← Chapters

အခန်း (၄၂၆)

Vol. 29 Ch. 426

အခန်း (၄၂၆)

Vol. 29 Ch. 426

"ခင်ဗျား ဘာပြောလိုက်တာလဲ"

နိုကီကီမူရာခမျာ အံ့သြမှင်တက်သွားလေသည်။ ကျန်းမုန့်လောင်၏ အခန်းဖော်များလည်း အလားတူပင်။

ကောင်းဂျီဓားဆိုသည်မှာ သုံးလက်မကြေးမုံနှင့် သုံးလက်မကျောက်စိမ်းတုံးတို့နှင့်အတူ ကိုင်ဘွန်နိုင်ငံ၏ ဂမ္ဘီရလက်နက်သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်၏။ ၎င်းတို့မှာ တော်ဝင်မိသားစု၏ အထွတ်အမြတ်အမွေအနှစ်များအဖြစ် သတ်မှတ်ခံထားရသည်။

ကိုင်ဘွန်နိုင်ငံ၏ ရိုးရာပုံပြင်များတွင်လည်း ဤလက်နက်သုံးမျိုးနှင့်ပတ်သက်သည့် ဇာတ်လမ်းပေါင်းများစွာရှိပြီး အခြားနိုင်ငံများတွင်လည်း ထင်ရှားကျော်ကြားလှသည်။

သို့သော် ယနေ့ထိတိုင် ဤလက်နက်သုံးမျိုးကို လူသိရှင်ကြား ထုတ်ဖော်ပြသဖူးခြင်းမရှိပေ။ ထိုအရာများ အမှန်တကယ်ရှိမရှိဆိုသည်မှာမူ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။

အကယ်၍ မရှိခဲ့ပါက ကျန်းမုန့်လောင်၏ တောင်းဆိုမှုမှာ လုံးဝအဓိပ္ပာယ်မရှိသော အရာပင်။

သို့သော် အမှန်တကယ်ရှိနေသည်ဆိုလျှင်ပင် ဤအရာများမှာ နိုင်ငံ့ရတနာများပင်။ ဤအရာများသည် နိုင်ငံတစ်နိုင်ငံရှိ တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာနှင့် သန့်စင်မြင့်မြတ်မှုကို ကိုယ်စားပြုနေပေသည်။ ထိုကဲ့သို့သော ဂမ္ဘီရလက်နက်ကိုသုံး၍ သိုးသားကောင်လုံးကင်ကို လှီးဖြတ်ချင်သည်တဲ့လား။ ကံကြမ္မာ၏ဒဏ်ခတ်မှုကို သူ မကြောက်ဘူးလား။

စတုရန်းပုံစံကောင်းကင်ဘုံလှံတံနဲ့ ခေါင်းရိတ်ပြီး ရွှမ်းယွမ်ဓားနဲ့သာ လက်သည်းညှပ်ပါတော့လား...

အကယ်၍ အဓိပ္ပါယ်မရှိသည့် တောင်းဆိုမှုတစ်ခုကို ပြုလုပ်မည်ဆိုလျှင်ပင် အနည်းဆုံးတော့ ဖြစ်နိုင်ချေရှိရဦးမည်မဟုတ်လား။

"ကျုပ်က ခင်ဗျားတို့ရဲ့ ကောင်းဂျီဓားကို ခဏငှား‌ပေးဖို့‌ ပြောတာပါ။ ကောင်းဂျီဓားက အရမ်းထက်ရှတယ်လို့ ကြားဖူးတယ်‌လေ။ အသားလှီးတာပဲဖြစ်ဖြစ် ဆယ်လမွန်လှီးတာပဲဖြစ်ဖြစ် တော်တော်အဆင်ပြေလိမ့်မယ်ထင်တယ်"

ကျန်းမုန့်လောင်က ဆိုသည်။

"လောင်ကျန်း မင်း နည်းနည်းများသွားပြီ ထင်တယ်နော်"

"မင်း ကိုယ့်ပါးစပ်ကိုယ် မတော်တဆဖြတ်မိမှာ မကြောက်ဘူးလား"

"ဒီလိုကိစ္စမျိုးအတွက် ဒီလက်နက်ကိုသုံးတာက တအားမလွန်ဘူးလား"

