ဟွာရှားနိုင်ငံက ယဉ်ကျေးပျူငှာတဲ့နိုင်ငံတစ်ခု
Vol. 29 Ch. 434
ဤအချိန်မှာ ကျန်းမုန့်လောင်၏ သူငယ်ချင်းများအတွက်တော့ ဘဝတစ်သက်တာအတွင်း အပျော်ရဆုံးအချိန်ဖြစ်သော်လည်း ကိုင်ဘွန်နိုင်ငံ၏ အစိုးရအဖွဲ့နှင့် မြေအောက်နင်ဂျာများအတွက်တော့ အမှောင်မိုက်ဆုံးအချိန်ပင်။
သူတို့ ကျွန်ခံနေရသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောနေခြင်းမဟုတ်ပေ။ ကပ်ဖားတတ်သူများပင် သူတို့လောက် ခခယယမလုပ်ရပေ။ အကယ်၍ သူတို့၏အဖြစ်ကို ဖော်ပြရန် နာမဝိသေသနတစ်ခုသုံးရပါက ဖော်လံဖားများဟု ဆိုရပေလိမ့်မည်။
ကျန်းမုန့်လောင်တို့တစ်သိုက်က နေ့စဉ်နေ့တိုင်း လတ်ဆတ်လှသော ပါဝင်ပစ္စည်းများကို တောင်းဆိုတတ်လေရာ လူတစ်ယောက်ချင်းစီအတွက် ပျမ်းမျှအစားအသောက်စရိတ်မှာ အမေရိကန်ဒေါ်လာနှစ်သောင်းမှ သုံးသောင်းခန့်အထိ ရှိ၏။
မနက်စာက နည်းနည်းညံ့လျှင်ပင် တစ်ရက်တာအသုံးစရိတ်က အနည်းဆုံး ဒေါ်လာငါးသောင်းရှိသည်။ လူနှစ်ရာနီးပါးအတွက် ဒေါ်လာဆယ်သန်းဖြစ်ပြီး ဆယ်ရက်အတွင်းမှာပင် ဒေါ်လာသန်းတစ်ရာ ကုန်ကျသည်။
ထို့ပြင် ဤပမာဏမှာ တစ်နေ့လျှင် ထမင်းသုံးနပ်စာသာ ရှိသေးသည်။
အခြားအရာများကို မဆိုထားနှင့်။ သူတို့ ဆယ်ရက်တိတိ ငါးဖမ်းထွက်ရာတွင် လိုက်လံပို့ဆောင်ပေးခဲ့ရသော လေယာဉ်တင်သင်္ဘောတစ်ခုတည်းကတင် တိုက်ရိုက်အားဖြင့်ရော သွယ်ဝိုက်အားဖြင့်ပါ ကုန်ကျသည့် ကုန်ကျစရိတ်အမျိုးမျိုးကို ပေါင်းလိုက်လျှင် ဒေါ်လာဘီလီယံပေါင်းများစွာရှိသည်။
အသုံးအဆောင်၊ အဝတ်အစား၊ ခရီးစဥ် စသည်တို့အတွက် အထွေထွေအသုံးစရိတ်များကိုပါ ပေါင်းထည့်လိုက်သောအခါ ပမာဏက အံ့မခန်းများပြားသွားလေသည်။
ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံတွင် နေထိုင်နေစဉ်အတောအတွင်း ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲခဲ့ကြောင်း ခန့်မှန်းထားသည်။
မနက်ဖြန်ဆိုလျှင် ကျန်းမုန့်လောင် သူ့နိုင်ငံကို ပြန်တော့မည်ဖြစ်၏။
