အခန်း (၄၂၂)
Vol. 29 Ch. 422
မြေအောက်နင်ဂျာဌာနချုပ်၌ နင်ဂျာဧကရာဇ်နှင့် ကိုင်ဘွန်လူမျိုးများမှာ ကျန်းမုန့်လောင်၏လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်နေကြသည်။
ကိုင်ဘွန်နိုင်ငံကို ကျန်းမုန့်လောင် ရောက်လာမည်ဟု ကြားကတည်းက သူတို့ အိပ်ရေးပျက်လုနီးပါးပင်။ မိစ္ဆာဘုရင်က ကိုင်ဘွန်နိုင်ငံကို ရောက်လာလေပြီ။ သူ ကောင်းကင်ဘုံကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်မလို့လား?
ကျန်းမုန့်လောင် ကိုင်ဘွန်နိုင်ငံက မပြန်မချင်း သူတို့လည်း တစ်မှေးမှ အိပ်နိုင်မည်မဟုတ်။
"ကျန်းမုန့်လောင်က ကိုင်ဘွန်ရဲ့မြို့တော်ကို ရောက်နေပြီ"
နင်ဂျာဧကရာဇ်က တစ်စုံတစ်ယောက်အပေါ် စိတ်ဝင်စားမှုပြလာသည်မှာ ပထမဆုံးအကြိမ်ပင်။ အကြောင်းမှာ သူ့အား လှုပ်ရှားမှုတစ်ချက်တည်းဖြင့် အလဲထိုးခဲ့သော အမျိုးသားကို ကျန်းမုန့်လောင်က ဟိုဟိုသည်သည်ပုန်းအောင်းနေသည့် ခွေးသေတစ်ကောင်လို လိုက်ရှာနေသောကြောင့်ပင်။
"ဘာပဲဖြစ်ဖြစ် ကုန်ကျစရိတ် ဘယ်လောက်များများ ငါတို့ သူ့ဆန္ဒကို လိုက်လျောပေးရမယ်။ ဒါက အထက်က အရေးကြီးအမိန့်ပဲ။ မြေအောက်နင်ဂျာတင်မကဘူး။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဌာနတွေအားလုံး အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ရမယ်"
"ငါတို့ကိုင်ဘွန်နိုင်ငံက ဟွာရှားလူငယ်တစ်ယောက်ကို တတ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ စိတ်ကျေနပ်အောင် လုပ်ပေးရတဲ့အခြေအနေကို ရောက်လာလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ"
နင်ဂျာဧကရာဇ်က ခေါင်းတခါခါလုပ်လိုက်မိသည်။ သူ့မာနှင့် ကိုယ့်ကိုယ်ကိုယ်လေးစားမှုကား ယခုတော့ လုံးဝပျက်စီးသွားရလေပြီ။
"ဟားဟားဟား… သူ့ကို ရှင်းမထုတ်နိုင်သရွေ့တော့ ဘာတတ်နိုင်မှာလဲ"
ကိုင်ဘွန်နိုင်ငံအကြီးအကဲက ခက်ထန်စွာ ပြောလိုက်လေသည်။
