← Chapters

ဂရုမစိုက်ဘူး မင်းတို့ဘာသာကြည့်ရှင်းကြ

Vol. 29 Ch. 432

ဂရုမစိုက်ဘူး မင်းတို့ဘာသာကြည့်ရှင်းကြ

Vol. 29 Ch. 432

"မင်းက ငါးဖမ်းဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်း လိုချင်တာလား။ လုပ်လက်စနဲ့ မိုးပေါ်တက်ပြီး နေနဲ့ပခုံးချင်းယှဉ်လိုက်ပါတော့လား"

ကျန်းမုန့်လောင်၏ တောင်းဆိုမှုများက လွန်လွန်းအားကြီးနေပြီဟု မနေ့ကပင် နိုကီကီမူရာ တွေးနေခဲ့မိသည်။ သို့သော် ယနေ့မှာတော့ ပို၍ပင် ယုတ္တိမရှိပေ။

လေယာဉ်တင်သင်္ဘောတစ်စင်းတဲ့!

နိုင်ငံတစ်နိုင်ငံရဲ့ ဗျူဟာမြောက်ပစ္စည်းတစ်ခုကို မင်းက လိုချင်တိုင်း ဆင့်ခေါ်လို့ရမယ်များထင်နေလား?

ဤသည်မှာ ငွေကိစ္စတစ်ခုသက်သက်မဟုတ်ပေ။ ဤသတင်းသာ အပြင်သို့ပျံ့သွားလျှင် ကိုင်ဘွန်နိုင်ငံက ကမ္ဘာ့အလယ် လှောင်ပြောင်ကဲ့ရဲ့ခံရပေလိမ့်မည်။

ထို့ပြင် ကိုင်ဘွန်နိုင်ငံ၏ လေယာဉ်တင်သင်္ဘောမှာ စစ်ရေးအရ အလွန်အရေးပါသည်။ အကယ်၍ အပြင်သို့ထုတ်လာလိုက်ပါက အိမ်နီးချင်းနိုင်ငံများမှ အထင်လွဲသွားပေလိမ့်မည်။ ဤသို့ဆိုလျှင် နိုင်ငံတော်၏တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်သည်။

"မစ္စတာကျန်း ခင်ဗျားရဲ့တောင်းဆိုချက်က နည်းနည်း..."

"ကျုပ် တအားလွန်လွန်းနေတယ်လို့ ခင်ဗျားက ထင်လို့လား"

ကျန်းမုန့်လောင် မျက်ခုံးပင့်လိုက်လေသည်။

"ခင်ဗျား မသိသေးဘူးလား။ ကျုပ်မိသားစုက ကိုယ်ပိုင်လေယာဉ်တင်သင်္ဘောတစ်စင်းပိုင်တယ်။ ကျုပ်က ရေကြောင်းခရီးသွားရင် အဲဒါနဲ့ပဲသွားတာ။ ငါးဖမ်းနေတဲ့အချိန် ကျုပ်ကိုကာကွယ်ပေးနိုင်မဲ့ လေယာဉ်တင်သင်္ဘောတစ်စင်း တောင်းဆိုမိတာ အဲဒီလောက်တောင်လွန်သွားလား"

ကျန်းမုန့်လောင် ဖုန်းထုတ်၍ ဗီဒီယိုတစ်ခုကို ဖွင့်ပြလိုက်သည်။

ထိုဗီဒီယိုထဲတွင် ကျန်းမုန့်လောင်၏ "နေမင်းရှာဖွေသူ"ကိုယ်ပိုင်ရွက်လှေကြီးမှာ ကျွန်းတစ်ကျွန်းအလား ပြုပြင်ထားသော်ငြား ၎င်းမှာ လေယာဉ်တင်သင်္ဘောတစ်စင်းကို ပြုပြင်ပြောင်းလဲထားခြင်းဖြစ်ကြောင်း သိသာလှသည်။

သူ့မှာ ကိုယ်ပိုင်လေယာဉ်တင်သင်္ဘောတစ်စင်း ရှိတာလား?