ဤသတင်းကို ကြားသောအခါ အစိုးရအဖွဲ့ဝင်များနှင့် မြေအောက်နင်ဂျာများမှာ ဝမ်းသာအားရ ခုန်ပေါက်မိမတတ်ပင်။ ယခုလိုလှပပြီး အမှတ်တရဖြစ်ဖွယ်ကောင်းသော နေ့တစ်နေ့မှာ ပါတီပွဲပင်ကျင်းပလိုက်ချင်မိသည်။
နောက်ဆုံးမှာတော့ ဤနတ်ဆိုး ပြန်ပေတော့မည်။
ကျန်းမုန့်လောင်က သူတို့ကို ပြဿနာမရှာချင်တော့တာ မဟုတ်ပေ။ သူ့အနေနှင့် လည်ပတ်ရတာကို ငြီးငွေ့လာပြီး လှည့်ကွက်အသစ်များလည်း ထပ်မတွေးနိုင်တော့ချေ။ သူ့တွင် အိုင်ဒီယာကုန်သွားလေပြီ။
ဆယ်ရက်အတွင်း နိုကီကီမူရာခမျာ တစ်ရက်လေးပင် မျက်လုံးကောင်းကောင်းမမှိတ်ရပေ။ သူ့ဆံပင်များလည်း တစ်ဝက်လောက် ဖြူလာလေပြီ။ သူက သာမန်လူတစ်ယောက်ထက် အဆပေါင်းများစွာသာသည့် အဆင့်မြင့်လူသားတစ်ယောက်ဖြစ်၏။ သို့သော် ဆယ်ရက်အတွင်းမှာပင် သူတို့က သူ့အား ဤအခြေအနေအထိရောက်အောင် နှိပ်စက်နိုင်ခဲ့ကြသည်။
လေဆိပ်တွင် ယာဉ်တန်းတစ်ခုက ထွက်ခွာရာနေရာသို့ ဖြည်းညင်းစွာ မောင်းလာလေသည်။ ယနေ့ မြို့တော်ရှိလေဆိပ်တွင် လေယာဉ်ခရီးစဉ်အားလုံးကို ကန့်သတ်ပိတ်ပင်ထားပြီး လေပိုင်နက်၏ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးကို ကျန်းမုန့်လောင်၏ ကိုယ်ပိုင်လေယာဉ်အတွက် သီးသန့်နေရာပေးထားသည်။
ဆယ်ရက်ကြာအောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော်လည်း ကျန်းမုန့်လောင်ကို လိုက်ပို့ရန်အတွက် နိုကီကီမူရာက မြေအောက်နင်ဂျာများကို ကိုယ်စားပြု၍ အစိုးရအဖွဲ့ကလည်း တစ်စုံတစ်ယောက် လာရောက်ခဲ့သည်။ ကျန်းမုန့်လောင်ပြန်သည်နှင့် သူတို့ လွတ်လပ်ရေးရတော့မည်ဖြစ်ကြောင်း သိထားသဖြင့် နှစ်ယောက်စလုံး စိတ်လှုပ်ရှားဝမ်းသာနေကြသည်။
"ဒီအတောအတွင်း ခင်ဗျားတို့ ကျုပ်တို့ကို သေသေချာချာဂရုစိုက်ပေးခဲ့တဲ့အတွက် တကယ်ကျေးဇူးတင်ပါတယ်"
ဤစကားကိုတော့ ကျန်းမုန့်လောင် ရိုးရိုးသားသားပြောလိုက်ခြင်းပင်။ သူတို့က သူ့တောင်းဆိုချက်များကို တစ်ခုမှမကျန်စေရဘဲ မလွဲမသွေဖြည့်ဆည်းပေးခဲ့ကြသည်။ သူတို့သည် အလုပ်လုပ်ရာတွင် အာရုံတစိုက်လုပ်တတ်ကြတာကိုတော့ သူ ဝန်ခံရပေလိမ့်မည်။ သူ့အနေနှင့် သူတို့တစ်ယောက်ချင်းစီတိုင်းအား စံပြအလုပ်သမားဆုတံဆိပ်ပင် ချီးမြှင့်ချင်သည်။
