ငါ့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းပြင်ပေး
Vol. 29 Ch. 431
"ကောင်းပြီ။ အခုလောလောဆယ်တော့ ဒီလောက်ပဲ။ ကျုပ်တို့အတွက် ဒီလူတွေကို ခေါ်ပေး"
ကျန်းမုန့်လောင်က ကိုင်ဘွန်နိုင်ငံ၏နာမည်ကြီးသရုပ်ဆောင်နှင့်အဆိုတော် အမျိုးသားအမျိုးသမီးများ၏ နာမည်များဖြင့် ပြည့်နှက်နေသော စာရင်းတစ်ခုကို နိုကီကီမူရာကို ပေးလိုက်၏။ ထို့ပြင် အထူးတောင်းဆိုထားသော ဆရာများလည်းပါသည်။
ဥပမာ နာမည်ကြီးဆရာများနှင့် မစ္စကာတို၊ မစ္စတာရှီမီဇူစသဖြင့်ပင်။ ထိုလူများမှာ လေးစားဖွယ်ကောင်းသောလူများဖြစ်သဖြင့် တွေ့ချင်ကြခြင်းပင်။
"ဒါက…"
ထိုစာရင်းကိုကိုင်ထားရင်း နိုကီကီမူရာ၏လက်များမှာ ထိန်းချုပ်၍မရနိုင်လောက်အောင် တုန်ယင်လာသည်။
ကျန်းမုန့်လောင်က သူတို့နိုင်ငံကို ဘာများထင်နေတာလဲ။ သူတို့ ကောင်းကောင်းနေ ကောင်းကောင်းစားရရုံနဲ့ မလုံလောက်သေးဘူးလား။ အခု သူတို့က မိန်းမတွေရော ယောကျ်ားတွေပါ လိုချင်နေပြီလား?
တစ်ယောက်နှစ်ယောက်လောက် လိုချင်သည်ဆိုလျှင်လည်း သူတို့လည်း နားလည်ပေးလို့ရသေးသည်။ သို့သော် သူက အယောက်တစ်ရာလောက် လိုချင်နေတာတဲ့လား။ ဒါက လက်ကားအရောင်းဆိုင်မှမဟုတ်တာ…
ဤသည်မှာ ဟွာရှားရှေးခေတ်ဆောင်ကြာမြိုင်မဟုတ်သလို အပျော်လင်ကလပ်လည်း မဟုတ်ပေ။ သူတို့က တရားဝင်နိုင်ငံတစ်နိုင်ငံပင်။ သူတို့မှာ အခြေခံလေးစားမှုလေးတောင် မရှိဘူးလား။
"စိတ်မပူပါနဲ့။ ကျုပ်တို့ မသင့်တော်တဲ့ ဘယ်ကိစ္စကိုမှ လုပ်မှာမဟုတ်ဘူး။ ကျုပ်တို့က ဂုဏ်သိက္ခာရှိတဲ့လူတွေပါ။ သူတို့ကို အဖော်ပြုပေးရုံသက်သက်ခေါ်လိုက်တာ"
"အဖော်ပြုပေးရုံတဲ့လား"
နိုကီကီမူရာက "အဖော်ပြု"ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သည်။ စားရေးသောက်ရေးနှင့် အခြားကိစ္စများတွင် အဖော်ပြုခိုင်းခြင်းပင်။ ယောကျ်ားလေးများအနေနှင့် ထိုသို့သောဝန်ဆောင်မှုမျိုး လိုအပ်တာကို သူ နားလည်ပါသည်။ သို့သော် ကျန်းမုန့်လောင်၏မိန်းကလေးသူငယ်ချင်းများက သူတို့ကို ဘာကြောင့်လိုအပ်ရသလဲ။
သူတို့တွေက တကယ်ပဲ ဂုဏ်သိက္ခာရှိတဲ့လူတွေရောဟုတ်ရဲ့လား? ဂုဏ်သိက္ခာဆိုတာကို သူတို့ တစ်ခုခုနားလည်မှုလွဲနေတာများလား?
ကိုင်ဘွန်နိုင်ငံမှာ ပွင့်လင်းမြင်သာရှိသော နိုင်ငံတစ်နိုင်ငံပင်။ ဟွာရှားနိုင်ငံက ထိုအပိုင်းမှာ ဘယ်တုန်းကများ သူတို့ကိုကျော်တက်သွားတာလဲ?