နင်ဂျာဧကရာဇ်၏မျက်နှာမှာ ဖြူဖျော့သွားလေသည်။ ဟွိုက်ကျဲနှင့် ဒုတိယခေါင်းဆောင်ပင် ဤအခြေအနေသို့ ဆိုက်ရောက်ရသည်ဖြစ်ရာ ရှင်းထုတ်ဖို့ဆိုခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင် မဟုတ်လား။ မကြာသေးခင်တုန်းက ဟွာရှားနိုင်ငံရှိ သိုင်းပညာရှင်တစ်ပါးမှာ ထျန်းယွမ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း ကြားထားသည်။ ထိုအဆင့်မှာ နှစ်ပေါင်းငါးရာကြာသည်အထိ မည်သူမှ တက်လှမ်းနိုင်ခြင်းမရှိပေ။ ယခုဆိုလျှင် ဒုတိယကမ္ဘာရှိ လူသားများမှာ ဟွာရှားနိုင်ငံကို အလွန်ကြောက်ရွံ့နေကြလေပြီ။ သိုင်းနတ်ဘုရားကိုပင် မကျော်နိုင်ချေ။
"ဟွိုက်ကျဲနဲ့ ဒုတိယခေါင်းဆောင်တို့ အခြေအနေ ဘယ်လိုရှိလဲ"
ထိုလူက မေးလိုက်၏။
"သူ့ဒဏ်ရာတွေက အခု သက်သာသွားပြီဆိုပေမဲ့ အခုလောလောဆယ်မှာ တစ်ကမ္ဘာလုံးက သူ့ကို လိုက်ရှာနေကြပြီး တစ်ချိန်လုံးစောင့်ကြည့်နေတဲ့ အထူးတပ်ဖွဲ့တစ်ခုလည်း ရှိနေတယ်လေ။ သူ့မှာ အထူးနည်းလမ်းတွေသာမရှိရင် အခုလောက်ဆိုရင် ရှာတွေ့နေလောက်ပြီ"
နင်ဂျာဧကရာဇ်ကလည်း ပြန်ဖြေလိုက်သည်။
"အထူးတပ်ဖွဲ့လား။ ကျန်းမုန့်လောင်ရဲ့လူတွေလား"
"ဟွိုက်ကျဲကတော့ ဘာမှမပြောပေမဲ့ ကျွန်တော်ကတော့ ကိုးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ခြေများတယ်လို့ ထင်ပါတယ်။ သူ့ခမျာ တော်တော်ကြောက်သွားတာဆိုတော့ ကျန်းမုန့်လောင်မှာ ဘယ်လိုအစွမ်းမျိုးရှိနေတာလဲဆိုတာ ခန့်မှန်းကြည့်လို့မရဘူး"
"သူ့မှာ ကျန်းမုန့်လောင်ကို ရင်ဆိုင်နိုင်မဲ့နည်းလမ်းတစ်ခုများ ရှိလား"
"ရှိပါတယ်။ ဒါပေမဲ့ အချိန်လိုတယ်လို့ ပြောတယ်"
"ဒါဆို ငါတို့…"
"အခုလောလောဆယ်တော့ ကျန်းမုန့်လောင်ကို စိတ်ကျေနပ်အောင်ထားရမှာပဲ"
နင်ဂျာဧကရာဇ်မှာ လက်သီးတင်းတင်းဆုပ်ထားလိုက်မိသည်။
"အခုတော့ ကျွန်တော်တို့ အရှက်ခွဲတဲ့ဒဏ်ကို သည်းခံနေရုံပဲ တတ်နိုင်တယ်"
ထိုအချိန်မှာပင် နင်ဂျာဧကရာဇ်၏ ဆက်သွယ်ရေးကိရိယာမှ အသံမြည်လာသည်။
"နိုကီကီမူရာလား။ ဘာများလဲ။ မင်း ကျန်းမုန့်လောင်ကို ခေါ်လာခဲ့ပြီလား"
"ကျွန်တော် သူ့ကို ခေါ်တော့ခေါ်လာခဲ့ပါပြီ။ ဒါပေမဲ့.."
"ဒါပေမဲ့ ဘာဖြစ်လဲ? ငါ မင်းကိုပြောမယ်.. မင်းဘာသာ ဘာနည်းလမ်းပဲသုံးသုံး ကျန်းမုန့်လောင်ကို စိတ်မကျေနပ်အောင်လည်း မလုပ်ရဘူး။ တခြားဘာနောက်ဆက်တွဲမှလည်း မရှိရဘူး။ နားလည်လား"
"နင်ဂျာဧကရာဇ်… အခု ကျန်းမုန့်လောင်က ကျွန်တော်မဖြည့်ဆည်းနိုင်တဲ့ တောင်းဆိုချက်တစ်ခုကို ပြောလာပါတယ်။ ကျွန်တော်.."
