တော်တော်ရှက်ဖို့ကောင်းတယ်
Vol. 29 Ch. 424
"မင်းက လုံးချင်းဗီလာတစ်လုံး လိုချင်နေတာလား။ ပြီးတော့ မင်းရဲ့တောင်းဆိုချက်တွေက မမြင့်ဘူးလို့တောင် ပြောသေးတယ်ပေါ့"
ကိုင်ဘွန်နိုင်ငံမှာ ကြီးမားသော်ငြား လူဦးရေကလည်း မယုံနိုင်လောက်အောင် ထူထပ်လွန်းသောကြောင့် မြေကွက်တစ်လက်မက ရွှေစျေးနီးနီးဖြစ်နေပြီး အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းရှင်များက အာကာသအထိပင် တိုးချဲ့ဆောက်လုပ်ချင်နေကြသည်။
တကယ်တော့ ကိုင်ဘွန်နိုင်ငံတွင် လုံးချင်းဗီလာရပ်ကွက်များ ရှိသည်။ သို့သော် ထိုဗီလာများကို သာမန်လူများ မတတ်နိုင်ကြပေ။ ဤမြို့တော်ထဲ၌ ဈေးအသက်သာဆုံး လုံးချင်းဗီလာတစ်လုံးကပင် ဟွာရှားငွေဆယ်သန်းအောက် မနိမ့်ချေ။
တစ်လုံးကို လူသုံးငါးယောက်စာ ဝင်ဆန့်ဖို့အတွက် ဗီလာအလုံးလေးဆယ်လောက် လိုအပ်မည်မဟုတ်လား။ ဗီလာက နည်းနေပြီး လူအရေအတွက်က များလွန်းလှသည်။
အရေးအကြီးဆုံးအချက်မှာ ဤလုံးချင်းဗီလာများကို တစ်စုံတစ်ယောက်က ဆောက်ထားလျှင်ပင် ရောင်းချရန်အတွက်သာ ဆောက်ထားခြင်းဖြစ်၏။ သူတို့နေဖို့အတွက် အလွတ်ထားပေးမည်မဟုတ်ချေ။ လူမနေသည့် တွဲလျက်ဗီလာတန်းများကို ယခုချက်ချင်း ဘယ်နေရာမှာ သွားရှာရလေမလဲ။
ကျန်းမုန့်လောင်က သူ့အား တမင်တကာ အခက်တွေ့အောင် လုပ်နေသည်ဟုပင် သံသယဝင်မိသည်။
"မစ္စတာကျန်း ကျွန်တော်တို့စီစဉ်ထားတဲ့ ဟိုတယ်တွေရဲ့ ဝန်ဆောင်မှုအရည်အသွေးနဲ့ စံချိန်စံနှုန်းတွေက ထိပ်တန်းအဆင့်ပါပဲ။ အခန်းတစ်ခန်းချင်းစီက စတုရန်းမီတာ၂၀၀ရှိပါတယ်။ လူငါးယောက်နေဖို့အတွက် တော်တော်အဆင်ပြေပါတယ်ဗျ။ ပြီးတော့ ဟိုတယ်က ၂၄နာရီ ဝန်ဆောင်မှုလည်းပေးတယ်။ ကျွန်တော်တို့..."
