မင်းတို့က ငါနဲ့ စည်းစိမ်ချင်းလာပြိုင်နေတာလား
Vol. 29 Ch. 435
"ကျေးဇူးတင်ပါတယ်.. မစ္စတာကီမူရာနဲ့ မစ္စတာကျွယ်ကျင်းရှုန်း ခင်ဗျားတို့ရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ်။ အခုတော့ ပြန်လိုက်ဦးမယ်။ နောက်မှ ဒီလက်ဆောင်တွေယူဖို့ လူလွှတ်လိုက်မယ်"
ဤတစ်ကြိမ်မှာတော့ ကျန်းမုန့်လောင် တကယ်ကျေနပ်သွားသည်။
သူ့သူငယ်ချင်းတစ်ယောက်ချင်းစီက ကိုင်ဘွန်နိုင်ငံမှ အနည်းဆုံး ဟွာရှားယွမ်ငွေ သန်းပေါင်းများစွာတန်သော လက်ဆောင်များကို အရယူနိုင်ခဲ့ကြသည်။ ကားများနှင့် အိမ်များကို တောင်းဆိုခြင်းမှာ အခြေခံစံနှုန်းမျှသာဖြစ်၏။
ဘီလီယံနှင့်ချီသော ဆုံးရှုံးမှုများမှာ သူတို့အား ကြီးမားလှစွာသော နစ်နာမှုကို ဖြစ်စေခဲ့သည်။ သို့သော် ဂုဏ်ယူကြောင်း ပြသရန်အတွက် မျက်နှာအမူအရာကိုတော့ ထိန်းထားရဆဲပင်။
"မစ္စတာကျန်းကျေနပ်နေသရွေ့ ဒါတွေက အသေးအဖွဲလေးတွေပါ... အသေးအဖွဲလေးတွေပါ!"
"ကောင်းပြီ။ မိုင်ပေါင်းထောင်ချီဝေးတဲ့ သံယောဇဉ်က တစ်ချိန်ချိန်ကျရင် အဆုံးသတ်ရမှာပဲ။ အဲဒါကြောင့် ကျုပ်တို့ အခု ဟွာရှားကို ပြန်တော့မယ်။ နောက်မှပြန်ဆုံကြတာပေါ့!"
လေဆိပ်ရှိ ခရီးသည်များ၏ အကြည့်အောက်မှာပင် ကျန်းမုန့်လောင်၏ သူငယ်ချင်းများက ကြိုတင်ပြင်ဆင်ထားသည့် ကိုယ်ပိုင်လေယာဉ်ပေါ်သို့ တခမ်းတနား တက်သွားကြလေသည်။
"နောက်ဘဝအထိ ပြန်မတွေ့ရဖို့ မျှော်လင့်ပါတယ်"
နိုကီကီမူရာနှင့် ကျွယ်ကျင်းရှုန်းတို့က ပြုံးပြီး လက်ဝှေ့ယမ်းပြရင်း ခံစားချက်ပေါင်းစုံ ရောထွေးနေချေသည်။ နောက်ဆုံးတော့ ကျန်းမုန့်လောင်ပြန်သွားသဖြင့် စိတ်သက်သာရာရလိုက်သည်။
နိုကီကီမူရာက ချက်ချင်းဆိုသလို သူ့ဆက်သွယ်ရေးကိရိယာကို ထုတ်လိုက်သည်။
"နင်ဂျာဧကရာဇ် ကျွန်တော် ခင်ဗျားကိုပြောစရာရှိလို့။ ကျွန်တော် မြေအောက်နင်ဂျာအဖွဲ့အစည်းကထွက်ဖို့ စီစဉ်ထားတယ်... ဟုတ်ပါတယ်။ ကျွန်တော် လယ်စိုက်ဖို့တစ်နေရာလောက်ရှာမလို့"
ကျွယ်ကျင်းရှုန်းလည်း သက်ပြင်းချလိုက်မိသည်။
"အစိုးရအဖွဲ့ဝင်တို့.. ကျွန်တော် နုတ်ထွက်ချင်လို့ပါ။ အခုဆိုရင် ကျွန်တော်က အသက်လည်းကြီးနေပြီ။ မျိုးဆက်သစ်တွေကို အခွင့်အရေးပေးဖို့ အချိန်ရောက်ပြီလေ..."
