အခန်း (၄၃၃)
Vol. 29 Ch. 433
နင်ဂျာများမှာ တစ်နေ့တွင် သူတို့ တံငါသည်များ ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။
အရိပ်များက သမုဒ္ဒရာကိုဖြတ်၍ ပိုက်ကွန်များကို ဆွဲယူလာပြီး ကိုင်ဘွန်နိုင်ငံဧရိယာတစ်ဝိုက်တွင် အရူးအမူး ငါးဖမ်းနေကြပြီး ကျန်းမုန့်လောင်နှင့် သူ့သူငယ်ချင်းများရှိရာနေရာသို့ ထိုငါးများကို ခေါ်သွားကြသည်။
"ငါးပါးနီ ဖမ်းမိပြီ။ ပစ်မှတ်တည်နေရာကို အခုချက်ချင်းသွားနေတယ်!"
"ပြည်ကြီးငါး ဖမ်းမိပြီ။ ပစ်မှတ်တည်နေရာကို ဦးတည်နေတယ်!"
"အရိုးငါး ဖမ်းမိပြီ။ ပစ်မှတ်တည်နေရာကို ဦးတည်နေတယ်!"
ကိုင်ဘွန်နိုင်ငံက အဆင့်ခုနစ်နှင့်အထက် နင်ဂျာအားလုံးကို ဖြန့်ကြက်ထားသည်။ ထိုနင်ဂျာများမှာ တည်နေရာအရပ်ရပ်ရှိ ငါးမျိုးစုံကို ကျန်းမုန့်လောင်တို့အဖွဲ့ရှိရာဆီသို့ ယူဆောင်လာခဲ့ကြသည်။
.....
"သောက်ကျိုးနည်း.. ငါးလာဟပ်နေပြီ"
"ကြည့်စမ်း..ရုတ်တရက်ကြီး အောက်မှာ ငါးတွေအများကြီးရောက်လာတယ်"
"ဒါတွေက ဘာငါးတွေလဲ"
"သူတို့ဘာသာ ဘာငါးတွေပဲဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်မှာလဲ။ စားလို့ရရင် ငါးကကောင်းတာပဲ။ အပေါ်ကလူတွေ.. မီးမွှေးထားကြတော့"
"ငါးတွေက ရုတ်တရက်ကြီး အပြုံလိုက်ပေါ်လာတယ်နော်။ တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ။ ယွမ်ဖန်.. မင်းဘယ်လိုထင်လဲ"
"ငါ့ရဲ့ခွဲခြမ်းစိတ်ဖြာမှုအရ ဒါက သမုဒ္ဒရာရေစီးကြောင်းရဲ့ ဖြစ်စဉ်တစ်ခု ဖြစ်နိုင်လောက်တယ်။ ငါးတွေအများကြီးက ရေစီးကြောင်းအတိုင်း ငါတို့ရှိတဲ့နေရာကို ရောက်လာတာလေ။ ငါတို့တော့ ဒီနေ့ ကံကောင်းတာပဲ"
ရယ်မောသံများနှင့် အားပေးသံများက ပင်လယ်ပြင်ထဲ၌ ရုတ်တရက်ထွက်ပေါ်လာသည်။
...
"မိုက်ရိုင်းတဲ့ ဒီဟွာရှားလူမျိုးတွေကတော့.. ရေစီးကြောင်းတဲ့။ ဒါ ငါတို့တွေ ကြိုးစားအားထုတ်ထားရတာကွ"
နင်ဂျာများမှာ အရူးအမူးငါးဖမ်းနေချိန် ဤမှတ်ချက်ကို ကြားလိုက်ရသဖြင့် လူသတ်ချင်လာသလို ခံစားလိုက်ရသည်။ သူတို့၏ကြိုးစားမှုများကို ထိုလူတစ်သိုက်က မလေးစားပေးနိုင်ကြဘူးလား။
သူတို့ ခက်ခက်ခဲခဲကြိုးစားခဲ့ကြရတာလေ!