"ဘာ? လူငါးယောက်အတွက် စတုရန်းမီတာနှစ်ရာတဲ့လား? ငါတို့ကို ကျပ်ညပ်ပြီး သေစေချင်နေတာလား"
ကျန်းမုန့်လောင်က အရှက်မရှိသည့် သူ့နည်းဗျူဟာကိုသုံး၍ ဆက်ပြောလိုက်သည်။
"ငါ့အိမ်က အိမ်ဖော်မိသားစုသုံးယောက်တောင် အနည်းဆုံး စတုရန်းမီတာ၁၀၀လောက်ရှိတဲ့နေရာမှာ နေတာ။ အခန်းအပြင်အဆင်ကလည်း ခမ်းနားပြီးသား။ ဒီဟိုတယ်အစုတ်နဲ့ ငါ့ကိုလှည့်စားလို့ရမယ်များ ထင်နေတာလား"
"ငါက စတုရန်းမီတာရာနဲ့ချီတဲ့ အိပ်ရာကနေ နေ့တိုင်း နိုးလာရတာ။ ကီလိုမီတာပေါင်းများစွာရှည်တဲ့ စင်္ကြံလမ်းကို စကူတာလေးစီးပြီး ဖြတ်သွားရတယ်။ ပြီးရင် ရေကူးကန်ကို ရွက်လှေနဲ့ဖြတ်ပြီးမှ သန့်စင်ခန်းကိုရောက်တာ။ ငါကဖြင့် အဲဒီလောက်ခမ်းနားတဲ့နေရာမျိုးကို တောင်းနေတာမဟုတ်သေးဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အခြေခံလောက်တော့ ဖြည့်ဆည်းပေးရမယ်မလား"
"ဖူး!"
"ဟားဟားဟား!"
ကျန်းမုန့်လောင်၏အနောက်ရှိ လူတစ်သိုက်ခမျာ ပါးစပ်ကို အုပ်ကာထားရင်း ရယ်မောနေကြသည်။ အကျော်အမော်အဆိုအမိန့်များပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်ပေ။ မည်သူကများ ကီလိုမီတာပေါင်းများစွာ ရှည်လျားသည့် စင်္ကြံလမ်းကို စကူတာနှင့်ဖြတ်ပြီး ရေကူးကန်ကို ရွက်လှေဖြင့်ကူးပြီးမှ သန့်စင်ခန်းကို အရောက်သွားနိုင်မည်နည်း။ အပေါ့သွားဖို့ အလျင်လိုနေပါက လမ်းခုလတ်မှာပင် အသက်ထွက်သွားနိုင်သည်။
လူငါးယောက်စာအတွက် စတုရန်းမီတာ၂၀၀အကျယ်အဝန်းကို ကျပ်သိပ်ပြီး သေသွားနိုင်သည်ဆိုခြင်းမှာ ဘာကိုဆိုလိုသလဲ။
ကျန်းမုန့်လောင်၏ အတန်းဖော်အများစုက အလုပ်သင်ဆင်းနေပြီဖြစ်သော်ငြား ကုမ္ပဏီကြီးများမှာပင် လစာယွမ်လေးငါးထောင်ခန့်သာ ရကြသည်။
မြေတစ်လက်မက ရွှေစျေးလောက်ဖြစ်နေသော ကျန်းနန်မြို့တွင် ၁၅စတုရန်းမီတာခန့်ရှိသော တစ်ယောက်စာအခန်းတစ်ခန်းကိုပင် တစ်လလျှင် ဟွာရှားငွေ၂၀၀၀မှ ၃၀၀၀အထိ ငှားရမ်းခပေးရသည်ဖြစ်ရာ သူတို့၏ဘဏ္ဍာရေးအခြေအနေအရ ဤမျှသာ တတ်နိုင်ကြသည်။
တစ်ယောက်စာအတွက် ၄၀စတုရန်းမီတာကို ကျပ်တယ်ဟုဆိုလျှင် သူတို့၏ သေးငယ်ကျဉ်းမြောင်းလှသော နေရာထိုင်ခင်းများကို ဘယ်လိုခေါ်ရမည်နည်း။
သူတို့အားလုံး ဘာကြောင့်များ စော်ကားခံရသလို ခံစားနေရသလဲ။
"ဒါပေမဲ့ မစ္စတာကျန်း.. ခင်ဗျားပြောတဲ့အတိုင်းဆိုရင် အနည်းဆုံး ဗီလာအလုံးလေးဆယ်လောက် ရှာရမှာ။ ခင်ဗျားတို့သူငယ်ချင်းတွေလည်း လူကွဲချင်ကြမှာမဟုတ်ဘူးဆိုတော့ ကျွန်တော်တို့က ဒီလောက်များတဲ့ဗီလာတွေကို ချက်ချင်းကြီး ဘယ်နားကသွားရှာရမလဲ"
"ငါ့ကို ပညာမတတ်ဘူးလို့ ပြောချင်တာလား"
ကျန်းမုန့်လောင်၏ လေသံထဲတွင် အမျက်ဒေါသများ ကိန်းအောင်းနေ၏။
"ငါ စုံစမ်းထားပြီးပြီ။ မြို့တော်ရဲ့တောင်ပိုင်းမှာ ဘန်မိုကုမြို့သစ်လို့ခေါ်တဲ့ ဗီလာရပ်ကွက်တစ်ခုရှိတယ်။ အဲဒီမှာရှိတဲ့ ဗီလာတွေက ငါ့ရဲ့စံနှုန်းတွေကို မီတယ်ဆိုရုံလေးပဲ မီတာ။ အနည်းဆုံးတော့ အလုံးခုနစ်ဆယ်ရှစ်ဆယ်လောက်ရှိတယ်မလား"
"ဒါ..."
နိုကီကီမူရာခမျာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရ၏။
အမှန်စင်စစ်ပင် ဘန်မိုကုမြို့သစ်ဟုခေါ်သော ထိုနေရာမှာ ဗီလာရပ်ကွက်တစ်ခုဖြစ်၏။ ၎င်းကို မကြာသေးခင်ကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဗီလာတစ်လုံးစီ၏ ဆောက်လုပ်ရေးဧရိယာမှာ ၈၀၀မှ ၁၂၀၀စတုရန်းမီတာအထိရှိကာ အားလုံးကို ခမ်းနားထည်ဝါစွာ ဒီဇိုင်းထုတ်ထားခြင်းဖြစ်၏။ လက်ရှိတွင် ၉၇လုံးပြီးစီးနေပြီဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် နောက်ထပ်အလုံးသုံးဆယ်မှ ငါးဆယ်အထိ ထပ်မံပြီးစီးမည်သာ။
သို့သော် သတိထားရမည့်အချက်မှာ ဤဗီလာရပ်ကွက်သည် နိုင်ငံ့အတွက် ဘဝတစ်လျှောက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သော အဆင့်မြင့်အရာရှိများအတွက် သီးသန့်ထားရှိခြင်းပင်။ ကိုင်ဘွန်နိုင်ငံ၏ အရေးအပါဆုံးခေါင်းဆောင်များပင် ထိုနေရာတွင် နေထိုင်ကြသည်။
ထိုနေရာတွင် နေထိုင်ခွင့်ရှိသူတိုင်းက အလွန်အရေးပါသော အဆင့်အတန်းမျိုးရှိထားသည်။
မြေအောက်နင်ဂျာ၊ နင်ဂျာဧကရာဇ်နှင့် မြေအောက်နင်ဂျာအဖွဲ့အစည်းထဲရှိ အဆင့်မြင့်အရာရှိများ၏ မိသားစုဝင်များလည်း ထိုနေရာတွင် နေထိုင်ကြသည်။
ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့ကို နေရာပေးရန်အတွက် အရေးပါလှသော ဤပုဂ္ဂိုလ်များ၏ မိသားစုများကို နှင်ထုတ်ရမည်တဲ့လား။
သူ့ကိုယ်သူ ဧကရာဇ်တစ်ပါးလို့များ ထင်နေတာလား?