...
"အဲဒီအဖွဲ့ထဲက ဥက္ကဋ္ဌကျန်းနဲ့တူတယ်!"
"သူတို့ပြန်ပြီလား"
"ကြည့်လိုက်ဦး။ အဲဒါ ကိုင်ဘွန်အစိုးရအဖွဲ့က မစ္စတာကျွယ်ကျင့်ရှုန်းမဟုတ်လား။ ပြီးတော့ သူ့ဘေးနားက ကျောက်ကပ်ချို့တဲ့နေပုံပေါက်တဲ့လူက ဘယ်သူလဲဟ"
"မသိဘူးလေ။ ဒါပေမဲ့ သူတို့ ဘာလို့သောကရောက်နေကြတာလဲ"
"မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့များလား"
"အဲဒါ မစ္စတာကျန်းနဲ့ဆိုင်မယ်ထင်တယ်"
"ယုံကြည်မှုရှိစမ်းပါ။ "ထင်တယ်"ဆိုတာကို ဖြုတ်လိုက်။ သူတို့မျက်လုံးထဲက မျက်ရည်တွေကို မမြင်ဘူးလား"
"သူတို့က မစ္စတာကျန်းနဲ့ မခွဲနိုင်မခွါရက်ဖြစ်နေတာလား"
....
မကြာခင်မှာပင် ကျန်းမုန့်လောင်တို့အဖွဲ့ ဟွာရှားကို ပြန်ရောက်လာခဲ့ကြသည်။ ကျန်းမုန့်လောင်လည်း လုရီယောင်၏ ရိုက်ကူးရေးနေရာကိုမသွားခင် သူ့သူငယ်ချင်းများကို အိမ်ပြန်ပို့ပေးဖို့ စီစဉ်ထားသည်။
ကျန်းမုန့်လောင်၏ရင်းနှီးမြုပ်နှံမှုကြောင့် "မနက်ဖြန်ရဲ့ရောင်နီဦး'အစီအစဉ်မှာ ရန်ပုံငွေအလျှံပယ်ဖြစ်သွားသည်။ သင်တန်းပေးသည့်နေရာကလည်း ကျန်းမုန့်လောင်ပိုင်သော အပန်းဖြေစခန်းဖြစ်ပြီး ယခုတစ်ခေါက်တွင် မီဒီယာကြော်ငြာနှင့် စျေးကွက်ချဲ့ထွင်ရေးတို့မှာ ကြုံတောင့်ကြုံခဲခမ်းနားလှချေသည်။
သို့သော် ကြည့်ရှုသူများကို စိတ်ပျက်စေသည့်အရာမှာ ဤSeasonတွင် စပွန်ဆာမရှိပေ။
အတွင်းလူများ၏ ပြောကြားချက်အရ စပွန်ဆာပေးသူက ကြော်ငြာများအားလုံးကို ဖယ်ရှားရန် တောင်းဆိုထားသော်ငြား ထိုအတွက်လည်း အလွန်များပြားလှသော စပွန်ဆာကြေးကို ပေးခဲ့သည်ဟု သိရ၏။
လူတိုင်း အံ့သြသွားကြရသည်။ စပွန်ဆာဆိုသည်မှာ အစီအစဉ်၏ရေပန်းစားမှုကို အသုံးပြု၍ ကြော်ငြာထုတ်သင့်သည်မဟုတ်လား။ လျှို့ဝှက်ဆန်းကြယ်သော ဤစပွန်ဆာက ဘာကြော်ငြာ၊ ဘာဘရန်းကိုမှ ပါဝင်ပတ်သက်ခွင့်မပေးပေ။
သူက ဘာလိုချင်တာလဲ?
ဒီကိစ္စက ဘာပိုက်ဆံမှ ဝင်စရာမရှိဘူးလေ!