"မစ္စတာကျန်း ကျေနပ်ဖို့ပဲလိုတာပါ"
ဝန်ကြီးအဖွဲ့၏ ကိုယ်စားလှယ်က ရိုကျိုးစွာပြောလိုက်၏။
"အရင်တုန်းက ကျွန်တော်တို့နဲ့ ခင်ဗျားတို့နိုင်ငံကြားမှာ ပဋိပက္ခတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မစ္စတာကျန်းအနေနဲ့ ကျွန်တော်တို့ရဲ့ စစ်မှန်မှုကို မြင်နိုင်မယ်ဖို့ မျှော်လင့်ပါတယ်။ လက်နက်တွေကို ပိုးသားလက်ဆောင်တွေအဖြစ် ပြောင်းလဲပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့"
ကျန်းမုန့်လောင်၏ အမူအရာကတော့ အေးစက်သွားသည်။
"တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့နောင်တက စစ်မှန်ချင်စစ်မှန်လိမ့်မယ်။ ဒါပေမဲ့ ကျုပ်ဆိုတဲ့ ကျန်းမုန့်လောင်က စတေးခဲ့ရတဲ့ စစ်သည်တွေကိုယ်စား ခင်ဗျားတို့ကို ခွင့်လွှတ်ပိုင်ခွင့်မရှိဘူးလို့ ထင်တယ်"
အစိုးရအဖွဲ့၏ကိုယ်စားလှယ်ခမျာ ရှက်ရွံ့သွားရလေသည်။ ဤသည်မှာ လက်တွေ့မဆန်သော အတွေးတစ်ခုဖြစ်ကြောင်း သူသိပါသော်ငြား ကျန်းမုန့်လောင်က ဤမျှပြတ်သားလိမ့်မည်ဟု သူ ထင်မထားပေ။
"ခင်ဗျားတို့ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒီကိစ္စအတွက် ခင်ဗျားတို့ကို တာဝန်မယူခိုင်းတော့ဘူး။ ဒါပေမဲ့ အဲဒီလူကိုတော့ ကျုပ် ရေဆုံးမြေဆုံးအထိ လိုက်ရှာမယ်။ ခင်ဗျားတို့ သူ့ကို ဝှက်ပေးထားတယ်လ်ို့ သိရရင်တော့ ကျုပ် ပြန်လာခဲ့မယ်။ နောက်တစ်ခါကျရင် လူအယောက်နှစ်ရာခေါ်လာရုံနဲ့ ပြီးသွားမှာမဟုတ်ဘူးနော်"
ကျန်းမုန့်လောင် သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ"
ဝန်ကြီးအဖွဲ့၏ကိုယ်စားလှယ်ကလည်း နားမလည်ချင်ယောင်ဆောင်မနေတော့ပေ။
"အဲဒီလူနဲ့ပတ်သက်တဲ့ သတင်းတစ်ခုခုရရင်လည်း ကျွန်တော်တို့ မစ္စတာကျန်းကို ချက်ချင်းအကြောင်းကြားပေးပါ့မယ်။ သူက အရမ်းအစွမ်းထက်တယ်လေ။ ကျွန်တော်တို့ရဲ့ နင်ဂျာဧကရာဇ်တောင်မှ သူ့ကို မနှိမ်နှင်းနိုင်ဘူး။ သူ့ကို ဖယ်ရှားလိုက်တာက ကျွန်တော်တို့အတွက်လည်း ကောင်းတဲ့ကိစ္စပါပဲ"