"ဘာလဲ။ မလုပ်ချင်ဘူးလား။ ဒါဆိုလည်း ကောင်းပြီလေ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဟုန်းရီ..ငါတို့ စိုက်ပျိုးရေးတောင်တန်းမှာရှိတဲ့ မေပယ်ဆည်းဆာအိမ်တော်ကို သွားကြမယ်"
"မေပယ်ဆည်းဆာစံအိမ်လား"
နိုကီကီမူရာခမျာ မျက်လုံးအပြူးသားဖြစ်သွားလေသည်။
"အဲဒါက မစ္စတာကျန်းရဲ့စံအိမ်လား"
"ဟုတ်တယ်။ ဘာဖြစ်လို့လဲ"
ဤစံအိမ်၏တည်ရှိမှုကို ကိုင်ဘွန်နိုင်ငံသားတိုင်း သိထားကြသည်။
၎င်းကို စိုက်ပျိုးရေးတောင်ခြေတွင် ဆောက်လုပ်ထားပြီး ကြီးမားလွန်းလှသောကြောင့် မြို့ငယ်လေးတစ်ခုနှင့်ပင် တူလှချေသည်။ ထို့ပြင် နေ့စဉ်ထိန်းသိမ်းပြုပြင်ရေး လုပ်ဆောင်နေသော လူများမှလွဲ၍ ထိုနေရာတွင် ဘယ်သူမှ မနေထိုင်ပေ။ နိုင်ငံ၏ အဆင့်မြင့်အရာရှိများပင် ထိုစံအိမ်၏ပိုင်ရှင်က ဘယ်သူဘယ်ဝါမှန်း မသိကြပေ။
လွန်ခဲ့သော ဆယ်စုနှစ်များစွာ၌ ကိုင်ဘွန်နိုင်ငံတွင် စီးပွားရေးအကျပ်အတည်းကြီးတစ်ခု ကျရောက်ခဲ့စဉ်က မြေကွက်အတော်များများကို ရောင်းချခဲ့ရသည်။ ထိုနေရာကလည်း ရောင်းချခံခဲ့ရသော မြေကွက်များထဲမှ တစ်ခုဖြစ်သည်။
ထိုမြေနေရာကို ဟွာရှားလုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခဲ့ကြောင်းကိုသာ သိရှိရပြီး ကိုယ်စားလှယ်တစ်ဦးကသာ မြေစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သောကြောင့် ထိုလူမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း မသိခဲ့ရပေ။
နောက်ဆုံးမှာတော့ ထိုပဟေဠိကို ယခုမှသာ ဖြေရှင်းလိုက်နိုင်သည်။ ထိုမြေကွက်ကို ကျန်းမုန့်လောင်ပိုင်ဆိုင်ခြင်း ဖြစ်၏။
ထိုနေရာ၏ အရွယ်အစားမှာ လူအယောက်နှစ်ရာဆန့်ရုံမျှသာမက လူအယောက်နှစ်ထောင်ဆိုလျှင်ပင် ကျပ်ညပ်မှုမရှိဘဲ နေနိုင်သည်။
သူတို့၏အကူအညီမပါလည်း ကျန်းမုန့်လောင်ကတော့ နေစရာရှိသော်ငြား သူ့စိတ်အခြေအနေကိုတော့ သက်ရောက်သွားစေမည်မှာ သေချာပေါက်ပင်။ အကယ်၍ သူကသာ ထိုအခြေအနေကို အခွင့်ကောင်းယူလိုက်လျှင်...