"ဟုတ်တယ်။ ကျုပ်တို့ကို အဖော်ပြုပေးဖို့လေ။ သီချင်းဆိုတာတို့ မာကျောက်ကစားတာတို့ ဘုတ်ဂိမ်းကစားတာတို့ပေါ့။ အဲဒါ ဘာဖြစ်နေလို့လဲ"
"မင်းတို့တွေက တော်တော်သူတော်ကောင်းဆန်နေတယ်ပေါ့လေ"
နိုကီကီမူရာလည်း စိတ်ထဲမှ ခပ်တိတ်တိတ်ဆဲရေးလိုက်မိသည်။ အချောအလှလေးများစွာကိုခေါ်ပြီး သီချင်းဆိုရုံ၊ မာကျောက်ကစားရုံ၊ ဂိမ်းကစားရုံတဲ့လား။ မျက်စိရှက်နားရှက်စရာကိစ္စတစ်ခုခုလုပ်ခြင်းကသာ ပိုမကောင်းလေဘူးလား။
"မစ္စတာကျန်း.. ဒါပေမဲ့ ဒီလူတွေက မြို့တော်မှာ အကုန်မရှိကြဘူး။ သိပ်တော့အဆင်ပြေမှာမဟုတ်ဘူး"
နိုကီကီမူရာလည်း ခဲရာခဲဆစ် ရှင်းပြလိုက်ရသည်။
"ပြီးတော့ အနုပညာရှင်တော်တော်များများက စာချုပ်ချုပ်ထားကြတာလေ။ တော်တော်များများက အစီအစဉ်တွေရိုက်ကူးရင်း အလုပ်များနေကြတာ။ ဒီကိုလာဖို့အတွက် သူတို့အလုပ်တွေကို ပစ်ထားခဲ့ဖို့ပြောတာက နည်းနည်းတော့.."
"ဒီတော့ ကျုပ်က ဒီလောက်တောင်မတန်ဘူးလို့ ပြောချင်တာလား"
ကျန်းမုန့်လောင်က အေးတိအေးစက်ဆိုလိုက်လေသည်။
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး မစ္စတာကျန်း..ကျွန်တော်က အဲဒီသဘောနဲ့ပြောတာမဟုတ်ပါဘူး"
နိုကီကီမူရာ ယခုတင် ယူကီဖူရူကာဝါဆီက သတင်းရထားသည်။ မြေအောက်နင်ဂျာရုံးချုပ်တစ်ခုလုံး ကစဉ့်ကလျားဖြစ်နေပေသည်။ နင်ဂျာဧကရာဇ်မှာ လူချမ်းသာအမျိုးသမီးတစ်ယောက်၏ ပျော်ရွှင်မှုဒဏ်ကြောင့် အပြင်းအထန်ဒဏ်ရာရထားသည်။ မြေအောက်နင်ဂျာများအားလုံးလည်း ဖရိုဖရဲဖြစ်နေကြသည်။
ယခုအချိန်မှာ မည်သူကများ ကျန်းမုန့်လောင်ကို အထင်သေးရဲမည်နည်း။ မည်သူ့မှာရော လုပ်ပိုင်ခွင့်ရှိသလဲ။
"စာချုပ်လေးပဲဟာကို.. ဖျက်သိမ်းလိုက်လို့ရတယ်လေ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"လျော်ကြေးငွေကို ကျုပ် စိုက်ပေးရမလား"
"မဟုတ်တာ..မဟုတ်တာ..အဲဒါက အသေးအဖွဲကိစ္စလေးပါ။ ကျွန်တော်တို့ ဖြေရှင်းလိုက်ပါ့မယ်"
နိုကီကီမူရာ၏နှလုံးသားမှာ အစိတ်စိတ်အမြွှာမြွှာကြေမွသွားရသည်။ ယနေ့ သူတို့ခံစားခဲ့ရသော စီးပွားရေးနစ်နာမှုကား ကြီးမားလှသည်။ ဤလျော်ကြေးငွေပါထည့်ပေါင်းလိုက်လျှင် အလွန်များသွားလေပြီ။ ဤကုန်ကျစရိတ်များကို အစိုးရအဖွဲ့မှ ပေးချေရမည်ဖြစ်၏။
"ဒါဆို သူတို့ကိုသွားခေါ်ဖို့ ကိုယ်ပိုင်လေယာဉ်တွေ စီစဉ်ပေးရဦးမလား"
ကျန်းမုန့်လောင် ဆက်မေးလိုက်သည်။ု
"မစ္စတာကျန်း ကျေနပ်သရွေ့တော့ ဒါတွေက အသေးအဖွဲကိစ္စလေးတွေပါ"
နိုကီကီမူရာကလည်း အလျင်စလိုပြောလိုက်ရသည်။
"ဒါဆို ကျုပ် ခင်ဗျားကိုပဲ ဒုက္ခပေးရမှာပဲ မစ္စတာကီမူရာ"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"ကဲ သူငယ်ချင်းတို့.. ငါတို့ဗီလာတန်းရဲ့ ဧည့်စံအိမ်ကိုသွားကြမယ်။ ဒီည အားလုံး အပြတ်ကဲကြမယ်"
…..