"ခင်ဗျား တကယ်ပဲ အဲဒီလိုတွေးဖို့ မျှော်လင့်ပါတယ်"
ကျန်းမုန့်လောင်က လှောင်ပြောင်လိုက်သည်။
"နေဦး..ကျန်းမုန့်လောင် ငါတို့ တစ်ခုမေ့သွားလို့"
ကျန်းမုန့်လောင်အနားရှိ သူငယ်ချင်းတစ်ယောက်က ရုတ်တရက်ပြောလာလေသည်။
"ဘာလဲ"
ကျန်းမုန့်လောင်ကလည်း မေးလိုက်၏။
"ဒါက ငါတို့ ကိုင်ဘွန်နိုင်ငံကို ပထမဆုံးအကြိမ် လာလည်ပတ်တာလေ။ အမှတ်တရလက်ဆောင်တွေတော့ ပြန်သယ်သွားသင့်တယ်မဟုတ်လား"
ရှုလီက အကြံပေးလိုက်သည်။
"ဟုတ်တယ်။ ငါ့သူငယ်ချင်းတစ်ယောက်က ပိုစတာတွေနဲ့ Limited Edition CDတွေကို ယူလာခိုင်းထားတယ်။ ငါပြောချင်တာကို မင်းသိတယ်မလား"
"မင်းပြောတဲ့'သူငယ်ချင်း'က မင်းကိုယ်တိုင်လို့ ငါသံသယဝင်မိတယ်"
"ဒါပေမဲ့ ဒီအကြံက မဆိုးဘူးနော်"
ကျန်းမုန့်လောင် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ လွန်ခဲ့သည့်ရက်များအတွင်း သူတို့ အကဲလွန်ပြီး ဇိမ်ခံပျော်ပါးရင်း အလုပ်များနေခဲ့သည်။ တစ်ဖက်လူများက သူတို့လိုချင်သမျှအရာတိုင်းကို ချက်ချင်းဖြည့်ဆည်းပေးပြီး သူတို့လိုအပ်သမျှကိုလည်း မဆိုင်းမတွပြင်ဆင်ပေးခဲ့သည်။ ယခုတော့ သူတို့ ပြန်ခါနီးမှသာ ဘာမှမဝယ်ရသေးကြောင်း သိလိုက်ရသည်။
"ဒီလေဆိပ်မှာ အမှတ်တရပစ္စည်းအရောင်းဆိုင်တစ်ဆိုင်တော့ ရှိမှာပါ။ သွားကြည့်ရအောင်"
"ကောင်းပြီ!"
"ကျန်းမုန့်လောင် မင်း ငါတို့ကို ခဏစောင့်ပေးလို့ရလား"
"ဘာလို့ ဒုက္ခခံနေတာလဲ"
ကျန်းမုန့်လောင်၏ နှုတ်ခမ်းအစုံက အနည်းငယ်ကွေးတက်သွား၏။
"ငါတ်ို့ရဲ့ ကိုင်ဘွန်လူမျိုးမိတ်ဆွေကြီးတွေက အရမ်းစိတ်အားထက်သန်နေကြတာလေ။ သူတို့ ငါတို့အတွက် နှုတ်ဆက်လက်ဆောင်တွေ ပြင်ထားလောက်မှာပါ။ ဟုတ်တယ်မလား မစ္စတာကီမူရာ..မစ္စတာကျွယ်ကျင်း"
"မင်းအဖေကသာ မင်းအမေကို ပြင်နေတာလေ"
ကျန်မုန့်လောင်က မပြန်ခင် သူတို့ဆီက နည်းနည်းဖြစ်ဖြစ် ထပ်ယူသွားချင်နေကြောင်း သိသဖြင့် နိုကီကီိမူရာနှင့် ကျွယ်ကျင်းရှုန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။