ဒါက ပရဟိတသက်သက်လား။
ကျန်းမုန့်လောင်က ကိုင်ဘွန်နိုင်ငံသို့ ရောက်နေသဖြင့် လူတော်တော်များများက ဤဖြစ်ရပ်ကို သူနှင့် မချိတ်ဆက်မိကြပေ။ သို့သော် တချို့ကတော့ သံသယဖြစ်နေဆဲသာ။
ဟွားယဲ့ဟုခေါ်သော ပုဂ္ဂိုလ်မှာ လွန်ခဲ့သည့်နှစ်နှစ်ကျော်က ဟွာရှားနိုင်ငံမှာ အလွန်နာမည်ကြီးသော ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်ပင်။ သူ့ကျော်ကြားမှုက ကျန်းမုန့်လောင်နှင့် ဝမ်လင်တို့လောက် မမြင့်မားပေ။ အကြောင်းမှာ သူက အလွန်သိုသိုသိပ်သိပ်နေတတ်သောကြောင့်ပင်။ သူ့ကို နာမည်ကြီးစေခဲ့သောကိစ္စမှာ လွန်ခဲ့သည့်တစ်နှစ်ခန့်က သူ့ပိုင်ဆိုင်မှုဒေါ်လာ၁၂၀ဘီလီယံကြောင့် ဟွာရှားနိုင်ငံရှိ အသက်သုံးဆယ်အောက် ဘီလျံနာစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိခဲ့ခြင်းပင်။
သူသည် အင်္ဂလန်မှ ပညာတော်သင်ပြန်လာပြီးနောက် အသက်၂၄နှစ်တွင် နိုင်ငံ၏အကြီးဆုံးအွန်လိုင်းပညာရေးအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သည်။ သုံးနှစ်ကြာ လည်ပတ်ပြီးနောက် ထိုကုမ္ပဏီမှာ စတင်တည်ထောင်ရာမှ လူသိရှင်ကြားစာရင်းဝင်ကုမ္ပဏီတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ့ကိုယ်ပိုင်စွမ်းရည်များမှာ အလွန်ထူးခြားပြီး မိသားစုနောက်ခံကလည်း ထူးခြားလွန်းလှ၏။ သူ့မိသားစုက ဟွာရှားနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်တစ်ခုလုံးကို လွှမ်းမိုးထားသဖြင့် သြဇာအာဏာညောင်းသည့်အပြင် ချင်းဖုန်းနှင့် ညစာအတူစားနေတာကိုပါ မြင်ခဲ့ရသည်ဟု ဆိုကြသည်။
ချင်းဖုန်းက ဘယ်သူလဲ။ သူ့မိသားစု၏အကြီးအကဲမှာ အောင်နိုင်သူတစ်ယောက်ဖြစ်၏။ ဟွာရှားနိုင်ငံမှာ ချမ်းသာသော မိသားစုများ ရှိကောင်းရှိနိုင်သော်လည်း သူ့ထံမှ လေးစားခံရသူဟူ၍ တစ်ယောက်မှမရှိပေ။ ထို့ကြောင့်လည်း ဟွားယဲ့၏မိသားစုနောက်ခံက ပိုဆန်းကြယ်နေခြင်းပင်။
နောက်မှသာ လူတော်တော်များများက သူ့အထောက်အထားကို စတင်စုံစမ်းကြသည်။ သူတို့ စူးစမ်းဖော်ထုတ်လေလေ ရှာဖွေတွေ့ရှိချက်များက ပိုကြောက်စရာကောင်းလေလေပင်။ ဟွားမိသားစု၏ ဩဇာလွှမ်းမိုးမှုမှာ ထင်မှတ်မထားလောက်အောင် ကျယ်ပြန့်လေသည်။ အထူးသဖြင့် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က သူတို့သည် ဟွာရှားနိုင်ငံတွင် အဆင့်အတန်းမြင့်မားပြီး ပြောင်မြောက်သောအသွင်ကို ထုတ်ဖော်ပြသခဲ့သည်။