"ဘာတောင်းဆိုချက်လဲ"
"ကျွန်တော်တို့ပြင်ပေးထားတဲ့ ကားတွေက သိပ်ဈေးမကြီးဘူးလို့ ပြောနေပါတယ်"
"ဘာ? Maybachကားနဲ့ Rolls-Royceကားတွေကတောင် သူ့ကို စိတ်မကျေနပ်စေဘူးလား"
ကိုင်ဘွန်အကြီးအကဲမှာ တစ်ဖက်မှစကားများကို ပြတ်ပြတ်သားသားကြားလိုက်ရသည်။
"သူ့သူငယ်ချင်းတွေက ငယ်ငယ်လေးကတည်းက အလိုလိုက်ခံထားရလို့ ငါးသန်းတန်အောက်က ကားတွေကို မစီးနိုင်ဘူးလို့ ကျန်းမုန့်လောင်က ပြောနေပါတယ်။ သူတို့သာ ငါးသန်းအောက်ပဲရှိတဲ့ ကားတွေကို စီးရမယ်ဆိုရင် ကားမူးမှာပါတဲ့"
"အား!"
နင်ဂျာဧကရာဇ်မှာ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။
"ဒါ သက်သက်ပြဿနာရှာနေတာ"
"ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ.."
တင်းတင်းဆုပ်ထားသော နင်ဂျာဧကရာဇ်၏လက်သီးဆုပ်က တဖြည်းဖြည်းပြေလျော့သွားပြီးနောက် ခွန်အားကင်းမဲ့ဟန်ဖြင့် လျှောကျသွားသည်။
"သူ့တောင်းဆိုချက်ကို လိုက်လျောလိုက်။ အခုချက်ချင်းစီစဉ်ထား"
"အနိမ့်ဆုံးအနေနဲ့ Rolls-Roycesယာဉ်တန်းကြီး ဖြစ်နေရမယ်လို့ ပြောတယ်ဗျ။ သူခေါ်လာတဲ့လူက အယောက်နှစ်ရာလောက်ရှိပါတယ်။ ကျွန်တော်တို့ Rolls-Royceကားတွေ ဆယ်စီးကျော်ကို ဘယ်မှာသွားရှာရမှာလဲ"
နိုကီကီမူရာခမျာ မျက်ရည်ကျလုမတတ်ပင်။
"ငါ နိုင်ငံတော်ရဲ့အရင်းအမြစ်ကို ထုတ်သုံးခိုင်းလိုက်မယ်။ တစ်မြို့လုံးမှာ ငါးသန်းကျော်တန်ကားတွေ ဆယ်စီးကျော်မရှိဘူးဆိုတာ ငါမယုံဘူး"
…..