"မဖြစ်ဘူး။ ငါတို့ရဲ့အစီအစဉ်ကို သူ မကျေမနပ်ဖြစ်အောင် မလုပ်သင့်ဘူး"
နိုကီကီမူရာက ချက်ချင်းပင် ထပ်ပြောလိုက်သည်။
"မစ္စတာကျန်း..ခင်ဗျား ဒီမှာလည်ပတ်နေစဉ်အတောအတွင်း ကျွန်တော်တို့ဘက်က အစစအရာရာ စီစဉ်ပေးမယ်လို့ ပြောထားပြီးသားပဲ။ ဘယ်လိုလုပ်ပြီး ခင်ဗျားကို ကိုယ်တိုင်စီစဉ်ခိုင်းနိုင်မှာလဲ။ ခဏစောင့်ပေးပါ။ ကျွန်တော် ဖုန်းထပ်ဆက်လိုက်ဦးမယ်"
"ကောင်းပြီလေ။ ဒါဆိုလည်း မြန်မြန်သွား"
ကျန်းမုန့်လောင်က ယင်ကောင်တစ်ကောင်ကို မောင်းထုတ်သကဲ့သို့ လက်ယမ်းလိုက်လေသည်။
"ကျန်းမုန့်လောင်..ကိုင်ဘွန်လူမျိုးတွေက မင်းကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ"
"ဟုတ်တယ်။ သူတို့က ဘာလို့ မင်းပြောသမျှကို အကုန်လုပ်ပေးနေရတာလဲ။ ငါစစ်ကြည့်လိုက်တော့ မင်းပြောတဲ့ဗီလာရပ်ကွက်က ကိုင်ဘွန်နိုင်ငံက အဆင့်မြင့်အရာရှိတွေရဲ့ မိသားစုတွေ နေတဲ့နေရာတဲ့။ ငါတို့သာ အဲဒီမှာတက်နေရင် သူတို့တွေက ဘယ်မှာသွားနေကြမှာလဲ။ မင်းကို နေရာပေးဖို့အတွက်နဲ့ သူတို့က အဲဒီလူတွေကို တကယ်နှင်ထုတ်မှာလား"
"မင်းရဲ့အမူအရာက..အမလေး ဒါက ငွေကြေးပြဿနာကြောင့်တင် မဟုတ်ဘူးမလား"
ကျန်းမုန့်လောင်၏ အခန်းဖော်များမှလွဲ၍ အခြားသူငယ်ချင်းများက ဤအသေးစိတ်အချက်အလက်များကို မသိသေးပေ။
သူတို့ကို ခေါ်ဆောင်လာခဲ့သည့် ဇိမ်ခံပြိုင်ကားယာဉ်တန်းကြီးကပင် ထိုလူများအတွက် အရှက်ကွဲချင်စရာဖြစ်နေလေပြီ။ ယခု ကျန်းမုန့်လောင်အတွက် သူတို့၏အကျိုးစီးပွားကို စတေးနိုင်မည်လား။ ဤသည်မှာ နိုင်ငံတော်အတွက် အရှက်ကွဲခြင်းတစ်ခုသာ။
"ဘာ? သူက ဘန်မိုကုမြို့သစ်မှာနေချင်တယ်... ဟုတ်လား။ ဒါက နိုင်ငံရဲ့အဆင့်မြင့်အရာရှိတွေနဲ့ မြေအောက်နင်ဂျာအဆင့်မြင့်အရာရှိတွေရဲ့ မိသားစုတွေနေတဲ့ နေရာလေ။ ကျန်းမုန့်လောင် ရူးသွားပြီလား"
ဤသတင်းကို ကြားလိုက်ရသောအခါ နင်ဂျာဧကရာဇ်နှင့် ထောက်လှမ်းရေးချန်ပီယံတို့ခမျာ ထိုလူယုတ်မာကို ကိုယ်တိုင်သွားသတ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။
သို့သော် ဘာတတ်နိုင်မည်နည်း။ ဤသည်မှာ ဖခင်တစ်ယောက်အလား ပုံရိပ်မျိုးပင်။ ဖခင်ကလည်း သာမန်ဖခင်မဟုတ်ချေ။ အရေးပါသော ဖခင်တစ်ဦးဖြစ်၏။ သူတို့အနေနှင့် သူ့ကို မဖြစ်မနေလိုက်လျောရမည်မဟုတ်လား။
"ဟွိုက်ကျဲ ပြန်ပေါ်လာတဲ့အခါကျရင် ဒီနေ့ ငါတို့ခံစားရတဲ့ အရှက်ကွဲမှုအတွက် သူ အဆတစ်ထောင်ပြန်ပေးဆပ်ရမယ်"
နင်ဂျာဧကရာဇ်နှင့် ထောက်လှမ်းရေးချန်ပီယံတို့က သူတို့၏ဒေါသကို မျိုသိပ်လျက် ပြောလိုက်လေသည်။
"သူ့ကို လုပ်ပေးလိုက်။ အိမ်တွေကို သူလိုချင်သလောက်သာ ပေးလိုက်"
နင်ဂျာဧကရာဇ်က အံတင်းတင်းကြိတ်လျက် ပြောလိုက်လေသည်။
"ခင်ဗျားတို့ရဲ့ မိသားစုတွေကရော..."