"ကျုပ်တို့ရဲ့ဟွာရှားနိုင်ငံက ယဉ်ကျေးပျူငှာတဲ့ နိုင်ငံတစ်ခုလေ။ ဒီလိုခွဲခွာရမဲ့အချိန်မျိုးမှာ အမှတ်တရလက်ဆောင် ဖလှယ်တတ်ကြတယ်"
ကျန်းမုန့်လောင်က ပြောလိုက်၏။
"သူငယ်ချင်းတို့.. ကိုင်ဘွန်နိုင်ငံက မိတ်ဆွေတွေအတွက် အမှတ်တရလက်ဆောင်ပေးဖို့ တစ်ခုခုများရှိလားလို့ ကြည့်လိုက်ကြရအောင်"
"အင်း"
ရှုလီ ခေါင်းညိတ်လိုက်၏။
"ဒါက ကျွန်တော် သုံးလလောက်ဆောင်းခဲ့တဲ့ ဦးထုပ်ပါ။ ဒါကို ရင်နာနာနဲ့ပဲ မစ္စတာနိုကီကို ပေးခဲ့မယ်"
နိုကီကီမူရာခမျာ ဘာလုပ်ရမှန်းမသိသောကြောင့် အတင်းလုပ်ပြုံးလိုက်ရသည်။ ဤဦးထုပ်မှာ ၁၅ယွမ်သာပေးရသော သာမန်ဦးထုပ်တစ်လုံးပင်။ အချို့ဝက်ဆိုက်များတွင် ၉.၉၉ယွမ်ဖြင့် အခမဲ့ပို့ဆောင်ပေးသည်။
သူတို့ကတော့ ထိုလူတစ်သိုက်ကို ဧည့်ခံရန်အတွက် လူအင်အားနှင့် အရင်းအမြစ်အမြောက်အများကို သုံးစွဲခဲ့ရသည်။ အပြန်အလှန်အနေနှင့် သူတို့ ဘာပြန်ရလိုက်သလဲ။
ဒီဆက်ဆံရေးက ဈေးပေါလွန်းတယ်မဟုတ်လား။
"ဘာဖြစ်လို့လဲ။ မစ္စတာနိုကီက ကျုပ်သူငယ်ချင်းရဲ့ ခင်မင်မှုကို အထင်သေးနေတာလား"
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"
နိုကီကီမူရာလည်း ခပ်သုတ်သုတ်ယူလိုက်ရသည်။
"ဒီလောက်အဖိုးတန်တဲ့ လက်ဆောင်ကို ကျွန်တော်က ဘယ်လိုလုပ်ပြီး လက်ခံရဲမှာလဲ"
"ရပါတယ်။ ပြီးမှ အဖိုးတန်တဲ့ပစ္စည်းတစ်ခုခု ပြန်ပေးလို့ရတယ်လေ"
ကျန်းမုန့်လောင်က ထိုသို့ဆိုလိုက်၏။
"လောင်ရှု.. မင်း ဘာလိုချင်လဲ။ မရှက်နဲ့။ ငါတို့မိတ်ဆွေတွေက အရမ်းရက်ရောတာ"
"ဟုတ်ပါတယ် မစ္စတာရှု.. ဒေသထွက်အထူးသီးသန့်ထုတ်ကုန်ပဲဖြစ်ဖြစ် အမှတ်တရပစ္စည်းပဲဖြစ်ဖြစ် ကျွန်တော်တို့က ခင်ဗျားအတွက် ပြင်ဆင်ပေးမှာပါ။
...
"အမ်... ကျွန်တော် တခြားဘာမှတော့မလိုချင်ပါဘူး"
နိုကီကီမူရာခမျာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
"ဒါဆို ကျွန်တော့်ကို အဲဒီကားလေး ပေးပါလား!"
"ကား?"