"မစ္စတာကျန်း ကျွန်တော် အထက်လူကြီးတွေနဲ့ ဆွေးနွေးပြီးပါပြီ"
နိုကီကီမူရာက ကျန်းမုန့်လောင်ကို မျက်နှာလိုမျက်နှာရဖြင့် ပြောလိုက်လေသည်။
"ကားပြဿနာက ကျွန်တော်တို့ အတွေးတိမ်သွားလို့ဖြစ်တာပါ။ ကျွန်တော်တို့ဘက်က သေချာမတွေးမိလိုက်ဘူး။ ခင်ဗျားကို စိတ်ကျေနပ်စေမဲ့ ယာဉ်တန်းတစ်ခု အခုချက်ချင်းပို့ပေးပါ့မယ်"
"ကောင်းပြီလေ"
ကျန်းမုန့်လောင်လည်း သူ့နေကာမျက်မှန်ကို ပင့်တင်လိုက်သည်။
"အနည်းဆုံးတော့ ခင်ဗျားတို့ဘက်က စိတ်ရင်းကို ထုတ်ပြသားပဲ"
ကျန်းမုန့်လောင်က ဟုန်းရီဘက်သို့လှည့်၍ ပြောလိုက်၏။
"ဟုန်းရီ ငါ အခု စိတ်ကြည်သွားပြီ။ ပိုက်ဆံမသုံးချင်တော့ဘူး။ တောင်အာဖရိက ရေနံတွင်းကို ဝယ်မဲ့ကိစ္စက ခဏဆိုင်းထားလိုက်ဦး"
"ဟုတ်ကဲ့ မစ္စတာကျန်း"
"ဟူး"
နိုကီကီမူရာလည်း စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ဤပုဂ္ဂိုလ်ကို သူ ချွေးသိပ်နိုင်ခဲ့လေပြီ။
သို့သော် မြေအောက်နင်ဂျာများတွင် ရန်ပုံငွေအမြောက်အများရှိကြောင်း သူသိထားသ့ည်။ ထိုရန်ပုံငွေအများစုက သုတေသနများအတွက် အသုံးပြုခြင်းသာဖြစ်၏။ ငါးသန်းကျော်တန်းကားများကို ဆယ်စီးကျော်လောက် သူတို့ ဘယ်မှာသွားရှာရမလဲ?
""ဒီကိစ္စကို အထက်လူကြီးတွေဆီကို တင်ပြပြီး မြို့တော်တစ်ခုလုံးကို လှုပ်ရှားခိုင်းဖို့လိုမလား"
….
မိနစ်နှစ်ဆယ်ကြာသောအခါ ကျန်းမုန့်လောင်လည်း စိတ်မရှည်ဖြစ်လာသည်။
"မစ္စတာကီမူရာ.. ခင်ဗျားကိုင်တွယ်ဖြေရှင်းတာကလည်း နှေးလိုက်တာ။ မိနစ်နှစ်ဆယ်တောင်ရှိသွားပြီနော်။ ကားလေးနည်းနည်းတောင် မရှာနိုင်ဘူးလား"
"မစ္စတာကျန်း ကျွန်တော်တို့လည်း အတတ်နိုင်ဆုံးကြိုးစားနေပါတယ်"
နိုကီကီမူရာခမျာ အတင်းလုပ်ပြုံးရင်း ပြောလိုက်လေသည်။
"ဒါပေမဲ့ ခင်ဗျားသိတဲ့အတိုင်း ငါးသန်းကျော်တန်ကားတွေကို ဆယ်စီးကျော်လောက်ရှာဖို့ဆိုတာ မလွယ်ဘူးလေ။ ကျွန်တော်တို့လည်း အမြန်ဆုံးကြိုးစားနေပါတယ်"
"ရှာဖို့မလွယ်ဘူးတဲ့လား။ ခင်ဗျားလာနောက်နေတာလား"
ကျန်းမုန့်လောင် ပြောလိုက်လေသည်။
"ကျုပ်ဆိုရင် ကျုပ်ရဲ့ကားဂိုဒေါင်တစ်ခုတည်းမှာတင် ဆယ်သန်းကျော်တန်ကားတွေကို ဆယ်စီးကျော်လောက် ထုတ်လာနိုင်တယ်။ ခင်ဗျားတို့ကျတော့ တစ်နိုင်ငံလုံးပေါင်းတာတောင် ဒီလောက်လေးကို မရှာနိုင်ဘူးလား။ ခင်ဗျား ကျုပ်ကို အထင်သေးနေတာလား"
"မစ္စတာကျန်း.. ကျွန်တော် ဘယ်လိုလုပ်ပြီး အထင်သေးရဲမှာလဲ။ ခင်ဗျားက ကျုပ်တို့ရဲ့အထူးဧည့်သည်တော်ကြီးလေ။ ကျွန်တော်.."