သို့သော် အကြောင်းပြချက်တချို့ကြောင့် လွန်ခဲ့သည့်ဆယ်နှစ်ကျော်တုန်းက သူ့မိသားစုဝင်များမှာ အများရှေ့မှ ရုတ်တရက်ပျောက်သွားခဲ့သည်။ သူတို့၏ သြဇာအာဏာနှင့် ကြွယ်ဝချမ်းသာမှုတို့က မပျက်မစီးဘဲ ဆက်ရှိနေသေးသော်ငြား သာမန်လူများ သူတို့အကြောင်းကို မသိနိုင်လောက်သည့် အခြေအနေအထိ အနေအထိုင်သိုသိပ်သွားခဲ့သည်။ လူတော်တော်များများကတော့ သူတို့၏ ဖြစ်တည်မှုကိုပင် မေ့လျော့ကုန်ကြသည်။
ထိုအချိန်တုန်းကတော့ သူတို့၏အဆင့်အတန်းမြင့်မားမှုကြောင့် အထက်က သတိထားခဲ့ရသည်ဟု မှန်းဆ
ခဲ့ကြသည်။
ခန့်မှန်းခြေစာရင်းဇယားများအရ ဟွားမိသားစု၏ ခန့်မှန်းခြေပိုင်ဆိုင်မှုမှာ အမေရိကန်ဒေါ်လာငါးရာဘီလီယံထက် ပိုများနိုင်သည်ဟု သိရ၏။
ယခုတစ်ခေါက် 'မနက်ဖြန်ရဲ့ရောင်နီဦး'အစီအစဉ်၌ ပါဝင်ယှဉ်ပြိုင်သူအယောက်တစ်ရာထဲက တစ်ယောက်မှာ ဟွားယွီဟွမ်ဖြစ်သည်။ ပါပါရာဇီတစ်ယောက်မှာ ဟွားယဲ့က ရိုက်ကွင်းထဲရှိ ဟွားယွီဟွမ်ထံသို့ အလည်အပတ်ရောက်လာသည်ကို မြင်သောအခါ ဓာတ်ပုံရိုက်ယူထားလိုက်သည်။ အစကတော့ သူသည် ဤအရာကို အရေးကြီးကိစ္စတစ်ခုဟု ထင်ခဲ့မိသော်လည်း ဟွားယဲ့က သူ(မ)၏အစ်ကိုဖြစ်ကြောင်း နောက်မှအတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် ခန့်မှန်းရန် လွယ်ကူသွားသည်။ သူ့ချစ်ညီမလေးက ဤရှိုးတွင်ပါဝင်ထားသောကြောင့် ဟွားယဲ့ကလည်း ကြော်ငြာမပါဘဲ စပွန်ဆာအတွက် ငွေအမြောက်အများသုံးစွဲခဲ့ပြီး သူတို့မိသားစု၏အခြေအနေနှင့် မကိုက်ညီသော ကြော်ငြာများကို ဖယ်ရှားခဲ့သည်။ အဓိပ္ပါယ်ရှိ၏။
"တောင်းပန်ပါတယ် ဆရာ.. အထဲကိုဝင်လို့မရပါဘူး!"
ကျန်းမုန့်လောင် ရိုက်ကူးရေးနေရာ၏ ဝင်ပေါက်သို့ရောက်သောအခါ လုံခြုံရေးများက သူ့ကို အလျင်အမြန်တားလိုက်သည်။
"ငါက ကိုယ့်အိမ်ကိုလာတိုင်း အကြောင်းကြားနေရဦးမှာလား"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ခင်ဗျား... ခင်ဗျား... မစ္စတာကျန်းမုန့်လောင်လား"
"မင်းရဲ့အမြင်အာရုံက မဆိုးသေးဘူးပဲ"
ကျန်းမုန့်လောင် တဟားဟားရယ်လိုက်လေသည်။
"တောင်းပန်ပါတယ် မစ္စတာကျန်း.. ကျွန်တော် ခုနက မစ္စတာကျန်းကို မမှတ်မိလိုက်လို့ပါ"
လုံခြုံရေးက သူဖြတ်သွားနိုင်အောင် လမ်းဖယ်ပေးရင်း ထပ်ဖြည့်ပြောလာသည်။
"တခြားလူတွေကို တားချင်တားလို့ရတယ်။ ကျန်းမုန့်လောင်ကိုတော့ လုံးဝတားလို့မဖြစ်ဘူးလို့ ကျွန်တော်တို့ကို အမိန့်ပေးထားပါတယ်"
...