နိုကီကီမူရာလည်း တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါ ရှုလီလက်ညှိုးထိုးပြနေသော လမ်ဘော်ဂီနီက ၆.၅သန်းကျော် တန်ဖိုးရှိပေသည်။
"မစ္စတာနိုကီက မပေးချင်ပုံပဲ"
"ဟားဟားဟား အဲဒါက ကားတစ်စီးပဲလေ။ ခင်ဗျားအတွက် ရက်ပိုင်းအတွင်း အကောက်ခွန်ဌာနကနေ ယူနိုင်ဖို့ စီစဉ်ပေးပါ့မယ်"
ကျန်းမုန့်လောင် ရက်စက်တတ်မှန်းသိသော်လည်း သူ့သူငယ်ချင်းများက ပိုဆိုးနေမည်ဟု ထင်မထားပေ။
လက်ဆောင်က အပြန်အလှန်ပေးသင့်သည်ဟု ပြောထားတာမဟုတ်လား။ ပို့ဆောင်ခအခမဲ့ဖြင့် ၉.၉၉ယွမ်သာတန်သော အမှိုက်လိုဦးထုပ်ကို ယူထားရပြီး သန်းပေါင်းများစွာတန်သော ပြိုင်ကားတစ်စီးကို ဘာလို့ပြန်ပေးခဲ့ရတာလဲ။
"ဒါက ကျွန်တော့်လက်ဆောင်ပါ"
စွန်းယွီလဲ့က တစ်ဝက်သောက်ထားပြီးသား ရေသန့်ဘူးတစ်ဘူးကို ပေးလိုက်၏။
"လက်ဆောင်က တန်ဖိုးမကြီးပေမဲ့ စိတ်ရင်းစေတနာကတော့ နက်ရှိုင်းပါတယ်။ ကျွန်တော်ကတော့ တခြားဘာမှမလိုချင်ဘူး။ ဟိုRolls-Royceလေးပဲ ပေးလိုက်ပါ"
...
"ဒါက ကျွန်တော်တို့နှစ်နိုင်ငံကြား အနက်ရှိုင်းဆုံး ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုတဲ့ ချင်းဖုန်းအမှတ်တံဆိပ် တစ်ရှူးလေ။ ဟွာရှားကနေ ယူလာတာ။ နောက်လကျရင် ကျွန်တော့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားတယ်။ ကျွန်တော့်ကို စိန်လက်စွပ်တစ်ကွင်း ပေးနိုင်မလား။ စိန်က သိပ်ကြီးစရာမလိုပါဘူး။ သုံးကာရက်ကနေ ငါးကာရက်အတွင်းဆိုရင် ရပါပြီ။ ဒါပေမဲ့ အရောင်အသွေးနဲ့ ဖြတ်တောက်မှုကတော့ ကောင်းရမယ်နော်"
"ဒါက ကျွန်မသုံးထားတဲ့ လစဉ်သုံးအထုပ်ပါ။ ဒါက ကျွန်မတို့မိန်းကလေးတွေအတွက်တော့ အရမ်းတန်ဖိုးရှိတယ်။ မနေ့က စတိုးဆိုင်တစ်ခုရှေ့က ဖြတ်သွားရင်း မှန်ဘောင်ထဲမှာ ပန်းရောင်စိန်နားကပ်တစ်စုံကို ကျွန်မတွေ့ခဲ့ရတယ်။ အဲဒါက အမေရိကန်ဒေါ်လာ သန်းနှစ်ရာလောက်ပဲ ရှိမှာပါ။ ကျွန်မကို အဲဒါလေး ပေးလို့ရမလား"
"ကျွန်တော်ကတော့ ဘာလက်ဆောင်မှ ပြင်မထားမိဘူး။ ဒီနှာရည်တွေပဲ ပေးခဲ့တော့မယ်။ ဆရာမမိုမိုတာမိရဲ့လက်မှတ်ပါတဲ့ အထူးထုတ်စီဒီတစ်စုံစာပဲ လိုချင်ပါတယ်"
"ကျွန်တော်.. ကျွန်တော် ခင်ဗျားအတွက် ခြေထောက်ကားပြမယ်လေ။ ကျွန်တော်ကတော့ ခင်ဗျားဆီက ဘာမှမလိုချင်ပါဘူး။ မနေ့တုန်းက ခင်ဗျားရဲ့သမီးကို တွေ့လိုက်တယ်။ သူက အရမ်းလှတာပဲ။ ကျွန်တော်အနေနဲ့တော့ အဝေးရောက်ချစ်သူတစ်ယောက် ထားရရင်လည်း ကိစ္စမရှိပါဘူး"
နိုကီကီမူရာ : "မင်းတို့က လူရောဟုတ်သေးရဲ့လား?"
**************