ထိုအချိန်မှာပင် ဆူညံသံတစ်ခုနှင့်အတူ ယာဉ်တန်းတစ်ခုက လေဆိပ်ထဲသို့ မောင်းချလာသည်။
Rolls-Royce..Ferraris… Pagani…
ကားတစ်စီးချင်းစီတိုင်းက အလွန်တန်ဖိုးကြီးလှ၏။
ကျန်းမုန့်လောင်၏ တောင်းဆိုချက်ကို ကြားသိလိုက်ရချိန်၌ မြေအောက်နင်ဂျာအဖွဲ့အစည်းက အထူးခံစားခွင့်အားလုံးကို ထုတ်သုံး၍ မြို့တော်ထဲရှိ ဇိမ်ခံကားအငှားဆိုင်များနှင့် အရောင်းဆိုင်များအားလုံးကို ဆင့်ခေါ်လိုက်သည်။
ဤကားများထဲမှ တချို့ကားများက ထိုင်ခုံနှစ်လုံးတည်းသာ ပါသည်။ ပို့ဆောင်ရမည့်လူအရေအတွက်မှာ အယောက်နှစ်ရာနီးနီးရှိ၏။ ထိုအရေအတွက်လောက် ဆံ့ဖို့အတွက် အနည်းဆုံးတော့ ကားအစီးတစ်ရာလောက် လိုပေလိမ့်မည်။
"ကြည့်လိုက်ဦး။ လေဆိပ်မှာ ပြိုင်ကားတွေအများကြီး ဘာလို့ရောက်နေတာလဲ"
အင်ဂျင်သံများကြောင့် လေယာဉ်ချိန်ကို စောင့်ဆိုင်းနေကြသော ခရီးသည်များမှာ အာရုံများသွားကြသည်။ ထိုအချိန်မှသာ လေဆိပ်ထောင့်နားရှိ ကြီးကျယ်ခမ်းနားလှသော ယာဉ်တန်းကြီးကို သတိထားမိလိုက်ကြသည်။ ထို့ပြင် မော်ဒယ်အမျိုးအစားတစ်ခုတည်းရှိသော လေယာဉ်များလည်း တန်းစီနေချေသည်။
ယနေ့ ခရီးစဉ်အမြောက်အများ နှောင့်နှေးသွားရခြင်းမှာ အံ့ဩစရာတော့မရှိတော့ပေ။ လေဆိပ်တွင် လေယာဉ်အစီး၂၀ပြည့်နေမှတော့ အခြားလေယာဉ်များ ဆင်းသက်ထွက်ခွာစရာနေရာရှိပါဦးမလား။
"အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ယောက်များရောက်နေတာလား"
"ပြီးတော့ လေယာဉ်တွေကလည်း အများကြီးပဲ။ ကြည့်ရတာတော့ စီးရီးလိုက်ထုတ်ထားတာတွေထင်တယ်"
"အကုန်လုံး Being 747တွေချည်းပဲ။ လေယာဉ်ပေါ်က လိုဂိုကရော ဘာကြီးလဲ။ အဲဒါတွေက ကိုယ်ပိုင်ဂျက်လေယာဉ်တွေလား"
"ကိုယ်ပိုင်ဂျက်လေယာဉ်အစင်းနှစ်ဆယ်တဲ့လား။ ဒါက ဘယ်လိုချမ်းသာကြွယ်ဝမှုမျိုးလဲ"
"ခဏနေဦး။ ဒါက ဘာလို့ဒီလောက်တောင်ရင်းနှီးနေပါလိမ့်"
"အဲဒီလေယာဉ်ကို ဟိုတလောကပဲ ဂလိုဘယ်သတင်းစာထဲမှာ တွေ့လိုက်သလိုပဲ"