"ငါတော့ ပင်ပန်းလွန်းလို့သေတော့မယ်"
"ဟုတ်ပါ့.. ရှိုးတစ်ခုရိုက်ရတာ ဒီလောက်ပင်ပန်းလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
"အမှန်ပဲ။ ပထမဆုံးတင်ဆက်မှုကတော့ ပြီးသွားပြီ။ နောက်ဆုံးတော့ ငါတို့ ရက်ပိုင်းလောက် ကောင်းကောင်းနားလို့ရပြီ"
"ငါ့ကို လာမနှောင့်ယှက်နဲ့။ မနက်ဖြန်ကျရင် ငါ ရှယ်အိပ်ပစ်မှာ"
မိန်းကလေးတစ်စုက ရှိုး၏ အသံသွင်းခန်းထဲမှ ထွက်လာကြသည်။ လုရီယောင်ကလည်း သူ(မ)နှင့် ဆက်ဆံရေးအဆင်ပြေသည့် ပြိုင်ပွဲဝင်များကို နှုတ်ဆက်ပြီးနောက် အဆောင်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ကူစူးတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော ကျန်းမုန့်လောင်၏ဖြစ်ရပ်က ဟိုးလေးတကြော်ကြော်ဖြစ်သွားသော်ငြား မကြာခင်မှာပင် သတင်းများကို ပြန်ဖြုတ်ချပြီး လုရီယောင်နှင့်ပတ်သက်သော သတင်းအချက်အလက်အားလုံးကိုလည်း ဖျက်ပစ်ခဲ့သည်။ ထို့ကြောင့် ရင်းနှီးသူတချို့ကလွဲလျှင် သူ(မ)က ကျန်းမုန့်လောင်၏ ချစ်သူဖြစ်ကြောင်း မည်သူမှ မသိကြပေ။
"ဘယ်သူလဲ မှန်းကြည့်"
အခန်းထဲသို့ ဝင်လိုက်သည်နှင့် လုရီယောင်ကို လက်မောင်းတစ်စုံက အနောက်မှ ပွေ့ဖက်ထားလေသည်။
"အာ? နင် ဘယ်တုန်းက ပြန်ရောက်တာလဲ"
လူမမြင်ရရင်တောင် ကျန်းမုန့်လောင်၏ ကိုယ်သင်းရနံ့ကို လုရီယောင် မှတ်မိသည်။
"အခုပဲ ပြန်ရောက်တာ"
ကျန်းမုန့်လောင်က သူ(မ)၏လည်တိုင်ကို အနမ်းခြွေလိုက်သည်။
"ရပ်လိုက်။ ငါ အခုမှ ဖျော်ဖြေမှုလုပ်လာတာ။ တစ်ကိုယ်လုံးချွေးတွေချည်းပဲ"
လုရီယောင်က ကျန်းမုန့်လောင်၏ ပွေ့ဖက်မှုမှ ရုန်းထွက်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ငါက သဘာဝအနံ့လေးကို သဘောကျတယ်"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"ပြီးတော့ ဒီအခန်းထဲက ရေချိုးခန်းကလည်း ကျယ်ပါတယ်။ ငါ မင်းကို ကျောတိုက်ပေးမယ်လေ"
နှစ်နာရီကြာသော်
လှုပ်ရှားမှုတချို့လုပ်ပြီးနောက် ကျန်းမုန့်လောင်နှင့် လုရီယောင်တို့နှစ်ယောက် အရသာရှိသော ညစာကို အတူစားခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်နှာထက်တွင်မူ စိတ်ကျေနပ်မှုများဖြင့် ပြည့်နှက်နေသည်။
"ဒီဆယ်ရက်အတွင်း ဘယ်လိုအခြေအနေရှိလဲ"
ကျန်းမုန့်လောင် မေးကြည့်လိုက်၏။
"မဆိုးပါဘူး"
လုရီယောင်ကလည်း ပြန်ဖြေလိုက်သည်။
"ဒီရက်တွေအတွင်း ငါ သူငယ်ချင်းတချို့ရထားတယ်။ သူတို့တွေက အရမ်းတော်ကြတာပဲ။ သီချင်းလည်း ဆိုတတ်တယ်။ ကလည်း ကတတ်တယ်။ တချို့ဆိုရင် ကျွမ်းဘားတောင် ကစားတတ်တယ်"