စဉ်းစားကြည့်မည်ဆိုပါက သူ့တွင် အစကတည်းက ကိုယ်ပိုင်လေယာဉ်တင်သင်္ဘောတစ်စင်း ရှိသည်။ ထို့ကြောင့် သူ့အတွက် လေယာဉ်တင်သင်္ဘောပြင်ပေးခိုင်းခြင်းမှာ ယုတ္တိမတန်တာတော့ မဟုတ်ပေ။

"ကျုပ် ဒါကို အမေရိကကနေဝယ်ခဲ့တာ။ နျူကလီးယားတပ်ဆင်ထားတဲ့ သင်္ဘောလေ။ မိုက်တယ်မလား"

ကျန်းမုန့်လောင်က ကြွားလုံးထုတ်လာချေသည်။

"အထင်ကြီးဖို့ကောင်းလိုက်တာ"

နိုကီကီမူရာလည်း ခေါင်းညိတ်ပြရုံသာ တတ်နိုင်လေသည်။ ဤသည်မှာ အထင်ကြီးဖို့ကောင်းရုံတင် မကပေ။ စင်စစ်ရင်သပ်ရှုမောဖွယ်ရာပင်။

"ခင်ဗျား လုပ်မပေးချင်ရင်လည်း ရပါတယ်။ ကျုပ်ရဲ့လေယာဉ်တင်သင်္ဘောကိုပဲ ခေါ်လိုက်မယ်။ အဲဒါက လေယာဉ်တင်သင်္ဘောဆိုပေမဲ့ ဘာလက်နက်မှမပါပါဘူး။ ဒီတော့ ခင်ဗျားတို့နိုင်ငံအတွက် ဘာသက်ရောက်မှုမှမရှိလောက်ဘူးမလား"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အဲဒီသင်္ဘောက တိုက်ခိုက်နိုင်လား မတိုက်ခိုက်နိုင်ဘူးလားဆိုတာက အရေးမကြီးပါဘူး။ သူရှိနေရင် လုံခြုံနေသလို ခံစားရတယ်"

"မင်း ရူးသွားပြီလား"

ကျန်းမုန့်လောင်၏သူငယ်ချင်းများမှာ အချင်းချင်းတီးတိုးပြောနေကြသည်။

ဘာလက်နက်မှမပါလျှင်ပင် လေယာဉ်တင်သင်္ဘောကတော့ လေယာဉ်တင်သင်္ဘောဖြစ်နေဆဲပင်။ ထိုသင်္ဘောကို သူများပိုင်နက်ထဲ ရွှက်လွှင့်လာမည်ဆိုပါက စစ်ကြေညာလိုက်သည့်အလားပင်။

ဝင်ခွင့်မပေးဘဲ တားမြစ်ရမည်တဲ့လား။ ကျန်းမုန့်လောင်က သေချာပေါက်လက်လျှော့မည်မဟုတ်။ တစ်ဖက်ကကြည့်လျှင်လည်း နိုင်ငံတော်က အရှက်ကွဲရပေလိမ့်မည်။ ဤသည်မှာ သူတို့အတွက်တော့ စုပ်လည်းစူး၊ စားလည်းရူး ဆိုသလိုဖြစ်နေပေသည်။

"ခင်ဗျားတို့မှာ လက်ရှိအသုံးပြုနေတဲ့ လေယာဉ်တင်သင်္ဘောလေးစင်းရှိတယ်မလား။ တစ်စီးလောက်လွှတ်လိုက်တော့ သေသွားမှာမို့လို့လား။ ဓာတ်ဆီခကို ကျုပ်စိုက်မှာပါ"

ကျန်းမုန့်လောင်က ဟိတ်တစ်လုံးဟန်တစ်လုံးဖြင့် ပြောလိုက်သည်။

"ဒါက ဓာတ်စီကုန်ကျစရိတ်ပြဿနာကြောင့် မဟုတ်ဘူးကွ"