အခန်းဖော်များက ခပ်တိုးတိုးပြောနေကြသည်။

"ပြီးတော့လည်း ဒီပစ္စည်း တကယ်ရှိမရှိဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"အဲဒါက ဂမ္ဘီရလက်နက်တစ်ခုဆိုရင်တောင် ကိရိယာတစ်ခုပဲမဟုတ်လား။ ဟွာရှားနိုင်ငံရဲ့ အကြီးမြတ်ဆုံး ဂမ္ဘီရလက်နက်တွေထဲက တစ်ခုဖြစ်တဲ့ ထိုက်အာဓားအကြောင်း မင်းတို့သိကြလား"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"အင်း သိတယ်"

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

"အဲဒီဓားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လေလံပွဲတစ်ခုမှာပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဝယ်ယူသူတစ်ယောက်က ဝယ်သွားတယ်တဲ့။ အဲဒီဝယ်သူကလည်း နှစ်ပေါင်းများစွာကြာတဲ့အထိ ပျောက်သွားတယ်လို့ ကြားဖူးတယ်"

"အဲဒါကို ငါ့အဖေ ဝယ်ထားတာ"

ကျန်းမုန့်လောင် ပြောလိုက်သည်။

"အခုတော့ အဲဒီဓားကို ငါတို့ရဲ့လယ်ကွင်းတစ်ကွင်းမှာ ထင်းခုတ်ဖို့အတွက် သုံးနေတာ"

"မနှစ်တုန်းက ငါ နာရီတစ်လုံးဝယ်ခဲ့တယ်"

"မင်း နတ်ဘုရားတွေရဲ့ အမျက်ဒေါသကို မကြောက်ဘူးလား"

"သောက်ကျိုးနည်း..."

"ယဉ်ကျေးမှုအမွေအနှစ်ဌာနကသာ မင်းလုပ်ခဲ့တာတွေကိုသိရင် ထောင်ထဲမှာ 'လက်ဖက်ရည်သောက်'ဖို့ ဖိတ်ခေါ်ခံရလိမ့်မယ်"

စွန်းယွီလဲ့က ပြောလိုက်လေသည်။ ရှေးဟောင်းလက်နက်များကို အလွန်ရိုသေလေးစားသူတစ်ယောက်အနေနှင့် ကျန်းမုန့်လောင်၏ လုပ်ရပ်များမှာ သူ့အတွက်တော့ အလွန်တရာ ရွံရှာစက်ဆုပ်ဖွယ်ရာပင်။

"ဆောရီး"

ကျန်းမုန့်လောင်က ပခုံးတွန့်ပြလျက် ဆိုလာလေသည်။

"ဒါပေမဲ့ ဒီပစ္စည်းက အစကတည်းက ငါတို့မိသားစုပိုင်ပစ္စည်းပဲ"

စွန်းယွီလဲ့ : "???"

"မင်းက ခန်ကျန်း မော့ယဲ့ ဒါမှမဟုတ် အိုးယန်ကျီတို့ရဲ့မျိုးဆက်လား"

သူတို့သုံးယောက်သား မေးခွန်းထုတ်လိုက်ကြသည်။ သို့သော် ထိုရှေးဟောင်းလက်နက်ပညာရှင်ကြီးများမှာ ကျန်းမျိုးရိုးမဟုတ်ကြပေ။

"မဟုတ်ဘူး။ ဒါပေမဲ့ ငါ့ဘိုးဘေးတွေထဲက တစ်ယောက်ကတော့ သူတို့ရဲ့ဆရာပဲ။ ဂမ္ဘီရဓားဆယ်ချောင်းလုံးကို ငါ့ဘိုးဘေးတွေရဲ့ လမ်းညွှန်မှုနဲ့ သွန်းလုပ်ခဲ့တာ။ ကုန်ကြမ်းပစ္စည်းတွေကိုလည်း သူပဲထောက်ပံ့ပေးခဲ့တာ။ ဒီတော့ ဒါတွေက ငါတို့မိသားစုပိုင်ပစ္စည်းတွေပဲ မဟုတ်ဘူးလား"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ခဏနေဦး။ သူ့မိသားစုပိုင်တဲ့ တားမြစ်မြို့တော်အာအိစင်ဂျီရိုပူရီကို သွားမေးကြည့်လိုက်လေ။ ဒါပေမဲ့ အဲဒီတားမြစ်မြို့တော်ထဲကိုဝင်ရင် သူလည်း လက်မှတ်ဝယ်ရတာပဲမလား"

"အဲဒါက ချင်မင်းဆက်ပျက်သုဉ်းသွားလို့လေ"

ကျန်းမုန့်လောင် ရယ်မောလိုက်မိသည်။

"ငါ့မိသားစုက ချင်မင်းဆက်မဟုတ်ဘူးလေ။ ထားလိုက်ပါတော့.. ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ နားလည်မှာမဟုတ်ဘူး"

ကျန်းမုန့်လောင်က နိုကီကီမူရာဘက်သို့ လှည့်လိုက်၏။

"မစ္စတာကီမူရာ..သိုးသားကင်လှီးဖို့အတွက် ဓားလေးတစ်ချောင်းငှားရတာလောက်ကိုတော့ ခင်ဗျား တွန့်တိုလိမ့်မယ်လို့ မထင်ဘူး။ ဟုတ်တယ်မလား"

"ဒါ..."