"မင်းလည်း မဆိုးပါဘူး"
ကျန်းမုန့်လောင် ပြုံးလိုက်လေသည်။ ထိပ်တန်းဆရာနှစ်ယောက်ထံမှ သင်ကြားလေ့လာထားသည့်အတွက် လုရီယောင်လည်း ပြိုင်ပွဲဝင်များအကြား အားအကောင်းဆုံး အဆိုရှင်ဟု သတ်မှတ်နိုင်သည်။
"ဒီနေ့ မင်း ပထမဆုံးအကြိမ် ဖျော်ဖြေခဲ့ရတယ်ဆို"
"ဟုတ်တယ်"
လုရီယောင်က ဆိုလာလေသည်။
"ဒီတစ်ခေါက် သူတို့တွေက ပြိုင်ပွဲဝင်သုံးပုံတစ်ပုံလောက် ဖြုတ်မှာတဲ့"
"ဒါဆို မင်းက ပထမရမှာသေချာတယ်"
ကျန်းမုန့်လောင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
"အဲဒါတော့ မဟုတ်ဘူး"
လုရီယောင် ရယ်လိုက်မိသည်။
"ဒီတစ်ခေါက် လူတိုင်းမှာ ပင်ကိုယ်အရည်အချင်းတွေ ရှိကြတယ်။ ငါက သီချင်းဆိုတာကောင်းပေမဲ့ အကပိုင်းမှာ အားနည်းတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်အတွက် အဆိုအုပ်စုကို ရွေးချယ်ခဲ့တာမို့လို့ သိပ်တော့မဆိုးပါဘူး"
"မနက်ဖြန်ရဲ့ရောင်နီဦး"အစီအစဉ်မှာ ဒိုင်များနှင့် ကြည့်ရှုသူများမှပေးထားသော အမှတ်များကို ပေါင်းပြီးမှ ရလဒ်ထုတ်ပြန်သည်။ နောက်ဆုံးနေရာကိုလည်း ကြည့်ရှုသူများနှင့် ဒိုင်များမှ ရွေးချယ်ဆုံးဖြတ်မည်သာ။
ထို့ကြောင့် ပြိုင်ပွဲဝင်တစ်ယောက်၏ ကျော်ကြားမှုက သူတို့၏အဆင့်ကို ဆုံးဖြတ်ပေးပြီး တကယ့်အရည်အချင်းအစစ်မှာ သိပ်အရေးမပါချေ။
"စိတ်မပူပါနဲ့။ ငါ မင်းအတွက် စစ်ဆေးပေးမယ်"
ကျန်းမုန့်လောင်က ဟုန်းရီကို ဖုန်းဆက်လိုက်သည်။
"ဟုန်းရီ .. "မနက်ဖြန်ရဲ့ရောင်နီဦး"အစီအစဉ်ရဲ့ ပထမဆုံးဖျော်ဖြေပွဲအတွက် ရလဒ်ကို စုံစမ်းပေးလို့ရမလား"
"မစ္စတာကျန်း... မိန်းကလေးလုက လက်ရှိမှာ ဒုတိယနေရာ ရထားပါတယ်"
"ဒုတိယလား။ မဆိုးပါဘူး"
ကျန်းမုန့်လောင် ရယ်လိုက်မိသည်။
"ဒါပေမဲ့ မစ္စတာကျန်း...ပထမနေရာရထားတဲ့သူရဲ့ မဲအရေအတွက်က တစ်ခုခုထူးဆန်းနေပါတယ်"
"ဟမ်"
ကျန်းမုန့်လောင် မျက်လုံးမှေးကျဉ်းလိုက်မိသည်။ တစ်စုံတစ်ယောက်က လုရီယောင်ကို အရည်အချင်းအစစ်အမှန်ဖြင့် အနိုင်ယူခဲ့ပါက သူ စိတ်ထဲမထားပေ။ သို့သော် အကယ်၍ မသမာသောနည်းလမ်းများ သုံးထားပါက...
"ပထမနေရာရထားတဲ့ မိန်းကလေးက ယွားယဲ့ပါ။ သူက မိန်းကလေးလုထက် မဲအရေအတွက်နှစ်သိန်းလောက် သာနေပါတယ်။ ပြီးတော့ ဒီမဲအရေအတွက်တော်တော်များများက အဖွဲ့အစည်းတစ်ခုက ဝယ်ထားတာပါ"
"အိုး?"
ကျန်းမုန့်လောင် လှောင်ပြုံးပြုံးလိုက်မိသည်။
"မဲဝယ်ထားတာလား။ သူတို့က ဘယ်သူ့မှာ ပိုက်ဆံပိုရှိလဲလို့ လာပြိုင်ချင်နေတာလား"