ကျန်းမုန့်လောင်၏ တောင်းဆိုချက်ကို လျစ်လျူရှုထားလို့မဖြစ်ပေ။ အစိုးရအဖွဲ့ထံမှ သတိပေးချက်ကြောင့် ထိုအေဂျင်စီများလည်း လျော်ကြေးငွေအကြောင်း စကားမဟရဲကြပေ။ ဘယ်သူကများ အစိုးရအဖွဲ့ဆီကနေ ပိုက်ဆံတောင်းရဲမှာလဲ။ မဟုတ်ရင် သူတို့ အလုပ်ထွက်ရမှာပေါ့…
ထိုအမျိုးသားအနုပညာရှင်များမှာ တစ်နေ့တွင် ဟွာရှားမိန်းမပျိုတစ်စုထံမှ ဆင့်ခေါ်ခံရလိမ့််မည်ဟု လုံးဝထင်မထားပေ။ ဤသည်မှာ အဓိပ္ပါယ်မရှိပေ။
တစ်နာရီကြာသော် ပထမတစ်သုတ်ကိုခေါ်လာသော ကားက ဗီလာထဲသို့ မောင်းဝင်လာသည်။
"ဝိုးဟိုး! ယူကီဖူရူကာဝါ.. ငါ့ယောကျ်ား!"
"ဓားထုတ်လိုက်စမ်း ညီအစ်မတို့.. ဒါက ငါ့ယောကျ်ားဟဲ့"
"အရမ်းချောတာပဲ။ စိတ်ပြောင်းသွားပြီ။ သူနဲ့အတူသီချင်းဆိုချင်ရုံတင် မဟုတ်တော့ဘူး"
"ညီအစ်မရေ.. အုပ်စုလိုက်လှုပ်ရှားမှုလေးလုပ်ချင်လား"
"ငါ့ကိုပါထည့်လိုက်"
"ငါလည်း ပါမယ်"
"ဘာ?"
ယူကီဖူရူကာဝါဟုခေါ်သော အနုပညာရှင်ခမျာ ထိတ်လန့်သွားရှာလေသည်။
သူ ပိုးချည်မျှင်လှိုဏ်ဂူထဲကို ရောက်လာတာလား? ဟွာရှားမိန်းကလေးတွေက ဘာလို့ သူ့ကို အရှင်လတ်လတ်စားပစ်ချင်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတာလဲ?
"အာ..မစ္စတာကာတို ကျွန်တော်က ခင်ဗျားပရိတ်သတ်ပါ။ ခင်ဗျားရဲ့ထူးခြားစွမ်းရည်လေးကို သင်ပေးပါ့လား။ စိတ်မပူပါနဲ့.. နှာခေါင်းနှိုက်ဖို့ပဲ သုံးမှာပါ"
"လူချောလေး..လူချောလေး ဘာလို့မပြုံးတာလဲ။ ကာမန်ရိုင်ဒါလို ပြောင်းပြပါဦး"
"ရှင်နဲ့ အနီးကပ်ဓာတ်ပုံရိုက်လို့ရလား"
"ဝိုး ဝိုး ဝိုး..ရှင့်ရဲ့ရင်ဘတ်ကြွက်သားတွေကို ထိကြည့်လို့ရလား"
"ရှင့်လည်စေ့ကို ထိကြည့်လို့ရလား"
"ကျွန်မ ထိကြည့်..."
"အမ်..မိန်းကလေး စိတ်အေးအေးထားပါ"
"မင်းတို့တွေအားလုံး တစ်ခုခုကြံနေကြတယ်လို့ ငါသံသယဝင်မိပေမဲ့ သက်သေက မရှိဘူး"
"ဟင် ဘာတွေဆူညံနေတာလဲ။ တစ်ယောက်ယောက်က ဒီထဲကို ကားမောင်းဝင်လာတာပဲ။ ဘီးက ငါ့မျက်နှာကိုတောင် တက်ကြိတ်သွားပြီ"
ကျန်းမုန့်လောင် :"မင်းတို့တွေက ဘယ်လိုမကောင်းဆိုးဝါးတွေလဲ"
...