နိုကီကီမူရာမှာ ဤကိစ္စကို ဆုံးဖြတ်ပိုင်ခွင့်မရှိပေ။

အမှန်စင်စစ်တွင် ကောင်းကျီဓားသာမက အခြားလက်နက်နှစ်မျိုးလည်း အမှန်တကယ်တည်ရှိသည်။

ကောင်းကျီဓားမှာ အထင်ကရလက်နက်ကောင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ဟွာရှားနိုင်ငံမှ ကိုင်ဘွန်နိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထိုလက်နက်မှာ ရှေးဟောင်းဟွာရှားလူမျိုးတို့၏ လက်နက်ဖန်တီးရေးစံချိန်စံနှုန်းများဖြင့် ပြုလုပ်ထားသော ဂမ္ဘီရလက်နက်တစ်ခုဖြစ်ပြီး အဆင့်လေးလက်နက်တစ်မျိုးအဖြစ် သတ်မှတ်ခံထားရသည်။

၎င်းမှာ ကိုင်ဘွန်နိုင်ငံ တော်ဝင်မိသားစု၏ သင်္ကေတတစ်ခုအဖြစ် အမြဲတစေရှိနေခဲ့ပြီး အမြင့်မြတ်ဆုံးသော ဧကရာဇ်အာဏာကို ကိုယ်စားပြုနေခြင်းပင်။

တော်ဝင်မိသားစုထဲ၌ လက်ရှိ သိမ်းဆည်းထားသော ကောင်းကျီဓားက တကယ်တော့ အတုကြီးပင်။ တကယ်တမ်းတွင် ကောင်းကျီဓားသည် ကိုင်ဘွန်နိုင်ငံရှိ နင်ဂျာဧကရာဇ်၏ လက်နက်အဖြစ် နင်ဂျာဧကရာဇ်နားတွင် အမြဲရှိနေခဲ့သည်။

နင်ဂျာဧကရာဇ်က ထိုအရာကို အစွမ်းထက်ဆုံး အပေါင်းအသင်းနှင့် အမြင့်မြတ်ဆုံးသော ဂုဏ်သရေတော်အဖြစ် မှတ်ယူထားသည်။ သို့ဖြစ်လေရာ သူသည် ထိုဓားကို သိုးသားလှီးရန်အတွက်နှင့် ကျန်းမုန့်လောင်အား ငှားပေးဖို့ မည်သို့ဖြစ်နိုင်မည်နည်း။

"မစ္စတာကျန်း.. အမှန်အတိုင်းပြောရမယ်ဆိုရင် ကောင်းကျီဓားဆိုတာ တကယ်မရှိပါဘူး။ အဲဒါက ကျွန်တော်တို့ ကိုင်ဘွန်နိုင်ငံရဲ့ ရှေးဟောင်းဒဏ္ဍာရီတစ်ခုပါ"

နိုကီကီမူရာက မြန်မြန်ဆန်ဆန် ရှင်းပြလိုက်သည်။

"မစ္စတာကီမူရာ.. ခင်ဗျားက ကျုပ်ကို ပညာမတတ်တဲ့လူလို့ ထင်နေတာလား"

ကျန်းမုန့်လောင်လည်း အနည်းငယ်ဒေါသထွက်ကာ ပြောလိုက်မိသည်။

"ကျုပ်က ဘွဲ့လွန်တက်နေတုန်းပဲဆိုပေမဲ့ အချက်အလက်နဲ့ ထောက်လှမ်းရေးအပိုင်းမှာတော့ ကျုပ်တို့မိသားစုက မသိတာ လုံးဝမရှိဘူး"

"ကျုပ်ထင်တာသာ မမှားရင် ခင်ဗျား ဒီနေ့ ဝတ်ထားတဲ့ အတွင်းခံဘောင်းဘီက ပန်းရောင်ပဲ"

"ခင်ဗျား ဘယ်လိုလုပ်သိ..."