"ငါ့ကောင်တို့..ငါတို့ တစ်ခုခုလိုနေတယ်လို့ ခံစားမိလား"
တစ်စုံတစ်ယောက်က ရုတ်တရက်ပြောလာသည်။
"ဟုတ်တယ်။ လှိုင်းစီးနေတဲ့ လင်းပိုင်တွေရဲ့မြင်ကွင်းကို ဒီနေရာမှာ ကြည့်ရတာမဟုတ်ဘူးလား။ ငါးတွေတော့ အများကြီးရှိပေမဲ့ လင်းပိုင်ကျတော့ တစ်ကောင်မှမမြင်မိဘူး။ ငါတို့ လှည့်စားခံလိုက်ရတာလား"
"အမှန်ပဲ။ ငါက ငါးမန်းတွေနဲ့ လူသားစားဝေလငါးတွေကို တွေ့ဖူးချင်တာ။ ဒီလိုအကောင်ကြီးတွေနဲ့ အနီးကပ်တွေ့ရရင် တော်တော်စိတ်လှုပ်ရှားဖို့ကောင်းမှာပဲ"
"ပြီးတော့ ငါ ဝေလငါးတွေကို ကြည့်ချင်တယ်။ အထူးသဖြင့် အပြာရောင်ဝေလငါးတွေပေါ့။ သူတို့က ကမ္ဘာပေါ်မှာ အကြီးဆုံးနို့တိုက်သတ္တဝါတွေ မဟုတ်လား။ သူတို့ ရေတွေပန်းထုတ်တာကိုမြင်ရရင် ပိုကောင်းမှာနော်"
"အရှုံးသမားတွေ... အပြာရောင်ဝေလငါးက ရေပန်းထုတ်တာ ဘာများကြီးကျယ်လို့လဲ။ မနေ့က ငါတို့ရဲ့ပါတီမှာ ရေတွေဖြန်းပက်ခဲ့တဲ့ ဆရာတွေကမှ အပြာရောင်ဝေလငါးတွေထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းတာ"
"ဒီလမ်းကို လျှောက်လို့ရရဲ့လား"
"တော်သေးတာပေါ့။ ငါ သတိလက်လွတ်ဖြစ်သွားလို့!"
"ငါက အသက်မပြည့်သေးဘူးနော်"
...
"မစ္စတာကီမူရာ ခင်ဗျား ကျုပ်သူငယ်ချင်းတွေရဲ့ တောင်းဆိုချက်တွေကို ကြားပြီးပြီမလား"
ကျန်းမုန့်လောင်က နိုကီကီမူရာဘက်သို့ လှည့်လိုက်သည်။
"သူတို့က လင်းပိုင်တွေကြည့်ချင်တယ်။ ငါးမန်းတွေကိုကြည့်ချင်တယ်။ ဝေလငါးတွေ ရေတွေပန်းထုတ်နေတာကို တွေ့ဖူးချင်တယ်တဲ့။ သူတို့ခမျာ ဒီကို ကြုံတောင့်ကြုံခဲလာရတာ။ ဒါတွေမကြည့်လိုက်ရဘဲ မပြန်စေချင်ဘူး။ ကျုပ်ပြောတဲ့စကားကို နားလည်တယ်မဟုတ်လား"
"ငါ... သေလိုက်ပါတော့"
နိုကီကီမူရာခမျာ ထိုတောင်းဆိုချက်ကို ကြားသောအခါ ပေါက်ကွဲသွားရသည်။
မင်းတို့ ငါးလိုချင်လား? ကိစ္စမရှိဘူး။
ကိုင်ဘွန်နိုင်ငံက ငါးအရင်းအမြစ် ပေါများသောကြောင့် လိုအပ်လာလျှင် ပစိဖိတ်သမုဒ္ဒရာထဲက ငါးတချို့ကိုပင် သူတို့အတွက် သွားဖမ်းပေးနိုင်သည်။
သို့သော် လင်းပိုင်နှင့် ငါးမန်းများက ရှာရမခက်သော်ငြား အပြာရောင်ဝေလငါးကရော?
၎င်းတို့မှာ လွယ်လင့်တကူရှာဖွေနိုင်သော အရာမဟုတ်ပေ။ ရှာတွေ့ခဲ့လျှင်ပင် ဤနေရာကိုဆွဲခေါ်လာဖို့ အချိန်ဘယ်လောက်ကြာလေမလဲ။
မီတာပေါင်းများစွာရှည်လျားသော သတ္တဝါတစ်ကောင်ကို တန်ချိန်ဖြင့် တိုင်းတာရန် လိုအပ်သည်။ ထိုကဲ့သို့သော သတ္တဝါများကို နတ်ဘုရားအဆင့် နင်ဂျာတစ်ယောက်ပင် မကိုင်တွယ်နိုင်ပေ။
ပြီးတော့ သူတို့ကို ရေပန်းထုတ်ဖို့တောင် လာခိုင်းနေသေးတာလား?