တစ်ညလုံးအပြတ်ကဲပြီးနောက် သူတို့အားလုံး စံအိမ်တော်အနှံ့ခြေပစ်လက်ပစ်အိပ်နေကြသည်။ ဤကဲ့သို့ ပူပင်ကြောင့်ကြကင်းသော နေ့ရက်များမှာ သူတို့အတွက်တော့ အိပ်မက်တစ်ခုအလားပင်။
"သောက်ကျိုးနည်း! မင်းကဘယ်သူလဲ! လက်ကို ဘယ်နားလာတင်နေတာလဲ"
"အမလေး.. မင်းရဲ့ခေါင်းကို ငါ့ဖင်နား မကပ်နဲ့လေ"
တဖြည်းဖြည်းဖြင့် လူတိုင်းနိုးလာကြပြီးနောက် မြင်ကွင်းမှာ ဖရိုဖရဲဖြစ်ရပြန်လေပြီ။
ဆူညံသံများအဆုံးမှာတော့ လူတိုင်း ကိုယ့်အခန်းကိုယ်ပြန်၍ ရေချိုးကြသည်။ ယနေ့ ကျန်းမုန့်လောင် ပင်လယ်ဘက်သို့ ငါးဖမ်းသွားရန် စီစဉ်ထားသည်။
ကိုင်ဘွန်နိုင်ငံဆိုသည်မှာ တံငါးလုပ်ငန်းကို အဓိကထားသော နိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ထဲ၌ လှပသောရှုခင်းများကို ကြည့်ရှုခံစားနိုင်သည်။
ကျန်းမုန့်လောင်၏အဖွဲ့သို့ လူအယောက်နှစ်ဆယ်ကျော် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ နိုကီကီမူရာ၏ စီစဉ်မှုအောက်တွင် သူတို့ အနီးဆုံးဆိပ်ကမ်းသို့ ရောက်လာခဲ့ကြသည်။ ထိုနေရာမှာ အရင်းအမြစ်ပေါကြွယ်ဝရုံသာမက လှိုင်းစီးနေသော လင်းပိုင်များကိုပါ ကြည့်ရှုခံစားနိုင်သည်။
"မစ္စတာကျန်း.. ကျွန်တော်တို့ ခင်ဗျားအတွက် ငါးဖမ်းကိရိယာတွေအားလုံး ပြင်ပေးထားပြီးပါပြီ။ ရာသီဥတုကလည်း ကောင်းပါတယ်။ နေလောင်ခံခရင်မ်တွေလည်း ပြင်ထားပါတယ်"
ကျန်းမုန့်လောင်၏ဒေါသကို ကောင်းကောင်းသိထားသူပီပီ နိုကီကီမူရာခမျာ ဤတစ်ခေါက်မှာတော့ အသေးစိတ်ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် ကျန်းမုန့်လောင် ဘာမှအပြစ်မရှာနိုင်ဟု ယုံကြည်မှုအပြည့်ရှိနေလေသည်။
"ဒီငါးမြှားတံက မဆိုးဘူးပဲ"
ကျန်းမုန့်လောင်က ငါးမြှားတံအကြောင်း သိပ်နားမလည်သော်ငြား အကြိမ်အနည်းငယ်မျှ ကွေးကြည့်လိုက်လေရာ ကွေးနိုင်ဆန့်နိုင်စွမ်းကောင်းလှသည်။ သူ တစ်ခါမှငါးမဖမ်းဖူးသော်ငြား ပရော်ဖက်ရှင်နယ်ဆန်ဆန် သရုပ်ဆောင်ခြင်းကလည်း အရေးကြီးသေးသည်။
"ဒါပေါ့"
နိုကီကီမူရာက စိတ်လှုပ်ရှားစွာပြောလိုက်လေသည်။
"ဒါက ကိုင်ဘွန်နိုင်ငံက အကောင်းဆုံးကုမ္ပဏီကထုတ်ထားတဲ့ Limited Editionလေ။ ဈေးနှုန်းက သာမန်ပြိုင်ကားတွေထက် မလျော့ပါဘူး"
"ပြင်ဆင်ထားတဲ့ ငါးစာတွေအကုန်လုံးကလည်း ထိပ်တန်းအဆင့် အရည်အသွေးတွေပါ။ လူတွေရဲ့အစားအသောက်ထက်တောင် ပိုကောင်းပါတယ်"
"မဆိုးဘူး။ မဆိုးဘူး မစ္စတာကီမူရာက တွေးပေးတတ်သားပဲ"
ကျန်းမုန့်လောင် ခေါင်းတညိတ်ညိတ်လုပ်လိုက်သည်။
သေစမ်း! သူ ဘာအပြစ်မှတောင် ရှာလို့မရလို့ စိတ်တောင်တိုလာတယ်!