နိုကီကီမူရာခမျာ သတိလက်လွတ် ထုတ်ပြောမိသွားပြီး သူ့ပါးစပ်သူ ပိတ်ပစ်ချင်မိသည့်အချိန်မှာတော့ နောက်ကျသွားလေပြီ။

၎င်းမှာ အကြီးမားဆုံးသော သူ့ထူးခြားချက်များထဲမှ တစ်ခုဖြစ်၏။ သူနှင့် အရင်းနှီးဆုံးလူများကလွဲ၍ အခြားမည်သူကမှ ထိုအကြောင်းကို သိမည်မဟုတ်ပေ။ ကျန်းမုန့်လောင်က ဤအကြောင်းကို ဘယ်လိုလုပ်သိနိုင်မည်နည်း။

"မစ္စတာကျန်း.. ခင်ဗျား ဒီလိုကိစ္စမျိုးကို ခင်ဗျား ဘယ်လိုလုပ်ပြီး နောက်ရတာလဲ။ ကျွန်တော်က ယောကျ်ားစစ်စစ်ပါဗျ။ ပန်းရောင်အတွင်းခံကို ဘာလို့ဝတ်ရမှာလဲ"

နိုကီကီမူရာက ခပ်တည်တည်ဖြင့် ပြောလိုက်လေသည်။

သို့သော် သူ့တုံ့ပြန်ပုံကြောင့် ​ဖြေရှင်းချက်အားလုံးမှာ မထိရောက်တော့ပေ။

"ဟုတ်ပါပြီ။ ရှင်းပြစရာမလိုတော့ပါဘူး။ ကျွန်တော်တို့ ခင်ဗျားကိုယုံပါတယ်။ ခင်ဗျား ယောကျာ်းစစ်စစ်ကြီးပါ"

"ကျစ်ကျစ်ကျစ် ထင်မထားဘူး!"

"ဒီတော့ ခပ်တောင့်တောင့်ယောကျ်ားတွေက ဒီလိုအရောင်မျိုးကို သဘောကျကြတာကိုး"

ထိုအချိန်မှာ နိုကီကီမူရာခမျာ တွင်းတစ်တွင်းထဲ ဝင်ပုန်းချင်စိတ်ပေါက်သွားရသည်။

"မစ္စတာကီမူရာ.. ကျုပ်သိသလောက်ဆိုရင် ကောင်းကျီဓားက ခင်ဗျားတို့နင်ဂျာဧကရာဇ်နားမှာတင် ရှိတယ်နော်။ ခင်ဗျား ကျုပ်ကို ငှားမပေးချင်ဘူးဆိုရင်လည်း ကျုပ်ဘာသာ ဖုန်းဆက်လိုက်မယ်"

ကျန်းမုန့်လောင်က ဖုန်းထုတ်၍ စတင်ကိုင်တွယ်လေတော့သည်။

"လာနောက်နေတာမလား"

နိုကီကီမူရာခမျာ နားမလည်နိုင်ဖြစ်သွားရသည်။ သူတို့၏နင်ဂျာအဖွဲ့အစည်းထဲတွင် စမတ်ဖုန်းကဲ့သို့သော ကိရိယာများကို မသုံးပေ။

အလွန်လျှို့ဝှက်သော မစ်ရှင်တစ်ခုလုပ်နေတုန်း ဖုန်းက ရုတ်တရက်ထမြည်လာတာမျိုး သို့မဟုတ် လျှပ်စစ်သံလိုက်လှိုင်းက ရန်သူ၏အာရုံစိုက်မှုကို ဆွဲဆောင်လိုက်တာမျိုး ဖြစ်ခဲ့ပါက ပြဿနာများရပေလိမ့်မည်။

"ကျုပ်ရဲ့ဖုန်းက လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ကြိမ်နှုန်းကို အာရုံခံနိုင်တယ်"

ကျန်းမုန့်လောင် တဟားဟားရယ်လိုက်သည်။

"အဲဒီလူနားမှာ ဆက်သွယ်ရေးကိရိယာတစ်ခုခုရှိနေသရွေ့ ဒီကမ္ဘာပေါ်မှာ ကျန်းမုန့်လောင် ဆက်သွယ်လို့မရတဲ့လူဆိုတာ လုံးဝမရှိဘူး"