နိုကီကီမူရာသာ ရေပန်းထုတ်နိုင်လျှင် ကျန်းမုန့်လောင်ကြည့်ဖို့အတွက် အခုချက်ချင်းပင် ပန်းထုတ်ပြလိုက်သေးသည်။
ငါ ရေပန်းထုတ်တဲ့ကိုယ်နေဟန်ထားက စံချိန်စံနှုန်းမီရဲ့လားလို့ ကြည့်ကြည့်ပေါ့!
သို့သော် ထိုစကားကို သူ ထုတ်လည်းမပြောရဲပေ။
"ဒါတွေပဲ အထပ်ထပ်အခါခါလာပြောနေတယ်။ ခင်ဗျားဘယ်လိုလုပ်လဲဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ လင်းပိုင်တွေ၊ ငါးမန်းတွေ၊ အပြာရောင်ဝေလငါးတွေကိုပဲ မြင်ချင်တယ်"
ကျန်းမုန့်လောင်လည်း ခေါင်းမာလာပြီးမှတော့ အဆုံးအထိ ဆက်ခေါင်းမာနေမည်သာ။
"ကောင်းပါပြီ... ကျွန်တော် နည်းလမ်းရှာလိုက်ပါ့မယ်!"
နိုကီကီမူရာခမျာ ခဏလေးအတွင်း အိုစာသွားရှာလေသည်။ ကျန်းမုန့်လောင်ပြန်သည်နှင့် သူလည်း ချက်ချင်းအငြိမ်းစားယူကာ မြေအောက်နင်ဂျာဌာနချုပ်တွင်နေရမည့်အစား တောင်ပေါ်တွင် ရသေ့ဘဝဖြင့် အရိုးထုတ်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ ဤလူ့ပြည်မှာ ဘာဒုက္ခများ ဆက်ခံစားနေရဦးမလဲ။
ပင်ပန်းနေပြီဖြစ်သော နင်ဂျာအဖွဲ့ဝင်များလည်း နုံးချိနေသော သူတို့ခန္ဓာကိုယ်များကို သယ်ကာ ထွက်ခွာရန်ပြင်လိုက်ကြသော်ငြား သူတို့၏ ဆက်သွယ်ရေးကိရိယာက အသံထပ်မြည်လာသည်။
"ပထမတပ်ဖွဲ့.. နာရီဝက်အတွင်း လင်းပိုင်အကောင်တစ်ရာဖမ်းခဲ့"
"ဒုတိယတပ်ဖွဲ့.. နာရီဝက်အတွင်း ငါးမန်းအကောင်ရေငါးဆယ်ကျော်ကို ဖမ်းခဲ့"
"တတိယတပ်ဖွဲ့... နာရီဝက်အတွင်း ဖိုက်တာဝေလငါးငါးကောင်ဖမ်းခဲ့"
"စတုတ္ထတပ်ဖွဲ့ အပြာရောင်ဝေလငါးတစ်ကောင်ကို လိုက်ရှာကြဟေ့။ တစ်ကောင်တော့ မဖြစ်မနေခေါ်လာရမယ်"
...
"မစ္စတာကီမူရာ ဒါ...ဒါက မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ မလုပ်နိုင်ဘူး!"
နင်ဂျာအဖွဲ့ဝင်များအားလုံး နာကျင်ခံစားလိုက်ရသည်။
သူတို့ကို ဒိုရေမွန်တွေလို့များ ထင်နေတာလား။ နာရီဝက်အတွင်း ဒါတွေကို ရှာခိုင်းတာထက် သူတို့ကိုသာ သတ်လိုက်ပါတော့လား။
"မင်းတို့ ဘယ်လိုလုပ်မလဲဆိုတာကို ငါဂရုမစိုက်ဘူး။ ရလဒ်ကိုပဲ လိုချင်တယ်"
နိုကီကီမူရာက အံတင်းတင်းကျိတ်လျက် ပြောလိုက်သည်။
အခြေအနေမှာ ဖရိုဖရဲဖြစ်နေလေပြီ။ သူတို့သာ မလုပ်နိုင်ခဲ့လျှင် ဒုက္ခခံရမည့်လူမှာ နိုကီကီမူရာပင်။
...
နာရီဝက်အကြာတွင် နေရောင်အောက်ရှိ ဝေးကွာလှသော ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တလက်လက်တောက်ပနေသော အရာများ ရုတ်တရက်ပေါ်လာသည်။
"လင်းပိုင်တွေ.. လင်းပိုင်တွေတကယ်ရှိတယ်!"