နိုကီကီမူရာခမျာ ငိုချမိတော့မတတ်ပင်။ သာမန်အတိုင်း ပြင်ဆင်ပေးရခြင်းမှာ ရိုးရှင်းဟန်တူသော်ငြား ဤကိစ္စကား နောက်ဆက်တွဲကိစ္စများလည်း ရှိ၏။ မဆင်မခြင်ပြုမူ၍ မဖြစ်ပေ။

"ခင်ဗျား ဘာလို့ဖုန်းမခေါ်တာလဲ"

ကျန်းမုန့်လောင်က ထိုသို့ပြောလိုက်၏။ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် သူတို့ကိုဖုန်းဆက်လိုက်ရမလား။ ဒါမှမဟုတ် အစိုးရအဖွဲ့ကို သွားလည်လိုက်ရမလား"

"ကျေးဇူးပြုပြီး ဒုက္ခမရှာပါနဲ့ မစ္စတာကျန်း"

နိုကီကီမူရာခမျာ ကျန်းမုန့်လောင်က အစိုးရအဖွဲ့ထံသို့ သွားလည်ရန် စဉ်းစားနေသဖြင့် ထိတ်လန့်သွားရလေသည်။ မနေ့ညကပင် သူသည် မြေအောက်နင်ဂျာဌာနချုပ်တွင် နင်ဂျာဧကရာဇ်ကို စုတ်ပြတ်သွားအောင် လုပ်ပစ်ခဲ့သည်။ အကယ်၍ ကျန်းမုန့်လောင်သာ အစိုးရအဖွဲ့ဆီသို့ ရောက်သွားပါက ဘာများဆက်ဖြစ်လေမလဲ။ တစ်နေရာလုံး ကစဉ့်ကလျားဖြစ်သွားနိုင်သည်။

အကယ်၍ ကျန်းမုန့်လောင်ကသာ "လူချမ်းသာအမျိုးသမီး၏ပျော်ရွှင်မှု"ဟူသော အကွက်ကို ထုတ်သုံးလာပါက..

"ကျွန်တော် သူတို့ကို ချက်ချင်းဆက်သွယ်လိုက်ပါ့မယ်။ ဆွေးနွေးညှိနှိုင်းကြည့်လို့တော့ ရလောက်မှာပါ"

ရွေးချယ်စရာမရှိသည့်အဆုံး နိုကီကီမူရာလည်း သူ့ဖုန်းကို ဆွဲထုတ်လိုက်ရပြန်သည်။

"အိုး.. ဘတ်စကတ်ဘောတိုင်နှစ်ခုလည်း ပြင်ထား။ ငါတို့ ငါးဖမ်းရတာပျင်းလာရင် ကုန်းပတ်ပေါ်မှာ ဘတ်စကတ်ဘောကစားကြမယ်"

"ဪ.. ပြီးတော့ အသားကင်စက်လည်း ပြင်ထားနော်။ ငါတို့က လတ်လတ်ဆတ်ဆတ်စားရတာ ကြိုက်တယ်"

…..

ကျန်းမုန့်လောင်၏ တောင်းဆိုချက်ကို မည်သူကမှ မငြင်းဆန်ရဲသဖြင့် ကျန်းမုန့်လောင်တို့တစ်ဖွဲ့လုံးကို ဝန်ကြီးများကပင် နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြသည်။ ထို့ကြောင့် အနီးဆုံးနေရာရှိ လေယာဉ်တင်သင်္ဘောတစ်စင်းကို ခပ်မြန်မြန်ပို့ပေးခဲ့ကြသည်။

လေယာဉ်တင်သင်္ဘောရှိနေသောကြောင့် ကျန်းမုန့်လောင်နှင့် သူငယ်ချင်းတစ်သိုက်လည်း ထိုတန်ဖိုးကြီးရွက်လှေများကို စွန့်ပစ်ခဲ့ကြသည်။ ဘယ်သူက ဒီစက်ဘီးတွေကို လိုချင်မှာလဲ?

လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်မှာ ရှင်းလင်းထားပြီး အသားကင်ရန်၊ အနားယူရန်နှင့် ဖျော်ဖြေရေးအတွက် ယာယီပြင်ဆင်ထားသည်။ ပြင်ဆင်ပုံမှာ မြန်လွန်းလှသဖြင့် ကျန်းမုန့်လောင်ပင် သူတို့၏အရှိန်ကို လေးစားသွားရသည်။

……

"မိုက်လိုက်တာ"

ကျန်းမုန့်လောင်တို့တစ်သိုက် တောက်ပလင်းလက်နေသော နေရောင်အောက်ရှိ မိုးပြာရောင်ပင်လယ်ထဲတွင် ရွက်လွှင့်နေကြလေသည်။ တချို့က ပင်လယ်ထဲတွင် မြူးထူးဆော့ကစားနေပြီး တချို့ကတော့ ရာဘာလှေဖြင့် ငါးဖမ်းနေကြသည်။

"မင်းတို့ တစ်ကောင်မှ မမိသေးဘူးလား"

ကုန်ပတ်ပေါ်တွင် မီးဖိုနေကြသူတချို့က အော်ပြောလိုက်၏။

"ငါတို့ ဒီမှာ မီးဖိုတော့မလို့။ ငါးက ဘယ်မှာလဲ"

"မင်းတို့ ငါးရောဖမ်းတတ်လား။ မဖမ်းတတ်ရင် ငါတို့ဖမ်းမယ်"

"သေလိုက်လေ…. ငါးမပြောနဲ့ ရေပွက်တာတောင် ငါမမြင်သေးဘူး။ မင်းတို့ သိပ်တတ်နေရင်လည်း လာလုပ်ကြည့်လေ"

"ဒီနေရာက ငါးပေါတဲ့နေရာမဟုတ်ဘူးလား။ ခရီးသွားဗီဒီယိုတွေထဲမှာဆိုရင် ငါးတွေက ဈေးဗန်းခင်းထားသလို ခုန်ပေါက်နေတာများ.. အဲဒါတွေက ကြော်ငြာအတုတွေလား"

"လင်းပိုင်တွေကရော ဘယ်မလဲ"

"မစ္စတာကီမူရာ"

ကျန်းမုန့်လောင်၏အကြည့်က နိုကီကီမူရာထံသို့ ရုတ်တရက်ကျရောက်သွားသည်။

"ခင်ဗျားတို့ငါးက ကျုပ်တို့ကို မကြိုဆိုဘူးထင်တယ်။ ကျုပ်သူငယ်ချင်းတွေ အခက်တွေ့နေရပြီနော်"

နိုကီကီမူရာခမျာ နားပူသက်သာရုံရှိသေး.. အလောတကြီးရှင်းပြရပြန်သည်။

"မစ္စတာကျန်း… ဒါကိုတော့ ကျွန်တော်တို့ကို အပြစ်တင်လို့မရဘူးဗျ။ အခု ဇွန်လရောက်နေပြီလေ။ နှစ်တိုင်း ဇူလိုင်လမတိုင်ခင် ငါးဖမ်းတာကို တားမြစ်ထားပါတယ်။ အခုအချိန်ဆိုရင် ငါးသေးသေးလေးတွေပဲရှိမှာ။ ငါးဖမ်းရမဲ့ရာသီမဟုတ်တော့လေ.."

"သေစမ်း! ခင်ဗျား ကျုပ်ကို ဘာလို့ စောစောကမပြောတာလဲ"

ကျန်းမုန့်လောင် ရုတ်တရက်ဒေါသထွက်လာသည်။

"ခင်ဗျားက ဘာငါးမှမရှိဘဲ ကျုပ်တို့ကို ငါးဖမ်းဖို့ခေါ်လာတာလား။ အသားကင်စားရမယ်တဲ့လား။ ခင်ဗျားပဲ ရူးသွားတာလား။ ကျုပ်ပဲရူးနေတာလား"

"မစ္စတာကျန်း ဒေါသမထွက်ပါနဲ့။ လောလောဆယ် စိတ်အေးအေးထားပါဦး"