"မစ္စတာကျန်း.. လှေရောက်လာပါပြီ"
နိုကီကီမူရာက အလျင်အမြန်ချဉ်းကပ်လာသော ရွက်လှေသုံးစင်းကို လက်ညှိုးထိုးပြလိုက်သည်။ ရွက်လှေတစ်စင်းချင်းစီတိုင်းမှာ အမေရိကန်ဒေါ်လာသန်းနှစ်ဆယ်ကျော် တန်ဖိုးရှိပြီး ကိုင်ဘွန်နိုင်ငံရှိ အချမ်းသာဆုံးပုဂ္ဂိုလ်များထံမှ ငှားထားခြင်းဖြစ်၏။ သုံးဆယ်မီတာကျော်မြင့်မားသော ရွက်လှေများမှာ လေပြင်းဒဏ်ခံနိုင်ရည်ကလည်း ထိပ်တန်းအဆင့်ပင်။
"အဲဒါလေးပဲလား"
ကျန်းမုန့်လောင် ထိုရွက်လှေများကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒါလေးပဲလား?"
နိုကီကီမူရာခမျာ ကျန်းမုန့်လောင်၏စကားကို သံယောင်လိုက်လိုက်သည်။
ဒီရွက်လှေတွေနဲ့တင် မလုံလောက်သေးဘူးလား။
ဤသည်မှာ ကိုင်ဘွန်နိုင်ငံရှိ အချမ်းသာဆုံးပုဂ္ဂိုလ်များ ငါးဖမ်းရာတွင် အသုံးပြုသော ရွက်လှေပင်။ ကျန်းမုန့်လောင်က ဒါတောင် မကျေနပ်သေးဘူးလား?
"မစ္စတာကီမူရာ.. ခင်ဗျားက ကျုပ်တို့ရဲ့ငါးဖမ်းခရီးအတွက် ဒီလိုပစ္စည်းမျိုးကို ပြင်ဆင်ထားတာလား"
"မစ္စတာကျန်း.. ဒါတွေက ကျွန်တော်တို့ရှာလို့ရသမျှထဲက အကောင်းဆုံးရွက်လှေတွေပါ"
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး"
ကျန်းမုန့်လောင်က ပြောလိုက်လေသည်။
"ကျုပ်က အရမ်းချမ်းသာတယ်ဆိုတာ ခင်ဗျားသိတယ်နော်။ လူတော်တော်များများက ကျုပ်ကိုပြန်ပေးဆွဲပြီး ပြန်ပေးငွေတောင်းချင်နေကြတာ။ ကျုပ်တို့ ပင်လယ်ဓားပြတွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ"
"မစ္စတာကျန်း.. စိတ်ချပါ။ ဒီနေရာက ကိုင်ဘွန်နိုင်ငံရဲ့ ရေပိုင်နက်ပါ။ ပင်လယ်ဓားပြတွေနဲ့ တွေ့စရာအကြောင်းမရှိပါဘူး"
"ကျုပ်က လိုရမည်ရပြောနေတာလေ"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ကျုပ်နဲ့ ကျုပ်သူငယ်ချင်းတွေ ဒုက္ခရောက်ရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျား တာဝန်ယူပေးမှာလား။ ငါးအကြီးကြီးတွေနဲ့ တွေ့ရင်ရော.. ဥပမာ ငါးမန်းတို့ ဝေလငါးတို့လေ။ ခင်ဗျားရဲ့ရွက်လှေက ခံနိုင်ရည်ရှိမှာမဟုတ်ဘူးနော်"
ကျန်းမုန့်လောင်က အတင်းအကျပ်တောင်းဆိုချင်နေကြောင်း နိုကီကီမူရာ သိသည်။
သေလိုက်ပါတော့လား! မင်းခေါ်လာတဲ့ ဘော်ဒီဂတ်က နင်ဂျာဧကရာဇ်ကိုတောင် အနိုင်ပိုင်းသေးတာ.. မင်းက မြေအောက်နင်ဂျာဌာနချုပ်ထဲမှာတောင် ပန်းခြံထဲ လျှောက်လည်သလို သွားလာနေနိုင်သေးတာပဲ။ အခုကျမှ အန္တရာယ်ကို ကြောက်သွားပြီတဲ့လား?
"ဒါဆို မစ္စတာကျန်းဆိုလိုချင်တာက.."
"လုံခြုံမှုရှိအောင် ကျုပ်အတွက် လေယာဉ်တင်သင်္ဘောတစ်စင်း စီစဉ်ပေးပါ"
***************