"ဘုရားရေ..အများကြီးပဲ။ အံ့သြဖို့ကောင်းလိုက်တာ"
မိန်းကလေးတစ်သိုက်က စိတ်အားထက်သန်စွာ အားပေးနေချေသည်။
"သောက်ကျိုးနည်း..ကြည့်လိုက်ဦး။ ဟိုနားမှာ ကျွန်းတစ်ကျွန်းပေါ်လာပြီ"
"ဘာကျွန်းလဲ။ အဲဒါက အပြာရောင်ဝေလငါးကွ။ အပြာရောင်ဝေလငါး"
"ရေပန်းထုတ်နေတယ်ဟေ့.. ရေပန်းထုတ်နေတယ်"
"ငါ့SLRက ဘယ်မှာလဲ။ မြန်မြန်ဓာတ်ပုံရိုက်ထားကြ"
...
ခပ်လှမ်းလှမ်းရှိ ကျွန်းငယ်လေးတစ်ခုတွင် မြေအောက်နင်ဂျာ ရာပေါင်းများစွာက မြေပြင်ပေါ်၌ ခြေပစ်လက်ပစ်လှဲနေကြသည်။ သူတို့အားလုံး လုံးဝမောပန်းနွမ်းနယ်နေကြပြီး တချို့ဆိုလျှင် ငါးမန်းများနှင့် ဖိုက်တာဝေလငါးများကို တိုက်ခိုက်ရင်း ဒဏ်ရာများပင် ရထားကြသည်။
အပြာရောင်ဝေလငါးမှာ အရှည်၃၀မီတာကျော်ရှိပြီး အလေးချိန်ကတော့ တန်ချိန်နှစ်ရာကျော်ရှိ၏။ ဤနယ်မြေနှင့် ရေမိုင်ပေါင်းများစွာ ဝေးကွာသည့်နေရာ၌ တွေ့ခဲ့ခြင်းပင်။ မိနစ်အနည်းငယ်အတွင်း ဤနေရာကို ဆွဲခေါ်လာရန် မည်မျှခက်ခဲသလဲဆိုသည်ကို တွေးကြည့်နိုင်သည်။
ကျန်းမုန့်လောင်တို့တစ်သိုက်၏ မျက်နှာပေါ်ရှိ ကျေနပ်အားရနေသော အမူအရာများကို မြင်လိုက်ရသောအခါ နိုကီကီမူရာလည်း စိတ်သက်သာရာရစွာ ပြုံးနိုင်သွားသည်။ လူသားများ၏အဆုံးစွန်သောစွမ်းအားကို အပြည့်အ၀ အသုံးချနိုင်ရန်အတွက် တွန်းအားပေးဖို့ လိုအပ်လေသည်။ မဖြစ်နိုင်ဘူးဟုထင်ခဲ့သော အလုပ်တစ်ခုကလည်း ပြီးမြောက်ခဲ့လေပြီ။
"ကျန်းမုန့်လောင် မင်းမှာ ဒီလိုအရည်အချင်းမျိုးရှိလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။ ဒီငါးကင်က ငါစားဖူးသမျှထဲမှာ အရသာအရှိဆုံးပဲ"
"ဟုတ်တယ်နော်.. ငါ စိတ်ထင်နေတာမဟုတ်ဘူးပဲ။ နင် ဘယ်တုန်းက စားဖိုမှူးအလုပ်ကို ပြောင်းလိုက်တာလဲ"
"မင်းက ကွမ်းယွီအချက်အပြုတ်နတ်ဘုရားရဲ့ မျိုးဆက်လား"
"ဟားဟား.. မင်းတို့တွေ 'ငတုံးတိုက်ခန်း'ဇာတ်လမ်းတွဲကို ကြည့်နေတုန်းလား"
"ငါ ဟိုးနားမှာ ဂလက်စီတစ်လုံး ရွေ့လျားနေတာကို မြင်လိုက်တယ်။ ငါ စိတ်ထင်နေတာလား"
"သွမ့်! နင် ဘယ်လိုအထူးပါဝင်ပစ္စည်းမျိုး ထည့်ထားတာလဲ"
"ဒီမြင်ကွင်းကို ဘာလို့ရင်းနှီးနေတာပါလိမ့်"
"အေးဆေးပေါ့"
