယွမ်၁၂၀၀၀၀ပေးရတယ်ဗျ"

"ခင်ဗျား ဘာပြောလိုက်တာလဲ။ ကျုပ်တို့က ဟိုတယ်မှာ နေရမှာလား"

ကျန်းမုန့်လောင်၏အမူအရာကား ပျက်ယွင်းသွားလေသည်။

"..တစ်ခုခု ပြဿာနာရှိလို့လား"

"ကျုပ်တို့က ဟွာရှားက ထွက်လာပြီးတဲ့နောက် ဒေသခံပတ်ဝန်းကျင်ကို နေသားမကျသေးဘူးဆိုတာ ခင်ဗျားမသိဘူးလား။ ကျုပ်တို့က ဟိုတယ်တွေမှာ တည်းနေကျမဟုတ်ဘူး"

"ဒါဆို ဘာများ.."

"ကျုပ်တောင်းဆိုချင်တာကတော့ သိပ်မမြင့်ပါဘူး။ လူသုံးယောက်ကနေ ငါးယောက်လောက်နေနိုင်တဲ့ လုံးချင်းဗီလာတစ်ခု စီစဉ်ပေးပါ။ တအားကြီးဖို့မလိုဘူး။ ရေကူးကန်ရယ် Gymရယ် KTVနဲ့ ကိုယ်ပိုင်ရုပ်ရှင်ရုံတစ်ခုသာပါရင် ကျေနပ်ပါပြီ"

**************

All Chapters