နိုကီကီမူရာခမျာ ကျန်းမုန့်လောင်၏ဒေါသကို ဖြေသိမ့်ပေးရန် ကြိုးစားလိုက်ရသည်။

"ကျွန်တော် လူလွှတ်ပြီး ရေချိုငါးတွေသွားဝယ်ခိုင်းလိုက်မယ်လေ။ ဒါဆို ချက်ချင်း ကင်စားလို့ရပြီပေါ့"

"ကျုပ်တို့က စားဖို့သောက်ဖို့အတွက်သက်သက် လာခဲ့တာမို့လို့လား"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျုပ်တို့က လုံ့လဝီရိယရှိပြီး ရဲရင့်တဲ့ ဟွာရှားလူငယ်တွေ။ ကျုပ်တို့ကိုယ်တိုင် ကြိုးစားထားရတဲ့အသီးအပွင့်ကို ခံစားရတာပဲကြိုက်တယ်။ ကျုပ်တို့ဘာသာ ဖမ်းထားတာမဟုတ်ရင် တစ်ကိုက်လေးတောင်မစားဘူး။ ငတ်သေရင်သေပါစေ"

"ဒါပေမဲ့ ဒါက…"

နိုကီကီမူရာက ပြောလိုက်လေသည်။

"ကျွန်တော်တို့ အနီးဆုံးငါးမွေးကန်ကို သွားမယ်ဆိုရင် အနည်းဆုံး သုံးနာရီလောက်တော့ ကြာလိမ့်မယ်။ အဲဒီနေရာမှာ ငါးနည်းနည်းတော့ရှိပေမဲ့.."

"မဖြစ်နိုင်တာ.. ကျုပ်တို့က အဲဒီသုံးနာရီအတွင်း ဘာလုပ်နေရမှာလဲ။ အဲဒီကိုရောက်တဲ့အချိန်ဆိုရင် မှောင်နေလောက်ပြီ။ ကျုပ်တို့က အမှောင်ထဲမှာ ငါးဖမ်းရမှာလား"

"ဒါဆို…"

"ကျုပ် ဂရုမစိုက်ဘူး။ ခင်ဗျားဘာသာ အဖြေရှာ"

ကျန်းမုန့်လောင်က ရာဇသံပေးလိုက်သည်။

"နာရီဝက်အတွင်း ငါးအရှင်တွေ ဒီနေရာမှာ ခုန်ပေါက်နေတာကို မြင်ချင်တယ်။ ငါးတံခွန်၊ ငါးမုတ် နဲ့ ငါးပူတင်းအပြင် လင်းပိုင် ဝေလငါးနဲ့ ငါးမန်းတွေရော မြင်ချင်တယ်။ မဟုတ်လို့ကတော့ အကျိုးဆက်ကို ကြိုတွေးထား"

ထိုသို့ပြောပြီးနောက် ကျန်းမုန့်လောင်က သူ့ဘေးတွင် စာဖတ်နေသော ဟုန်းရီဘက်သို့လှည့်ပြီး ပြောလိုက်၏။

"ဟုန်းရီ.. ငါ အခု စိတ်မပျော်ဘူးနော်။ နားလည်တယ်မလား"

"မစ္စတာကျန်း ကျွန်မ နားလည်ပါတယ်"

"နေပါဦး"

နိုကီကီမူရာ အကြံတစ်ခုရလိုက်သည်။ လူတွေဟာ ကြံရာမရသည့်အခြေအနေမျိုးတွင် သူတို့၏အကန့်အသတ်ကို ကျော်လွန်၍ လုပ်ဆောင်နိုင်ကြသည်။ ထိုအခိုက်မှာ နိုကီကီမူရာ ဖြေရှင်းနည်းတစ်နည်းကို တွေးမိလိုက်သည်။

"ကျွန်တော် အကြံတစ်ခုရပြီ"

"ဒါဆို မြန်မြန်လုပ်"

"ဟုတ်ကဲ့"

နိုကီကီမူရာလည်း မြေအောက်နင်ဂျာဌာနချုပ်၏ နင်ဂျာဧကရာဇ်ကို ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ဆက်သွယ်လိုက်သည်။