ကျန်းမုန့်လောင် ပြောလိုက်သည်။ ငယ်စဉ်ကတည်းက အိမ်မှုကိစ္စကိုတာဝန်ယူခဲ့သော လျိုအန်းရှန်ထံမှ ဤအချက်အပြုတ်စွမ်းရည်ကို သူ သင်ယူခဲ့သည်။ ထိပ်တန်းအဆင့်စားဖိုမှူးတစ်ယောက်၏ အချက်အပြုတ်လက်ရာမှာ ပေါ့သေးသေးမဟုတ်ပေ။ အဆုံးစွန်သောကျေနပ်မှုက အံ့ဖွယ်ကောင်းသော ပုံရိပ်ယောင်တချို့ကို ဖြစ်ပေါ်စေနိုင်သည်။
"မစ္စတာကီမူရာ..ခင်ဗျား ဒီနေ့ တော်တော်ကြိုးစားထားတာပဲ။ ကျုပ် ကျေနပ်တယ်"
ကျန်းမုန့်လောင်က သူ့ဘေးနားရှိ နိုကီကီမူရာ၏ပခုံးကို ပုတ်လိုက်သည်။
"မစ္စတာကျန်း ကျေနပ်တယ်ဆိုရင် ဒီနေ့ ကြိုးစားထားသမျှ အလကားမဖြစ်တော့ပါဘူး"
နိုကီကီမူရာလည်း အတင်းလုပ်ပြုံး၍ ကိုးရိုးကားရားပြောလိုက်၏။ သူ့စိတ်ထဲမှာတော့ ဤတာဝန်မျိုးကို ဘယ်တော့မှ ထပ်မယူတော့ဘူးဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ဒီအလုပ်ကို လိုချင်တဲ့လူ ယူပါစေ...
"ကျုပ် အခုပဲ တခြားသူငယ်ချင်းတွေကို ပြောပြီးပြီ။ နောက်ရက်ကျရင် သူတို့ ဒီကို လာလည်ကြလိမ့်မယ်။ ဒီတော့ ဒီရက်ပိုင်းအတွက် သူတို့ရဲ့ခရီးစဉ်ကိုလည်း စီစဉ်ပေးပါဦး"
ကျန်းမုန့်လောင် ဤသို့ပြောလိုက်၏။
"များများစားစားတော့ မတောင်းဆိုပါဘူး။ ဒီနေ့လိုမျိုး တစ်ထေရာတည်းဖြစ်ရင်ရပြီ"
"သောက်ကျိုးနည်းကို ဒီနေ့လိုမျိုးလား"
နိုကီကီမူရာခမျာ ခပ်ကျိတ်ကျိတ်ဆဲရေးလိုက်မိသည်။
တစ်နေကုန် သူ ပိုက်ဆံ ဘယ်လောက်သုံးခဲ့ရသလဲ?
ဒီနေ့တစ်ရက်တည်းနဲ့တင် နင်ဂျာတွေအားလုံး သေမတတ်ဖြစ်ကုန်ကြတာ!
ကျန်းမုန့်လောင်တို့လူအုပ်နှင့်သာဆိုလျှင် တစ်ခေါက်ကို အယောက်နှစ်ဆယ်နှုန်းဖြင့်တွက်ပါက အကုန်လည်ပတ်ပြီးစီးဖို့ ဆယ်ခေါက်လောက် လာရမည်ဖြစ်၏။ ဤအတိုင်းသာ ဆယ်ခေါက်တိတိလုပ်ရလျှင် အစွမ်းထက်နင်ဂျာများပင် ပွဲချင်းပြီးသေသွားနိုင်သည်။
"ဟားဟားဟား.. မစ္စတာကီမူရာ ကျုပ်တို့နဲ့အတူ လာပျော်စမ်းပါ။ ရှက်မနေစမ်းပါနဲ့"
ကျန်းမုန့်လောင်က နိုကီကီမူရာ၏ပခုံးကို ပုတ်လိုက်သည်။
"မစ္စတာကီမူရာ.. မနက်ဖြန်ကျရင်လည်း ဆက်ကြိုးစားလိုက်ရအောင်"
"ဟင်? မစ္စတာကီမူရာ? ခင်ဗျား ဘာလို့မစားတာလဲ။ ခင်ဗျားကိုကြည့်ရတာ မပျော်သလိုပဲ။ စိတ်အနှောင့်အယှက်တစ်ခုခုရှိရင် ကျုပ်တို့ကိုပြောပြလေ။ အတူတူရယ်ကြတာပေါ့"
***************