"ငါကိုယ်တိုင်စီစဉ်မယ်။ ဟိုတယ်တွေမှာ အခန်းတွေ ဘိုကင်လုပ်ထားတယ်မလား။ သူတို့ကို ရက်ပိုင်းလောက်တော့ ဟိုတယ်မှာပဲ နေရာချထားပေးလိုက်။ အခုချက်ချင်း အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းပြီး အဲဒီအိမ်တွေကို သန့်ရှင်းရေးလုပ်ခိုင်း။ ဟိုတယ်က ဝန်ထမ်းတချို့ကိုပါ ခေါ်ပြီး သူ့ဘက်က စောဒကတက်စရာ ဘာပြဿနာမှမရှိအောင် သေချာလုပ်ခိုင်းထားလိုက်"
"ဟုတ်ကဲ့"
.....
"ဘယ်လိုအခြေအနေရှိလဲ"
ကျန်းမုန့်လောင်က နိုကီကီမူရာအား တက်တက်ကြွကြွမေးမြန်းလိုက်၏။
"မစ္စတာကျန်း..ကျွန်တော် အကုန်စီစဉ်ပြီးပါပြီ"
"ဟားဟား..ခုနတုန်းက ကိစ္စအတွက် ကျုပ် တကယ်တောင်းပန်ပါတယ်။ အဲဒီနေရာက ခင်ဗျားတို့နိုင်ငံက အဆင့်မြင့်အရာရှိတွေရဲ့မိသားစုတွေ နေတဲ့နေရာဆိုတာကို ကျုပ်သူငယ်ချင်းတွေပြောမှပဲ သိတယ်။ ကြည့်ရတာ ကျုပ်တို့အတွက် နေရာလွတ်မရှိတော့ဘူးထင်တယ်"
"စိတ်မပူပါနဲ့ မစ္စတာကျန်း..ကျွန်တော်တို့ ဒီမိသားစုတွေကို တခြားနေရာကို ယာယီပြောင်းရွှေ့ပေးမှာပါ။ ခင်ဗျား စိတ်ကျေနပ်ဖို့က ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပါပဲ"
"ဟားဟားဟား.. ရှက်ဖို့ကောင်းလိုက်တာ"
ကျန်းမုန့်လောင်က ခေါင်းတကုတ်ကုတ်လုပ်ရင်း ပြောလိုက်သည်။
"ခင်ဗျားတို့နိုင်ငံကို လာလည်တဲ့အတွက် ခင်ဗျားတို့ဘက်က သွားစရာယာဉ်နဲ့ တည်းစရာနေရာကို စီစဉ်ပေးရုံတင်မကဘူး။ ကျုပ်တို့တည်းဖို့အတွက်နဲ့ ခင်ဗျားတို့လူတွေကိုပါ ဟိုတယ်မှာ ပြောင်းနေခိုင််းရရှာတယ်။ အာ..."
နိုကီကီမူရာကတော့ ကျန်းမုန့်လောင် မသိချင်ယောင်ဆောင်နေတာကို ကြည့်ရင်း ထိုဗီလာများ၏ အချက်အလက်များကို တစ်ဖက်လူ မသိထားဘူးဟုဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း ယုံကြည်ထားသည်။
အခုထိ ဟန်ဆောင်နေတုန်းလား။ သူက သောက်ကျိုးနည်း ဘာအတွက် လာဟန်ဆောင်နေတာလဲ။
"ဟူး..."
နိုကီကီမူရာ သက်ပြင်းချလိုက်မိသည်။
ကျန်းမုန့်လောင် ဤနေရာကိုရောက်တာ နှစ်နာရီသာရှိသေးသော်လည်း ပြဿနာအများကြီး ရှာပြီးနေလေပြီ။ ဤကာလအတွင်း သူတို့ အပီအပြင်ဒုက္ခရောက်ကြရပေဦးမည်။
************