ထိုအချက်အလက်နှင့်ပတ်သက်ပြီး လူတွေက စတင်ရှာဖွေကြလေတော့သည်။ လေဆိပ်တွင် ကိုယ်ပိုင်ဂျက်လေယာဉ်အစင်းနှစ်ဆယ် ပေါ်လာခြင်းမှာ မကြာခဏမြင်တွေ့နိုင်သော ကိစ္စတစ်ခုမဟုတ်ပေ။
"တွေ့ပြီ! ဒီ..ဒီလေယာဉ်က လွန်ခဲ့တဲ့လပိုင်းလောက်တုန်းက အမေရိကမှာ ပေါ်လာခဲ့တဲ့ လေယာဉ်နဲ့လည်း အတူတူပဲ။ အကုန်လုံးမှာ ဒီလိုဂိုတွေပါတယ်"
"အဲဒီလေယာဉ်က..ကျန်းမုန့်လောင်ရဲ့လေယာဉ်ပဲ"
"ကျန်းမုန့်လောင်လား? ဘယ်ကျန်းမုန့်လောင်လဲ"
"ပေါက်ကရတွေ.. ကမ္ဘာ့အချမ်းသာဆုံး ကျန်းမုန့်လောင်ကလွဲပြီး ဘယ်သူရှိမှာလဲ"
"ဘာ? ကျန်းမုန့်လောင် ကိုင်ဘွန်ကိုရောက်နေတာလား"
မိနစ်အနည်းငယ်အတွင်းမှာပင် ဤသတင်းက တောမီးအလား ပျံ့နှံ့သွားပြီး လေဆိပ်တစ်ခုလုံးကို ထိတ်လန့်သွားစေသည်။
ကျန်းမုန့်လောင်က ဘယ်သူမို့လို့လဲ?
သူက အကြမ်းဖက်သမားမဟုတ်သော်လည်း ကမ္ဘာပေါ်ရှိ အကြမ်းဖက်သမားများထက် ပိုကြောက်ဖို့ကောင်းသော အရှိန်အဝါမျိုးရှိ၏။
ဘာလို့လဲ?
ပြီးခဲ့သည့်တစ်ခေါက် သူ အမေရိကကို သွားလည်ခဲ့တုန်းက ကိစ္စကိုပင် ကြည့်ကြပါလော့။ ထိုသို့ဆိုလျှင် နားလည်ကြပေလိမ့်မည်။
"ငါ.. ငါ နိုင်ငံခြားထွက်တော့မယ်"
"သွားပြီ။ ကိုင်ဘွန်နိုင်ငံတော့ သွားရှာပြီ"
….
မျက်နှာဖြူရော်နေကြသော ကိုင်ဘွန်လူမျိုးများနှင့် မတူပါဘဲ ဟွာရှားကျောင်းသားများနှင့် ကိုင်ဘွန်နိုင်ငံကို အလည်ရောက်လာကြသော နိုင်ငံခြားသားများမှာ ဤသတင်းကိုကြားအပြီး ဝမ်းသာသွားလေသည်။
ကျန်းမုန့်လောင်က ကိုင်ဘွန်နိုင်ငံကို ရောက်လာရုံသာမက လူတွေအများကြီးကိုပါ ခေါ်လာခဲ့လေသည်။
သေချာပေါက် တစ်ခုခုတော့ရှိရမည်။
"ဘော့စ်ကျန်း ရောက်နေတာလား။ ဘော့စ်ကျန်းက ကိစ္စကြီးကြီးမားမားတစ်ခုမရှိဘဲ အလည်ထွက်ခဲတယ်"
"သူ ဘယ်နှခါလောက် ထွက်လည်ပြီးပြီလဲ။ ပြဿနာမရှာခဲ့တဲ့ အခေါက်ရော ရှိလို့လား"
"ဟားဟားဟား မရှိတဲ့ပုံပဲ"
"သွားပြီ။ ဒီနေရာတော့ ပြိုလဲတော့မယ်။ အဲဒီကိစ္စက ငါတို့ကို မထိခိုက်စေဖို့ပဲ ဆုတောင်းပါတယ်"
************