"ဘာလဲ"

နင်ဂျာဧကရာဇ်၏ ဒဏ်ရာများမှာ တစ်ညအနားယူပြီးနောက် သက်သာလုနီးပါးဖြစ်သွားလေပြီ။ သို့သော် သူ ခံစားခဲ့ရသော အရှက်ကွဲမှုကြောင့် ယခုလောလောဆယ်တွင် ဘယ်သူနဲ့မှ မျက်နှာချင်းမဆိုင်ရဲသေးပေ။

"နင်ဂျာဧကရာဇ်.. ကျန်းမုန့်လောင်က အခု ငါးဖမ်းချင်နေပါတယ်။ ဒါပေမဲ့ ငါးဖမ်းရာသီမဟုတ်တော့ ပင်လယ်ထဲမှာ ငါးတစ်ကောင်မှမရှိဘူးဖြစ်နေတယ်။ သူက ငါးမန်းတွေနဲ့ ဝေလငါးတွေကို တောင်းဆို…"

"သွားသေလို့ ပြောလိုက်"

နင်ဂျာဧကရာဇ်လည်း ချက်ချင်းပင် ဒေါသတကြီးပြောလိုက်၏။

"နင်ဂျာဧကရာဇ်.. စိတ်အေးအေးထားပါ။ အခုအချိန်မှာ ဒေါသထွက်လို့မဖြစ်ပါဘူး"

"ဒါဆို ငါက ဘာလုပ်ရမှာလဲ။ ငါးတွေကို ဟက်ချလောင်းဆိုပြီး ဖန်ဆင်းပြရမှာလား"

နင်ဂျာဧကရာဇ်က ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။

"ကျွန်တော်တို့ကိုယ်တိုင် မဖန်ဆင်းနိုင်ပေမဲ့ တခြားနယ်မြေထဲက ငါးတွေကိုတော့ ယူလာလို့ရတယ်လေ"

"မင်းပြောချင်တာက…"

"ကျွန်တော်တို့ တခြားရေပိုင်နက်ထဲက ဒီငါးမျိုးစိတ်တွေကိုဖမ်းဖို့ မြေအောက်နင်ဂျာတွေကို ခိုင်းစေပြီး အဲဒီငါးတွေကို သူတို့ရှိတဲ့နေရာကို လွှတ်လိုက်မယ်လေ.."

"ဘာ? ငါက ဂုဏ်သိက္ခာရှိတဲ့ နင်ဂျာတစ်ယောက်ကွ။ ဟွာရှားလူငယ်တစ်ယောက် စိတ်ကျေနပ်အောင် ဒီလိုလုပ်ရပ်မျိုးကို လုပ်ပေးစရာလား"

နင်ဂျာဧကရာဇ် ထိုမြင်ကွင်းကို မျက်လုံးထဲ မြင်ယောင်မိသည်။ ဂုဏ်သိက္ခာမဲ့လိုက်တာ…

"ဒါပေမဲ့ အခုလောလောဆယ် ကျွန်တော်တို့လည်း ရွေးချယ်စရာမရှိဘူးလေ"

"သေစမ်း"

နင်ဂျာဧကရာဇ်လည်း ဒေါသတကြီး ခြေဆောင့်လိုက်လေတော့သည်။

"အဆင့်ခုနစ်နဲ့အထက် နင်ဂျာတွေအားလုံး.. ငါ့အမိန့်ကိုနာခံကြ"

လေထုထဲတွင် တရှဲရှဲမြည်သံကြီးတစ်ခု ကြီးစိုးသွားသည်။ ထို့နောက် နင်ဂျာအမြောက်အများကလည်း နင်ဂျာဧကရာဇ်ရှေ့မှောက်၌ ပေါ်လာသည်။

"နင်ဂျာဧကရာဇ်အတွက် အသက်ပင်ပေးဆပ်ဝံ့ပါတယ်"

"ငါ့အမိန့်ကိုနာခံကြ.. မင်းတို့.. ငါ့အတွက် ငါးသွားဖမ်းကြ…"

************

All Chapters