မြေအောက်နင်ဂျာဌာနချုပ်တွင် နင်ဂျာဧကရာဇ်က ထိပ်တန်းနင်ဂျာများကို လေ့ကျင့်ပေးနေစဉ် သူ့ဆက်သွယ်ရေးကိရိယာက အနည်းငယ်တုန်ခါလာသည်။ သို့သော် ဤကြိမ်နှုန်းမှာ သူသိထားသည့်လူထံမှ မဟုတ်ချေ။

ခဏမျှတွေဝေသွားပြီးနောက် အဆုံးမှာတော့ ဖုန်းကိုင်လိုက်သည်။

"ခင်ဗျား နားထောင်နေလား။ ဘာလုပ်နေတာလဲ။ ကျုပ်ကို ကောင်းကျီဓားလေး ငှားပေးစမ်းပါ"

လူငယ်တစ်ယောက်၏အသံက ဆက်သွယ်ရေးကိရိယာထဲမှ ထွက်လာသည်။

"မင်းက ဘယ်သူလဲ"

နင်ဂျာဧကရာဇ်လည်း နားမလည်နိုင်ဖြစ်သွားရသည်။ ပုံမှန်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ရမည်မဟုတ်လား။

"သြော် ကျုပ်နာမည်က အိုကာဒါခါဇီပါ။ ခင်ဗျားက အိုကာဒါခါဇူအိုမလား"

"ကျုပ်က အိုကာဒါခါဇူအိုပဲ"

နင်ဂျာဧကရာဇ်လည်း အထိတ်တလန့်ပြန်ပြောလိုက်မိပြီးမှ ကိုယ့်အမှားကို သတိထားလိုက်မိသည်။

"မင်းက ကျန်းမုန့်လောင်လား"

"ဟားဟား ဆောရီး..ကျုပ် ခင်ဗျားနာမည်ကို မှားခေါ်လိုက်မိတယ်"

ကျန်းမုန့်လောင် ရယ်နေချေသည်။

"ကျွန်တော်က အခု ခင်ဗျားတို့ဗီလာမှာ ညစာစားနေတာ။ သိုးသားလှီးဖို့အတွက် ကောင်းကျီဓားလေး ငှားချင်လို့"

ကျန်းမုန့်လောင်.. မင်း ငါတို့ကိုင်ဘွန်နိုင်ငံကို..."

နင်ဂျာဧကရာဇ်လည်း ဒေါသကို အမြန်မျိုသိပ်လိုက်ရသည်။ ကျန်းမုန့်လောင်က သူ့မိသားစုပိုင်ဗီလာတွင် တည်းနေကြောင်း သူသိထားသည်။ ဤသည်မှာ သူ့အတွက်တော့ စော်ကားမှုတစ်ခုပင်။

ယခုလည်း သူက သိုးသားလှီးဖို့ ကောင်းကျီဓားကို တောင်းနေပြန်လေပြီ။ သူသည် နင်ဂျာဧကရာဇ်ဖြစ်၏။ သူ့မှာ သိက္ခာမရှိတော့ဘူးလား?

"မငှားပေးဘူးလား"

ကျန်းမုန့်လောင် ရယ်လိုက်ပြန်သည်။

"ကောင်းပြီလေ။ ခင်ဗျား မငှားပေးချင်ဘူးဆိုရင်လည်း ချိုးကျီကျွန်းမှာ ခင်ဗျားတို့ဌာနချုပ်ရှိတယ်ဆိုတာ ကျုပ်သိတယ်။ ခဏနေရင် အဲဒါကိုဖျက်ဆီးဖို့ ကျုပ် လူလွှတ်လိုက်မယ်လေ"

"မင်း! ဘယ်လိုလုပ်သိတာလဲ"

နင်ဂျာဧကရာဇ် ထိတ်လန့်သွားလေသည်။ သူတို့၏ဌာနချုပ်တည်နေရာကို မြေအောက်နင်ဂျာများသာ သိထားကြသည်။ ကိုင်ဘွန်အစိုးရအဖွဲ့ထဲမှာပင် လက်တစ်ဆုပ်စာလောက်သာ ထိုအကြောင်းကို သိထားကြ၏။

"ပေါက်ကရတွေ..ခင်ဗျားကို ဆက်သွယ်ရမဲအသေးစိတ်ကိုတောင် သိနေတာ တည်နေရာလောက်တော့ မသိဘဲနေမလား"

ကျန်းမုန့်လောင် ရယ်လိုက်မိပြန်သည်။

"မှတ်ထား..ကျုပ် ခင်ဗျားကို သီချင်းတစ်ပုဒ်စာလောက်ပဲ အချိန်ပေးမယ်!"

************

All Chapters